ကြောက်စရာကောင်းသော သီယင်း
Vol. 62 Ch. 930
ဖြောင်းဖြောင်းဖြောင်း...
ဒြပ်စင်ငါမျိုးဂိုဏ်းမှ ကျင့်ကြံသူကို မြှောက်တင်ပြီး ဆူဇီမိုက ထပ်တလဲလဲ ရိုက်နှက်လိုက်လေသည်။
ထိုသူ၏ လုံးဝယောင်ကိုင်းသွားမှသာ သူက ရိုက်နှက်ခြင်းကို ရပ်တန့်လိုက်လေသည်။
ကျိချန်းရှန်က ဘေးကနေစောင့်ကြည့်နေရင်း စိတ်ထဲမှာပေါ့ပါးသွားသလို ခံစားလိုက်ရလေသည်။ စောစောက သူ့ဘေးနားပတ်လည်ရှိ ကျင့်ကြံသူများက လှောင်ပြောင်ရယ်မောနေသည်ကို သူက ကြိတ်မှိတ်ခံစားခဲ့ရလေသည်။
ယခု အမှတ်တမဲ့တွေ့ရသော ဤလူက သူ၏ဒေါသများကို ဖြေဖျောက်ဖို့ ကူညီပေးနေလေသည်။
ဆူဇီမိုက သူ၏လက်ကို ဒီတိုင်းပဲမြှောက်ချလိုက်လေသည်။
ထိုသူက မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ်လဲကျသွား၏ သူ၏ပါးစပ်က သွေးများဖြင့် ပြည့်နှက်သွားလေသည်။ သူ၏ သွားများက ကြေမွသွားပြီး စကားတစ်ခွန်းကိုမှမပြောနိုင်ပဲ လေးတွဲစွာ ညည်းတွားနေရလေသည်။
ဒြပ်စင်ငါးမျိုးဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ပြောလိုက်လေသည်။
“တာအိုရောင်းရင်း... ခင်ဗျားသတ္တိရှိတယ်ဆိုရင် ခင်ဗျားရဲ့နာမည်ကို ပြောလိုက်... ဒြပ်စင်ငါးမျိုးဂိုဏ်းက ဒီနေ့အရှက်ခွဲခံရတာကို မှတ်ထားပြီးတော့ တစ်နေ့မှာပြန်ပေးဆပ်ခိုင်းမယ်”
ဆူဇီမိုက ထူးမခြားနားအမူအရာတစ်ခုရှိနေလေသည်။ သူက တစ်စုံတစ်ရာမပြောနိုင်ခင်မှာပင် လူအုပ်ကြီးထဲရှိ ကျင့်ကြံသူတစ်ယောက်က အံ့အားတသင့် အော်ဟစ်လိုက်လေသည်။
“အဲ့ဒါ သူပဲ... ငါသူ့ကိုအရင်ကမြင်ဖူးတယ်”
“သူက ဘယ်သူလဲ...”
“လွန်ခဲ့တဲ့တစ်လက လေတိမ်မြို့တော်ထဲမှာ ချန်ဖန်းကို ဒုက္ခိတဖြစ်စေခဲ့တယ်... အဲ့ဒီနောက် ကျန့်ဝူကျုံးကို အနိုင်ယူပြီး ရင်သပ်ရှုမောဓမ္မဓားကို ယူဆောင်သွားခဲ့တယ်... အဲ့ဒါက သူပဲ ငါပြောတာလုံးဝ မမှားဘူး...”
“အား...”
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားကြလေသည်။
လွန်ခဲ့သည့်တစ်လကတိုက်ပွဲသည် ကြိုးကြာတစ်ထောင်ဂိုဏ်းအတွင်း ပျံ့နှံ့နေခဲ့ပြီဖြစ်ပြီး များစွာသော ကျင့်ကြံသူများအကြား ဆွေးနွေးစရာအကြောင်းအရာတစ်ခု ဖြစ်လာခဲ့လေသည်။
ကောင်းကင်ဇင်ယော်ဂိုဏ်းနှင့် ဓားဂိုဏ်းမှ ပြိင်စံရှားများသည် ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှ သူတို့၏ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ဖို့ ကြိုးစားလိုလျင် အဲ့ဒီမှာ ကြီးမားသည့်တိုက်ပွဲတစ်ခုက သေချာပေါက်ဖြစ်လာတော့မယ်ဆိုတာကို လူတိုင်းက သိလိုက်ကြလေသည်။
“ငါကြားတာတော့... သူက ကျန့်ဝူကျုံးကို အနိုင်ယူခဲ့ရုံတင်မကဘူး... သူ့ရဲ့ ဖိနှိမ်မှုအောက်မှာ ကျန့်ဝူကျုံးက သူ့ဓားကိုတောင် ဆွဲမထုတ်နိုင်ခဲ့ဘူးတဲ့”
“သူကဘယ်သူလဲ... ငါသူ့ကိုအရင်က ဘာလို့မကြားဖူးရတာလဲ”
“သူ့ကို မိုလင်းလို့ ခေါ်တယ်လို့တော့ ထင်တာပဲ...”
