ဝမ်လင်း၏ဆေးဘောလုံး
Vol. 38 Ch. 563
၇၃မီတာ''
ပရိတ်သတ်အားလုံး တုန်လှုပ်သွားကြသည်။
ရှစ်ရွှိုက်၏ ရလဒ်အတွက် ဒိုင်လူကြီးများကလည်း အံ့အားသင့်သွားကြသည်။
ဆိုရလျှင် ၇၃ မီတာသည် နောက်ထပ် စံချိန်သစ်တစ်ခုဖြစ်သည်။
ကီလိုဂရမ် ၁၀၀ လေးသောဆေးဘောလုံး၏လက်ရှိစံချိန်သည် ၇၁ မီတာသာရှိသည်။
ရှစ်ရွှိုက်ကိုယ်တိုင်ပင် သူ့ကိုယ်သူဤမျှအထိပစ်နိုင်လိမ့်မည်ဟုမထင်ခဲ့ပေ။
မီတာ ၄၀ ကျော်လောက်ရောက်လျှင်ပင် တော်တော်လေးကောင်းနေပြီဟု သူခံစားမိခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
သူကမယုံကြည်နိုင်စွာဖြင့် သူ့လက်များကိုစိုက်ကြည့်လိုက်သည်။
"ယမန်နေ့ကကျင်းပတဲ့မီတာတစ်သောင်းလက်ဆင့်ကမ်းပြိုင်ပွဲက ငါကိုအမှတ်မထင်ဉာဏ်အလင်းပွင့်စေခဲ့တာများဖြစ်နေမလား"
".........."
ဒိုင်လူကြီးများကအံ့အားသင့်သွားသည်။
သို့သော်လည်း ဆေးဘောလုံး၏လမ်းကြောင်းက ပုံမှန်ဖြစ်သည်။
သဲလမ်းကြောင်းတွင် လှည့်စားမှုဆန့်ကျင်သည့် ယန္တရားတစ်ခုပါရှိသည်။
ဆေးဘောလုံးကို ပစ်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုယန္တရားက ဆေးဘောလုံး၏ အမြန်နှုန်းနှင့် ပြုတ်ကျသည့် အချက်အလက်များကို စတင် စောင့်ကြည့်နေပြီ ဖြစ်သည်။
ရှစ်ရွှိုက်သာ လှည့်စားခဲ့လျှင် ဒိုင်လူကြီးများက သတိထားမိပေမည်။
တကယ်တမ်းတွင် ဤလှည့်စားမှု ဆန့်ကျင်ရေး ယန္တရားသည် ဝမ်လင်းအတွက် အသုံးမဝင်ချေ။
အကြောင်းပြချက်မှာ အလွန်ရိုးရှင်းသည်။
ဤလှည့်ဖျားမှု ဆန့်ကျင်ရေး ယန္တရားသည် မှော်အတတ်အသုံးပြုမှုကိုသာ စောင့်ကြည့်နိုင်သည်။
ဝမ်လင်း အသုံးပြုခဲ့သောအရာမှာ ကောင်းကင်တာအို ဖြစ်သည်။
ဒိုင်လူကြီးက အမှတ်၆၀ အထက်တန်းကျောင်းကို ၃ကြိမ် ရောက်ဖူးခဲ့သည်။
၃ကြိမ်လုံးတွင် အမှတ်၆၀ အထက်တန်းကျောင်းသည် စံချိန်များကို ချိုးဖျက်ခဲ့သည်။
ပထမနေ့တွင် ချိုးဖျက်ခံရသည့် စံချိန်မှာ မီတာတစ်သောင်း ဓားလက်ဆင့်ကမ်း ပြိုင်ပွဲတွင် ဖြစ်သည်။
ဒုတိယနေ့တွင်မူ ကျောင်းကိုယ်စားပြု ကျန်းပိုင်သည် လေးပစ်ပြိုင်ပွဲတွင် အမှားအယွင်း မရှိအောင်စွမ်းဆောင်၍ စံချိန်သစ်တင်နိုင်ခဲ့သည်။
ယခု၃ရက်မြောက်နေ့တွင် ကျင်းပသည့် ဆေးဘောလုံးပြိုင်ပွဲတွင်လည်း အမှတ်၆၀ အထက်တန်းကျောင်းသည် စံချိန်မှတ်တမ်း တစ်ခုကို ချိုးဖျက်ခဲ့သည်။
ဆိုရလျှင် အမှတ်၆၀ အထက်တန်းကျောင်းသည် ယခုနှစ်တွင် အလွန်ပင် အံ့ဩဖွယ်ကောင်းနေ၏။
"ရလဒ်ကို အတည်ပြုတယ်.. ၇၃မီတာ"
ဒိုင်လူကြီးက ကြေညာလိုက်သည်။
