ထွင်ထျန်းဟာ၏စစ်သီချင်း
Vol. 38 Ch. 560
"တကယ်တိုက်ရမှာလား"
သူ့ရှေ့မှ ဝတ်ရုံဖြူဝတ် ဓားဝိညာဥ်ကို ရင်ဆိုင်ရင်း ထွင်ထျန်းဟာ၏ နှလုံးသားက ကူကယ်ရာမဲ့စွာ လေးလံလာသည်။
သို့သော်လည်း ဤတိုက်ပွဲက ရှားရှားပါးပါး အခွင့်အရေး တစ်ခုမှန်း သူကောင်းစွာသိသည်။
တကယ့် တိုက်ပွဲ အတွေ့အကြုံအရ ဝမ်မိသားစု အိမ်ငယ်လေးရှိ ဉာဏ်အလင်းရထားသော မှင်စာအားလုံး၏ ပေါင်းစပ်အင်အားသည် သူ့ရှေ့ရှိ ဝတ်စုံဖြူဝတ် ဓားဝိညာဥ်၏ ထက်ဝက်မျှပင် အစွမ်းထက်မည် မဟုတ်ဟု ထွင်ထျန်းဟာ တွေးခဲ့သည်။
၎င်းက "ကမ္ဘာဖျက်ဓား"၏ အမြင့်မြတ်ဆုံး၊ အလေးအနက်ဆုံးသော အမှန်တရားကို ခိုင်လုံစွာ သက်သေပြနိုင်သည့် တည်ရှိမှုတစ်ခု ဖြစ်သည် မဟုတ်ပါလော။
သို့သော် ဤလေ့ကျင့်မှု အခွင့်အရေးမျိုးက သာမန်လူ တစ်ဦးရရှိနိုင်သော အရာမဟုတ်ကြောင်းကိုမူ သူ့အနေဖြင့် ဝန်ခံရပေမည်။
အင်မော်တယ်စံအိမ်၏ အဖြစ်အပျက်ပြီးနောက်တွင် ထွင်ထျန်းဟာသည် ကျင့်ခယ်၏ ဇစ်မြစ်နှင့် ပတ်သက်သည့် ကိုယ်ပိုင်သီအိုရီ ရှိသည်။
သူက အခင်းဖြစ်ပွားရာ နေရာသို့ ကိုယ်တိုင်ကိုယ်ကျ မရောက်ဖူးသော်လည်း ငွေရောင်လေး၏ ပြန်ပြောင်းပြောဆိုမှုအရ အလွန်ရင်သပ်ရှုမောဖွယ် ကောင်းသည်ဟု သိခဲ့ရသည်။
အင်မော်တယ်စံအိမ်သခင်၏ မူလစိတ်ဝိညာဉ် နယ်ပယ် အတွင်း၌ ဝိညာဉ်ဓားတစ်ထောင်ကျော် ဝှက်ထားသော်လည်း ကျင့်ခယ် ပေါ်လာပြီးနောက်တွင် အဓိပ္ပါယ်ပါသော အကြည့်တစ်ချက်ထဲဖြင့် အခြေအနေက မဆိုင်းမတွ ပြောင်းလဲသွားခဲ့သည်။
ဤသည်မှာ ဓားဝိညာဉ်တို့၏ ဘုရင်အစစ်တွင်သာ ရှိသည့် စွမ်းရည်မျိုး ဖြစ်သည်။
ဤသည်က ဘာကို ဆိုလိုပါသနည်း။
ယင်းမှာ သူ့ရှေ့ရှိ ဝတ်ရုံဖြူဝတ် ဓားဝိညာဉ်က ဓားတာအိုတွင် အထွတ်အထိပ်၌ ရပ်တည်နေပြီဟု ဆိုလိုရင်း ဖြစ်သည်။
၎င်းကိုယ်တိုင်က ဓားတာအို ဖြစ်သည်ဟု ပြောလျှင်ပင် ချဲ့ကားပြောဆိုခြင်းဟု ယူဆ၍ မရတော့ပေ။
ထွင်ထျန်းဟာ အတွေးထဲ ပျောက်ဆုံးနေချိန်တွင် ကျင့်ခယ်က ခေါင်းငဲ့၍ ကြည့်လိုက်သည်။
"အဆင်သင့်ဖြစ်ပြီလား"
ကျင့်ခယ်၏ မျက်နှာကို စိုက်ကြည့်ရင်း ထွင်ထျန်းဟာ၏ မျက်လုံးထောင့်က ပြင်းထန်စွာ လှုပ်ယမ်းသွားသည်။
ဤအသုံးအနှုန်းက အရမ်းကို တူလွန်းနေ၏။
ကျင့်ခယ်သာ ဓားဝိညာဥ်ဖြစ်ကြောင်း မသိခဲ့လျှင် ကျင့်ခယ်ကို ဆရာလေးလင်း၏ သားအရင်း ဖြစ်သည်ဟု အမှန်တကယ် တွေးထင်မိလိမ့်မည် ဖြစ်သည်။
