အင်မော်တယ်တာအိုမီး
Vol. 62 Ch. 924
ငရဲမီးစံအိမ်တွင် ခန်းမထဲ၌ ဖယောင်းတိုင်မီးတဖျပ်ဖျပ်အောက်တွင် နက်မှောင်ပြီး မကောင်းဆိုးဝါးဆန်သော မျက်နှာတစ်ခုကို မြင်နေရလေသည်။
သိပ်မကြာမီ ငရဲမီးစံအိမ်မှ ကျင့်ကြံသူတစ်ယောက်သည် ခန်းမထဲသို့ လှမ်းဝင်လာပြီး လက်သီးနှစ်ဖက်ကိုယှက်ဖြာ၍ ဒူးတစ်ဖက်ထောက်ချလိုက်လေသည်။
“ဆရာ... ဦးလေးယွီနဲ့ မူလနတ္ထိ စီနီယာအစ်ကို ၇ ယောက်ကို ရှာတွေ့ပါပြီ ဒါပေမယ့် သူတို့က ...”
“သူတို့အကုန်လုံး သေနေကြပြီ ဟုတ်တယ်မလား...”
ငရဲမီးစံအိမ်သခင်က အံ့အားသင့်သွားခြင်းမရှိဘဲ ပြောလိုက်လေသည်။
ယခုအချိန်က မွန်းလွဲနေခဲ့လေပြီ... ဦးလေးယွီနှင့်အခြားသူများ ပြန်လည်မရောက်ရှိသေးသည်က သူတို့၏ ကြားဖြတ်တိုက်ခိုက်မှု ကျရှုံးသွားပြီ မဟုတ်ပါလား။
သို့သော်လည်း သူက ဝေခွဲမရဖြစ်နေခဲ့လေသည်။
အသွန်းတစ်ရာဂိုဏ်းမှ သူတို့၏ သူလျှိုများ၏ သတင်းပေးပို့ချက်အရ နန်းကုန်လင်းတို့ လေးယောက်အုပ်စု လေတိမ်မြို့တော်သို့ သွားရောက်သည့်ခရီးတွင် မည်သည့်ဓမ္မဝိသေသပညာရှင်မှ ပါမသွားခဲ့ပေ။
ဤတိုက်ခိုက်မှုမှာ ဦးလေးယွီက ဘယ်လိုကြောင့် ကျရှုံးသွားရတာလဲ...
ငရဲမီးစံအိမ်သခင်၏ စိတ်အာရုံထဲတွင် နာမည်တစ်ခုက ပေါ်ထွက်လာခဲ့လေသည်။
မိုလင်း...
သူက မျက်မှောင်ကြုတ်လိုက်လေသည်။
အဲ့ဒါက မဖြစ်နိုင်ပေ...
ခိုင်မာသော သတင်းအရင်းအမြစ်များအရ မိုလင်းသည် နိုးထဝိညာဥ်အဆင့်သာဖြစ်ပြီး သူက ဦးလေးယွီနှင့်အခြားသူများကို ခြိမ်းခြောက်နိုင်ခြင်းမရှိပေ။
“သူတို့အလောင်းတွေကို ယူလာခဲ့...”
ငရဲမီးစံအိမ်သခင်က သူ့ကိုယ်သူ ဣန္ဒြေဆယ်ပြီးပြောလိုက်လေသည်။
ငရဲမီးစံအိမ်ကျင့်ကြံသူများက အလောင်း ၈ လောင်းကို ခန်းမထဲသို့ သယ်ယူလာပြီး ကြမ်းပြင်ပေါ်တွင် ဂရုတစိုက်ချကာ နောက်သို့ဆုတ်လိုက်ကြလေသည်။
ငရဲမီးစံအိမ်သခင်က စင်မြင့်ပေါ်ကနေ လျှောက်လှမ်းလာပြီး အလောင်း ၇ လောင်းဘေးတွင်ရပ်ကာ မျက်မှောင်အနည်းငယ်ကြုတ်ပြီး ကြည့်လိုက်လေသည်။
“ဘဝသက်တမ်း ကုန်ခမ်းခြင်းလား...”
