ညီနောင်ခွေး မင်းလည်း အူတတ်တာပဲလေ
Vol. 38 Ch. 567
ဝေ့ကျစ်၏ မျက်ရိပ်မျက်ကဲကို မြင်သည်နှင့် S အဆင့် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေး ဆရာနှစ်ဦးက ချက်ချင်းပင် အဝေးကို လှမ်းကြည့်ကာ မသိချင်ယောင် ဆောင်လိုက်သည်။
မျက်လုံးချင်းဆုံသည်က ခဏလောက်သာ ဖြစ်သော်လည်း ဝေ့ကျစ်အပေါ် S အဆင့် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူနှစ်ယောက်၏ ကြည်ညိုလေးစားမှုကို ထွင်ထျန်းဟာက အကဲခတ်မိသည်။
သူက ဤအသွင်အပြင်နှင့် အလွန်ရင်းနှီးသည်။
ထိုအမူအရာက "လင်းကျန်းရန်"ကို သိပြီး လူချင်း တွေ့ဖူးသည်နှင့် တစ်ပြိုင်နက် ကျင့်ကြံခြင်း အသိုင်းအဝိုင်းမှ ကျင့်ကြံသူများ ဖြစ်ပျက်သွားသည့် အမူအရာမျိုး ဖြစ်သည်။
ထွင်ထျန်းဟာ နှင့် ဝေ့ကျစ် တို့က ကွင်းထဲသို့ ဝင်ရန် ပြင်ဆင်ရင်း အလွန်ရှည်လျားသော လမ်းကြောင်းတစ်ခုကို ဖြတ်လျှောက်လာခဲ့ကြသည်။
အနီးနားတွင် အခြားမည်သူမျှ မရှိသောကြောင့် ထွင်ထျန်းဟာက အောင့်မထားနိုင်တော့ဘဲ မေးခွန်းထုတ်လိုက်သည်။
"ခုနက နှစ်ယောက်က မင်းရဲ့တပည့်တွေတော့ မဟုတ်လောက်ပါဘူးနော်.. သူတို့က မင်းထက်တောင် အသက်နည်းနည်းပိုကြီးနေသလားလို့"
ဝေ့ကျစ်က SSR အဆင့် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူဖြစ်သော်လည်း အလွန်ငယ်ရွယ်သည့်ပုံ ပေါက်သည်။
သူက သူ၏ စာချုပ် သားရဲများကို ကျွေးမွေးရန် အတွက် ငွေရှာရန် အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း ဤအချက်ကိုကြည့်၍ သူ့ကိုယ်သူ ကောင်းမွန်စွာ ဂရုစိုက်တတ်ကြောင်း သိမြင်ရန် မခက်ခဲလှပေ။
ဝေ့ကျစ် ခေါင်းခါယမ်းလိုက်သည်။
"အဲဒီလို မဟုတ်ဘူး"
ထွင်ထျန်းဟာက ခေါင်းညိတ်လိုက်ပြီး ထိုစကားက မှန်လောက်သည်ဟု တွေးလိုက်သည်။
ဝေ့ကျစ် "သူတို့က ငါ့တပည့်ရဲ့ တပည့်တွေပဲ"
ထွင်ထျန်းဟာ ".............."
..................
