← Chapters

မိစ္ဆာ

Vol. 62 Ch. 917

မိစ္ဆာ

Vol. 62 Ch. 917

ထိုအသံက ထွက်ပေါ်လာသည့် ခဏမှာပင်

နန်းကုန်လင်းနှင့် အခြားနှစ်ယောက်၏ အမူအရာက ပြောင်းလဲသွားခဲ့လေသည်။

နန်းကုန်လင်းက သူ၏လက်သီးကို ဆုပ်ပြီး အံကို တင်းတင်းကြိတ်လိုက်လေသည်။

“လေတိမ်မြို့တော်က လူတွေက တော်တော်ဇွဲကောင်းတာပဲ... သူတို့က ဒီနေရာအထိတောင် လိုက်လာရဲတယ်ဆိုတော့..”

လျှိုဟန်ယန်က သူမ၏ သိုလှောင်အိတ်ထဲကနေ အနက်ရောင်ကျောက်တုံးကို ထုတ်ယူပြီး ပြောလိုက်လေသည်။

“ငါတို့က ဒီချော်ခဲသလင်းကျောက်ကို ထပ်ပြီးတော့ မလိုချင်တော့ဘူး.. နင်တို့တွေက လိုချင်တယ်ဆိုရင် အဲဒါကို လာယူလိုက်”

နန်းကုန်လင်းနှင့် အခြားနှစ်ယောက်သည် သူတို့၏ပြိုင်ဘက်က မည်သူဖြစ်သည်ကို အခုချိန်ထိ နားမလည်ကြသေးပေ။

ဆူဇီမိုက ထွက်ရပ်လိုက်ပြီး ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။

“သူတို့က အဲဒီကျောက်တုံးကို လိုချင်တာ မဟုတ်ဘူး.. ပြန်သိမ်းထားလိုက်”

“ကျွတ် ကျွတ် ကျွတ်.. ကောင်လေး.. မင်းက အတော်ဉာဏ်ကောင်းတာပဲ”

မကောင်းဆိုးရွားဆန်ဆန် အသံတစ်သံက တဖန်ထွက်ပေါ်လာလေသည်။

“အစကတော့.. ငါက မင်းကိုသတ်ဲပြီး သူတို့သုံးယောက်ကို ဖမ်းခေါ်သွားဖို့ စဉ်းစားထားတာ.. ဒါပေမဲ့ အခုကြည့်ရတာ မင်းဆီမှာလည်း လျှို့ဝှက်ချက်အတော်များများ ရှိနေပုံပဲ”

“ဟီးဟီး.. ငါက မင်းကို သတ်တောင်မသတ်ရက်တော့ဘူး”

နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီးနောက် တစ်စုံတစ်ရာ လွဲမှားနေသည်ကို နားလည်သွားကြကာ ထိတ်ထိတ်ပျာပျာ ဖြစ်လာကြလေသည်။

“ခင်ဗျားက ဘယ်သူလဲ”

နန်းကုန်လင်းက အသက်ပြင်းပြင်း တစ်ချက်လျှိုက်ပြီး ထပ်မေးလိုက်လေသည်။

ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် ဘေးပတ်ဝန်းကျင်ရှိ အမှောင်ထုထဲမှ ပုံရိပ် ၇ခုက ထွက်ပေါ်လာပြီး ဦးတည်ဘက် ၇ခုကနေ သူတို့၏ စိတ်ဝိညာဉ်ယာဉ်ပျံကို ဝိုင်းရံလိုက်ကြလေသည်။

သူတို့ ၇ယောက်က ဆူဇီမိုတို့ ၄ယောက် အုပ်စုကို အေးစက်စွာ စိုက်ကြည့်လိုက်ကြလေသည်။ သူတို့ထဲမှ အချို့က လှောင်ပြောင်သရော်၍ ကျီစယ်လိုသော အကြည့်များ ရှိကြပြီး.. သူတို့ထဲမှ အချို့က သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေကြလေသည်။