ငရဲမီးစံအိမ်သခင်က မျက်မှောင်ကြုတ်လိုက်လေသည်။
ဦးလေးယွီကို သူ၏ဘဝသက်တမ်း ကုန်ဆုံးသွားစေအောင် ဘယ်အရာက ဖြစ်စေခဲ့တာလဲ...
သူ၏သေဆုံးပုံက အရမ်းကိုထူးဆန်းနေလေသည်။
ဦးလေးယွီက သူ၏ဘဝသက်တမ်းကို ကုန်ဆုံးစေမည့်နည်းလမ်းကို သူကိုယ်တိုင်ထုတ်ဖော်ဖို့က မဖြစ်နိုင်ပေ။
ငရဲမီးစံအိမ်သခင်သည် အခြားသော အလောင်း ၇ လောင်းကို တစ်ချက်ဝေ့ကြည့်ပြီးနောက် သူ၏သူငယ်အိမ်က တင်းကျပ်သွားခဲ့လေသည်။
အလောင်း ၇ လောင်း၏ ဒဏ်ရာများက ရိုးရှင်းလေသည်။
သူတို့၏ နဖူးများက ထိုးဖောက်ခံထားရလျှင်ရ မဟုတ်ရင် သူတို့၏ ဦးခေါင်းများက ကြေမွနေ၏။ အဲ့ဒါအပြင် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အပိုထပ်ဆောင်းဒဏ်ရာကိုမှ မတွေ့ရှိရပေ။
သူတို့၏ သေဆုံးပုံက အရမ်းကို ရှင်းလင်းလေသည်။
“ဟမ့်....”
ငရဲမီးစံအိမ်သခင်က နှာခေါင်းတစ်ချက်ရှုံ့ပြီး တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားသည့်အလား သူ့အမူအရာက ပြောင်းလဲသွားလေသည်။
“ဆရာ... ဘာဖြစ်လို့လဲ”
ရှေ့တွင်ရပ်နေသော ကျင့်ကြံသူက ငရဲမီးစံအိမ်၏ နံပါတ်တစ် နတ်ပန်းပဲဆရာ မင်းဟန်ဖြစ်လေသည်။ အသွန်းတစ်ရာဂိုဏ်းနှင့် လက်နက်သွန်းလုပ်ခြင်း ယှဥ်ပြိုင်မယ့်သူလည်း ဖြစ်လေသည်။
“အဲ့ဒီမှာ သားရဲချီတွေ ကျန်နေခဲ့တယ်”
ငရဲမီးစံအိမ်သခင်က အလေးအနက်တွေးတောပြီးနောက် ပြောလိုက်လေသည်။
“ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ သားရဲချီလဲ...”
မင်းဟန်က မျက်မှောင်ကြုတ်ပြီးမေးလိုက်လေသည်။
“ဦးလေးယွီနဲ့အခြားသူတွေက မထင်မှတ်တဲ့ဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့ပြီး အဆင့်မြင့်မိစ္ဆာသားရဲတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာများလား”
“အဲ့ဒါက ဖြစ်နိုင်တယ်”
သို့သော်လည်း ငရဲမီးစံအိမ်သခင်က သူ့ခေါင်းကို လျင်မြန်စွာ ခါလိုက်လေသည်။
“အဲ့ဒါလည်းမဟုတ်လောက်ဘူး... သူတို့ကို အဆင့်မြင့်မိစ္ဆာသားရဲတွေက တိုက်ခိုက်ခဲ့တာဆိုရင် အဲ့ဒီဂျူနီယာလေးယောက်ကလည်း ရှင်သန်နိုင်မှာမဟုတ်ဘူး... သူတို့ရဲ့အလောင်းတွေက ဘာလို့ပျောက်ဆုံးနေရတာလဲ”
ထိုစဥ်မှာပင် ငရဲမီးစံအိမ်ဂိုဏ်းသားတစ်ယောက်က အထဲသို့လှမ်းဝင်လာပြီး မြေပြင်ပေါ်တွင် ဒူးထောက်ချကာ တရိုတသေနှုတ်ဆက်လိုက်လေသည်။
