← Chapters

စစ်ပွဲမီးတောက်များ

Vol. 62 Ch. 920

စစ်ပွဲမီးတောက်များ

Vol. 62 Ch. 920

“အဲဒါက ဘယ်လို သားရဲအတတ်မျိုးပါလိမ့်”

နက်မှောင်နေသော တိမ်စိုင်ပေါ်တွင် မူလနတ္ထိတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။

“အဲဒါက သတ်ဖြတ်ဖို့ ရည်ရွယ်ထားတဲ့ သားရဲအတတ်ပေါ့”

ဆူဇီမိုက ငေါက်ငမ်းလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်လေသည်။

“ဂါး”

အလွန်တရာ ကျယ်လောင်သော နဂါးဟိန်းသံက ထွက်ပေါ်လာပြီး သတ္တုများကို ထိုးဖောက်၍ ကျောက်ဆောင်များကို အက်ကွဲစေကာ လောကကို တုန်လှုပ်သွားစေလေသည်။

အဲဒီမှာ အပြင်လူများ တစ်ယောက်မှ ရှိမနေပေ။ ယခုအခါ နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က သတိလစ်နေပြီ​ ဖြစ်တာကြောင့် ဆူဇီမိုက သူ့ကိုယ်သူ ဆက်လက်၍ ဖုံးကွယ်ထားခြင်း မရှိတော့ပေ။ သူက သူ၏ နဂါးသွင်ပြင်သို့ ပြောင်းလဲလိုက်ပြီး နဂါးဟိန်းသံကို ထုတ်ဖော်လိုက်လေသည်။

ကမ္ဘာဦးခေတ်မှာတုန်းက.. နဂါးမျိုးနွယ်သည် မျိုးနွယ်စုအားလုံး၏ အထွတ်အထိပ် ဖြစ်လေသည်။

လူသားမျိုးနွယ်အပါအဝင် မည်သည့်မျိုးနွယ်မဆို နဂါးဟိန်းသံတစ်သံကို ကြားရသည့်အခါ ထိန်းချုပ်၍ မရနိုင်သော ကြောက်ရွံ့မှုကို ခံစားရပေလိမ့်မည်။ အဲဒါက သူတို့၏ မျိုးဆက်သွေး အနက်ပိုင်းထဲမှာ ခတ်နှိပ်ထားသော မှတ်ဉာဏ်တစ်ခု ဖြစ်လေသည်။

နဂါးဟိန်းသံသည် အစကတည်းက နဂါးမျိုးနွယ်၏ သတ်ဖြတ်ခြင်း နည်းစနစ်တစ်ခု ဖြစ်လေသည်။

ဆူဇီမိုသည် မဟာအရိုင်းကမ္ဘာမှ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံထားပြီး သူ၏ခန္ဓာကိုယ်က နဂါးသွေးနှင့် ပေါင်းစည်းနေခဲ့လေပြီ။ သူ၏မျိုးဆက်သွေးက အစစ်အမှန် နဂါးတစ်ကောင်ထက်ပင် ပို၍သန်မာလေသည်။

ယခုအချိန်တွင် ထိုနဂါးဟိန်းသံက မူလနတ္ထိတာအိုသက်ရှိ ၇ယောက်အပေါ် ကြီးမားသည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေလေသည်။

သူတို့ထဲတွင် ဆူဇီမိုနှင့် အနီးဆုံးမှာ ရှိနေသည့် မူလနတ္ထိတစ်ယောက်က အငိုက်မိသွားပြီး နီရဲလာသော မျက်လုံးများနှင့်အတူ နေရာမှာပင် အေးခဲတောင့်တင်းနေလေသည်။

နောက်ခဏ၌.. ထို မူလနတ္ထိ၏ ဒွါရ ၇ပေါက်မှ သွေးစီးကြောင်းများက ထွက်ပေါ်လာခဲ့လေသည်။

ဤလူက မူလနတ္ထိအဆင့်မှာသာ ရှိနေပြီး အားနည်းသော ကိုယ်ကာယတစ်ခု ရှိလေသည်။ သူက နဂါးဟိန်းသံ၏ စူးရှထိုးဖောက်နိုင်သော စွမ်းအားကို ခံနိုင်ရည်မရှိဘဲ နေရာမှာတင် သတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။