ထွင်ထျန်းဟာ နှင့် ဝေ့ကျစ်တို့ ကွင်းထဲကို ဝင်လာသောအခါတွင် အာရုံစိုက်မှုများစွာကို ရရှိခဲ့ကြသည်။
ထွင်ထျန်းဟာက သူ၏ အဝါရောင် အသားကပ် ၀တ်စုံကို ၀တ်ဆင်ထားသည်။
နောက်ဆုံးအကြိမ်က ဓားတာအို၏ စွမ်းအားကြောင့် သူ၏ ကိုယ်ကျပ် ဝတ်စုံက ဆုတ်ပြဲသွားခဲ့သည်။
ထို့ကြောင့် မေမေဝမ်က ညတွင်းချင်းပင် ဝတ်စုံကို အမြန်ချုပ်ပေးခဲ့သည်။
ထွင်ထျန်းဟာ အတွက် ဤအဝါရောင် ကိုယ်ကျပ် ၀တ်စုံသည် လေ့ကျင့်ရေး ယူနီဖောင်း မဟုတ်တော့ဘဲ တိုက်ပွဲဝင် ဝတ်စုံလည်း ဖြစ်သည်။
"ဒီခွေးက နည်းနည်း စိတ်ဝင်စားဖို့ ကောင်းတယ်"
"အမွေးစိမ်းခွေးက ကိုယ်ကျပ် ဝတ်စုံကိုတောင် ၀တ်ထားတယ်ဟ.. ဝိညာဉ်သားရဲအဖြစ်ကို ပြောင်းလဲသွားတဲ့ သာမန်မျိုးရိုး ရောကျော်ခွေး တစ်ကောင်ကို ငါ့တစ်သက်တာမှာ ပထမဆုံးမြင်ဖူးတာပဲ"
"ဒါက ရောကျော်ခွေးကနေ ဗီဇ ပြောင်းသွားတာမျိုး ဖြစ်ရမယ်"
ထွင်ထျန်းဟာက ဝိညာဥ်သားရဲ အကဲဖြတ်ရေးဌာနသို့ ရောက်လာသော အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေးဆရာများစွာ၏ အကြည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယခင်က အသေးစားသားရဲ ဖြစ်သည့် ကင်းမြီးကောက် ထက်ပင် သေးငယ်သောကြောင့် ဖြစ်၏။
ဆိုရလျှင် ထွင်ထျန်းဟာက ယခုတစ်ကြိမ် ပြိုင်ပွဲ၌ အသေးငယ်ဆုံး ဝိညာဉ်သားရဲ ဖြစ်သည်။
ထွင်ထျန်းဟာ ရင်ဆိုင်ရမည့် ပြိုင်ဘက်မှာ ဆောက်လုပ်ရေးပစ္စည်း အထက်တန်းကျောင်း၏ မီးတောက်ဆူနာမီခွေး ဖြစ်သည်။
နှစ်ဖက်စလုံးမှ အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူနှင့် ဝိညာဉ်သားရဲတို့ ကွင်းထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဝိညာဉ်သားရဲ နှစ်ကောင်၏ အရွယ်အစား ကွာခြားမှုကြောင့် လူတိုင်းက အံ့အားသင့်သွားကြသည်။
ဆောက်လုပ်ရေးပစ္စည်း အထက်တန်းကျောင်းမှ မီးတောက်ဆူနာမီခွေး နှင့် နှိုင်းယှဉ်လျှင် ထွင်ထျန်းဟာက အလွန်ပင် သေးငယ်လွန်းနေသည်။
"သူတို့ နှစ်ယောက်လုံးက တတိယတန်းစား ဝိညာဥ်သားရဒ ဆိုပေမယ့် အရွယ်အစားက ကွာခြားချက် ကြီးလွန်းတယ်"
ဖန်သားပြင်ပေါ်တွင် ထုတ်လွှင့်နေသော ဝိညာဉ်သားရဲများ၏ ပရိုဖိုင်ကို ကြည့်ရင်း လေ့ကျင့်ရေးဆရာများစွာက ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်သည်။
ဝိညာဥ်သားရဲ အကဲဖြတ်ရေးဌာနတွင် တရားဝင် စာချုပ်ချုပ်ဆိုထားသော ဝိညာဥ်သားရဲ အားလုံးအတွက် အချက်အလက်မှတ်တမ်းများရှိသည်။
ဤအချက်အလက် အားလုံးကို ၎င်းတို့၏ ဒေတာဘေ့စ်ကနေ တိုက်ရိုက် ယူဆောင်လာခြင်း ဖြစ်သည်။
ပြိုင်ပွဲဝင်မည့် ဝိညာဥ်သားရဲ အဆင့်၊ မျိုးစိတ်၊ ကိုယ်ခန္ဓာ အမျိုးအစားနှင့် အလေ့အထ အားလုံးကို လူသိရှင်ကြား ထုတ်ပြန်ထားခဲ့သည်။
မီးတောက်ဆူနာမီခွေး- မီးတောက်ခွေးမိသားစု၊
မီးတောက် ဆူနာမီ မျိုးရိုး။
အမည်- အရူးချိုးဖျက် ဓားသုံးလက်
အဆင့်- တတိယတန်းစား
အလေးချိန်- 200 ကီလိုဂရမ်
အရှည်- 4 မီတာ
အမြင့်- 2.3 မီတာ
လက္ခဏာများ- ရက်စက်ကြမ်းကြုတ်၊ ပြင်းထန်ပြီး မကြောက်မရွံ့၊ အထိန်းအကွပ်မဲ့။