ဆံပင်အရောင်က လွဲလျှင် ပိုကာမျက်နှာနှင့် အမူအရာက အလွန်ဆင်တူသည်။
ကမ္ဘာပေါ်တွင် ခံစားချက်မဲ့ ငါးမသာမျက်လုံးများက ဆယ်ဘီလီယံခန့် ရှိချင်ရှိလိမ့်မည်။
၎င်းတို့အားလုံးက အေးစက်စက် ဖြစ်သော်လည်း ဆရာလေးလင်းကိုတော့ မမီပေ။
ထွင်ထျန်းဟာက ခံစားချက်မဲ့ ငါးမသာမျက်လုံး များစွာကို မြင်ဖူးသော်လည်း ဝမ်လင်း၏ မျက်လုံးများကသာ ထူးခြားသည်ဟု ခံစားမိသည်။
ဓားဝိညာဉ်များသည် ၎င်းတို့၏သခင်နှင့် တူသည်ဟု ဆိုကြသည်။
ကျင့်ခယ်နှင့်ဝမ်လင်းတို့က အလွန်ပင်ဆင်တူကြ၍ ထိုစကားက အပိုလုပ်ပြောခြင်း မဟုတ်ဟု ထွင်ထျန်းဟာ ခံစားရသည်။
ကျင့်ခယ်ကို ရင်ဆိုင်လိုက်သည်နှင့် ထွင်ထျန်းဟာက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။
"အခြေခံခွေးနည်းစနစ်"သည် အမြန်နှုန်းနှင့် တိကျမှုကို အာရုံထားသော နည်းစနစ်ဖြစ်၍ ဘောက်ဆင်ထိုးရာတွင် တည်ငြိမ်မှုရှိနေရန် အလွန် အရေးကြီးသည်။
မနေ့ညက ထွင်ထျန်းဟာသည် တစ်စက္ကန့်လျှင် လက်သီးနှစ်ရာခန့် ထိုးနိုင်ခဲ့သည်။
သို့တိုင် ကလေးမလေး၏ စကတ်ကို ပွတ်မိရုံသာ လုပ်နိုင်ခဲ့သည်။
ကလေးမလေးထက် သူ့ရှေ့မှ ဝတ်ရုံဖြူဝတ် ဓားဝိညာဥ်က ကိုင်တွယ်ရ ပိုခက်မယ် ဆိုတာ သိသာနေ၏။
"ငါစလှုပ်ရှားပြီ"
အဝါရောင် အသားကပ် လေ့ကျင့်ခန်းဝတ်စုံကို ဝတ်ဆင်ထားသည့် ထွင်ထျန်းဟာသည် ကျင့်ခယ်နှင့် ဒါဇင်များစွာ အကွာအဝေးသို့ ခုန်ဆုတ်သွားခဲ့သည်။
ကျင့်ခယ်က ထွင်ထျန်းဟာ၏ ချက်အောက်မှ ဝိညာဉ်စွမ်းအင် စုဝေးမှုကို ခံစားနိုင်ခဲ့သည်။
ခဏအကြာတွင် ထွင်ထျန်းဟာက ခွေးခြေသည်းဖြင့် အားယူ၍ ရှေ့သို့ ရုတ်တရက် ခုန်ပျံလာခဲ့သည်။
ထွင်ထျန်းဟာက ပထမနှင့် ဒုတိယ နည်းစနစ်များကို ပေါင်းစပ်လိုက်ရာ သူ၏ ခွေးလက်သီးချက်များသည် ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင်ပင် လေထဲ၌ ရာနှင့်ချီသော ပုံရိပ်များ အဖြစ်သို့ ပြောင်းလဲသွားသည်။
သို့သော် ကျင့်ခယ်က အေးအေးဆေးဆေးပင် ရှိနေသည်။
"အရမ်းနှေးတယ်"
သူက လက်ကို မြှောက်လိုက်သည်နှင့် လက်ထဲတွင် အညိုရောင်ဓားတစ်လက် ပေါ်လာသည်။
ထိုအညိုရောင်ဓားမှာ ကျင့်ခယ်၏ ဓားဆန္ဒ ဖြစ်သည်။
ကျင့်ခယ်က ထွင်ထျန်းဟာကို မထိခိုက်စေရန် အတွက် ဤဓားတွင် အဖျက်စွမ်းအားကို အသုံးမပြုခဲ့ပေ။
ဓားတွင် အမြင့်ဆုံးသော ကာကွယ်ရေး သက်ရောက်မှုသာ ရှိသည်။
"ထန်း.. ထန်း.. ထန်း.. ထန်း"