သူ၏ အမြုတေစိတ်ဝိညာဉ်က ထွက်ပြေးလွတ်မြောက်ခြင်း မရှိခင်မှာပင် အဲဒါက အပိုင်းပိုင်း ကြေမွသွားခဲ့လေသည်။

သားရဲတစ်ထောင်တွေ့ဆုံပွဲမှာတုန်းက ဆူဇီမိုသည် သူ၏နဂါးသွင်ပြင်သို့ ပြောင်းလဲခြင်း မရှိဘဲနှင့်တောင် ပိုင်နက်အရှင်များကို ဖိနှိမ်နိုင်ခဲ့ပြီး ဖြစ်လေသည်။

ပိုင်နက်အရှင်များ အားလုံးသည် သားရဲတစ်ထောင်တောင်ကြားရှိ အလယ်အလတ်အဆင့် မိစ္ဆာသားရဲများ အားလုံးမှ အသန်မာဆုံးများ ဖြစ်ကြလေသည်။

သူ့ရှေ့ရှိ မူလနတ္ထိ ၇ယောက်က ငရဲမီးစံအိမ်မှ ကျင့်ကြံသူများမျှသာ ဖြစ်လေသည်။ သူတို့က အလယ်အလတ်အဆင့် သားရဲများ၏ ထိပ်ဆုံးမှာ ရပ်တည်ကြသော ပိုင်နက်အရှင်များနှင့် ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်ပါ့မလဲ။

ဒါ့အပြင်.. ယခုအခါ ဆူဇီမိုက သူ၏နဂါးသွင်ပြင်သို့ ပြောင်းလဲထားပြီး သူ၏ခွန်အားအပြည့်ကို ထုတ်ဖော်လိုက်လေသည်။ မူလနတ္ထိ ၇ယောက်က သူ၏ပြိုင်ဘက် လုံးဝမဟုတ်နိုင်တော့ပေ။

ခပ်လှမ်းလှမ်းတွင် ရပ်နေသော မူလနတ္ထိ တာအိုသက်ရှိများက နဂါးဟိန်းသံကြောင့် သတ်ဖြတ်ခြင်း မခံရလျှင်တောင် သူတို့၏ခန္ဓာကိုယ်များက တဆတ်ဆတ် တုန်ယင်သွားပြီး သူတို့၏စိတ်များက ကသောင်းကနင်းဖြစ်ကာ သူတို့၏နားထဲမှာ တဝီဝီ မြည်နေလေသည်။

ဖျတ်ခနဲဆို ဆူဇီမိုက သူတို့ထဲမှ တစ်ယောက်၏ရှေ့တွင် ပေါ်ထွက်လာပြီး ထိုသူ၏နှာရောင်ကို ထိုးဖောက်လိုက်လေသည်။

“ဖောက်”

သူ၏နှာရောင်တွင် သွေးသံရဲရဲ အပေါက်တစ်ပေါက်က ဖြစ်ပေါ်လာလေသည်။

ထိုမူလနတ္ထိက တုံ့ပြန်နိုင်ခြင်း မရှိခင်မှာပင် သူ၏ အမြုတေစိတ်ဝိညာဉ်က ထိုးဖောက်ခြင်း ခံလိုက်ရပြီး သေဆုံးသွားခဲ့လေသည်။

သားရဲတစ်ထောင်တောင်ကြားရှိ အလယ်အလတ်အဆင့် မိစ္ဆာသားရဲများတောင်မှ ဆူဇီမို၏ ကိုယ်ကာယကို ခံနိုင်ရည်မရှိကြပေ။

ထိုမူလနတ္ထိ တာအိုသက်ရှိများက အားနည်းသော ကိုယ်ကာယရှိပြီး နဂါးတစ်ကောင်အသွင် ပြောင်းလဲထားသော ဆူဇီမို၏ရှေ့တွင် စက္ကူရွက်များကဲ့သို့ ဖြစ်နေလေသည်။ သူတို့က သူ့ထံမှ ရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိကြပေ။

ရွှစ်..။

ဆူဇီမို၏ပုံရိပ်က နောက်တစ်ဖန် ဖျတ်ခနဲ လှုပ်ရှားသွားပြီး သားရဲချီများက တလိပ်လိပ်တက်ကာ ဘေးဘက်ရှိ အခြားသော မူလနတ္ထိနှစ်ယောက်၏ နှာရောင်ကို သူ၏လက်ချောင်းများဖြင့် ထိုးဖောက်လိုက်လေသည်။