သူက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ဤအတိုင်းသာဆိုလျှင် မျိုးဆက်သစ် လူငယ်များသည် အနာဂတ်တွင် ၎င်းတို့ကို ကျော်လွန်သွားမည် ဖြစ်သည်။
စွန်းရုံ "အတန်းဖော်ရှစ်ရွှိုက်က ဒီလောက်တောင် တော်မယ်လို့ ငါမထင်ထားခဲ့ဘူး''
ထိုအချိန်တွင် Grade 1 အခန်း ၃မှ ကျောင်းသားတစ်စုသည် ဝမ်လင်းကို အားပေးရန် အခန်းထဲမှ ထွက်လာကြသည်။
ထိုကျောင်းသား တစ်စုမှာ မြေပဲလေး၊ ချန်းချောင်၊ ကော်ဟောက်၊ စွန်းရုံနှင့် လင်းရှောင်ယု အပြင် အခြားသောကျောင်းသားများ ဖြစ်သည်။
ကော်ဟောက် "ရှစ်ရွှိုက်ကို ကြည့်ရတာ မနေ့က ချန်းချောင်လိုမျိုး ကံကောင်းသွားတာ ဖြစ်ရမယ်"
"???"
တကယ်တမ်းတွင် ချန်းချောင်က ကော်ဟောက်၏ စကားကို လက်ခံခဲ့သည်။
သူ၏ မတော်တဆ ကံကောင်းမှုသည် ယမန်နေ့က ကျင်းပခဲ့သည့် မီတာတစ်သောင်း ဓားလက်ဆင့်ကမ်း ပြိုင်ပွဲတွင် အစွမ်းပြခဲ့သည့် သူ၏ စွမ်းဆောင်ရည်အတွက် တစ်ခုတည်းသော အကြောင်းပြချက် ဖြစ်နိုင်သည်။
အခြားအကြောင်းပြချက်ကို သူစဥ်းစား၍ မရနိုင်ပေ။
"ဒါက စံချိန်တင်ရမှတ်တောင် ဖြစ်နေပြီ.. ဟုတ်ရောဟုတ်ရဲ့လား''
မြေပဲလေး "ဒီသဲလမ်းကြောင်းမှာ လှည့်စားမှု ဆန့်ကျင်တဲ့ယန္တရား ရှိတယ်လို့ ငါသိထားတယ်.. မှော်အတတ်ကို သုံးတာနဲ့ ဒိုင်လူကြီးတွေက ချက်ချင်းသိလိမ့်မယ်"
ချန်းချောင်က ရယ်မောလိုက်သည်။
"မှော်အတတ်က အရမ်းကို အဆင့်မြင့်နေလို့ ယန္တရားက လုံးဝ ရှာမတွေ့နိုင်တာလည်း ဖြစ်နိုင်တာပဲလေ"
ထိုစကားကို ချန်းချောင်က လေသံတိုးတိုးဖြင့် ဟာသအဖြစ်သာ ပြောခဲ့သော်လည်း ဝမ်လင်း၏ နှုတ်ခမ်းထောင့်ကမူ တုန်ခါသွားခဲ့သည်။
"ကျောင်းသားဝမ်လင်း.. မင်းအလှည့်ပဲ''
ရှစ်ရွှိုက်က သူ၏ပြောင်မြောက်သော စွမ်းဆောင်မှုအပြီးတွင် ကောင်းမွန်သောစိတ်ထား ရှိနေခဲ့သည်။
သူက ဝမ်လင်းထံ ဘောလုံးကို တိုက်ရိုက်လွှဲပေးရင်း တောင်းပန်စကား ဆိုလိုက်သည်။
"မနေ့ကကိစ္စအတွက် တောင်းပန်ပါတယ်"
သူက ထိုသို့ပြောပြီးနောက် ဝမ်လင်းကို ခင်မင်ရင်းနှီးစွာ ပွေ့ဖက်ရန် သူ့လက်ကို ဆန့်တန်းလိုက်သည်။
သို့ရာတွင် ဖန့်ရှင်းက သူ့လက်ကို အချိန်မီ ဖမ်းဆွဲလိုက်သည်။
"ဒီလောက်ဆို လုံလောက်ပြီ.. အတန်းဖော်ဝမ်လင်းက ဒါမျိုး လုပ်ရတာတွေကို မကြိုက်ဘူး"
ဖန့်ရှင်း၏ စကားကြောင့် ရှစ်ရွှိုက်က ပဟေဠိ ဖြစ်သွားခဲ့သည်။
"ပွေ့ဖက်တာက ကောင်းတဲ့ကိစ္စပဲလေ.. ဘာလို့လဲ"