ထွင်ထျန်းဟာ၏ လက်သီးချက်တိုင်းသည် ဓားကိုသာ ထိမှန်သွားခဲ့သည်။
ထိုဓားက သူ၏ တိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့ထားခဲ့သည်။
ခွေးနည်းစနစ် နှစ်မျိုးကို ထုတ်သုံးပြီးသော်လည်း ကျင့်ခယ်၏ ခန္ဓာကိုယ်ကို ထိဖို့ နေနေသာသာ အနားကိုပင် မကပ်နိုင်ခဲ့ပေ။
“မင်းရဲ့ ထိုးချက်တွေက နှေးလွန်းတယ်.. ဒီဓားဆန္ဒက ငါ့ခွန်အားရဲ့ ဆယ်ပုံတစ်ပုံအောက်ပဲ ရှိတယ်"
ကျင့်ခယ်က လက်ချောင်း တစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး သူ့ရှေ့တွင် သုံးမီတာရှိသည့် မျဉ်းတစ်ကြောင်းကို ဆွဲလိုက်သည်။
ထို့နောက် သူက ထွင်ထျန်းဟာကို ကြည့်၍ ပြောလိုက်သည်။
"မင်း ဒီမျဉ်းကို ဖြတ်ကျော်နိုင်ရင် မင်းအနိုင်ပဲ"
ထွင်ထျန်းဟာ အံ့သြသွားသည်။
"................"
ဤသည်က မည်မျှ ဆိုးဆိုးရွားရွား ရှုံ့ချခံရခြင်း ဖြစ်ပါသနည်း။
မည်သို့ပင်ဖြစ်စေ အကောင်းဆုံးဖြစ်အောင် လုပ်ရပေမည်။
ဆရာလေးလင်း၏ ပထမဆုံး စာချုပ်သားရဲ ဖြစ်သည့် ထွင်ထျန်းဟာ၏ အမူအရာက ပိုမို၍ ပြင်းထန်လာသည်။
"အရိုးဘုရင်"
သူက အစိမ်းရောင် အရိုးဘုရင်ကို သူ၏ပါးစပ်မှ ဆွဲထုတ်ရန် အာကာပြင် ဝါးမျိုခြင်းစွမ်းရည်ကို အသုံးပြုခဲ့သည်။
ထို့နောက် အာရုံစူးစိုက်၍ ရေရွတ်လိုက်သည်။
"ဘောက်ဆင်အိတ်.. ဘောက်ဆင်အိတ်.. ဘောက်ဆင်အိတ်"
ဝမ်လင်းက သူ့အိပ်ခန်းထဲကနေ ဤမြင်ကွင်းကို ကြည့်ရှုနေခဲ့သည်။
ထွင်ထျန်းဟာက အရိုးဘုရင်ကို မှော်ရတနာ အဖြစ်ဖန်တီးပေးရန် ဖက်တီးလောကို တောင်းဆိုခဲ့ပြီး အချိန်တိုလေးအတွင်းမှာပင် 'ဖက်တီးလော'က ခွေးသူတော်စင်၏ အရိုးကို တတိယတန်းစား သူတော်စင် မှော်လက်နက်အဖြစ် သန့်စင်ပေးနိုင်ခဲ့သည်။
သူဖန်တီးပေးထားသည့် မှော်ရတနာ၏ စွမ်းရည်မှာ အနည်းငယ် ထူးခြားသည်။
အမှန်တကယ်တွင် ၎င်းက ပတ်ဝန်းကျင်ရှိ အာကာပြင် နှင့် ချိတ်ဆက်ထားသော အသွင်ပြောင်း အမျိုးအစား မှော်ရတနာတစ်ခု ဖြစ်သည်။
"ဆန္ဒအတိုင်း ပြောင်းလဲခြင်း"ဟု ရည်ညွှန်းခြင်းသည် အလဟဿ သက်သက် မဟုတ်ပေ။
ဥယျာဉ်ထဲတွင် ထွင်ထျန်းဟာသည် ကျင့်ခယ်ကို အနီးကပ်ကြည့်ရှုခဲ့သည်။
အရိုးဘုရင်၏ တိုက်ခိုက်မှု အမြန်နှုန်းကို မြှင့်တင်ရန် အရိုးဘုရင်၏ ခွန်အားကို အသုံးပြုဖို့ ရည်ရွယ်ထားသော်လည်း အရိုးဘုရင်၏ ပုံသဏ္ဍာန် ပြောင်းလဲခြင်းစွမ်းရည်ကို အသုံးပြုခြင်းသည် ဤသည်က ပထမဆုံးအကြိမ် ဖြစ်သည်။
