မဟာအကျိုးအမြတ်
Vol. 62 Ch. 923
အသွန်းတစ်ရာဂိုဏ်း ခန်းမ၏ရှေ့တွင် တာအိုအရှင်ကြယ်သွေးနီသည် အထဲသို့ဝင်ရောက်သွားပြီးမကြာမီ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်လာကာ ဆူဇီမိုကို သူက မကျေမချမ်း အမူအရာတစ်ခုဖြင့် ကြည့်နေလေသည်။ ဆူဇီမိုသည် ခန်းမထဲတွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို မသိရသော်လည်း တာအိုအရှင်ကြယ်သွေးနီ၏ သူ့ကိုကြည့်သောပုံစံက အနည်းငယ် ကျောချမ်းစရာကောင်းနေသည်ဟု ခံစားမိလေသည်။
“အား...”
တာအိုအရှင်ကြယ်သွေးနီက စိတ်ထဲကနေ သက်ပြင်းချလိုက်လေသည်။ သူ့ဆရာဘိုးဘိုး၏ ပြစ်တင်ဆုံးမမှုကို ပြန်လည်စဥ်းစားမိချိန်တွင် သူက ဆူဇီမိုရှေ့သို့ နာခံစွာ ရောက်ရှိလာလေသည်။
နန်းကုန်လင်းနှင့် အခြားတပည့်နှစ်ယောက်၏ အကြည့်အောက်မှာပင် သူက အနည်းငယ်ဦးညွတ်၍ ဂျူနီယာတစ်ယောက်ကဲ့သို့ နှုတ်ဆက်လိုက်လေသည်။ သူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ပြောလိုက်လေသည်။
“ကြယ်သွေးနီက ဆရာဦးလေးအသေးလေးကို အရိုအသေပေးပါတယ်”
ထိုစကားကို ပြောပြီးနောက် တာအိုအရှင်ကြယ်သွေးနီသည် သူ၏ပါးပြင်နှစ်ဖက်က ပူလောင်လာသည်ဟု ခံစားရပြီး တွင်းတစ်တွင်းတူး၍ ပုန်းကွယ်ချင်မိလေသည်။
သူသည် မော့မကြည့်သော်လည်း နန်းကုန်လင်းနှင့်အခြားနှစ်ယောက်၏ အမူအရာများကို ခန့်မှန်းမိလိုက်လေသည်။
ဆူဇီမိုက လိမ္မာပါးနပ်သော လူတစ်ယောက်ဖြစ်လေသည်။
တာအိုအရှင်ကြယ်သွေးနီသည် ခန်းမထဲမှာ တာအိုအရှင်အဆုံးစွန်မီး၏ သင်ခန်းစာတစ်ခု ပေးခြင်းခံခဲ့ရမည်ဖြစ်ကြောင်း သူက ချက်ချင်းခန့်မှန်းမိလိုက်လေသည်။
ဆူဇီမိုသည် ဝါစဥ်အနိမ့်အမြင့်နှင့်ပတ်သက်၍ သိပ်ပြီးဂရုစိုက်မနေပေ။
ဒါ့အပြင် သူက ငယ်ရွယ်သေးပြီး သူ၏ကျင့်ကြံမှုအဆင့်က နိမ့်ကျသေးလေသည်။ ယခုသူက ဤကဲ့သို့သော အရေးသာမှုတစ်ခုရှိလာသည့်အခါ သူက အနည်းငယ်ရှက်ရွံ့အားနာသလို ခံစားရလေသည်။
သူက ရှေ့သို့တက်သွားပြီး တာအိုအရှင်ကြယ်သွေးနီကို ဖေးမပေးလိုက်လေသည်။
“အဲ့လိုလုပ်စရာမလိုပါဘူး... စီနီယာ ခင်ဗျားက စိတ်မရှိဘူးဆိုရင် ကျုပ်ကိုနာမည်တပ်ပြီးခေါ်လို့ရပါတယ်”
“အဲ့လိုလုပ်လို့ ဘယ်ဖြစ်ပါ့မလဲ...”
