အန္တရာယ်ကျရောက်လာခြင်း
Vol. 62 Ch. 916
အသွန်းတစ်ရာဂိုဏ်းတွင်...
တာအိုအရှင်ကြယ်သွေးနီသည် အသွန်းတစ်ရာဂိုဏ်း၏ မဟာခန်းမထဲသို့ အလောတကြီး ဝင်ရောက်လာပြီး အထဲကနေ ထွက်လာသော သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်နှင့် ပက်ပင်းတိုးလေသည်။
ထိုလူက တည်ကြည်ခိုင်မာသော သွင်ပြင်ရှိပြီး သူ၏မျက်လုံးထဲတွင် ဟိတ်ဟန်တစ်စွန်းတစ်စ ရှိနေလေသည်။ သူက အဆင့်အတန်းမြင့်မားသော နေရာတွင် အချိန်အတန်ကြာသည်အထိ ရှိနေခဲ့သည်မှာ သိသာလေသည်။
“ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”
ဝင်ပေါက်ဝရှိ ကျင့်ကြံသူနှစ်ယောက်က ထိုသူကို ဦးညွတ်လိုက်ကြလေသည်။
အဲဒါက အသွန်းတစ်ရာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ တာအိုအရှင် အဖြူရောင်မီးတောက် ဖြစ်လေသည်။
“စီနီယာအစ်ကို အဖြူရောင်မီးတောက်”
တာအိုအရှင်ကြယ်သွေးနီက ထိုသူကို မြင်သောအခါ.. အလောတကြီး ရှေ့တက်၍ နှုတ်ဆက်လိုက်လေသည်။
တာအိုအရှင် အဖြူရောင်မီးတောက်က သူ၏ ပူပန်သောကများသော အမူအရာကို မြင်တွေ့ရသောအခါ သူက မေးမြန်းလိုက်လေသည်။
“ဘာများဖြစ်လို့လဲ”
တာအိုအရှင်ကြယ်သွေးနီက မျက်မှောင်ကြုတ်ပြီး မကျေမနပ်ဖြင့် ပြောလိုက်လေသည်။
“အဲဒါက ကျုပ်ရဲ့ သုံးစားမရတဲ့ တပည့်သုံးယောက်ပေါ့.. သူတို့က ဂိုဏ်းကနေ ခိုးထွက်သွားတာ တစ်နေကုန်ပြီ.. အခုထိ ပြန်ရောက်မလာသေးဘူး”
တာအိုအရှင် အဖြူရောင်မီးတောက်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့လေသည်။
ဤအချိန်ကာလက အလွန်တရာ အန္တရာယ်များပြီး အသွန်းတစ်ရာဂိုဏ်းက ဆတ်ဆတ်ထိမခံသော အခြေအနေတစ်ခုမှာ ကျရောက်နေလေသည်။
ပြောရမည်ဆိုလျှင်.. တာအိုအရှင်အဆုံးစွန်မီးသာ အချိန်မီ ပြန်ရောက်မလာဘူးဆိုလျှင် ဤအကျပ်အတည်းကို မည်သို့မည်ပုံ ဖြတ်ကျော်ရမလဲ သူတို့ထဲ မည်သူကမှ မသိရှိတော့ပေ။
တာအိုအရှင်ကြယ်သွေးနီ၏ တပည့်သုံးယောက်တွင် လျှိုဟန်ယန်က မကြာခင် ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲတွင် လက်နက်သွန်းလုပ်ခြင်း ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်လေသည်။ အဲဒီမှာ အမှားအယွင်းတစ်စုံ ဖြစ်ပေါ်လို့မရပေ။
လျှိုဟန်ယန်နှင့် အခြားနှစ်ယောက်က ယခုလိုအချိန်မှာ ဂိုဏ်းကနေ ထွက်ခွာသွားခြင်းက တကယ်ပဲ အန္တရာယ်များလှလေသည်။
“သူတို့ ဘယ်ကိုသွားတာလဲဆိုတာ မင်းတို့သိလား”
တာအိုအရှင် အဖြူရောင်မီးတောက်က တည်ငြိမ်နေသော အမူအရာတစ်ခုဖြင့် မေးလိုက်လေသည်။
“သူတို့က လေတိမ်မြို့တော်ဆီကို သွားကြတဲ့ပုံပဲ”
တာအိုအရှင်ကြယ်သွေးနီက ဒေါသထွက်လာပြီး အံကိုကြိတ်လိုက်လေသည်။
“အမြဲတမ်း စိတ်ဒုက္ခပေးတဲ့ကောင်တွေပဲ.. သူတို့ကို ဂိုဏ်းမှာပဲနေပါလို့ ပြောထားရက်နဲ့ ငါပြောတဲ့စကားကို နားမထောင်ကြဘူး.. တကယ်လို့ တစ်ခုခုများ ဖြစ်ခဲ့ရင်..”