သူတို့ ၇ယောက်က တူညီသော ဝတ်စားဆင်ယင်မှုရှိပြီး သူတို့၏ အင်္ကျီလက်မောင်းအိုးများပေါ်တွင် နက်မှောင်နေသော မီးတောက်တစ်ခုကို ရေးဆွဲထားလေသည်။ အဲဒါက ချောက်ချားဖွယ်ရာကောင်းလေသည်။

ငရဲမီးစံအိမ်..။

နန်းကုန်လင်းနှင့် အခြားနှစ်ယောက်၏ အမူအရာများက အလွန်တရာ ပျက်ယွင်းသွားကြလေသည်။

ငရဲမီးစံအိမ်နှင့် အသွန်းတစ်ရာဂိုဏ်းအကြား ရန်ငြိုးရန်စက ညှိနှိုင်းဆွေးနွေး၍ မရနိုင်တော့ပေ။

သူတို့သည် ငရဲမီးစံအိမ်၏ လက်ထဲသို့ ကျရောက်သွားမည်ဆိုလျှင် အဆုံးသတ်ကောင်းတော့မည် မဟုတ်ကြောင်း သူတို့က ကောင်းကောင်းသိထားလေသည်။

သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များက ငရဲမီးစံအိမ်မှ ကျင့်ကြံသူ ၇ယောက်အပေါ် ကျရောက်သွားပြီးသည့် ခဏမှာပင်.. သူတို့၏စိတ်နှလုံးက နစ်မြုပ်သွားပြီး သူတို့၏ခြေလက်များက အေးစက်လာခဲ့လေသည်။

မူလနတ္ထိအဆင့်များ..။

သူတို့ ၇ယောက်စလုံးက မူလနတ္ထိပညာရှင်များ ဖြစ်ကြလေသည်။

သူတို့အကြား ကွာဟချက်က အဆင့်ကြီးတစ်ဆင့်လုံးလုံး ဖြစ်လေသည်။

မူလနတ္ထိအဆင့်တစ်ယောက်ကပင်လျှင် သူတို့ကို သတ်ဖြတ်ဖို့ လုံလောက်လေသည်။ ယခုက ၇ယောက်တောင် ဖြစ်လေသည်။

မူလနတ္ထိအဆင့်မှာဆိုလျှင် လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်က သန်မာသော လေများ သို့မဟုတ် ပူပြင်းသော နေရောင်ခြည်ကို ကြောက်ရွံ့စရာ မလိုတော့ပေ။ ဒါ့အပြင် သူတို့၏ အမြုတေစိတ်ဝိညာဉ်ကနေ ထိန်းချုပ်နိုင်သော ဓမ္မစွမ်းအားများကလည်း ပို၍သိပ်သည်းလာပြီး အကန့်အသတ်မဲ့လာမည် ဖြစ်လေသည်။

ပို၍ပင် ကြောက်စရာကောင်းသည့် အချက်မှာ.. မူလနတ္ထိတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်သည် အလွန်တရာ သန်မာပြီး စိတ်ဝိညာဉ်အသိစိတ် တိုက်ခိုက်မှုများကိုပင် ထုတ်ဖော်နိုင်လေသည်။

နိုးထဝိညာဉ်များက စိတ်ဝိညာဉ်အသိစိတ် တိုက်ခိုက်မှုတစ်ခုကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

အဲဒါက ကျင့်ကြံမှုအဆင့်ကြီးတစ်ဆင့်၏ ဖိနှိမ်မှု ဖြစ်လေသည်။

ရူရွှမ်သည် ဒေါသထွက်သွားသော်လည်း သူမ၏မျက်နှာက ကြောက်ရွံ့မှုဖြင့် ဖြူဖပ်ဖြူလျော် ဖြစ်သွားခဲ့လေသည်။ သို့သော်လည်း သူမက သတ္တိကို စုစည်းပြီး အော်ပြောလိုက်လေသည်။