ဖက်တီးလော ပြောခဲ့သလိုပင်၊ "ဆန္ဒအတိုင်း ပြောင်းလဲခြင်း" မှော်စွမ်းရည်သည် အလွန် အစွမ်းထက်သော အရည်အချင်းတစ်ခု ဖြစ်သော်လည်း အသုံးပြုရန် အမှန်တကယ် မလွယ်ကူပေ။
အရိုးဘုရင်ကို အစိမ်းရောင် ဘောက်ဆင် လက်အိတ် တစ်စုံအဖြစ် လုံးဝ ပြောင်းလဲသွားစေရန် အတွက် စက္ကန့်သုံးဆယ်ခန့် အချိန်ယူခဲ့ရသည်။
"ကြည့်ရတာ ငါ နောက်ထပ် လေ့ကျင့်မှုတွေ အများကြီး လုပ်ဖို့ လိုအပ်နေသေးတယ်"
ထွင်ထျန်းဟာက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
တိုက်ပွဲတစ်ခုတွင် စက္ကန့်သုံးဆယ်သည် အမှန်တကယ်ပင် အချိန်ကြာမြင့်လွန်း၏။
အစိမ်းရောင် ဘောက်ဆင် လက်အိတ်တစ်စုံကို ရရှိပြီးနောက်တွင် ထွင်ထျန်းဟာက သူ၏ခွေးခြေသည်း၌ ဝတ်ဆင်လိုက်သည်။
လက်အိတ်က အနည်းငယ်လေးလံသည်ဟု မခံစားရရုံသာမက ထွင်ထျန်းဟာ၏ ခြေသည်းများကို ပိုမိုပေါ့ပါးစေသည်။
ထွင်ထျန်းဟာက ဤရှာဖွေတွေ့ရှိမှု အတွက် ပျော်ရွှင်နေခဲ့သည်။
"ငါ့မှာ နောက်ထပ် အားကိုးစရာ ကျန်သေးတယ်”
ထွင်ထျန်းဟာက ကျင့်ခယ်ကိုကြည့်ပြီး အသက်ခပ်ပြင်းပြင်းရှူကာ ပြောလိုက်သည်။
ကျင့်ခယ် "???"
ထို့နောက် ထွင်ထျန်းဟာက သူ၏ပါးစပ်ကို ထပ်မံဖွင့်၍ ငွေရောင်လေးထံမှ လိမ်လည်၍ ယူထားသော ငွေဖြင့် ဝယ်ထားသည့် ဓာတ်စက်တစ်ခုကို ထုတ်ယူလိုက်သည်။
ထွင်ထျန်းဟာက ဓာတ်စက်ကို စတင် ဖွင့်လိုက်သည်နှင့် ရင်းနှီးသော သီချင်းတစ်ပုဒ်က ထွက်ပေါ်လာသည်။
ဝမ်လင်းက မှင်တက်သွားသည်။
သူက ဤသီချင်းကို အလွန်ရင်းနှီးသည်။
ထိုသီချင်းက စိတ်အားထက်သန်စေသော ဂန္တဝင်တေးတစ်ပုဒ် ဖြစ်၏
ထိုခဏတွင် ထွင်ထျန်းဟာက သံစဥ်နှင့်အတူ စတင်၍ ကခုန်တော့သည်။
ဝမ်လင်း အံ့အားသင့်သွားသည်။
ဤသည်မှာ အသွေးအသားကို လှုံ့ဆော်သော တေးသီချင်းဖြစ်သည်။
သီချင်းကို တစ်မိနစ်ကျော်ကြာ ဖွင့်ထားပြီးနောက်တွင် ထွင်ထျန်းဟာသည် ကခုန်ခြင်းကို ရပ်တန့်လိုက်သည်။
စွမ်းအား စုဆောင်းပြီးနောက် တိုက်ခိုက်၍ရသည့် အနေအထားသို့ ရောက်ရှိသွားသည်ကို သူတွေ့လိုက်ရသည်။
သီချင်းက တစ်မိနစ်နှင့် စက္ကန့်နှစ်ဆယ်သို့ ရောက်သည်နှင့်အမျှ ထွင်ထျန်းဟာက ပြောင်းလဲသွားခဲ့သည်။
သူ၏ အခြေခံခွေးနည်းစနစ် အသုံးပြုမှုက သိသိသာသာပင် ပိုမိုမြန်ဆန်လာခဲ့သည်။
ကျင့်ခယ်က ယခင်ကထက် အနည်းငယ် ပိုမို အားစိုက်ထုတ်ခဲ့ရသည်မှာ ထင်ရှားသည်။
"ယား.. ယား.. ယား.. ယား.."