တာအိုအရှင်ကြယ်သွေးနီက ခေါင်းခါလိုက်လေသည်။
သူက သူ၏ရင်ထဲကနေ ကျေနပ်ခြင်းမရှိသော်လည်း သူဖြစ်စေ သူ့ဂိုဏ်းကဖြစ်စေ ဝါစဥ်အနိမ့်အမြင့်နှင့် ဓလေ့ထုံးတမ်းများအပေါ် များစွာအလေးထားလေသည်။ သူက စည်းမျဥ်းစည်းကမ်းများကို မဖောက်ဖျက်နိုင်ပေ။
နန်းကုန်လင်းနှင့်အခြားနှစ်ယောက်သည် ငေးငိုင်၍ ကြောင်အနေလေသည်။
သူတို့ရဲ့ ဆရာက တစ်ခဏအတွင်းမှာပင် မိုလင်းကို ဆရာဦးလေးဟု ဘာကြောင့်ဦးညွတ်နှုတ်ဆက်နေရတာပါလိမ့်...။
ဝါစဥ်အရဆိုလျှင် သူတို့က မိုလင်းကို ဆရာဘိုးဘိုးဟု ခေါ်ဆိုရတော့မည်မဟုတ်ပါလား။
“ဆရာ... ဆရာ...”
ရူရွှမ်က ရှေ့သို့တက်လာပြီး မေးမြန်းလိုက်လေသည်။
“ဘာတွေဖြစ်နေတာလဲ... မိုလင်းက ဆရာ့ရဲ့ဂျူနီယာညီလေးမဟုတ်ဘူးလား... သူက ဘာလို့ရုတ်တရက်ကြီး ဆရာ့ရဲ့ဆရာဦးလေး ဖြစ်သွားရတာလဲ”
စိတ်ထိခိုက်ခံစားနေရဟန်ဖြင့် တာအိုအရှင်ကြယ်သွေးနီက သူမကိုစိုက်ကြည့်ပြီး ငေါက်ငမ်းလိုက်လေသည်။
“နင်က ဘာလို့အဲ့လောက်ထိ မေးခွန်းတွေများနေရတာလဲ... ထွက်သွားစမ်း”
အဲ့ဒီနောက်သူက ရူရွှမ်နှင့်အခြားနှစ်ယောက်ကို ခေါ်ဆိုပြီး အလေးအနက်ပြောလိုက်လေသည်။
“ကဲ... နားထောင်ကြ မင်းတို့တွေက သူ့အပေါ် အခုကစပြီး မင်းတို့ရဲ့အခေါ်အဝေါ်ကို ပြောင်းလဲရမယ်... ဒါက မင်းတို့ရဲ့ဆရာဘိုးဘိုးပဲ “
သူတို့၏ဝါစဥ်က ထပ်မံ၍ လျှောကျသွားပြန်လေပြီ။
နန်းကုန်လင်းနှင့်အခြားနှစ်ယောက်က အကြည့်ခြင်းဖလှယ်လိုက်ကြပြီး စိတ်ထဲကနေ ညည်းတွားလိုက်ကြလေသည်။ သူတို့က တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ဆူဇီမိုကိုနှုတ်ဆက်လိုက်ကြလေသည်။
“ဆရာဘိုးဘိုးကို နှုတ်ဆက်ပါတယ်”
သူတို့အတွက်တော့ ဆရာဦးလေးဖြစ်စေ ဆရာဘိုးဘိုး ဖြစ်စေ ကိစ္စမရှိပေ။ နှစ်ခုစလုံးက နာမည်အခေါ်အဝေါ်များသာဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ဆူဇီမိုကို သူတို့၏ရင်ထဲအသည်းထဲကနေ လက်ခံထားပြီဖြစ်သောကြောင့်ပင်။
အခြားတစ်ဖက်မှာတော့ တာအိုအရှင်ကြယ်သွေးနီက ညိုးငယ်ထိုင်းမှိုင်းစွာဖြင့် ဘေးမှာမတ်တက်ရပ်နေလေသည်။
