ပြိုင်ဘက်ကင်း ပညာရှင်
Vol. 62 Ch. 921
ထိုအခိုက်အတန့်တွင် တာအိုအရှင်ကြယ်သွေးနီက ဝမ်းနည်းပူဆွေးနေပြီး တခြားဘာကိုမှ မကြားနိုင်ပေ။
သို့သော်လည်း တာအိုအရှင်အဆုံးစွန်မီးက မျက်မှောင်ကြုတ်ပြီး လေးနက်စွာဖြင့် မေးမြန်းလိုက်လေသည်။
“ဘယ်က စီနီယာအစ်ကို နန်းကုန်လဲ”
ထိုတပည့်က ပြန်ဖြေလိုက်လေသည်။
“စီနီယာအစ်ကို နန်းကုန်၊ စီနီယာအစ်မ လျှိုဟန်ယန်နဲ့ စီနီယာအစ်က ရူရွှမ်တို့ပါ”
“ဘာ..”
ဒီတစ်ကြိမ်မှာတော့ တာအိုအရှင်ကြယ်သွေးနီက အရာရာတိုင်းကို ရှင်းလင်းစွာ ကြားလိုက်ရလေသည်။
သူက ချာခနဲလှည့်ပြီး ထိုလူ၏ရှေ့သို့ ဖျတ်ခနဲရောက်ရှိသွားလေသည်။ သူက ထိုဂိုဏ်းသား၏ ပခုံးကို ဆုပ်ကိုင်ပြီး မျက်လုံးပြူး မျက်ဆံပြူးဖြင့် ကျယ်လောင်စွာ မေးမြန်းလိုက်လေသည်။
“နန်းကုန်လင်းနဲ့ တခြားသူတွေက အသက်ရှင်လျက် ပြန်ရောက်လာတယ်လို့ မင်းက ပြောချင်တာလား”
“ဟုတ်.. ဟုတ်ပါတယ်.. စီနီယာအစ်ကို နန်းကုန်နဲ့ တခြားသူတွေက ဂိုဏ်းကို ပြန်လာနေကြပြီလို့ ကင်းလှည့်နေတဲ့ ဂိုဏ်းသားတွေထံကနေ ကျုပ် ကြားခဲ့ရပါတယ်”
ထိုကျင့်ကြံသူက တာအိုအရှင်ကြယ်သွေးနီ၏ ပြုမူမှုမှာ တုန်လှုပ်ထိတ်လန့်နေပြီး အလောတကြီး ပြန်ပြောလိုက်လေသည်။
နန်းကုန်လင်းတို့ လေးယောက်အုပ်စု အဖမ်းခံရသည့် သတင်းက လျှို့ဝှက်ချက်တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး အများသူငါကို ချပြရခြင်း မရှိသေးပေ။
တာအိုအရှင်အဖြူရောင်မီးတောက်နှင့် တာအိုအရှင်ကြယ်သွေးနီက ဤကိစ္စပေါက်ကြားသွားလျှင် ဂိုဏ်းသားများ အထိတ်တလန့်သွားမည်ကို စိုးရိမ်ပူပန်နေခြင်း ဖြစ်လေသည်။
သူတို့နှစ်ယောက်သည် နန်းကုန်လင်းတို့ လေးယောက်အုပ်စု၏ အရိပ်အယောင်ကို စောင့်ကြည့်ထားဖို့သာ သူတို့၏ဂိုဏ်းသားများကို မှာကြားထားခြင်း ဖြစ်လေသည်။
အဲဒါကြောင့် ထိုကျင့်ကြံသူက တာအိုအရှင်နှစ်ယောက် ဤမျှအထိ စိတ်လှုပ်ရှားနေရခြင်းကို နားမလည်နိုင်ပေ။
တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ တာအိုအရှင်ကြယ်သွေးနီက အပြင်ဘက်သို့ထွက်ပြီး သူတို့ကို သွားကြိုဖို့ ပြင်ဆင်လိုက်လေသည်။
ပို၍ ဣန္ဒြေရသော တာအိုအရှင်အဖြူရောင်မီးတောက်က သူ့ကိုလှမ်းဆွဲပြီး သတိပေးလိုက်လေသည်။
“နေပါဦး.. အဲဒါက ထောင်ချောက်တစ်ခုလည်း ဖြစ်နေဦးမယ်”
“အာ..”