“စံအိမ်သခင်... အသွန်းတစ်ရာဂိုဏ်းက သူလျှိုတွေက သတင်းပေးပို့လိုက်ပါတယ်... နန်းကုန်လင်းနဲ့ အခြားသုံးယောက်က အသွန်းတစ်ရာဂိုဏ်းကို ဘေးကင်းလုံခြုံစွာနဲ့ ပြန်ရောက်နေပါပြီ”
ငရဲမီးစံအိမ်သခင်၏ မျက်နှာက ညိုမည်းသွားပြီး သူ၏မျက်လုံးထဲတွင် နက်မှောင်နေသော မီးတောက်တစ်ခုက သတ်ဖြတ်လိုစိတ်နှင့်အတူ လောင်ကျွမ်းလာလေသည်။
ငရဲမီးစံအိမ်ဂိုဏ်းသားက သူ၏ခေါင်းကိုငုံ့ထားပြီး ဘာစကားမှပြောဆိုရဲခင်းမရှိပဲ တုန်ယင်နေလေသည်။
အတန်ကြာပြီးနောက် ငရဲမီးစံအိမ်သခင်၏ မျက်လုံးထဲရှိ မီးတောက်များက တဖြည်းဖြည်းပျက်ပြယ်သွားပြီး သူကလက်ကာပြလိုက်လေသည်။
“မင်းတို့တွေသွားလို့ရပြီ...”
ငရဲမီးစံအိမ် ဂိုဏ်းသားများက လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားသည့်အလား နောက်သို့လျင်မြန်စွာ ဆုတ်ခွာသွားခဲ့လေသည်။
“ဆရာ... မပူပါနဲ့”
မင်းဟန်က ဂုဏ်ယူစွာဖြင့်ပြောလိုက်လေသည်။
“ကြိုးကြာတစ်ထောင် လဖ္ဘက်ရည်ဧည့်ခံပွဲက နောက်တစ်လနေရင်စတော့မှာ... အဲ့ဒီအခါကျရင် ကျုပ်က လျှိုဟန်ယန်ကို သေချာပေါက်အနိုင်ယူပြီး ငရဲမီးစံအိမ်ရဲ့နာမည်ကို သေချာပေါက်မြှင့်တင်ပေးမယ်”
“အင်း...”
ငရဲမီးစံအိမ်သခင်က ခေါင်းညိတ်လိုက်လေသည်။
“မင်းက အဲ့ဒီလက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲမှာ အနိုင်ရမယ်ဆိုတာနဲ့ ထိပ်သီးဂိုဏ်းကြီးတစ်ခုက မင်းကိုနောက်ခံပေးလာလိမ့်မယ်”
“အဲ့ဒီအချိန်ကျရင် တခြားအဖွဲ့အစည်းတွေကလည်း မီးထဲကို လောင်စာထည့်လိုက်ကြလိမ့်မယ်... အသွန်းတစ်ရာဂိုဏ်းရဲ့ ဂုဏ်သတင်းက အားလုံးရဲ့ရှေ့မှောက်မှာ နင်းခြေဖျက်ဆီးခံရလိမ့်မယ် သူတို့က တစ်သီးပုဂ္ဂလလေးအုပ်စုထဲကနေ သေချာပေါက် ဖယ်ထုတ်ခံရမှာပဲ”
“စိတ်ချပါဆရာ...”
မင်းဟန်က ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်လေသည်။
“လျှိုဟန်ယန်က သေချာပေါက်မနိုင်စေရဘူး”
ငရဲမီးစံအိမ်သခင်က မကောင်းဆိုးဝါးဆန်ဆန်ပြုံး၍ သူ့မျက်လုံးကို မှေးကျဥ်းကာ အေးစက်စွာဖြင့် ပြောလိုက်လေသည်။
“အသွန်းတစ်ရာဂိုဏ်း... မင်းတို့က ဒီတစ်ခေါက်မှာ အနိုင်ရနိုင်ဦးမလား ကြည့်ရသေးတာပေါ့...”