“ရှင်.. ရှင်တို့တွေက ငရဲမီးစံအိမ်ကပဲ.. ရှင်တို့က နိုးထဝိညာဉ် ၄ယောက်ကို ကိုင်တွယ်ဖို့ မူလနတ္ထိ ၇ယောက်ကိုတောင် စေလွှတ်ရဲတယ်ဆိုတော့.. ရှင်တို့က တော်တော်အရှက်မဲ့ပြီးတော့ ဂုဏ်သိက္ခာ ကင်းမဲ့တာပဲ”

သူ့စကား၏ အဆုံးသတ်နား၌ ရူရွှမ်၏အသံက​ တိမ်ဝင်သွားပြီး သူမ၏အော်ရာက ပျောက်ဆုံးသွားခဲ့လေသည်။

ငရဲမီးစံအိမ်သည် အစကတည်းက ဖြောင့်မတ်မှန်ကန်မှု မရှိသော ကျင့်ကြံသူများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်လေသည်။ သူတို့နှင့် သိက္ခာစောင့်ထိန်းမှုအကြောင်း ပြောနေစရာ မလိုပေ။

“ဟီးဟီး”

ငရဲမီးစံအိမ်မှ မူလနတ္ထိ ၇ယောက်က လက်ပိုက်၍ ရပ်နေပြီး လှောင်ရယ်လိုက်ကြလေသည်။

အစကတည်းက ဆူဇီမိုသည် မည်သည့်စကားကိုမှ မပြောသေးပေ။

သူက တိုက်ခိုက်ခြင်းလည်း မရှိပေ။

အဲဒီမှာ မူလနတ္ထိ ၇ယောက်တည်းသာ ရှိမည်ဆိုလျှင် သူက ဝှက်ဖဲများဖြင့် သူတို့ ၇ယောက်စလုံးကို သတ်ဖြတ်နိုင်ဖို့ ၈၀ ရာခိုင်နှုန်း အခွင့်ရှိလေသည်။

ဆူဇီမို လှုပ်ရှားမှု မပြုလုပ်ရသည့် အဓိကအကြောင်းရင်းမှာ ယခုအချိန်ထိ ထွက်ပေါ်မလာသေးသော ငရဲမီးစံအိမ်မှ တစ်စုံတစ်ယောက် ရှိနေသေးလေသည်။

သူကမှ ငရဲမီးစံအိမ်၏ အစစ်အမှန် ဝှက်ဖဲတစ်ခု ဖြစ်နိုင်လေသည်။

ဆူဇီမိုသည် ရှေ့တည့်တည့် အမှောင်ထုထဲသို့ ငေးကြည့်နေပြီး မည်သည့်စကားကိုမှ မဆိုဘဲ သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားလေသည်။

သိပ်မကြာမီ ထိုအမှောင်ထုထဲကနေ ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာခဲ့လေသည်။

ဝင်ရောက်လာသူ၏ ခန္ဓာကိုယ်က ကုပ်ကိုင်းကိုင်းနှင့် သူ့ကိုယ်သူ တောင်ဝှေးတစ်ချောင်းနှင့် ဖေးကူထားရလေသည်။ သူ၏ မုတ်ဆိတ်နှင့် ဆံပင်များက ဖြူဖွေးနေပြီး အချိန်မရွေး လဲကျသွားနိုင်သည့်အလား ယိုင်တိုင်တိုင်ဖြင့် လျှောက်လှမ်းလာလေသည်။

ဆူဇီမိုက သူ၏မျက်လုံးကို မှေးကျဉ်းလိုက်ပြီး သူ၏သတ်ဖြတ်လိုစိတ်ကို တစ်ဖန်ဖိနှိမ်ထားလိုက်လေသည်။

ဓမ္မဝိသေသတာအိုအရှင်..။

ဝင်ရောက်လာသူက သေခါနီးအရွယ် ဖြစ်သော်လည်း.. သူ့ထံမှ ထွက်ပေါ်နေသော အော်ရာက သေချာပေါက် တစ်မူထူးခြားပြီး ဓမ္မဝိသေသပညာရှင်တစ်ယောက် ဖြစ်ပေလိမ့်မည်။