ထိုခဏတွင် အစီအစဥ် တင်ဆက်သူက သုံးသပ်လိုက်သည်။
"မင်းတို့မြင်တဲ့အတိုင်းပဲ အရူးချိုးဖျက် ဓားသုံးလက်ရဲ အမွေးအရောင်က အရမ်းလှတယ်.. ဒါကို ကြည့်ခြင်းအားဖြင့် ဒီမီးတောက်ဆူနာမီခွေးက မျိုးရိုး ကောင်းတယ်ဆိုတာ ပြသနေတယ်"
"ပိုင်ရှင်ရဲ့ အဆိုအရ အရူးချိုးဖျက် ဓားသုံးလက်ရဲ့ အဓိကအစားအစာက အင်းဆက်တွေ ဖြစ်တယ်.. သူအကြိုက်ဆုံး အစားအစာက စိတ်ဝိညာဥ်လိပ်ပြာရွာက ဝိညာဉ်လိပ်ပြာတွေပဲ"
"ဒီလောက်ကောင်းတဲ့ အသွေးအမွေးမျိုး ရှိတာ မဆန်းပါဘူး"
အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူ အတော်များများက အံ့သြသွားကြသည်။
စိတ်ဝိညာဉ်လိပ်ပြာရွာမှ ဝိညာဉ်လိပ်ပြာများသည် အရည်အသွေး ကောင်းမွန်သော အစားအစာများ ဖြစ်ပြီး တစ်ကောင်ချင်းစီသည် အလွန်ဈေးကြီးသည်။
"ဝိညာဉ်လိပ်ပြာ တစ်ကောင်ကို အင်မော်တယ် ရွှေချောင်းငါးရာနဲ့ ရောင်းချတယ်"
"ဒီလောက်တောင် စျေးကြီးလား"
အိမ်မွေးတိရစ္ဆာန် သင်တန်းဆရာ အချို့က မှင်တက်နေခဲ့သည်။
"အဲဒီအရွယ် ဆူနာမီ ခွေးတစ်ကောင် အတွက် ဝိညာဉ်လိပ်ပြာနှစ်ကောင်ကို စားသုံးတာက လုံလောက်တယ်လေ.. ဝိညာဉ်လိပ်ပြာတစ်ကောင်က အလေးချိန် ကီလိုဂရမ် ငါးဆယ် ရှိတယ်"
"အရမ်းအလေးချိန်စီးတာပဲ"
"တွန်းထိုးခြင်း လိပ်ပြာကြီး တစ်ကောင်ရဲ့ အလေးချိန်ဆို သုံးဆယ့်နှစ် ကီလိုဂရမ်ထိ ရှိတယ်"
".............."
နောက်ပိုင်းတွင် ထွင်ထျန်းဟာ၏ ပရိုဖိုင်ကိုလည်း ပြသခဲ့သည်။
အမည်- ခွေး2
မျိုးစိတ်- ရောကျော်ခွေး
အဆင့်- တတိယတန်းစား ဝိညာဥ်သားရဲ
အလေးချိန်- 20 ကီလိုဂရမ်
အရှည်- 1.1 မီတာ
အမြင့်- 0.68 မီတာ
ထူးခြားချက်- ဗုဒ္ဓ နှင့် ဆင်တူ.. {အဝါရောင်ဝတ်စုံကြောင့် ထင်ပါတယ်}
လူတိုင်း "…........"
တိုက်ပွဲက လက်တွေ့ မစသေးသော်လည်း လူတော်တော်များများက အမွေးစိမ်းခွေးကို ရှုံ့ချနေကြပြီ ဖြစ်သည်။
အဆင့်တူ ဝိညာဉ်သားရဲများ အတွက် အချိန်အများစုတွင် ရလဒ်ကို ဆုံးဖြတ်သည်မှာ အရွယ်အစား ကွာခြားချက် ဖြစ်သည်။
အဓိကအချက်မှာ ဤအမွေးစိမ်းခွေး၏ အိမ်မွေးတိရစ္ဆာန်လေ့ကျင့်ရေးဆရာကို တစ်ခါမှ မတွေ့ဖူးခြင်း ဖြစ်သည်။
သူက နာမည်ကြီးပုံလည်း မပေါ်ပေ။
ဝေ့ကျစ်၏ အထောက်အထား အကြောင်း လူအများ ဆွေးနွေးနေကြသည်ကို ကြားလျှင် ရှဖေး နှင့် ယွဲ့ယန်က ချွေးများ စီးကျလာပြီး တစ်ယောက်ကို တစ်ယောက် တီးတိုး ပြောလိုက်ကြသည်။
"ဘာတွေဖြစ်နေတာလဲ.. ဆရာဖိုးဖိုးက ဒီကိုဘယ်လိုလုပ် ရောက်နေတာလဲ"
"ဘယ်သူသိနိုင်မှာလဲ.. ဆရာဖိုးဖိုးက စာချုပ်သားရဲတွေအတွက် ပိုက်ဆံကုန်သွားပြန်ပြီ ဖြစ်မှာပေါ့"
"ဒါပေမယ့် ဆရာဖိုးဖိုးက အရမ်း အံ့သြစရာကောင်းတယ်.. ဆရာဖိုးဖိုးက ဘာလို့ နာမည်မကြီးရတာလဲ"
"မင်းမသိသေးဘူးကိုး.. အရင်က ဆရာဖိုးဖိုးရဲ့ တိုက်ခိုက်မှုတိုင်းမှာ အဝါရောင် ကြွက် ၅ ကောင် အမြဲရှိခဲ့တယ်.. အဲဒီကြွက်တွေ မရှိတော့ကတည်းက ဆရာဖိုးဖိုးရဲ့ တည်ရှိမှုက ကျဆင်းသွားခဲ့တာပဲ"
"............."