တာအိုအရှင်ကြယ်သွေးနီက ခဏမျှ ကြောင်အမှင်တက်သွားပြီး တုံ့ပြန်လိုက်လေသည်။
အဲဒါက အရမ်းကို ထူးဆန်းနေလေသည်။
နန်းကုန်လင်းတို့အုပ်စု နိုးထဝိညာဉ်လေးယောက်က ငရဲမီးစံအိမ်က ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်၏ ဖမ်းဆီးခြင်းခံရပြီးနောက် ဘယ်လိုလုပ်ပြီး ရုတ်တရက် ပြန်လည်ရောက်ရှိလာတာပါလိမ့်..။
တည်ငြိမ်နေသော အမူအရာတစ်ခုဖြင့် တာအိုအရှင်အဖြူရောင်မီးတောက်က လှည့်ပြီး မေးလိုက်လေသည်။
“အဲဒီမှာ သူတို့လေးယောက်အပြင် တခြားဘယ်သူပါသေးလဲ”
“အဲဒါတော့ ကျွန်တော်လည်း သေချာမသိဘူး.. တခြားလူ ပါလိမ့်မယ်လို့တော့ မထင်မိပါဘူး”
ထိုဂိုဏ်းသားက ပြန်ပြောလိုက်လေသည်။
“အဲဒီမှာ အပြင်လူတစ်ယောက်ယောက်ပါရင် သတင်းအချက်အလက် ပေးပို့တဲ့ စီနီယာအစ်ကိုက အဲဒါကို သေချာပေါက် ဖော်ပြခဲ့မှာပဲ”
တာအိုအရှင်ကြယ်သွေးနီက စိတ်သောကများနေပြီး အလောတကြီး ထပ်မေးလိုက်လေသည်။
“သူတို့သုံးယောက်က ဒဏ်ရာတွေ ဘာတွေ ရလာသေးလား.. သူတို့က ဘယ်လိုနေလဲ.. သူတို့က အကျပ်ကိုင်ခံထားရတဲ့ပုံပေါ်လား”
ထိုဂိုဏ်းသားက ချွေးများ ဒီးဒီးကျလာခဲ့လေသည်။
“သတင်းစကားမှာ ပါရှိတာကတော့ စီနီယာအစ်ကို နန်းကုန်နဲ့ တခြားသူတွေက ဘေးကင်းလုံးခြုံပါတယ်.. သူတို့က အကျပ်ကိုင်ခံထားရသလား ဆိုတာကိုတော့ ကျွန်တော်လည်း တကယ်မသိပါဘူး”
“တော်လောက်ပြီ”
ထိုစဉ်မှာပင် တာအိုအရှင်အဆုံးစွန်မီး၏ အသံက တာအိုအရှင်ကြယ်သွေးနီ၏ စိတ်ထဲမှာ ထွက်ပေါ်လာခဲ့လေသည်။
“သူတို့ကိုသွားပြီး ပြန်ခေါ်လာခဲ့.. အဲဒီကပ်ဘေးက ဖြေရှင်းပြီးသား ဖြစ်သွားလောက်ပြီ”
ဆူဇီမိုက နန်းကုန်လင်းနှင့် အခြားနှစ်ယောက်နှင့်အတူ ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်၏ လက်ထဲကနေ မည်သို့မည်ပုံ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့သလဲ တာအိုအရှင်အဆုံးစွန်မီးက မသိပေ။
သို့သော်လည်း ထိုကဲ့သို့သော ဖြစ်နိုင်ခြေကို ဆူဇီမိုကသာလျှင် ဖန်တီးနိုင်ကြောင်း သူက ခန့်မှန်းမိလေသည်။
တကယ်တော့ တာအိုအရှင်အဆုံးစွန်မီးက ထိုကိစ္စ၏ အများစုကို ခန့်မှန်းမိပြီးသွားလေပြီ။
သို့သော်လည်း.. သူ ထင်မှတ်မထားသည်မှာ ဆူဇီမိုက ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်၏ လက်ထဲကနေ ထွက်ပြေးလွတ်မြောက်လာခြင်း မဟုတ်ပေ။ ထိုအစား သူက ထိုသူကို တိုက်ရိုက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်လေသည်။