မူလနတ္ထိများက နဂါးလက်သည်းများနှင့် ရင်ဆိုင်ရချိန်တွင် လုံးဝကို ကူကယ်ရာမဲ့နေခဲ့လေသည်။

တစ်ခဏအတွင်းမှာပင်.. မူလနတ္ထိ ၄ယောက်က သေဆုံးသွားခဲ့လေပြီ။

နောက်ဆုံးမှာတော့ ကျန်ရှိနေသော မူလနတ္ထိ ၃ယောက်သည် သူတို့၏ ငူငိုင်နေရာကနေ နိုးထလာပြီး သူတို့၏ဘေးပတ်လည်ရှိ သွေးသံရဲရဲ မြင်ကွင်းကိုကြည့်ကာ ဖြူဖပ်ဖြူလျော် ဖြစ်ကုန်ကြလေသည်။

ရွှစ်..။

ဆိုးယုတ်သော လေပြင်းတစ်ချက်က တိုက်ခတ်လာခဲ့လေသည်။

ဧရာမ သွေးနီရောင်ပုံရိပ်တစ်ခုသည် သူတို့ ၃ယောက်ရှေ့သို့ ရောက်ရှိလာပြီး ကြောက်မက်ဖွယ်ရာကောင်း၍ ကြီးမားသော လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူတို့ကို ဖမ်းဆွဲလိုက်လေသည်။

“သတ်”

သူတို့ကြားထဲတွင် မူလနတ္ထိနှစ်ယောက်က အံကို တင်းတင်းကြိတ်ပြီး သူတို့၏ စိတ်ဝိညာဉ်အသိစိတ် တိုက်ခိုက်မှုများကို ချက်ချင်း ထုတ်ဖော်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူတို့သည် လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်ပြီး ဧရာမ ငရဲမီးလုံးနှစ်လုံးကို ထုတ်ဖော်လိုက်လေသည်။

ကျန်ရှိနေသော မူလနတ္ထိ တာအိုသက်ရှိကတော့ တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ လှည့်ထွက်ပြေးလေသည်။

စိတ်ဝိညာဉ်အသိစိတ် တိုက်ခိုက်မှုနှစ်ခုက ချက်ချင်းပင် ရောက်ရှိလာခဲ့လေသည်။

သို့သော်လည်း.. ဆူဇီမို၏ ဘယ်ဘက်လက်ကောက်ဝတ်မှ တဖျပ်ဖျပ်တလက်လက် ရွှေရောင်အလင်းများက တောက်ပလာပြီး လျှို့ဝှက်ဆန်းကြယ်သော ကျမ်းစာများဖြင့် ဖုံးအုပ်ထားသော ရွှေရောင်အလင်း အကာအရံအလွှာတစ်ခုက ဖြစ်ပေါ်လာလေသည်။

မင်းဝမ်ဆုတောင်းပုတီးသည် အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက် ဖြစ်လေသည်။

စိတ်ဝိညာဉ်အသိစိတ် တိုက်ခိုက်မှုနှစ်ခုက ရွှေရောင်အကာအရံအလွှာနှင့် ရိုက်ခတ်မိသောအခါ သူတို့က အဲဒါကို ထိုးဖောက်နိုင်ခြင်း မရှိဘဲ ချက်ချင်းပင် ပျက်ပြယ်သွားခဲ့လေသည်။

ငရဲမီးလုံးနှစ်လုံးက အတူတကွ ပေါင်းစည်းသွားပြီး နက်မှောင်၍ အေးစက်သော ဧရာမ ငရဲမီးလုံးတစ်လုံးကို ဖြစ်ပေါ်လာစေကာ ဆူဇီမို၏မျက်နှာဆီသို့ တိုးဝင်လာလေသည်။

အေးစက်စက် နှာတစ်ချက်မှုတ်ပြီး ဆူဇီမိုက သူ၏ညာဘက်လက်ကို ဆန့်ထုတ်ကာ ငရဲမီးလုံးကို ဖမ်းဆုပ်လိုက်လေသည်။