သူက ဆက်မပြောနိုင်တော့ဘဲ သူ့မျက်နှာတွင် ဒေါသနှင့် သောကက ရောစွက်လာခဲ့လေသည်။
“သိပ်လည်း စိုးရိမ်မနေပါနဲ့”
တာအိုအရှင် အဖြူရောင်မီးတောက်က လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။
“အလယ်ပိုင်းတိုက်ရဲ့ ဂိုဏ်းကြီးတွေနဲ့ အဖွဲ့အစည်းပေါင်းစုံက ကျင့်ကြံသူတွေက လေတိမ်မြို့တော်မှာ စုဝေးနေကြမှာပဲ.. သူတို့အားလုံးက ဖြောင့်မတ်မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေကြတဲ့သူတွေပဲ.. သူတို့က အန္တရာယ်မရှိလောက်ပါဘူး”
“နောက်ပြီးတော့ လေတိမ်မြို့တော်က ဂိုဏ်းနဲ့လည်း သိပ်ဝေးတာမှ မဟုတ်တာ.. သူတို့က အန္တရာယ် သိပ်မများလောက်ပါဘူး”
တာအိုအရှင်ကြယ်သွေးနီက ခေါင်းခါလိုက်လေသည်။
“ကျုပ်က အဲဒီ ဂိုဏ်းကြီးတွေက ကျင့်ကြံသူတွေကို စိုးရိမ်နေတာ မဟုတ်ဘူး.. ကျုပ်က ငရဲမီးစံအိမ်က လှုပ်ရှားလာမှာကို စိုးရိမ်နေတာပဲ”
“အာ..”
တာအိုအရှင် အဖြူရောင်မီးတောက်၏ စိတ်နေစရိုက်နှင့်ပင်.. သူက ငရဲမီးစံအိမ်အကြောင်း ကြားရချိန်တွင် အံ့အားတသင့် ရေရွတ်လိုက်လေသည်။ ချက်ချင်းပင် သူ့အမူအရာက သုန်မှုန်သွားခဲ့လေသည်။
တာအိုအရှင်ကြယ်သွေးနီက ပြောလိုက်၏။
“ခင်ဗျားသိတဲ့အတိုင်း.. ငရဲမီးစံအိမ်သခင်က သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်ကို အမြဲလိုချင်နေတာ.. နန်းကုန်လင်းနဲ့ အခြားနှစ်ယောက်က သူတို့အတွက် ပစ်မှတ်ထားဖို့ အလွယ်ကူဆုံးပဲ”
“နောက်ပြီးတော့ သူတို့က အရင်တစ်ခေါက် ကြီးကြီးမားမား နစ်နာဆုံးရှုံးသွားခဲ့တဲ့အတွက် ကိစ္စတွေကို ဒီတိုင်းဆက်ထားမှာ မဟုတ်ဘူး”
ထိုစဉ်မှာပင်.. သူတို့စိတ်ထဲသို့ အသံတစ်သံက ဝင်ရောက်လာခဲ့လေသည်။
“သူတို့သုံးယောက်အပြင် အဲဒီမှာ တခြားဘယ်သူပါသွားသေးလဲ”
ထိုအသံကို ကြားသောအခါ သူတို့နှစ်ယောက် ဆတ်ခနဲ တုန်ယင်သွားကြလေသည်။
တာအိုအရှင်အဆုံးစွန်မီးက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို အသုံးပြုပြီး သူတို့ကို မေးမြန်းလိုက်ခြင်း ဖြစ်လေသည်။
တာအိုအရှင်ကြယ်သွေးနီက ကပျာကယာ ထပ်ပြောလိုက်လေသည်။