အခွင့်အရေးကို ဖမ်းဆုပ်၍ ထွက်ခွာတော့မည့်ဆဲဆဲ တာအိုအရှင်အဖြူရောင်မီးတောက်ကို သူကမြင်သောအခါ ရှေ့သို့အလောတကြီးတက်သွားပြီး ထိုသူ၏လက်ကို ဖမ်းဆွဲလိုက်လေသည်။
“အဲ့လိုပြေးလို့ဘယ်ရပါ့မလဲ... ကျုပ်တို့တွေက မျိုးဆက်အတူတူပဲ... ခင်ဗျားကလည်း သူ့ကိုဆရာဦးလေးလို့ ခေါ်ရမယ်မလား”
တာအိုအရှင်ကြယ်သွေးနီက အပေါင်းအဖော်တစ်ယောက်ကို တွေ့ရှိလိုကိပြီးနောက် သူကအနည်းငယ် စိတ်သက်သာရာရသွားပြီး အူမြူးအားရသွားလေသည်။
တာအိုအရှင်အဖြူရောင်မီးတောက်က အသွန်းတစ်ရာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး ခံ့ညားထည်ဝါသော ဂုဏ်အဆင့်အတန်းတစ်ခုရှိလေသည်။ သူ့အနေဖြင့် ဆူဇီမိုကို ဆရာဦးလေးဟု ခေါ်ဆိုဖို့က ပို၍ပင် အခက်တွေ့ရလေသည်။
“ဆရာဦးလေးအသေးလေး... “
လက်ရှိအခြေအနေအရ သူက အံကိုကြိတ်ပြီးခေါ်လိုက်ရလေသည်။
“အာ....”
ထိုစဥ်မှာပင် ရူရွှမ်က ရှေ့သို့ရောက်လာပြီး စိတ်ရှုပ်ထွေးနေသည့်ပုံစံ ဟန်ဆောင်လိုက်လေသည်။
“ဆရာဦးလေးဆိုလည်း ဆရာဦးလေးပေါ့... ဘာလည်းဆရာဦးလေးအသေးလေးဆိုတာ... သူက ဘယ်နေရာမှာသေးနေလို့လဲ...”
တာအိုအရှင်ကြယ်သွေးနီ၏မျက်နှာက နီမြန်းသွားလေသည်။
အဲ့ဒါသည် စောစောကတင် ရူရွှမ်နှင့်အခြားနှစ်ယောက်ကို သူပြောခဲ့သောစကားဖြစ်လေသည်။ အတုံ့အလှည့်က ချက်ချင်းပင် ပြောင်းလဲသွားခဲ့လေပြီ။
“သူ့အသက်ကငယ်ငယ်ပဲရှိသေးတာ အဲ့တာဘာမှားလို့လဲ”
တာအိုအရှင်ကြယ်သွေးနီက သူ၏လည်ပင်းကိုမတ်မတ်ထားပြီး ငြင်းဆန်လိုက်လေသည်။
“သူက အခုမှ အသက်တစ်ရာကျော်ပဲရှိသေးတာကို သူ့ကိုဆရာဦးလေးအသေးလေးလို့ခေါ်တာ ဘာများမှားနေလို့လဲ”
ဆူဇီမိုက ပြုံးလိုက်လေသည်။
“စီနီယာတို့ အဲ့လိုလုပ်စရာမလိုပါဘူး... အနားမှာအခြားတစ်ယောက်ယောက်ရှိမယ်ဆိုရင် ခင်ဗျားတို့က ကျုပ်ကိုနာမည်တပ်ပြီးခေါ်လို့ရပါတယ်”
ထိုသည်က သူတို့နှစ်ယောက်အတွက် အရေးပါသည့် ထွက်ပေါက်တစ်ခုဖြစ်လေသည်။
မဟုတ်ပါက ဂိုဏ်းချုပ်တစ်ယောက်သည် ဂိုဏ်းသားများအားလုံး၏ ရှေ့မှောက်မှာ အသက်နှစ်ရာပင်မပြည့်သေးသော နိုးထဝိညာဥ်တစ်ယောက်ကို အရိုအသေပေးနေရမည်ဆိုလျှင် အဲ့ဒါက တစ်ကယ့်ကိုကြောင်တိကြောင်တောင်နိုင်လေသည်။