“တကယ်တော့ ဆရာဖိုးဖိုး ကိုယ်တိုင်က သိုသိုသိပ်သိပ်နေတတ်လို့ပဲ.. သူ့မှာ ငွေအလုံအလောက် မရှိရတဲ့ အဓိက အကြောင်းရင်းက ကြော်ငြာအတုတွေ ဖြန့်တဲ့လုပ်ငန်းမှာ မပါဝင်တာကြောင့် ဖြစ်တယ်"
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဆံနီ ဆေးဖက်ဝင် အရက်ကုမ္ပဏီက ဆရာဖိုးဖိုးကို သံတမန်အဖြစ် ချဉ်းကပ်ခဲ့တယ်"
"ဒီဆေးဖက်ဝင် အရက်ထဲမှာ နိုင်ငံတော် ကာကွယ်မှုအောက်က ဒုတိယတန်းစား ဝိညာဥ်သားရဲ ဖြစ်တဲ့ ကျားသစ်အရိုး ပါရှိနေတာကို ဆရာဖိုးဖိုးက တွေ့ရှိခဲ့တယ်.. အဲဒီတုန်းက သူ ဒေါသအရမ်း ထွက်သွားခဲ့တယ်"
".............."
ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူတို့နှစ်ယောက်ကိုသတိပြုမိသွားပြီး ရိုကျိုးစွာ မေးလိုက်သည်။
"ဆရာရှဖေး နဲ့ ဆရာယွဲ့ယန်တို့ရဲ အမြင်ကို သိပါရစေ .. ဘယ်ဘက်က နိုင်မယ်လို့ ထင်လဲ”
သူတို့နှစ်ယောက်လုံးက ဘာမှပြန်မဖြေဘဲ ပခုံးသာ တွန့်ပြလိုက်သည်။
သူတို့အတွက် ဤပွဲစဉ်ကို ကြည့်ရသည်မှာ ဘာမှ ထိုက်တန်မှုမရှိပေ။
အမွေးစိမ်းခွေး၏ ခွန်အားက သူတို့ အမှန်တကယ် မသိသော်လည်း ဆရာဖိုးဖိုး၏ အာရုံကို ဖမ်းစားနိုင်သောကြောင့် ထင်သလောက် အားမနည်းသည်မှာတော့ သေချာသည်။
ထို့အပြင် ဆရာဖိုးဖိုးက သူငယ်ချင်း တစ်ဦးအား ပြိုင်ပွဲတွင် ကူညီမည်ဟု သူတို့ ယခင်က ကြားခဲ့ဖူးသည်။
ပြဿနာမှာ ဆရာဖိုးဖိုးက သူတို့နှင့် တူညီသောပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ကို လုံး၀ မသိခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ SSR အဆင့် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူနှင့် ယှဉ်ပြိုင်ကစားသည့်ပွဲ ဖြစ်သည့်အပြင် သူတို့၏ ဆရာဖိုးဖိုးနှင့် ပြိုင်ပွဲလည်း ဖြစ်သည်။
…..........