ထိုဖြစ်ရပ်ပြီးနောက် နန်းကုန်လင်းနှင့်အခြာနှစ်ယောက်က ပြဿနာတစ်စုံတစ်ရာ ဆက်လက်၍ရှာရဲခင်းမရှိတော့ပေ။
ကြိုးကြာတစ်ထောင် လဖ္ဘက်ရည်ဧည့်ခံပွဲက နောက်တစ်လကြာလျှင် စတင်တော့မည်ဖြစ်လေသည်။
တာအိုအရှင်ကြယ်သွေးနီ၏ လောဆော်မှုဖြင့် သူတို့သုံးယောက်က တံခါးပိတ်ကျင့်ကြံဖို့ဝင်ရောက်သွားခဲ့ကြလေသည်။
ဆူဇီမိုကလည်း သာယာအေးချမ်းသော ဘဝတစ်ခုကို ရရှိသွားခဲ့လေသည်။ သူက နေ့စဥ်နှင့်အမျှ ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို နားလည်ဆင်ခြင်ခြင်းအပြင် သူသည် အင်မော်တယ်တာအိုမီးကို စုဖွဲ့ဖို့ကြိုးစားပြီး တာအိုအရှင်အဆုံးစွန်မီး သူ့ကိုသင်ပေးခဲ့သော မီးဒြပ်စင်ဓမ္မပညာရပ်များကို လေ့ကျင့်ဖို့အတွက် သူ၏နေ့ရက်များကို ကုန်ဆုံးစေလေသည်။
ယခုချိန်တွင် သူက ဗုဒ္ဓတာအိုမီးကို ကျင့်ကြံနိုင်ခဲ့ပြီးလေပြီ။
သွေးနီရောင်မီးတောက်စိတ်နှလုံးသုတ္တန်ကနေ စုဖွဲ့ထားသော ဗုဒ္ဓကျောင်းတော်များ၏ တာအိုမီးက တစ်မူထူးခြားသော်လည်း အဲ့ဒါက ထိပ်တန်းအဆင့် ဓမ္မပညာရပ်များကို မယှဥ်နိုင်သေးပေ။
သူက နောက်ထပ်တာအိုမီးတစ်ခုကို စုဖွဲ့နိုင်မည်ဆိုလျှင်...
သူက သမာဓိတာအိုမီးတောက်များမှ နှစ်ခုကို စုဖွဲ့နိုင်ခဲ့မည်ဆိုလျှင် ၎င်း၏စွမ်းအားက အဆမတန် တိုးပွားလာပေလိမ့်မည်။
ယခု သူက ကျင့်ကြံခြင်းလောကသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်တာကြောင့် သူ၏ သားရဲကျင့်ကြံခြင်းအစွမ်းအစများကို ထုတ်ဖော်ပြသဖို့ မသင့်လျော်တော့ပေ။
ထို့ကြောင့်ပင် သူ့အနေဖြင့် မီးဒြပ်စင်ဓမ္မပညာရပ်များကို ကျွမ်းကျင်အောင်ပြုလုပ်ပြီး သူ၏တိုက်ခိုက်ရည်ခွန်အားကို မြှင့်တင်ဖို့အရမ်းကို အရေးကြီးနေခြင်းဖြစ်လေသည်။
တစ်လတာက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေသည်။
ဤနေ့တွင် ဆူဇီမိုက သူ၏လိုဏ်ဂူခန်းဝါထဲမှာ မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး ခြေချိတ်ထိုင်နေလေသည်။ သူ၏ဘေးတွင် ရွှေရောင်မီးတောက်တစ်ခုက လွင့်မျောနေပြီး ဖြည်းဖြည်းခြင်း သူ့ကိုလှည့်ပတ်နေလေသည်။
သူ၏ လက်နှစ်ဖက်ကို ဒူးနှစ်ဖက်ပေါ်တွင် လှန်၍တင်ထားပြီး လက်ဟန်ချိပ်စည်းများကို တစ်မျိုးပြီးတစ်မျိုး ထုတ်ဖော်နေလေသည်။
ကျရှုံးခြင်း...