မူလနတ္ထိ တာအိုသက်ရှိနှစ်ယောက်၏ အကြည့်အောက်မှာပင် ငရဲမီးလုံးက ဆူဇီမို၏လက်ထဲမှာ ပေါက်ကွဲထွက်သွားလေသည်။

သို့သော်လည်း ဆူဇီမို၏လက်ဖဝါးက အကောင်းအတိုင်း ကျန်ရစ်ခဲ့လေသည်။

မူလနတ္ထိ တာအိုသက်ရှိနှစ်ယောက်သည် တစ္ဆေသရဲတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား ကြောက်လန့်မှုဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။

အဲဒါက နတ်ဖီးနစ်အရိုး ပါရှိသော လက်ဖဝါးဖြစ်လေသည်။

ငရဲမီးက အဲဒါကို လုံးဝ တိုက်စားနိုင်ခြင်း မရှိပေ။

သူတို့၏ တိုက်ခိုက်မှုနှစ်ခု ဆက်တိုက်ကျရှုံးပြီးနောက်.. ဆူဇီမိုက သူတို့နှစ်ယောက်ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။

ထိုအကွာအဝေး၌ မူလနတ္ထိနှစ်ယောက်က ထွက်ပြေးဖို့ အခွင့်အရေးပင် မရရှိနိုင်တော့ပေ။

ဆူဇီမိုက သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး သူတို့၏ဦးခေါင်းများကို ရိုက်ချလိုက်လေသည်။

ဖောင်း.. ဖောင်း..။

သူတို့၏ဦးခေါင်းများက နေရာမှာတင် ကြေမွသွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ဖျက်ဆီးခြင်း ခံလိုက်ရလေသည်။

တိုက်ပွဲနယ်​မြေထဲကနေ ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ကာ ညအမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့မည့်ဆဲဆဲ နောက်ဆုံးမူလနတ္ထိ တာအိုသက်ရှိကို ဆူဇီမိုက ခေါင်းမော့၍ လှမ်းကြည့်လိုက်လေသည်။ သူက လိုက်လံဖမ်းဆီးမှုကို လက်လျှော့လိုက်သည့်အလား လုံးဝ လှုပ်ရှားခြင်း မရှိပေ။

သို့သော်လည်း သူ၏ညာဘက်မျက်လုံးမှ ထူးဆန်းသည့် တစ်စုံတစ်ရာက ဖြစ်ပွားလာခဲ့လေသည်။

တောက်လောင်နေသော နေတစ်စင်းက မွေးဖွားထွက်ပေါ်လာသည့်အလား ပြိုးပြိုးပြက်ပြက် အလင်းတန်းတစ်ခုက လေထဲသို့ ပစ်လွင့်သွားပြီး ထိုမူလနတ္ထိ၏ ဦးခေါင်းကို ချက်ချင်းပင် ထိုးဖောက်သွားခဲ့လေသည်။

ဘုန်း

နောက်ဆုံးမူလနတ္ထိတာအိုသက်ရှိကလည်း လဲကျသွားခဲ့လေသည်။

အလင်းတန်းက ပျက်ပြယ်သွားခဲ့လေပြီ။

ညက တစ်ဖန်ပြန်လည် ဆင်းသက်လာပြီး လောကက တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိသွားခဲ့လေသည်။

နက်မှောင်နေသော တိမ်စိုင်များပေါ်တွင် အရပ်ရှည်ရှည်နှင့် ပုံရိပ်တစ်ခုသာ ကျန်ရစ်ခဲ့လေသည်။ သူ၏တစ်ကိုယ်လုံးကို သွေးနီရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး သူ၏ သွေးနီရောင်ဆံပင်များက လေနှင့်အတူ ကခုန်နေလေသည်။ သူ၏အကြည့်က ပြိုင်ဘက်ကင်း မိစ္ဆာနတ်ဆိုးတစ်ကောင်ကဲ့သို့ တောက်လောင်နေပြီး လောကကို အထင်အမြင်သေးသော လွှမ်းမိုးခြယ်လှယ်နိုင်သည့် အော်ရာတစ်ခုက ဖြာထွက်နေလေသည်။

ထိုအခိုက်အတန့်တွင်.. များစွာသော ပြိုင်စံရှားများနှင့် ဂိုဏ်းများကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သော ပြန်ဝင်စား မွန်းစတားသည် အလယ်ပိုင်းတိုက်သို့ ရောက်ရှိလာခဲ့ပြီကို ကျင့်ကြံရေးလောကရှိ လူအတော်များများက မသိရှိကြသေးပေ။

အေးစက်သော ဆောင်းဦးလေက တိုက်ခတ်လာပြီး စစ်ပွဲမီးတောက်က အစပျိုးလာခဲ့လေပြီ။

. . . . .