“ကျေးဇူးတင်ပါတယ် ဆရာဦးလေးအသေးလေး “
တာအိုအရှင်ကြယ်သွေးနီက ရှက်ကိုးရှက်ကန်းဟန်ဖြင့် ပြုံး၍ပြောလိုက်လေသည်။
“ဒီမှာ တခြားဘာမှမရှိဘူးဆိုရင် ကျုပ်ကအရင်သွားနှင့်တော့မယ်”
ဆူဇီမိုကနှုတ်ဆက်၍ လှည့်ထွက်သွားခဲ့လေသည်။
သူက ဤနေရာမှာ ဆက်လက်၍နေမည်ဆိုလျှင် သူတို့ကို ပို၍အခက်တွေ့စေပေလိမ့်မည်။
နန်းကုန်လင်းနှင့်အခြားနှစ်ယောက်ကလည်း ဦးညွတ်၍ နှုတ်ဆက်ထွက်ခွာသွားကြလေသည်။
တာအိုအရှင်ကြယ်သွေးနီနှင့် တာအိုအရှင်အဖြူရောင်မီးတောက်က ခန်းမ၏ဝင်ပေါက်ဝမှာရပ်နေပြီး အကြည့်ခြင်းဖလှယ်လိုက်ကြလေသည်။
ယနေ့မနက် ဖြစ်ပျက်ခဲ့သည်များက တစ်ကယ့်ကိုမျက်လှည့်ဆန်နေလေသည်။
ဘာကြောင့်ရယ်မသိ သူတို့နှစ်ယောက်မှာ ယခုဆို ဆရာဦးလေးတစ်ယောက်ရှိလာခဲ့လေပြီ။
“မင်းတို့က သူ့ကိုဆရာဦးလေးလို့ အသိအမှတ်ပြုရတာနဲ့ပက်သက်ပြီး ကျေနပ်ကြမှာမဟုတ်ဘူးဆိုတာ ငါသိပါတယ်”
ထိုစဥ်မှာပင် တာအိုအရှင်အဆုံးစွန်မီး၏ အသံက သူတို့၏စိတ်ထဲမှာ ထွက်ပေါ်လာလေသည်။
“ကျုပ်က မဝံ့ရဲပါဘူး”
တာအိုအရှင်ကြယ်သွေးနီက နောက်တစ်ခေါက်ဆူပူကြိမ်းမောင်းခံရမှာကို စိုးရိမ်ပြီး အလောတကြီး ခေါင်းခါပြလိုက်လေသည်။
တာအိုအရှင်အဖြူရောင်မီးတောက်ကလည်း ပြောလိုက်လေသည်။
“အဲ့ဒါက ဘာမှမဖြစ်ပါဘူး...သူက ဆရာဘိုးဘိုးရဲ့ တပည့်ဆိုမှတော့ ဝါစဥ်အရဆိုသူက ကျုပ်တို့ရဲ့ ဆရာဦးလေးပဲပေါ့”
တာအိုအရှင်အဆုံးစွန်မီးက ရယ်မောလိုက်လေသည်။
“မင်းက အဲ့ဒါကို မဝံ့ရဲပါဘူးလို့တော့ပြောတာပဲ... ဒါပေမယ့်လို့ မင်းစိတ်ထဲမှာတော့ လက်မခံနိုင်ဘူးမလား”
တာအိုအရှင်ကြယ်သွေးနီက ဘာမှပြန်မပြောတော့ပဲ တိတ်တဆိတ် ဝန်ခံလိုက်လေသည်။
တာအိုအရှင်အဆုံးစွန်မီး သူ့ကိုထပ်မံ၍ ဆူပူကြိမ်းမောင်းခြင်းမရှိတော့ပဲ မေးခွန်းတစ်ခုမေးလိုက်လေသည်။
“နန်းကုန်လင်းနဲ့အခြားနှစ်ယောက်က မထိမခိုက်နဲ့ပြန်ရောက်လာနိုင်တာ သူတို့က ကံကောင်းလွန်းပြီး ပြိုင်ဘက်ကင်းပညာရှင်တစ်ယောက်က အမည်မဖော်လိုပဲ သူ့တို့ကိုကယ်တင်သွားခဲ့တာကြောင့်လို့ မင်းတို့ကထင်နေတာလား...”