“ကောင်းပါပြီ.. ကျုပ်က အခုပဲ သွားလိုက်ပါ့မယ်”
ဆက်လက်၍ စောင့်ဆိုင်းမနေတော့ဘဲ တာအိုအရှင်ကြယ်သွေးနီက ဂိုဏ်းအပြင်ဘက်သို့ ပြေးထွက်သွားခဲ့လေသည်။
နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က အသစ်စက်စက် စိတ်ဝိညာဉ်ယာဉ်ပျံတစ်ခုပေါ်တွင် နိုးထလာခဲ့ပြီ ဖြစ်လေသည်။
လေးနာရီကြာ ခရီးနှင်ပြီးနောက်.. သူတို့က အသွန်းတစ်ရာဂိုဏ်းသို့ ရောက်ရှိတော့မည် ဖြစ်လေသည်။
“ဆရာဦးလေး အသေးလေး.. အဲဒီမှာ ဘာတွေဖြစ်သွားခဲ့တာလဲ”
“ဆရာဦးလေး အသေးလေး.. ဘာတွေ ဘယ်လိုဖြစ်ခဲ့တာတာလဲ.. ကျွန်မတို့က ငရဲမီးစံအိမ်ရဲ့ လက်ထဲမှာ ရောက်နေရမှာ မဟုတ်ဘူးလား”
“ဆရာဦးလေး အသေးလေး.. အဲဒီ အီးပေါလောအဘိုးကြီးက ဘယ်ရောက်သွားတာလဲ”
လမ်းတစ်လျှောက်တွင်.. နန်းကုန်လင်းနှင့် အခြားနှစ်ယောက်သည် နိုးထလာပြီးကတည်းက သူတို့သည် ဆူဇီမိုအနားသို့ ချဉ်းကပ်ပြီး သူ့ကို နားပွင့်ထွက်မတတ် မေးခွန်းများကို အဆက်မပြတ် မေးမြန်းနေလေသည်။
ပုံမှန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်နေတတ်သော လျှိုဟန်ယန်ပင်လျှင် ဒီတိုင်း ထိုင်မနေနိုင်တော့ပေ။ သူမက မျက်နှာအနည်းငယ် နီမြန်းနေပြီး ဆူဇီမို၏ အင်္ကျီလက်စကို ဆွဲကာ မေးမြန်းလိုက်လေသည်။
“ဆရာဦးလေး.. ညတုန်းက ဘာတွေဖြစ်ကုန်တာလဲ”
ဆူဇီမိုက သူ၏ အနက်ရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ်ရုံသို့ ပြန်လည်ပြောင်းလဲထားပြီ ဖြစ်လေသည်။ သူက စိတ်ဝိညာဉ်ယာဉ်ပျံ၏ရှေ့တွင် ထိုင်ပြီး အကြံအိုက်စွာဖြင့် ပြုံးနေလေသည်။
“ငါလည်း ဘယ်သိပါ့မလဲ.. ငါနိုးလာတော့ ငါတို့တွေက ဒီစိတ်ဝိညာဉ်ယာဉ်ပျံပေါ်ကို ရောက်နေကြပြီ”
“ဆရာဦးလေး အသေးလေး.. ရှင်က ညာနေတာပဲ.. ကျွန်မက ရှင့်ကို မယုံပါဘူး”
ရူရွှမ်က သံသယဖြင့် နှုတ်ခမ်းစူလိုက်လေသည်။
လျှိုဟန်ယန်က သူမ၏ခေါင်းကို အနည်းငယ် စောင်းငဲ့ပြီး ဆူဇီမို၏ လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်နေသည့်အလား သူမ၏ လှပသော မျက်လုံးများဖြင့် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလေသည်။
ဘာကြောင့်ရယ် မသိရသော်လည်း.. လျှိုဟန်ယန်နှင့် ရူရွှမ်သည် ဤကိစ္စက ဆူဇီမိုနှင့် တစ်နည်းတစ်ဖုံ သေချာပေါက် ပတ်သက်နေမည်ဟု ခံစားမိလေသည်။
အမျိုးသမီးတစ်ယောက်၏ ဝမ်းတွင်းအသိက အမှန်တကယ်ပင် တိကျမှုရှိလေသည်။
ဆူဇီမိုသည် သူက အမှားတစ်ခုခုကို ထုတ်ဖော်ပြောဆိုခဲ့သည့်အလား ရင်တစ်ချက် ထိတ်သွားခဲ့လေသည်။