ထွင်ထျန်းဟာက နှစ်စက္ကန့်အတွင်း လက်သီးခြောက်ရာကျော် ထုတ်ဖော်လိုက်ခြင်းကြောင့် လက်သီးချက်များက ပျံသန်းနေသော နဂါးတစ်ကောင်နှင့်ပင် တူနေသည်။
ဤမျှနှင့် မပြီးသေးပေ။
သီချင်း၏ အထွတ်အထိပ်တွင် ထွင်ထျန်းဟာက ရုတ်တရက် ကျယ်လောင်စွာ သီဆိုလိုက်သည်။
"ငါက ခွေးတစ်ကောင်ဖြစ်သွားပြီးနောက်မှာ ညာဖက်ခြေဖဝါးနဲ့ ကောင်းကင်ကို ဖွင့်လိုက်တယ်.. တောင်တွေနဲ့ မြစ်တွေကို ရွှေ့ပြီး ချောက်တွေကို တစ်ညီတည်းဖြစ်အောင် မြေဖို့ပစ်မယ်.. တစ်နေ့ကျရင် အရှေ့ကနေ ထွက်လာတဲ့ နေမင်းကြီးက နေရာလွတ် နှင့် အချိန်တို့ကို တုန်လှုပ်စေလိမ့်မယ်.. သိမ်းပိုက်စိုးမိုး ထိန်းချုပ်ပြီးရင် ရှေးဦးခေတ်ကာလကို ပြန်သွားမယ်"
ဝမ်လင်းနှင့်ကျင့်ခယ် ".............."
မှော်ဆန်သောဂီတသံဖြင့် စီးမျောပြီးနောက်တွင် ထွင်ထျန်းဟာသည် မတူညီသော ခွေးတစ်ကောင်ကဲ့သို့ ဖြစ်သွားသည်ဟု ကျင့်ခယ် ခံစားခဲ့ရသည်။
သူသာ ယခင်ကဲ့သို့ တူညီသော စွမ်းအားကို ဆက်လက်အသုံးပြုလျှင် ဤတိုက်ခိုက်မှုကို ထိန်းထားရန် ခက်ခဲပေလိမ့်မည်။
ကျင့်ခယ်က မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး ခွန်အားကို တိုးသင့်သလားဟု တွေးနေမိသည်။
ထိုအချိန်မှာပင် ထွင်ထျန်းဟာ၏ အရိုးဘုရင်မှ ပြောင်းလဲထားသော စိမ်းမြရောင် လက်အိတ်က တစ်ဖန်ပြောင်းလဲသွားပြန်သည်။
လက်အိတ်ပေါ်တွင် မိုးရွာပြီးနောက် ထွက်ပေါ်လာသော မှိုကဲ့သို့ ဆူးချွန်များ ထူထပ်စွာ ထွက်ပေါ်လာခဲ့သည်။
"ဓားတာအို စွမ်းအားပါလား"
ကျင့်ခယ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
သူ၏ သုံးသပ်ချက် မှားသည်ဟု မထင်ခဲ့ပေ။
ဓားတာအို၏ စွမ်းအားက အားနည်းနေသော်လည်း ၎င်းမှာမိစ္ဆာဓားနတ်ဘုရား ဆီမှ ဆင်းသက်လာသော ဓားတာအို စွမ်းအား ဖြစ်သည်။
"ဆယ်မီတာဓားစက်ကွင်း"