တစ်ခဏအတွင်းမှာပင် ညက ကုန်လွန်သွားခဲ့လေသည်။

နေမင်းက ထွက်ပေါ်လာပြီး အရှေ့ဘက် မိုးကောင်းကင်က လင်းထိန်လာခဲ့လေသည်။

တာအိုအရှင်ကြယ်သွေးနီက ခရီးပန်းလာဟန်ဖြင့် အသွန်းတစ်ရာဂိုဏ်း၏ မဟာခန်းမ ဝင်ပေါက်ရှေ့သို့ သုန်မှုန်နေသော အမူအရာတစ်ခုနှင့် ရောက်ရှိလာခဲ့လေသည်။

တာအိုအရှင်အဖြူရောင်မီးတောက်က တာအိုအရှင်ကြယ်သွေးနီ တစ်ယောက်တည်း ပြန်ရောက်လာသည်ကို မြင်သောအခါ.. သူက တစ်ခုခုတော့ ဖြစ်ပြီဆိုတာ နားလည်လိုက်လေသည်။ သို့သော်လည်း သူက ရှေ့သို့တက်​ပြီး မေးလိုက်လေသည်။

“အခြေအနေ ဘယ်လိုလဲ”

တာအိုအရှင်ကြယ်သွေးနီက ခေါင်းခါပြလိုက်လေသည်။

သူက တစ်ညလုံး အပြင်ဘက်မှာ ရှာဖွေခဲ့ပြီး လုံးဝ မောပန်းလာခဲ့လေသည်။

“စိတ်မပူပါနဲ့.. သူတို့က ခဏတဖြုတ် အလေလိုက်နေကြတာ နေမှာပါ.. သူတို့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆို သူတို့က အန္တရာယ်မရှိနိုင်လောက်ပါဘူး”

တာအိုအရှင်အဖြူရောင်မီးတောက်က နှစ်သိမ့်လိုက်လေသည်။

တာအိုအရှင်ကြယ်သွေးနီက သက်ပြင်းချလိုက်၏။

“အဲဒါက နောက်ကျသွားပြီ”

“ဘာလို့လဲ”

တာအိုအရှင်အဖြူရောင်မီးတောက်က ထပ်မေးလိုက်၏။

တာအိုအရှင်ကြယ်သွေးနီက ပြောလိုက်လေသည်။

“ကျုပ်က လေတိမ်မြို့တော်ဆီကို ချက်ချင်းလိုက်သွားခဲ့တယ်.. အဲဒီမှာ သူတို့လေးယောက်က မြို့ထဲမှာ အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့ပေမဲ့လို့.. မထိမခိုက်ဘဲ ထွက်သွားနိုင်ခဲ့တယ်လို့ ပြောကြတယ်”

“အဲဒီနောက် ကျုပ်က လေတိမ်မြို့တော်ထဲကနေ ထွက်ပြီး အပြင်ဘက်​ နေရာတိုင်းမှာ ရှာဖွေခဲ့တယ်.. နောက်ဆုံးမှာတော့ ကျုပ်က ဒါကို တွေ့လာခဲ့တယ်”

တာအိုအရှင်ကြယ်သွေးနီက စိတ်ဝိညာဉ်ယာဉ်ပျံတစ်ခုကို ထုတ်ယူပြီး သူ၏မျက်လုံးများထဲတွင် ဝမ်းနည်းပူဆွေးမှု အရိပ်အယောင်များက ထင်ဟပ်လာခဲ့လေသည်။

“ဒါက ရူရွှမ်ရဲ့ စိတ်ဝိညာဉ်ယာဉ်ပျံပဲ.. သူ နိုးထဝိညာဉ်အဆင့်ကို ဝင်ရောက်တုန်းက ငါက သူ့ကို အဲဒါပေးခဲ့တာ”