ရှစ်ရွှိုက်က သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက် ဝမ်လင်းကိုကြည့်ကာ ခေါင်းမော့လိုက်သည်။
"ဒါဆိုလည်း မင်းဘာစားချင်လဲ.. စားချင်တာရှိရင် ငါ့ကိုပြော..ငါဝယ်ကျွေးမယ်"
ဝမ်လင်းက ဘာမှပြန်မပြောဘဲ ရှစ်ရွှိုက်ကို ခေါင်းငြိမ့်ပြလိုက်သည်။
တစ်ဖက်မှ ဆရာယဲ့က တိတ်တဆိတ် ရယ်မောလိုက်သည်။
ကျောင်းတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကို ဖြေရှင်းနိုင်သည်မှာ ကောင်းမွန်သောအရာပင်။
အဆုံးသတ်တွင် ၎င်းတို့သည် ကျောင်းနေဖက်များသာဖြစ်သည် မဟုတ်လော။
သို့ဖြစ်၍ တစ်ယောက်နှင့်တစ်ယောက် တင်းတင်းမာမာဆက်ဆံရန် မလိုအပ်ပေ။
အားကစားပွဲ အပြီးတွင် ဝမ်လင်းနှင့် ရှစ်ရွှိုက်ကို စေ့စပ်ညှိနှိုင်းပေးရန် ဆရာယဲ့က စီစဉ်ခဲ့သည်။
သို့ရာတွင် ယခုအခြေအနေအရ သူလုံးဝ အတွေးလွန်သွားပြီဟု ဆရာယဲ့ ခံစားလိုက်ရသည်။
ဤအသုတ် ကျောင်းသားများသည် ကောင်းမွန်သောခန္ဓာကိုယ် ရှိရုံသာမက ရင့်ကျက်မှုလည်း ရှိကြသည်။
ဤကျောင်းသားများက သူတွေ့ဖူးသမျှ ကျောင်းသားများတွင် အတော်ဆုံး ဖြစ်နိုင်သည်ဟု ဆရာယဲ့ ခံစားမိသည်။
သို့သော် အမှတ်၆၀ အထက်တန်းကျောင်းက ကျောင်း၏ စတိုင်အရ အဆိုးဆုံး အသုတ်အဖြစ် ဖော်ပြမည်သာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အဆိုးရွားဆုံး အသုတ်ကို စေလွှတ်၍ အနိုင်ရရှိသည်ဟူသော ဂုဏ်ပုဒ်က စွဲမက်စရာ ကောင်းသောကြောင့်ပင်။
ထိုအကြောင်းကို သိနေ၍ ဆရာယဲ့က စိတ်ထဲမှ ရယ်မောနေမိသည်။
ဝမ်လင်းက ရှစ်ရွှိုက်ထံမှ ဆေးဘောလုံးကို လက်ခံလိုက်ရင်း သက်ပြင်းချလိုက်သည်။
သူယခင်က ဆေးဘောလုံးဖြင့် သူ၏ စွမ်းဆောင်ရည်ကို စမ်းသပ်ခဲ့ဖူးသည်။
သို့ရာတွင် သူ၏ကြံ့ခိုင်မှုကို တည်ငြိမ်အောင် မထိန်းထားနိုင်ခဲ့ပေ။
တာအိုအဆောင်လက်ဖွဲ့က အထောက်အပံ့ ပေးထားသည့်တိုင် ဘောလုံးကို ပစ်လွှတ်သောအခါတွင် သူ၏ခွန်အားကိုထိန်းချုပ်ရန် ခက်ခဲနေသေးသည်။
ဝမ်လင်းက ဘောလုံးကိုလက်ထဲတွင် ကိုင်၍ ပစ်ရမည့် စည်းပေါ်တွင် ရပ်လိုက်သည်။
ထိုခဏတွင် သူ၏သူငယ်ချင်းများက နှုတ်ဆက်ကြသည်။
"အတန်းဖော်ဝမ်လင်း.. ကံကောင်းပါစေ"
စွန်းရုံ နှင့် လင်းရှောင်ယု တို့က ဦးဆောင်၍ ဝမ်လင်းကိုအားပေးခဲ့ကြသည်။
စွန်းရုံ၏ အထောက်အပံ့အဖြစ် အခြားသော အခန်းများမှယောက်ျားလေး အများအပြားကလည်း လိုက်လံ အော်ဟစ်နေကြသည်။
"ကံကောင်းပါစေဝမ်လင်း''
"ကံကောင်းပါစေ.. အတန်းဖော်ဝမ်လင်း"
"ရှစ်ရွှိုက်က ၇၃မီတာတောင် ရတယ်.. မင်းလုပ်နိုင်မယ်လို့ ငါတို့ယုံကြည်တယ်"
".........."