“အဲဒီမှာ မိုလင်းလည်း ပါသွားတယ်.. သူတို့လေးယောက် ထွက်သွားတာကို ဂိုဏ်းက ကျင့်ကြံသူတစ်ယောက်က မြင်ခဲ့တယ်လို့ ပြောတယ်”
“အင်း.. အဲ့လိုဆိုရင်တော့ သူတို့အတွက် မျှော်လင့်ချက်ရှိပါသေးတယ်”
တာအိုအရှင်အဆုံးစွန်မီးက အလေးအနက် စဉ်းစားတွေးတောလိုက်လေသည်။
တာအိုအရှင်ကြယ်သွေးနီက လက်မခံနိုင်ဟန်ဖြင့် သူ၏နှုတ်ခမ်းကို တင်းတင်းစေ့လိုက်လေသည်။
သူ၏ ထင်မြင်ချက်အရ မိုလင်း၏ ဝါစဉ်က မြင့်မားသော်လည်း သူက အသက်တစ်ရာကျော်အရွယ် နိုးထဝိညာဉ်တစ်ယောက်သာလျှင် ဖြစ်လေသည်။ သူက ဘယ်လောက်အထိ သန်မာနိုင်မှာမို့လဲ..။
သူက အဲဒီမှာ ပါသွားသည်ဖြစ်စေ.. မပါသွားသည်ဖြစ်စေ.. ကိစ္စမရှိပေ။
ငရဲမီးစံအိမ်က တစ်ကြိမ်ရှုံးနိမ့်ခဲ့ပြီးလေပြီ။ သူတို့က နန်းကုန်လင်းနှင့် အခြားနှစ်ယောက်ကို ဒုက္ခပေးချင်သည်ဆိုလျှင် သူတို့က မူလနတ္ထိပညာရှင်များကို စေလွှတ်နိုင်လေသည်။
အဲဒီအခါ မိုလင်းက ဘာများလုပ်နိုင်ဦးမှာလဲ။
သူက သူ၏ စီနီယာဂုဏ်ကိုသုံးပြီး ပြိုင်ဘက်တွေကို ခြောက်လှန့်နိုင်မှာမို့လား..။
တကယ်တော့ တာအိုအရှင်ကြယ်သွေးနီက ငရဲမီးစံအိမ်၏ ဤကိစ္စအပေါ် အလေးအနက်ထားမှုကို လျှော့တွက်ထားမိဆဲ ဖြစ်လေသည်။
တာအိုအရှင်အဆုံးစွန်မီးက ပြောလိုက်လေသည်။
“ဂိုဏ်းက ပညာရှင်တွေကို လေတိမ်မြို့တော်ဆီ မြန်မြန်စေလွှတ်လိုက်.. သူတို့ကို ရှာဖွေပြီးတော့ ဂိုဏ်းကို ပြန်ခေါ်လာခဲ့လို့ ပြောလိုက်”
“ကောင်းပြီလေ.. ကျုပ်က မူလနတ္ထိအချို့ကို အခုပဲ စေခိုင်းလိုက်မယ်”
တာအိုအရှင် အဖြူရောင်မီးတောက်က လက်ဟန်ချိပ်စည်းတချို့ကို ထုတ်ဖော်ပြီး သူ၏တပည့်များကို ဆင့်ခေါ်ဖို့ ပြင်ဆင်လိုက်လေသည်။
“နေဦး”
တာအိုအရှင်အဆုံးစွန်မီးက ချက်ချင်း ပယ်ချလိုက်လေသည်။
“ကြယ်သွေးနီ.. လက်ရှိ မင်းလုပ်နေတဲ့ဟာတွေကို ခဏထားလိုက်.. အဲဒီကို မင်းကိုယ်တိုင်သွား.. မင်းက ဓမ္မဝိသေသအဆင့်ဆိုတော့ တခြားသူတွေထက် ပိုပြီးတော့မြန်တယ်.. တစ်ခုခုဖြစ်လာခဲ့ရင် မင်းက အဲဒါကို ချက်ချင်း ဖိနှိမ်လို့ရတယ်”