“ဒါက.. “

နန်းကုန်လင်းတို့ အုပ်စုက သွားရှာလောက်ပြီဆိုတာကို တာအိုအရှင်အဖြူရောင်မီးတောက်က တွေးမိလိုက်လေသည်။

သို့သော်လည်း သူက နှစ်သိမ့်လိုက်သေးလေသည်။

“စိတ်ဝိညာဉ်ယာဉ်ပျံတစ်ခုက အကုန်လုံးကို သက်သေပြမပေးနိုင်ပါဘူး.. သူတို့လေးယောက်က ထွက်ပြေးလွတ်မြောက်သွားတာလည်း ဖြစ်နိုင်တာပဲ”

တာအိုအရှင်ကြယ်သွေးနီက ခေါင်းခါလိုက်လေသည်။

“အဲဒီ စိတ်ဝိညာဉ်ယာဉ်ပျံပေါ်မှာ ဓမ္မဝိသေသတစ်ယောက်ရဲ့ အော်ရာအကြွင်းအကျန်တစ်ခု ရှိနေခဲ့တယ်.. နောက်ပြီး အဲဒါက ငရဲမီးစံအိမ်ကပဲ”

“ဘာ..”

တာအိုအရှင်အဖြူရောင်မီးတောက်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့လေသည်။

သူ၏ ပူဆွေးသောကကို ကြိတ်ခံစားရင်း တာအိုအရှင်ကြယ်သွေးနီက အံကိုကြိတ်လိုက်လေသည်။

“နန်းကုန်လင်းနဲ့ အခြားသူတွေကို ငရဲမီးစံအိမ်က ဖမ်းဆီးသွားပြီ.. အဲဒီအော်ရာကို ငရဲမီးစံအိမ်က တမင်သက်သက် ချန်ထားပေးခဲ့တာပဲ”

“ငရဲမီးစံအိမ်.. မင်းက ငါတို့ကို စစ်ကြေညာပြီး မီးနဲ့ လာကစားချင်နေတာပဲ.. ဟမ့်”

တာအိုအရှင်အဆုံးစွန်မီး၏ အသံက သတ်ဖြတ်လိုသော စိတ်ဆန္ဒနှင့်အတူ ခန်းမထဲကနေ ထွက်ပေါ်လာခဲ့လေသည်။

တာအိုအရှင်ကြယ်သွေးနီက ညည်းတွားရေရွတ်လိုက်လေသည်။

“သနားစရာကောင်းတဲ့ ကလေးတွေ.. သူတို့က ငရဲမီးစံအိမ်ရဲ့ လက်ထဲကို ကျရောက်သွားပြီးရင် ဘယ်လိုမျိုး နှိပ်စက်ညှင်းပန်းမှုတွေကို ခံစားရမလဲ ငါ တွေးတောင်မတွေးရဲဘူး”

နန်းကုန်လင်းနှင့် အခြားနှစ်ယောက်သည် တာအိုအရှင်ကြယ်သွေးနီ၏ လက်ရင်းတပည့်များဖြစ်​ပြီး ထိုသူက သူတို့ကို သူ၏ သားသမီးများအဖြစ် ရှုမြင်ထားသည်ကို တာအိုအရှင်အဖြူရောင်မီးတောက်က သိထားလေသည်။ သူတို့က အရမ်းကို ရင်းနှီးမှုရှိကြလေသည်။

ယခု သူ၏တပည့်သုံးယောက်က ဒုက္ခအကြီးအကျယ် ရောက်ရသည့်အခါ.. တာအိုအရှင်ကြယ်သွေးနီ၏ နှလုံးသားထဲမှ နာကျင်မှုကို မည်သူကမျှ နားလည်နိုင်ကြမည် မဟုတ်ပေ။ တာအိုအရှင်အဖြူရောင်မီးတောက်က သူ့ကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိတော့ပေ။

ထိုစဉ်မှာပင် ဂိုဏ်းသားတပည့်တစ်ယောက်က ကျေနပ်နှစ်ခြိုက်သော အမူအရာဖြင့် ပြေးလာပြီး အော်ပြောလိုက်လေသည်။

“ဂိုဏ်းချုပ်.. မျိုးဆက်ခေါင်းဆောင်.. စီနီယာအစ်ကို နန်းကုန်နဲ့ အခြားသူတွေက ပြန်လာနေကြပါပြီ”

All Chapters