သို့သော်လည်း သူက ဖြစ်ပျက်ခဲ့သည့် အရာများကို ရှင်းပြနိုင်ခြင်း မရှိပေ။
သူက နိုးထဝိညာဉ်တစ်ယောက်အနေဖြင့် နတ်ဘုရားဆန်ဆန် စွမ်းအားများကို ထုတ်ဖော်ပြသပြီး ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်ဟု ပြောရမည်လား..။ အဲဒီနောက် သူက ကျန်ရှိနေသော မူလနတ္ထိ ၇ယောက်ကို လူတစ်ပိုင်း နဂါးတစ်ပိုင်း ပုံစံဖြင့် သတ်ဖြတ်ခဲ့သည်ဟု သူတို့ကို ပြောရမည်လား..။
ထိုစကားလုံးများက ပို၍ပင် စိတ်ကူးယဉ်ဆန်နေလေသည်။
ဒါ့အပြင် သူက သူ၏သရုပ်မှန်ကို ယခုအချိန်ထိ ထုတ်ပြလိုခြင်း မရှိသေးပေ။
ထိုသို့အတွေး၌.. ဆူဇီမိုသည် အံကိုကြိတ်ပြီး ပြန်ဖြေလိုက်လေသည်။
“ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က မင်းတို့ထက် ပိုမြင့်တယ်ဆိုတော့.. ငါက မင်းတို့ထက်အရင် စောစောကြိုပြီး သတိရလာရုံပဲ”
လျှိုဟန်ယန်နှင့် ရူရွှမ်က မယုံကြည်နိုင် ဖြစ်နေသေးလေသည်။
သူတို့နှစ်ယောက်နှင့်ယှဉ်လျှင် နန်းကုန်လင်းက ပို၍ လက်တွေ့ဆန်လေသည်။
သူက ဘေးနားကနေ ထရပ်လာပြီး ဆူဇီမိုကို သူ၏အကျပ်အတည်းကနေ ရုန်းထွက်ဖို့ ကူညီပေးလိုက်လေသည်။
“ဂျူနီယာညီမတို့.. ဆရာဦးလေး အသေးလေးကို ထပ်ပြီးတော့ စိတ်အနှောင့်အယှက် ပေးမနေနဲ့တော့.. ဒီကိစ္စမှာ ပြိုင်ဘက်ကင်း ပညာရှင်တစ်ယောက်က ငါတို့ကို ကူညီပေးခဲ့တာ ဖြစ်ရမယ်.. အဲဒါကြောင့်ပဲ ငါတို့က အခုလို ရှင်သန်နိုင်ခဲ့တာ”
“အဲဒီ ပြိုင်ဘက်ကင်း ပညာရှင်က ဘယ်သူလဲ.. သူက ဘာလို့ ရုပ်လုံးထွက်ပြမလာတာလဲ”
ရူရွှမ်က နှုတ်ခမ်းစူပြီး မေးလိုက်လေသည်။
“ဒါကတော့..”
နန်းကုန်လင်းက အိုးတိုးအမ်းတမ်းဖြစ်သွားပြီး ပြောစရာစကား မဲ့သွားခဲ့လေသည်။
ပြိုင်ဘက်ကင်း ပညာရှင်က ဘယ်သူဆိုတာကို သူက ဘယ်လိုလုပ် သိနိုင်ပါ့မလဲ.. ။
ရူရွှမ်က ဆူဇီမိုဘက်သို့ လှည့်ပြီး စိုက်ကြည့်လိုက်လေသည်။
“ဟမ့်.. ဆရာဦးလေး အသေးလေး.. အဲဒီကိစ္စကို ဖုံးကွယ်ထားလို့ ရမယ်လို့ မထင်လိုက်နဲ့.. အဲဒီကိစ္စက ရှင်နဲ့ သေချာပေါက် ပတ်သက်နေရမယ်”
“ငါသိပြီ”
ရုတ်တရက် အတွေးပေါက်သွားသည့်အလား ရူရွှမ်က အံ့အားတသင့် ရေရွတ်လိုက်လေသည်။
လက်ရှိလူတိုင်းက တုန်လှုပ်သွားကြလေသည်။
ရူရွှမ်က ဆူဇီမိုအနားသို့ ထူးဆန်းစွာဖြင့် ချဉ်းကပ်ပြီး အခိုင်အမာ ပြောလိုက်လေသည်။
“ဆရာဦးလေး အသေးလေး.. ဘာမှ ဖုံးကွယ်မနေနဲ့.. အဲဒီ ပြိုင်ဘက်ကင်း ပညာရှင်ကို ရှင်က သွားရှာလာခဲ့တာ မဟုတ်လား”
“အာ..”