ထိုစကားကို ကြားပြီးနောက်.. တာအိုအရှင်ကြယ်သွေးနီက ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။
ကိစ္စများက သူတွေးထင်ထားသည်ထက် ပို၍ အသည်းအသန်ဖြစ်နေနိုင်ကြောင်း ခန့်မှန်းမိလိုက်လေသည်။
“ကောင်းပါပြီ.. ကျုပ် အခုပဲ သွားလိုက်မယ်”
တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ တာအိုအရှင်ကြယ်သွေးနီက လေထုကို ဆုတ်ဖြဲ၍ အသွန်းတစ်ရာဂိုဏ်းကနေ ထွက်ခွာကာ ပျောက်ကွယ်သွားခဲ့လေသည်။
“သူတို့ ဘာမှမဖြစ်ဖို့ ငါ မျှော်လင့်ရတာပဲ”
တာအိုအရှင် အဖြူရောင်မီးတောက်က အဝေးတစ်နေရာသို့ ငေးကြည့်ပြီး တီးတိုးရေရွတ်လိုက်လေသည်။
. . . . .
တစ်ချိန်တည်းမှာပင်..
ဆူဇီမိုတို့လေးယောက် အုပ်စုသည် လေတိမ်မြို့တော်ကနေ ထွက်ခွာလာခဲ့ပြီဖြစ်ပြီး သူတို့၏ စိတ်ဝိညာဉ်ယာဉ်ပျံဖြင့် အသွန်းတစ်ရာဂိုဏ်းဆီသို့ ဦးတည်လိုက်ကြလေသည်။
ဤတစ်ကြိမ်တွင်တော့.. ဆူဇီမိုက သူကိုယ်တိုင် စိတ်ဝိညာဉ်ယာဉ်ပျံကို ပဲ့ကိုင်ပြီး သူ၏ ဓမ္မစွမ်းအားများကို အစွမ်းကုန် လှည့်ပတ်ကာ ယာဉ်ပျံ၏ အမြန်နှုန်းကို ၎င်း၏ အကန့်အသတ်အထိ မြှင့်တင်လိုက်လေသည်။
နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က ဖြစ်ပျက်နေသည့် အရာများကို အခုထိ သတိမထားမိသေးပေ။ သူတို့က လေတိမ်မြို့တော်မှ တိုက်ပွဲကို ဆွေးနွေးရင်း စိတ်လှုပ်ရှားနေကြဆဲ ဖြစ်လေသည်။
သို့သော်လည်း သူ့ကို ဝန်းရံထားသော အန္တရာယ်အငွေ့အသက်က ပျောက်ကွယ်မသွားဘဲ ပို၍ပင် သိပ်သည်းအားကောင်းလာသည်ကို ဆူဇီမိုက သိရှိနေလေသည်။
“ဆရာဦးလေး အသေးလေး.. ရှင်က အရင်တုန်းက နာမည်မကြီးပေမဲ့လို့ ဒီတိုက်ပွဲက ရှင့်ကို နာမည်ကြီးကျော်ကြားသွားစေဖို့ လုံလောက်တယ်”
ရူရွှမ်က အူမြူးအားရစွာဖြင့် ပြောလိုက်လေသည်။
“ဆရာဦးလေး အသေးလေး.. ဘာမှမပူနဲ့.. ကျွန်မတို့က ဂိုဏ်းကို ပြန်ရောက်တာနဲ့ အဲဒီသတင်းကို သေချာပေါက် ဖြန့်ပေးလိုက်မယ်.. အဲဒါဆိုရင် ရှင်က ဟိတ်ဟန်ကောင်းကောင်း ထုတ်လို့ရပြီ”
လျှိုဟန်ယန်က ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးနေလေသည်။