“အဲ့ဒါဆိုရင် ဘယ်လိုဖြစ်ခဲ့တာလဲ..”
တာအိုအရှင်ကြယ်သွေးနီက ခဏမျှကြောင်နေပြီးနောက် မဝံ့မရဲပြောဆိုလိုက်လေသည်။
“ဆရာဘိုးဘိုး... အဲ့ဒီမိုလင်း အဲ... ဆရာဦးလေးအသေးလေးက သူတို့ကိုကယ်တင်ခဲ့တာလို့ ပြောချင်တာလား”
“သူက နိုးထဝိညာဥ်တစ်ယောက်ပဲ... သူက သန်မာပြီးတော့ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်က ပြိုင်စံရှားတွေကို ဖိနှိမ်နိုင်တယ်ဆိုရင်တောင် သူက ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ကို ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်မှာလဲ”
တာအိုအရှင်အဖြူရောင်မီးတောက်ကလည်း ခေါင်းညိတ်၍ ထောက်ခံလိုက်လေသည်။ ဤကိစ္စ၏ နောက်ကွယ်မှလူက ဆူဇိမိုဖြစ်လိမ့်မည်ဟု သူကလည်းမယုံကြည်ပေ။
အဲ့ဒါက တစ်ကယ့်ကို စိတ်ကူးယဥ်ဆန်လွန်းလေသည်။
တာအိုအရှင်အဆုံးစွန်မီးက ထူးမခြားနားပုံစံဖြင့်ပြန်ပြောလိုက်လေသည်။
“အတိကျဘာတွေဖြစ်ခဲ့လည်းဆိုတာတော့ ငါလည်းမသိဘူး ဒါပေမယ့် မိုလင်းနဲ့ပတ်သက်နေတာတော့ သေချာတယ်”
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ဆူဇီမို၏ အစွမ်းအစနှင့်ပက်သက်၍ နားအလည်နိုင်ဆုံးလူများရှိမည်ဆိုလျှင် တာအိုအရှင်အဆုံးစွန်မီး သူတို့ထဲမှတစ်ယောက် သေချာပေါက်ဖြစ်ပေလိမ့်မည်။
တာအိုအရှင်ကြယ်သွေးနီနှင့် တာအိုအရှင်အဖြူရောင်မီးတောက်က အကြည့်ခြင်းဖလှယ်လိုက်ကြလေသည်။ သူတို့က ငြင်းဆန်ခြင်းမရှိကြသော်လည်း သူတို့က တခြားဖြစ်နိုင်ချေများကို တွေးတောလိုက်ကြလေသည်။
တာအိုအရှင်အဆုံးစွန်မီး ဆက်ပြောလိုက်လေသည်။
“မင်းတို့က သူ့ရဲ့အစစ်အမှန်သရုပ်သကန်ကို သိသွားပြီးရင်တော့ သူ့အပေါ်မင်းတို့ရဲ့အထင်အမြင်က ပြောင်းလဲချင်ပြောင်းလဲလာလိမ့်မယ်... အခုချိန်မှာတော့မင်းတို့က ငါပြောတာကို ယုံမှာမဟုတ်ဘူး”
တာအိုအရှင်နှစ်ယောက်က သိချင်စိတ်ပြင်းပြသွားလေသည်။
တာအိုအရှင်ကြယ်သွေးနီက မေးလိုက်လေသည်။
“ဆရာဘိုးဘိုး... မိုလင်းရဲ့ အစစ်အမှန်သရုပ်မှန်ကဘာလဲ...”