ဝမ်လင်းက ဘောလုံးကိုပစ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
ဆေးဘောလုံးကို ပစ်လိုက်သည်နှင့် သူ၏ခွန်အား အလွန်များသွားကြောင်း ဝမ်လင်း ရုတ်တရက် သိလိုက်ရသည်။
အဆုံးသတ်တွင် သူ၏ရလဒ်မှာ ၆၅မီတာ ဖြစ်သည်။
သူက သက်ပြင်းတစ်ချက် ချလိုက်သည်။
".........."
၆၅မီတာရသည့် အကြောင်းအရင်းမှာ ဘောလုံးက ပြန်လှည့်လာခဲ့သောကြောင့် ဖြစ်သည်။
"ကျောင်းသားဝမ်လင်း.. အရမ်းတော်တယ်"
ဆရာယဲ့က ချီးကျူးလိုက်သည်။
ဤသည်က အတော်လေးကောင်းသည့် စွမ်းဆောင်ရည်ဖြစ်နေပြီ ဖြစ်သည်။
ပရိတ်သတ်များထဲမှ ကော်ဟောက်က ရုတ်တရက် ရေရွတ်လိုက်သည်။
"ထူးဆန်းတယ်ဟ.. ဆေးဘောလုံးက ပြန်ကွေ့လာသလိုပဲ.. မင်းတို့ရော မြင်လိုက်ကြလား"
ချန်းချောင်က ပုခုံးတွန့်ပြလိုက်သည်။
"ငါသတိမထားမိဘူး.. ငါအသိစိတ် ပြန်ဝင်လာချိန်မှာတော့ ဝမ်လင်းရဲ့ဘောလုံးက သဲကျင်းပေါ်ကို ကျနေခဲ့ပြီ"
ကော်ဟောက် "ငါပဲအမြင်မှားနေတာများလား"
ထိုခဏတွင် ရလဒ်ကိုစစ်ဆေးပြီးနောက် ဒိုင်လူကြီးက မျက်မှန်ကို ပင့်တင်လိုက်သည်။
"ဘာပြဿနာမှမရှိဘူး.. ရလဒ်ကို အတည်ပြုတော့မယ်.. ၆၅မီတာ"
ဝမ်လင်း ဆေးဘောလုံးကို ပစ်လွှတ်လိုက်သောအခါတွင် ဖန့်ရှင်းက ရေသောက်နေခဲ့သည်။
ထိုအခိုက်တွင် သူက ဝမ်လင်း ပစ်လွှတ်လိုက်သော အရှိန်အဟုန်ကို မြင်လိုက်ရပြီး ရေအန်ထွက်လုမတတ် ဖြစ်သွားရသည်။
ဆေးဘောလုံး၏အရှိန်က မြန်ဆန်လွန်း၍ အခြားသူများ မမြင်နိုင်သည်မှာ သာမန် ဖြစ်သည်။
သို့ရာတွင် ဖန့်ရှင်းကမူ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။
သူ့ အမြင်မမှားလျှင် ဝမ်လင်း၏ ဆေးဘောလုံးသည် ကမ္ဘာတစ်ဝှမ်းကို လှည့်ပတ်သွားပြီးမှ ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။
----------------------
ဝမ်လင်း ဆေးဘောလုံးမပစ်ခင် မိနစ်အနည်းငယ်အလို...