ဝီစီသံ ထွက်ပေါ်လာသည်နှင့် ယှဉ်ပြိုင်မှုက တရားဝင် စတင်ခဲ့သည်။
ထွင်ထျန်းဟာ၏ နောက်တွင် ရပ်နေသော ဝေ့ကျစ်က မီးတောက်ဆူနာမီခွေး၏ လှုပ်ရှားမှုများကို ဂရုတစိုက်ကြည့်ရှုပြီး ၎င်း၏ အားနည်းချက်ကို ရှာဖွေကာ အခြေအနေကို တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာခဲ့သည်။
"ညီနောင်ခွေး သတိထားပါ.. ဒီမီးတောက် ဆူနာမီခွေးက မီးခိုးထုတ်နိုင်စွမ်းရှိတယ်.. ဗျူဟာအရ အနီးကပ် လျင်လျင်မြန်မြန် တိုက်ခိုက်ဖို့ ငါအကြံပြုချင်တယ်"
ဤသည်က ထွင်ထျန်းဟာ အတွက် ခွေးခန္ဓာကိုယ်နှင့် ပထမဆုံးအကြိမ် တရားဝင် တိုက်ခိုက်ခြင်း ဖြစ်သည်။
သူက မီးတောက်ဆူနာမီခွေး၏ လှုပ်ရှားမှုတိုင်းကို ကြည့်နေခဲ့သည်။
အဆုံးသတ်တွင် မီးတောက် ဆူနာမီခွေးက အထင်အမြင်သေးသောအနေဖြင့် နှာမှုတ်လိုက်သည်။
ဤသည်မှာ ထွင်ထျန်းဟာသာ နားလည်နိုင်သော သားရဲဘာသာစကားဖြစ်သည်။
သို့သော် ၎င်း၏ သဘောထားမှာ အလွန် သိသာ ထင်ရှားလွန်းသဖြင့် ကျင့်ကြံသူ အများအပြားပင် နားလည်နိုင်ခဲ့သည်။
"ဝူး.. ဝူး.. ဝူး.."
မီးတောက်ဆူနာမီခွေးက ဆွဲဆွဲငင်ငင် အူလိုက်ရာ ထွင်ထျန်းဟာက လေပြင်းတိုက်ခတ် ခံရသလို ခံစားလိုက်ရသည်။
ဤသည်မှာ မီးတောက် အသံလှိုင်း မှော်စွမ်းရည် ဖြစ်သည်။
ဤမီးတောက် အသံလှိုင်းများ၏ အရှိန်က မြန်ဆန်လွန်းသဖြင့် အခင်းဖြစ်ပွားရာနေရာရှိ ကျင့်ကြံသူ အများအပြားပင် မှင်တက်သွားကြသည်။
ထွင်ထျန်းဟာက ကျင့်ခယ်နှင့် ကလေးမလေးတို့၏ ကျေးဇူးကြောင့် အသံလှိုင်းကို မမှုခဲ့ပေ။
သူ့အတွက် မီးတောက်ဆူနာမီခွေး၏ အူသံက အလွန်တရာ အားနည်းသည်။
ထို့အပြင် အသံလှိုင်း၏ အရှိန်ကလည်း အလွန်တရာ နှေးကွေးလွန်းနေသည်။
ထွင်ထျန်းဟာက သီချင်းဖွင့်ပြီး ကခုန်၍ရသည်အထိ အချိန်ယူရလောက်အောင် ကြာမြင့်နေပြီဟု ခံစားမိသည်။
ဤသည်က မီးတောက် ဆူနာမီခွေး၏ မထီမဲ့မြင် ရန်စမှု တစ်ခုသာ ဖြစ်ကြောင်း ထင်ရှားနေ၏။
သို့ရာတွင် ထွင်ထျန်းဟာက လွတ်လွတ်ကျွတ်ကျွတ် ရှောင်တိမ်းနေသည်ကို မြင်လိုက်ရသည့်အခါ သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ဝေ့ကျစ်က အနည်းငယ် စိတ်ပျက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ညီနောင်ခွေး.. အထင်သေးမခံနဲ့.. မင်းလည်း အူတတ်တာပဲ.. ပြန်အူပလိုက်"
"ငါနားလည်ပြီ"
ထွင်ထျန်းဟာက ထိုသို့လုပ်ရန် ရည်ရွယ်ထားပြီးသား ဖြစ်၍ ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် အားလုံး၏ မျက်လုံးများက အမွေးစိမ်းခွေးဆီသာ ရောက်နေကြသည်။
ထိုခဏတွင် ထွင်ထျန်းဟာသည် ရုတ်တရက် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး အော်ဟစ်လိုက်သည်။
"အုံးအွမ်"
"ခဏလေးနေပါဦး.. အုံးအွမ်က ဘာလဲဟ"
လူတိုင်း "….........."
ဝေ့ကျစ်က အလွန်ပင် ကျေနပ်သွားသည်။
"ဒါမှ ညီနောင်ခွေးနဲ့ တူတော့တယ်.. အူသံကိုက တကယ်ကို ထူးခြားတာပဲ"