ဆူဇီမိုအပေါ် နန်းကုန်လင်း၏ အကြည့်ကလည်း ပြောင်းလဲသွားခဲ့လေသည်။
အဲဒီမှာ မည်သည့်ရန်လိုစိတ်မှ ရှိမနေတော့ပေ။ ထိုအစား စူးစမ်းလိုမှု ၊ ချီးကျူးလိုမှုနှင့် ရိုသေလေးစားမှုတို့က အစားထိုးဝင်ရောက်လာခဲ့လေသည်။
“ဆရာဦးလေး အသေးလေး.. ခင်ဗျားက ဓားကျင့်ကြံသူတစ်ယောက်ပဲ.. ဒါပေမဲ့လို့ စောစောက တိုက်ပွဲမှာ ကျန်းဝူကျုံးက ခင်ဗျားကို ဖိနှိမ်နိုင်တဲ့ပုံ မပေါ်ဘူး.. အဲဒါက ဘာလို့လဲဗျ”
နန်းကုန်လင်းက ရှေ့သို့တိုးပြီး နှိမ့်ချစွာဖြင့် မေးလိုက်လေသည်။
သုန်မှုန်သော အမူအရာတစ်ခုနှင့်အတူ ဆူဇီမိုက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်လွှတ်ပြီး ရှေ့တည့်တည့် အမှောင်ထုထဲကို တိတ်တဆိတ်ဖြင့် ငေးကြည့်နေလေသည်။
သူက အဲဒါကို ပြန်မဖြေချင်သောကြောင့် မဟုတ်ပေ။
သို့သော်လည်း.. သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းစစ်ဆေးဖို့အတွက် သူ၏အာရုံကို တစ်ချိန်လုံး စိုက်ထားရပြီး ဝင်ရောက်လာမည့် အန္တရာယ်ကို အချိန်မရွေး ကိုင်တွယ်ဖို့ ပြင်ဆင်နေရလေသည်။ သူက နန်းကုန်လင်း၏ မေးခွန်းကို တကယ်ပဲ အရေးမလုပ်နိုင်ပေ။
အဲဒါက အရင်တုန်းက ဖြစ်လျှင် နန်းကုန်လင်းသည် ဒေါသူပုန်ထသွားပြီး ချက်ချင်းပင် သူ့ကို လှောင်ပြောင်ထေ့ငေါ့ပေလိမ့်မည်။
သို့သော်လည်း.. ဤတစ်ကြိမ်မှာတော့ နန်းကုန်လင်းသည် ရှက်ရွံ့ဟန်ဖြင့် ပြုံးရုံသာပြုံး၍ သူ့ခေါင်းကိုကုတ်ကာ ထပ်မေးလိုက်လေသည်။
“ဆရာဦးလေး အသေးလေး.. ခင်ဗျားရဲ့ဆရာက ဘယ်သူလဲ.. သူကလည်း ဓားကျင့်ကြံသူတစ်ယောက်ပဲလား.. ကျုပ်တို့ရဲ့ အသွန်းတစ်ရာဂိုဏ်းက စီနီယာတွေထဲမှာ အဲ့လောက်ထိ စွမ်းအားကြီးတဲ့ ဓားကျင့်ကြံသူတစ်ယောက် ရှိလို့လား”
ဆူဇီမိုသည် ဓားချီတစ်ခုတည်းဖြင့် ချန်ဖန်းကို ဒုက္ခိတဖြစ်စေခဲ့လေသည်။
မြို့ဂိတ်တံခါးမှာတုန်းက.. သူ၏ဓားကနေ စွမ်းအားကြီးသော စိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်ပြီး ဓားသမား ဆယ်ယောက်ကျော်၏ ဓားများကို ဖျက်ဆီးပစ်ခဲ့လေသည်။