ပြန်လည်ထုတ်ဖော်ခြင်း...
နောက်တစ်ခါကျရှုံးခြင်း...
နောက်တစ်ခါပြန်လည်ထုတ်ဖော်ခြင်း...
သူက ကြိမ်ဖန်များစွာ ကျရှုံးခဲ့လေသည်။
ရုတ်တရက်ဆိုသလို...
လက်ဖျောက်တီးသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
ဆူဇီမို၏ လက်ချောင်းထိပ်ပေါ်တွင် သွေးနီရောင်မီးတောက်မျှင်တစ်ခုက ထွက်ပေါ်လာခဲ့လေသည်။ အစက ၎င်းသည် တိုက်ခတ်လာသောလေနှင့်အတူ ငြိမ်းသေသွားတော့မည့်အလား တဖျပ်ဖျပ်ဖြစ်နေလေသည်။
သိပ်မကြာမီ မီးတောက်မျှင်က တည်ငြိမ်စုဖွဲ့လာခဲ့လေသည်။
အင်မော်တယ်တာအိုမီး...အောင်မြင်ပြီ။
ဆူဇီမိုသည် သွေးနီရောင်မီးတောက်မျှင်ကို ကြည့်ပြီး ကျေနပ်နှစ်ခြိုက်သွားခဲ့လေသည်။ သူက ပြုံး၍ သူ၏လက်ချောင်းကို လှုပ်ရှားလိုက်လေသည်။
သွေးနီရောင်မီးတောက်က လွင့်မျောသွားပြီး သူ၏ရှေ့သို့ ရောက်ရှိလာကာ ရွှေရောင်မီးတောက်နှင့်အတူ သူ၏ခန္ဓာကိုယ်ကို ဗဟိုပြု၍ တစ်ခုပြီးတစ်ခု လှည့်ပတ်လိုက်ကြလေသည်။
ဤလှုပ်ရှားကွက်က သွေးနီရောင်မီးတောက် ဆုံလည်မီးအိမ်ဟု ကျော်ကြားသော မီးဒြပ်စင်ဓမ္မပညာရပ်တစ်ခုလည်း ဖြစ်ပေသည်။
မီးတောက်နှစ်ခုက သူ့ကိုလှည့်ပတ်နေခြင်းနှင့်အတူ သူက တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းကို ပြုလုပ်နိုင်လေသည်။ သူ့ထံသို့ ချည်းကပ်ဖို့ကြိုးစားလာသော မည်သည့်ရန်သူမဆို မီးတောက်များ၏ လောင်ကျွမ်းခြင်းကို ခံရပေလိမ့်မည်။
“ဆရာဦးလေးအသေးလေး... ဆရာဦးလေးအသေးလေး.. တံခါးဖွင့်ပါဦး”
ရုတ်တရက် တံခါးခေါက်သံက ထွက်ပေါ်လာခဲ့လေသည်။
ဆူဇီမိုထံမှ အတွေးတစ်ချက်နှင့်အတူ မီးတောက်နှစ်ခုက လေထဲမှာပျက်ပြယ်သွားလေသည်။ အဲ့ဒီနောက် မမြင်ရသော လက်တစ်စုံ၏ ဆွဲယူခြင်းကို ခံလိုက်ရသည့်အလား လိုဏ်ဂူခန်းဝ၏တံခါးက ဖြည်းဖြည်းချင်း ပွင့်သွားခဲ့လေသည်။
ရူရွှမ်က လှမ်းဝင်လာခဲ့လေသည်။
နန်းကုန်လင်းနှင့် လျှိုဟန်ယန်ကလည်း နောက်ကနေ လိုက်ပါလာခဲ့လေသည်။
သူတို့နှစ်ယောက်က တစ်လကြာပြီးနောက် များစွာပြောင်းလဲသွားခြင်းမရှိပေ။
သို့သော်လည်း လျှိုဟန်ယန်သည် အဲ့ဒါကို ကြိုတင်ပြင်ဆင်ထားသည့်အလား ပို၍ပင် ဣန္ဒြေရလာလေသည်။