ခဏနေပြီးနောက်.. ထိုအမျိုးသမီးနှစ်ယောက်က သူ့ကို နားပူနားဆာ လုပ်နေဆဲဖြစ်သည်ကို မြင်သောအခါ ဆူဇီမိုက စိတ်ညစ်ညူးလာခဲ့လေသည်။ ရုတ်တရက် သူ၏အမူအရာက အံ့မခန်း ပြောင်းလဲသွားလေသည်။
“ကောင်းပြီလေ.. မင်းတို့က ငါ့ရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့သွားပြီဆိုမှတော့ ငါကလည်း အဲဒါကို ထပ်ပြီးတော့ ဖုံးကွယ်မနေတော့ဘူး”
ဆူဇီမိုက ညင်သာစွာ ချောင်းဟန့်၍ မှင်သေသေဖြင့် ပြောလိုက်လေသည်။
“တကယ်တော့ ငရဲမီးစံအိမ်က ဓမ္မဝိသေသ တာအိုအရှင်နဲ့ မူလနတ္ထိ တာအိုသက်ရှိ ၇ယောက်ကို သတ်ဖြတ်ပြီးတော့ မင်းတို့ကို ကယ်တင်ခဲ့တဲ့သူက ငါပဲ”
“ကျွတ်..”
ဆူဇီမိုက ထိုသို့ပြောလိုက်သော်လည်း ရူရွှမ်က သူ့ကို မယုံကြည်ပေ။
တစ်ဘက်မှာတော့ လျှိုဟန်ယန်သည် မျက်မှောင် အနည်းငယ်ကြုတ်ပြီး ဆူဇီမိုပြောသည့် စကားလုံးများကို အတန်ကြာသည်အထိ စဉ်းစားတွေးတောနေသည့်အလား ငြိမ်သက်သွားခဲ့လေသည်။
အသွန်းတစ်ရာဂိုဏ်းက ရှေ့တည့်တည့်မှာ ဖြစ်လေသည်။
ရုတ်တရက်ဆိုသလို..
အဝတ်စ လေတိုးသံများက တဖျပ်ဖျပ်ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုက လျင်မြန်စွာ ပျံသန်းလာကာ တစ်ခဏအတွင်း စိတ်ဝိညာဉ်ယာဉ်ပျံပေါ်သို့ ရောက်ရှိလာခဲ့လေသည်။
“ဆရာ..”
နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က စောစောကတင် သေဘေးကနေ လွတ်မြောက်လာခြင်း ဖြစ်လေသည်။ ယခု တာအိုအရှင်ကြယ်သွေးနီကို မြင်သောအခါ သူတို့သည် ဝမ်းသာပျော်ရွှင်သွားပြီး မတ်တတ်ရပ်၍ နှုတ်ဆက်လိုက်လေသည်။
သို့သော်လည်း ချက်ချင်းဆိုသလိုပင်.. သူတို့သုံးယောက်သည် တစ်စုံတစ်ရာကို တွေးမိသွားပြီး သူတို့၏ မျက်နှာအမူအရာက တဖြည်းဖြည်း ပြောင်းလဲသွားကြလေသည်။ သူတို့အားလုံးသည် စိတ်ထဲမှာ မလုံမလဲ ခံစားနေရပြီး သူတို့၏ခေါင်းကို ငုံ့ထားကာ စကားပြောဆိုရဲခြင်း မရှိတော့ပေ။
တာအိုအရှင်ကြယ်သွေးနီသည် အစကတော့ စိုးရိမ်ပူပန်နေခဲ့လေသည်။ သို့သော်လည်း နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က အသက်ရှင်နေသေးပြီး မည်သည့် ဒဏ်ရာအနာတရမှ မရှိသည်ကို သူက မြင်သောအခါ.. သူ့အမူအရာက ညိုမည်းလာပြီး ဒေါသထွက်လာခဲ့လေသည်။
“မင်းတို့.. ကောင်စုတ်.. ကောင်မစုတ်တွေ.. ငါ့ကို ဘယ်လောက်ထိ စိတ်ဒုက္ခပေးချင်နေတာလဲ..ဟမ်”
ခဏမျှ ရပ်တန့်ပြီးနောက်.. တာအိုအရှင်ကြယ်သွေးနီက ထပ်မံ၍ ဆူပူကြိမ်းမောင်းလိုက်ပြီး သူ၏တံတွေးများက သူတို့သုံးယောက်၏ မျက်နှာပေါ်သို့ ပြန့်ကျဲကျဆင်းသွားခဲ့လေသည်။
ဆူဇီမိုသည် နန်းကုန်လင်းနှင့် အခြားနှစ်ယောက်ကိုကြည့်ပြီး ပခုံးတွန့်ကာ သူတို့အတွက် ဆုတောင်းပေးလိုက်လေသည်။ သူက သူပါ ရောပါသွားမည်ကို စိုးထိတ်၍ အလောတကြီး နောက်သို့ဆုတ်ခွာလိုက်လေသည်။