ဆူဇီမိုသည် အံ့မခန်း အမြုတေစိတ်ဝိညာဉ်နှစ်ခုကို ကျင့်ကြံထားပြီး သူက သူ့ထက် ကျင့်ကြံမှုအဆင့်မြင့်သောသူများကို သတ်ဖြတ်နိုင်စွမ်းရှိလေသည်။

သို့သော်လည်း.. ကျင့်ကြံမှုအဆင့်ကြီးနှစ်ဆင့်၏ ကွာဟမှုက မည်သို့မျှ ရင်ကြားစေ့၍ မရနိုင်သော ကြီးမားသည့် ကွာဟမှု ဖြစ်လေသည်။

ဓမ္မဝိသေသတစ်ယောက်၏ စွမ်းအားက ကြောက်စရာကောင်းလွန်းပြီး သူက အဲဒါကို ခံနိုင်ရည်မရှိပေ။

သားရဲတစ်ထောင်တောင်ကြားမှာတုန်းက ဆူဇီမိုသည် သူ၏ဝှက်ဖဲများ အားလုံးကို အသုံးပြုခဲ့ရလေသည်။

သူက နဂါးအသွင်ပြောင်းလဲခြင်းကို အသက်သွင်းပြီး နတ်ဖီးနစ်အရိုးကိုသုံးကာ အငိုက်ဖမ်း တိုက်ခိုက်မှုဖြင့် ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်ကို ဒဏ်ရာရရှိစေခဲ့လေသည်။ ထိုသို့ဆိုသော်လည်း ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်ထံမှ လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် သူက သေလုနီးပါးဖြစ်ခဲ့ရလေသည်။

ဓမ္မဝိသေသသ တာအိုအရှင်များက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ သိသာလေသည်။

နောက်ပိုင်းတွင်.. တာအိုအရှင်အဆုံးစွန်မီးကသာ ပေါ်ထွက်မလာခဲ့လျှင် သူက ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပေလိမ့်မည်။

သူ့ရှေ့ရှိ အဘိုးအိုက အသက်အရွယ်အိုမင်း၍ ဘဝနေဝင်ခါနီးအရွယ်မှာ ရှိနေသော်လည်း ဆူဇီမိုက အရမ်းကာရော မလှုပ်ရှားရဲပေ။

သူတစ်ယောက်တည်းသာဆိုလျှင်.. သူ့မှာ ရွေးချယ်စရာများစွာ ရှိလေသည်။

လုံခြုံစိတ်ချရဆုံး နည်းလမ်းမှာ သူက သူတို့၏ အလစ်အငိုက်ကို ဖမ်း၍ သွေးစတေးထွက်ပြေးခြင်းကို အသုံးပြုကာ ဝိုင်းရံထားမှုကနေ ဖောက်ထွက်၍ ထွက်ပြေးရုံသာ ဖြစ်လေသည်။

သူက သွေးစတေးထွက်ပြေးခြင်းကို သူ၏ အစွမ်းကုန်ဖြင့် ထုတ်ဖော်ခဲ့စဉ်က ဈာန်ပျံဆိတ်တောင်ထွတ် အရှင်သခင်၏ ခွန်အားနှင့်ပင်လျှင် ထိုသူက သူ့နောက်သို့ မျက်ခြည်မပြတ် လိုက်နိုင်ရုံသာရှိလေသည်။

သူ့ရှေ့ရှိ ဓမ္မဝိသေသ အဘိုးအိုက သေခါနီးအရွယ်မှာ ရှိနေပြီး သူ၏သွေးချီက အားနည်းနေလေသည်။ သူက ဆူဇီမိုကို အမီလိုက်နိုင်စရာ အကြောင်းမရှိပေ။ သို့သော် ယခုအခါမှာတော့ ဆူဇီမို၏ဘေးတွင် နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က ရှိနေလေသည်။

သူက သူတို့သုံးယောက်ကို လျစ်လျူရှုပြီး ကိုယ်လွတ်ရုန်းမပြေးနိုင်ပေ။

ဆူဇီမိုက နတ်ဖီးနစ်အရိုးကို အသုံးပြုမည်ဆိုလျှင် ထိုအဘိုးအိုနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ ကြိုးစားကြည့်နိုင်လေသည်။