“ဆရာဘိုးဘိုးအသေးလေး...သွားကြရအောင် လိုဏ်ဂူခန်းဝါထဲမှာ အခုချိန်ထိ အောင်းနေနိုင်တဲ့သူက ရှင်တစ်ယောက်တည်းပဲ... အခြားကျင့်ကြံသူတွေက မစောင့်နိုင်ကြတော့ဘူး”
ရူရွှမ်ကပြောလိုက်လေသည်။
“ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲက စတင်တော့မှာ.. အသွန်းတစ်ရာဂိုဏ်းက ဒီနေ့ပဲ ထွက်ခွာတော့မယ်”
ဤနေရာအရောက်၌ ဆူဇီမို၏ရင်က လှုပ်ခတ်သွားခဲ့လေသည်။
ဤနေ့က နောက်ဆုံးမှာတော့ ရောက်ရှိလာခဲ့လေပြီ။
နှစ်တစ်ရာကြာပြီးနောက် သူက ထိုမိတ်ဆွေဟောင်းများနှင့် တစ်ဖန်ပြန်တွေ့ရပေတော့မည်။
အမှားအယွင်းတစ်စုံတစ်ရာမရှိဘူးဆိုလျှင် သူက ကျိချန်းရှန်နှင့် လမ့်ရိုကို ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ တွေ့မြင်နိုင်ပေမည်။
သူတို့သုံးယောက်သည် ဆန်းကြယ်တောင်ထွတ်သို့ အတူတကွဝင်ရောက်ခဲ့ကြပြီး များစွာသော အခက်အခဲများကို တွေ့ကြုံဖြတ်ကျော်ခဲ့ကြလေသည်။
အဲ့ဒီမှာ ရှောင်းနင်နှင့် ညဝိညာဥ်လည်းရှိလေသည်။
နှစ်တစ်ရာကြာပြီးနောက် သူတို့က ဘယ်လိုနေကြမလဲ သူက သိချင်မိလေသည်။
တစ်ကယ်တော့ အဲ့ဒီမှာ နောက်ထပ်မိတ်ဆွေဟောင်း တစ်ယောက်လည်း ရှိလေသည်။
ဆူဇီမို၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ချက်က ဖျတ်ကနဲလက်သွားပြီးနောက် ပျောက်ကွယ်သွားလေသည်။
သီယင်း...
အလယ်ပိုင်တိုက်၏ နိုးထဝိညာဥ်ပြိုင်စံရှားတိုင်သည် ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ စုဝေးကြပေလိမ့်မည်။ သီယင်းကလည်း ဤမဟာအခမ်းအနားကို လက်လွတ်ခံလိမ့်မည်မဟုတ်ဟု ဆူဇီမိုက ယုံကြည်လေသည်။
သူက ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ သီယင်းနှင့်တွေ့ဆုံရမည်ဆိုလျှင် သူက သီယင်းကို နေရာမှာပင် သတ်ဖြတ်ဖို့အတွက် အခွင့်အလမ်းတစ်ခု ရှာဖွေရပေမည်။
တစ်ကယ်တော့ နှစ်တစ်ရာက ကုန်ဆုံးသွားခဲ့လေပြီ။
ဆူဇီမ်ိုက လျင်မြန်စွာ တိုးတက်လာခဲ့ပြီး သူ၏တိုက်ခိုက်ရည်ခွန်အားကလည်း သိသိသာသာ တိုးတက်လာခဲ့လေသည်။
သီယင်းကလည်း ဒီတိုင်းငြိမ်နေလိမ့်မည်မဟုတ်ပေ။
ဆူဇီမိုသည် တွေးမျှော်မှန်းဆရင်း တိတ်တဆိတ်ရေရွတ်လိုက်လေသည်။
“သီယင်း... မင်းကငါ့ကို စိတ်ပျက်စေမှာမဟုတ်ဘူးလို့ မျှော်လင့်ရတာပဲ”