အဲဒါကြောင့် နန်းကုန်လင်းသာမက လေတိမ်မြို့တော်ထဲရှိ ကျင့်ကြံသူများပင်လျှင် ဆူဇီမိုကို ဓားကျင့်ကြံသူတစ်ယောက်အဖြစ် မှားယွင်းမှတ်ယူခဲ့ကြလေသည်။
ဆူဇီမိုက ပြန်မဖြေပေ။ ထိုအစား သူက မျက်မှောင်ကြုတ်ပြီး ညအမှောင်ထုထဲသို့ ပို၍ပင် သုန်မှုန်စွာ ငေးကြည့်နေလေသည်။
“ဆရာဦးလေး အသေးလေး.. ရှင်က ဘာတွေလုပ်နေတာလဲ”
ရူရွှမ်ကလည်း လျှောက်လှမ်းလာပြီး သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
“ကျွန်မတို့က လေတိမ်မြို့တော်ထဲကနေ ထွက်ခွာလာခဲ့ပြီလေ.. အဲဒီမှာ အန္တရာယ်မှ မရှိတော့တာ.. ရှင်က ဘာလို့ ဂိုဏ်းကို အလောတကြီး ပြန်ချင်နေရတာလဲ”
“ဆရာဦးလေး အသေးလေး.. ကျွန်မတို့နဲ့ လာပြီးစကားပြောပါဦး”
ရူရွှမ်က ဆူဇီမို၏လက်ကို ညင်သာစွာ ကိုင်လှုပ်၍ ချွဲချွဲပျစ်ပျစ် ပြောလိုက်လေသည်။
ဘေးဘက်တွင် တိတ်ဆိတ်ငြိမ်သက်နေသော လျှိုဟန်ယန်က နောက်ဆုံးမှာ တစ်ခုခု လွဲမှားနေသည်ကို သတိထားမိလိုက်ပြီး ညင်သာစွာ မေးလိုက်လေသည်။
“ဆရာဦးလေး.. အဲဒီမှာ အန္တရာယ်တစ်ခုခု ရှိလို့လား”
ထိုစဉ်မှာပင် ဆူဇီမိုက နောက်ဆုံး.. စကားပြောဆိုလိုက်လေသည်။
“နောက်ပိုင်း တစ်ခုခုဖြစ်လာခဲ့ရင် မင်းတို့က ချက်ချင်း ကိုယ်လွတ်ရုန်းပြေးကြ.. ငါ့ကို ပူမနေကြနဲ့”
“အား..”
နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က အနည်းငယ် အံ့အားသင့်သွားပြီး ငေးငိုင်သွားကြလေသည်။
သူတို့သည် တစ်လမ်းလုံး စကားပြောဆိုနေကြသော်လည်း သူတို့၏ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးဖို့အတွက် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို ပို့လွှတ်ထားခဲ့လေသည်။ သို့သော်လည်း.. သူတို့က မည်သည့်အန္တရာယ်ကိုမှ ရှာမတွေ့ခဲ့ကြပေ။
“ဟီးဟီးဟီးဟီး”
ထိုစဉ်မှာပင် မကောင်းဆိုးရွားဆန်ဆန် ရယ်သံတစ်သံက လေထဲကနေ ထွက်ပေါ်လာပြီး သူတို့ကို ကျောချမ်းသွားစေလေသည်။
“ကောင်လေး.. မင်းက ငါရှိနေတာကိုတောင် ထောက်လှမ်းနိုင်တယ်ဆိုတော့ တော်တော်လေး အာရုံထက်ရှတာပဲ.. ဒါပေမဲ့လို့ သူတို့သုံးယောက်ကော.. မင်းကော.. ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”