ဟွာရှို့နိုင်ငံ၏ ကမ်းခြေတစ်ခုရှိ ရွှေရောင်သဲပြင်ပေါ်တွင် နေရောင်ခြည်က တောက်ပနေသည်။
ကြီးမားသောကြွက်သားများကို ပိုင်ဆိုင်ထားသည့် မျက်လုံးအပြာရောင် ဆံပင်ရွှေရောင်ရှိသော နိုင်ငံခြားသား တစ်ဦးသည် ကမ်းခြေရှိ ပက်လက်ကုလားထိုင်ပေါ်တွင် ဇိမ်ယူ၍ လဲလျောင်းနေခဲ့သည်။
သူက ဘောင်းဘီတိုတစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး ကုလားထိုင်လက်ရမ်းတွင် လက်နှစ်ဖက်ကို တင်ထား၏။
"သတင်းမရသေးဘူးလား''
ထိုအမျိုးသားက နိုင်ငံခြားဘာသာစကားဖြင့် ပြောကာ ဖျော်ရည်ကို မော့သောက်လိုက်သည်။
သူ၏ဖျော်ရည်က ပြည်ပမှတင်သွင်းသော ဝိညာဉ်သစ်သီးမှ ပြုလုပ်ထားခြင်း ဖြစ်သည်။
ထိုဖျော်ရည်ကို တစ်စက်ချင်းစီ ရောင်းချပြီး တစ်စက်လျှင် အင်မော်တယ် ရွှေတစ်ထောင် ကုန်ကျသည်။
"ဥက္ကဌ အက်ဒ်မတ်.. ဥက္ကဌပိုင်က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတဲ့အတွက် မကြာခင်သိရမှာပါ''
လက်ထောက်အမျိုးသမီးက ဖုန်းကို ချလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
"ဒီနတ်ဆိုးဘုရင်ရဲ့ အကြွင်းအကျန် နယ်မြေက ဘာပဲဖြစ်ဖြစ် ငါတို့ညဦးစီးမှူးအဖွဲ့နဲ့ပဲ သက်ဆိုင်ရမယ်.. ငါတို့ညဦးစီးမှူးအဖွဲ့ကို ပိတ်ဆို့တဲ့လူတိုင်းက ဖယ်ရှားခံရမယ်"
နိုင်ငံခြားသားက ကောက်ကျစ်စွာပြုံး၍ ပြောလိုက်သည်။
"ငါတို့ဒီကိစ္စကို မနှစ်ကတည်းက တိုင်ပင်ခဲ့တယ်.. နတ်ဆိုးဘုရင်ရဲ့ အကြွင်းအကျန်တွေကို သိမ်းပိုက်နိုင်ဖို့ အတွက် ဟွာရှို့နိုင်ငံမှာ သူလျှိုတွေ အများကြီး လွှတ်ထားခဲ့တယ်.. နတ်ဆိုးဘုရင်ရဲ့ အကြွင်းအကျန်တွေကို ရရှိသရွေ့တော့ ကမ္ဘာကြီးတစ်ခုလုံးကို ငါတို့ ပိုင်ဆိုင်နိုင်လိမ့်မယ်"
"ဥက္ကဌ အက်ဒ်မတ်.. ဥက္ကဌ ပြောတာကို ဒီလက်အောက်ငယ်သားတွေက နားမလည်ဘူး"
လက်ထောက်အမျိုးသမီးက ကမ္ဘာကြီးတစ်ခုလုံးကို ပိုင်စိုးနိုင်သည် ဟူသောစကားကို နားမလည်ခဲ့ပေ။
ဥက္ကဌ အက်ဒ်မတ်က ပြုံးပြလိုက်သည်။
သူက လက်ထောက်အမျိုးသမီးကို စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
"မင်းက ငါ့အနားမှာ နှစ်အတော်ကြာအောင် နေလာခဲ့တဲ့သူ ဆိုတော့ မင်းကို ပြောပြလို့လည်း ဘာပြဿနာမှ မရှိပါဘူး.. ဒီနတ်ဆိုးဘုရင်ရဲ့ အကြွင်းအကျန်နယ်မြေ အတွက် ငါတို့ ဘာကြောင့် ကြိုးစားနေရလဲဆိုတာ မင်းသိလား"
"နယ်မြေအတွင်းထဲက ပစ္စည်းတွေ အတွက်လား"
လက်ထောက်အမျိုးသမီးက စိတ်ချင်းဆက်သွယ်၍ ပြန်မေးလိုက်သည်။
"မဟုတ်ဘူး.. လုံးဝမဟုတ်ဘူး"
ဥက္ကဌ အက်ဒ်မတ်က ခေါင်းခါရမ်းလိုက်သည်။
"နတ်ဆိုးဘုရင်ရဲ့ အကြွင်းအကျန်နယ်မြေထဲမှာ ဝှက်ထားတဲ့ အဆင့် ၁၃ မှော်ပညာအတွက်ပဲ"