“ငါက အခုချိန်မှာတော့ မင်းတို့ကိုမပြောနိုင်သေးဘူး”
တာအိုအရှင်အဆုံးစွန်မီးက အလေးအနက်စဥ်းစားတွေးတောလိုက်လေသည်။
“ဒါပေမယ့်လို့ သူ့ရဲ့စိတ်နေစရိုက်အရဆို သူက သူ့ရဲ့ သရုပ်သကန်ကို သိပ်ကြာကြာ ဖုံးကွယ်ထားနိုင်မှာမဟုတ်ဘူးလို့ ငါထင်တယ်”
တာအိုအရှင်အဆုံးစွန်မီး၏ စကားများကိုကြားရပြီးနောက် သူတို့နှစ်ယောက်ကပို၍ပင် သိချင်စိတ်ပြင်းပြလာခဲ့လေသည်။
တာအိုအရှင်အဆုံးစွန်မီးတောင် မြင့်မြင့်မားမား သတ်မှတ်ထားရသော နိုးထဝိညာဥ်တစ်ယောက်က ဘယ်လိုဂုဏ်အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားတာပါလိမ့်...။
တာအိုအရှင်အဆုံးစွန်မီးက မသိမသာသက်ပြင်းချ၍ အဓိပ္ပါယ်ပါပါပြောလိုက်လေသည်။
“တစ်နေ့ကျရင်တော့ သူ့ကို မင်းတို့ရဲ့ဆရာဦးလေးလို့ အသိအမှတ်ပြုတဲ့အတွက် မဟာအကျိုးအမြတ်တစ်ခုကိုရရှိမယ့်သူက မင်းတို့တွေ ဖြစ်နေမယ်ဆိုတာကို မင်းတို့အားလုံး နားလည်လာကြလိမ့်မယ်”
“အာ...”
သူတို့နှစ်ယောက်ကပို၍ပင် အကြံအိုက်သွားကြလေသည်။
တာအိုအရှင်အဆုံးစွန်မီးကပြောလိုက်လေသည်။
“မင်းတို့တွေသွားလို့ရပြီ... နောက်တစ်လနေရင် ကျင်းပမယ့် ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲအတွက် ပြင်ဆင်လိုက်ကြ... ငါ့ရဲ့ခန္ဓာကိုယ်တည်ဆောက်ဖို့အတွက် လိုအပ်တဲ့စိတ်ဝိညာဥ်ပစ္စည်းတွေကလည်း အကုန်လုံးနီးပါးရရှိနေပြီပဲ.. လက်ဖက်ရည်ဧည့်ခံပွဲပြီးရင် ငါ့ရဲ့ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ဖို့ လုပ်ကြတာပေါ့”
သူတို့နှစ်ယောက်က နာခံ၍နှုတ်ဆက်လိုက်ကြလေသည်။
သိပ်မကြာမီ တာအိုအရှင်အဆုံးစွန်မီး၏အသံက တစ်ဖန်ထွက်ပေါ်လာလေသည်။
“ဒါနဲ့.. မိုလင်းဖတ်နေတဲ့စာအုပ်က သုံးစားမရတဲ့စာအုပ်မဟုတ်ဘူး.. အဲ့ဒါက မဟာရှေးဟောင်း ဓားပညာရပ်သုံးခုထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်သတ်ဖြတ်ခြင်း ဓားကျမ်းပဲ”
“ကျားလေး... မင်းက စောစောက စကားကိုပြောခဲ့တုန်းက လျှာကိုက်မိမှာကို မစိုးရိမ်ဘူးလား”
“ကောင်းကင်သတ်ဖြတ်ခြင်း ဓားကျမ်း...”
တာအိုအရှင်ကြယ်သွေးနီသည် တုန်လှုပ်ချောက်ချားသွားပြီး လေအဝေ့မှာ တစ်ယောက်တည်းရပ်နေမိလေသည်။