သို့သော်လည်း အဲဒါက အလွန်တရာ အန္တရာယ်များလေသည်။

ဆူဇီမို၏ ခွန်အားအရ သူက နတ်ဖီးနစ်အရိုး၏ စွမ်းအားကို သူ့ကိုယ်ပိုင်ခွန်အားဖြင့် အသက်သွင်းနိုင်ခြင်း မရှိချေ။

သူက သူ့ပြိုင်ဘက်၏ ခွန်အားအပေါ် မှီခိုရလေသည်။

သူက နတ်ဖီးနစ်အရိုးကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့မည် ဆိုလျှင်တောင် သူက သူ့ရှေ့ရှိ အဘိုးအိုကို သတ်ဖြတ်နိုင်ချင်မှ သတ်ဖြတ်နိုင်ပေလိမ့်မည်။

မရေရာမှုက အရမ်းများလေသည်။

သူက သူတို့ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခြင်း မရှိလျှင် သူနှင့် နန်းကုန်လင်းက သေခြင်းတရားကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုသို့အတွေးများဖြင့် ဆူဇီမို၏အကြည့်က တဖျပ်ဖျပ်ဖြစ်သွားပြီး သူ့ကိုယ်သူ တည်ငြိမ်စေလိုက်လေသည်။ သူ၏ သတ်ဖြတ်လိုစိတ်ကို ရုတ်သိမ်းပြီး အခွင့်အလမ်းတစ်ခုကို ဆက်လက်၍ စောင့်ဆိုင်းနေလိုက်လေသည်။

အခြေအနေက အန္တရာယ်များလေလေ.. သူက ပို၍ တည်ငြိမ်ရမည် ဖြစ်လေသည်။

ဆူဇီမိုနှင့်ယှဉ်ပါက နန်းကုန်လင်းနှင့် အခြားနှစ်ယောက်သည် အသက်ပိုကြီးသော်လည်း သူတို့က ထိတ်ထိတ်ပျာပျာဖြစ်နေပြီး ဘာလုပ်လို့ ဘာကိုင်ရမည် မသိကြတော့ပေ။

နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က သူတို့၏ ဘေးပတ်လည်ရှိ မူလနတ္ထိ ၇ယောက်၏ ကျင့်ကြံမှုအဆင့်ကို ထောက်လှမ်းသိရှိနိုင်သော်လည်း အဘိုးအို၏ ကျင့်ကြံမှုကိုတော့ ထောက်လှမ်းနိုင်ခြင်း မရှိချေ။

အဲဒါက ဘယ်လိုအဓိပ္ပာယ်ရပါသလဲ..။

ဝင်ရောက်လာသူက ဓမ္မဝိသေသ တာအိုအရှင်ဖြစ်သည်ဟု ဆိုလိုသည် မဟုတ်ပါလား.။

ဆူဇီမိုက တန်ပြန်တိုက်ခိုက်ရမည့် နည်းလမ်းများကို စဉ်းစားနေစဉ် နန်းကုန်လင်းနှင့် အခြားနှစ်ယောက်၏ စိတ်များက ကစဉ့်ကလျား ဖြစ်နေခဲ့လေပြီ။

မူလနတ္ထိ ၇ယောက်က သူတို့ ၃ယောက်အပေါ် လှုပ်ရှားမှု ပြုလုပ်မည်ဆိုလျှင် သူတို့၏ အသက်ရှင်နိုင်ဖို့ အခွင့်အလမ်းက ပါးပါးကလေးမျှသာ ရှိလေသည်။

မူလနတ္ထိတာအိုအရှင်၏ ပေါ်ထွက်လာမှုက သူတို့၏ မျှော်လင့်ချက်များကို လုံးဝ ပျက်သုဉ်းသွားစေလေသည်။

ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်၏ ရှေ့တွင် နိုးထဝိညာဉ်များက ရွှေအမြုတေများ ရှေ့ရှိ မော်တယ်များကဲ့သို့ ဖြစ်လေသည်။ သူတို့မှာ အခွင့်အရေး လုံးဝမရှိတော့ပေ။

လျှိုဟန်ယန်က သူမကိုယ်သူမ အပြစ်တင်ဟန်ဖြင့် လှောင်ပြောင်ရယ်မောလိုက်လေသည်။

“ငါတို့လို ဂျူနီယာ ၃ယောက်က ငရဲမီးစံအိမ်က ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ကို စေလွှတ်ရလောက်အောင် ထိုက်တန်လို့လား”

“တကယ်တော့ မင်းတို့ ၃ယောက်က မထိုက်တန်ဘူး”

အဘိုးအိုက သွားဖြီး၍ သူ့မျက်နှာပေါ်ရှိ အရေးကြောင်းများက တွန့်တွသွားလေသည်။

“ဒါပေမဲ့လို့ မင်းတို့ ပိုင်ဆိုင်ထားတဲ့ သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်ကတော့ ထိုက်တန်တယ်လေ”

နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က သူတို့၏ရင်ထဲမှာ အေးစက်သွားသည်ကို ခံစားလိုက်ရလေသည်။

အဘိုးအိုက ဆက်ပြောလိုက်လေသည်။

“မင်းတို့တွေကို ဖမ်းဆီးပြီးရင် နောက်တစ်လနေတဲ့အခါ အသွန်းတစ်ရာဂိုဏ်းက လက်နက်သွန်းလုပ်ခြင်း ပြိုင်ပွဲမှာ သေချာပေါက် ရှုံးနိမ့်မှာပဲ”

“ငါက မင်းတို့ ၃ယောက်ဆီကနေ ရသလောက် ညှစ်ထုတ်ပြီး မင်းတို့ ၃ယောက်ကို သုံးပြီး မင်းတို့ရဲ့ဆရာကိုပါ မျှားထုတ်နိုင်ခဲ့မယ်ဆိုရင်..”

“ခဲတစ်လုံးတည်းနဲ့ ငှက်သုံးကောင်ကို ပစ်နိုင်တဲ့ အကြံအစည်က ငါကိုယ်တိုင် လှုပ်ရှားရလောက်အောင် ထိုက်တန်တယ်လို့ မင်းတို့ မထင်ဘူးလား”

နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က ထိုစကားကို ကြားသောအခါ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြလေသည်။

နန်းကုန်လင်းနှင့် အခြားနှစ်ယောက်၏ စိတ်ထဲတွင် အတွေးတစ်ခုသာလျှင် ရှိတော့လေသည်။

မိမိကိုယ်ကိုမိမိ အဆုံးစီရင်ခြင်း..။

ထိုစဉ်မှာပင် အလွန်ကြီးမားသည့် စွမ်းပကားတစ်ခုက ဆင်းသက်လာပြီး နန်းကုန်လင်းနှင့် အခြားသူများသည် လုံးဝလှုပ်ရှား၍ မရနိုင်တော့ဟု ခံစားလိုက်ရလေသည်။ သူတို့၏ အမြုတေစိတ်ဝိညာဉ်များကိုပင် ထုတ်ဖော်၍ မရနိုင်တော့ပေ။

အဘိုးအိုက အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“မင်းတို့က သေမယ်ဆိုရင်တောင် ငါ့လက်ထဲမှာပဲ သေရမယ်.. မဟုတ်ရင် မင်းတို့ကိုယ်မင်းတို့ သတ်သေဖို့တောင် အခွင့်အရေးရမှာ မဟုတ်ဘူး”

“မိစ္ဆာကြီး..”

“နင်က နတ်ဆိုးတစ်ကောင်ပဲ”

ရူရွှမ်၏စိတ်က လုံးဝပြိုလဲသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

နန်းကုန်လင်းနှင့် လျှိုဟန်ယန်ကလည်း လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားပြီး သူတို့၏ခန္ဓာကိုယ်များက တုန်ယင်လာကြလေသည်။

All Chapters