ဆူဇီမိုက မိုလင်းဆိုသောနာမည်ကို ဖုံးကွယ်ထားခြင်းမရှိပေ။
ဤသတင်းအချက်အလက်က တစ်လအတွင်းပျံ့နှံ့သွားဖို့က သိပ်မခက်ခဲပေ။
ထိုနာမည်ကိုကြားသောအခါ ကျင့်ကြံသူအများစုက ငိုင်ကျသွားလေသည်။
ကျိချန်းရှန်ကသာလျှင် ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။
ဆန်းကြယ်တောင်ထွတ်မှာတုန်းက သူ၏ဂျူနီယာညီလေးတစ်ဖြစ်လဲ သူနှင့် ရင်းနှီးသောသူငယ်ချင်း ဆူဇီမိုသည် မိုလင်းဆိုသော နာမည်ဖြင့် မဟာကျိုးမြို့တော်အတွင်းမှာ နတ်ပန်းပဲဆရာတစ်ယောက်အဖြစ် နေထိုင်ခဲ့ဖူးလေသည်။ လူတိုင်းက သူ့ကို ဆရာမိုဟု ခေါ်ကြလေသည်။
နောက်ပိုင်းမှာတော့ ဂိုဏ်းပေါင်းစုံပြိုင်ပွဲ၌ မိုလင်းသည် လူတိုင်းကို တုန်လှုပ်အံ့အားသင့်သွားစေပြီး မဟာကျိုးအင်ပါယာတစ်ခုလုံးမှာ နာမည်ကြီးကျော်ကြားခဲ့လေသည်။
တစ်ကယ်တော့ လောကတွင် မိုလင်းဟုခေါ်သော ကျင့်ကြံသူများက မရေမတွက်နိုင်အောင် ရှိကြလေသည်။
ဒါ့အပြင် သူ၏အစိမ်းရောင်ဝတ်ရုံမှ လွဲ၍ မိုလင်းနှင့်ဆူဇီမိုကို ဆက်စပ်ကြည့်နိုင်သောအရာ ဘာမှမရှိပေ။
ကျိချန်းရှန်ပင်လျှင် မိုလင်းနှင့် ဆူဇီမိုကို ဆက်စပ်ကြည့်လို့ မရနိုင်ခဲ့ပေ။
သူက မိုလင်းဆိုသောနာမည်ကိုကြားရသောအခါ အတိတ်ကာလက သူ၏မှတ်ဉာဏ်အချို့ကို ပြန်လည်တူးဆွမိသွားလေသည်။
“သွားကြရအောင် သူက သိပ်ပြီးကြာကြာအူမြူးနေနိုင်မှာ မဟုတ်ပါဘူး”
“အမှန်ပဲ... ဓားဂိုဏ်းက ဟန်ချိုးယွီနဲ့ ကောင်းကင်ဇင်ယော်ဂိုဏ်းက ပကတိအရှင်ဖန်းလန်တို့ရောက်လာရင် သူကသွားပြီပဲ”
ဒြပ်စင်ငါးမျိုးဂိုဏ်းမှ လူတိုင်းသည် မနာလိုမုန်းတီးစိတ်ဖြင့် စကားလုံးအချို့ကိုပြောဆိုပြီးနောက် လှည့်ထွက်သွားကြလေသည်။
အဲ့ဒီမှာထူးထူးခြားခြား ဘာမှမရှိတော့သည်ကို ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများမြင်သောအခါ သူတို့ကလည်း လူစုခွဲလိုက်ကြလေသည်။
ကျိချန်းရှန်းက ဆူဇီမိုရှေ့သို့ရောက်လာပြီး အနည်းငယ်ဦးညွတ်၍ ပြုံးပြလိုက်လေသည်။
“ကျုပ်က ယန်ဆေးဂိုဏ်းက ကျိချန်းရှန်ပါ... ခင်ဗျားရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း”
“ကျုပ်က မိုလင်းပါ...”
ဆူဇီမိုက လက်သီးနှစ်ဖက်ကိုယှက်၍ ကျိချန်းရှန်ကို ပြုံးစစဖြင့်ကြည့်ကာ ပြန်လည်နှုတ်ဆက်လိုက်လေသည်။
ဘာ့ကြောင့်ရယ်မသိ ကျိချန်းရှန်သည် မိုလင်းသူ့ကိုကြည့်သောအကြည့်က အနည်းငယ်ထူးဆန်းနေပြီး ရင်းနှီးဖော်ရွေမှု ရှိနေသည်ဟု ခံစားရလေသည်။
“မင်္ဂလာပါရှင့်... ကျွန်မရဲ့နာမည်ကတော့ ရူရွှမ်ပါ”
ရူရွှမ်ကလည်း ချဥ်းကပ်လာပြီး ကျိချန်းရှန်ကို လက်ထောင်ပြလိုက်လေသည်။
“ဒါက ကျွန်မရဲ့ ဆရာဘိုးလေးအသေးလေးလေ... တော်တော်မိုက်တယ်နော်.. ဟုတ်တယ်မလား”
“အင်း.. ဟုတ်တာပေါ့”
ကျိချန်းရှန်က ရိုးသားစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
“တာအိုရောင်းရင်း... ခင်ဗျားရဲ့ခွန်အားကို ကျုပ်က တစ်ကယ်ပဲ အထင်ကြီးမိပါတယ်”
ခဏမျှရပ်တန့်ပြီးနောက် ကျိချန်းရှန်က ဆက်ပြောလိုက်လေသည်။
“ဒါပေမယ့်လို့... ဟန်ချိုးယွီ နဲ့ ပကတိအရှင်ဖန်းလန်ရဲ့ တိုက်ခိုက်ရည်ခွန်အားကလည်း အထင်သေးစရာမဟုတ်ဘူး... တာအိုရောင်းရင်း ခင်ဗျားက ဂရုစိုက်မှရမယ်နော် သူတို့ကိုသွားပြီးတော့ အထင်မသေးလိုက်နဲ့”
နန်းကုန်လင်းနှင့်အခြားသူနှစ်ယောက်သည် ထိုနာမည်နှစ်ခုကိုကြားသောအခါ သူတို့ကလည်း စိုးရိမ်ပူပန်သောအမူအရာများကို ထုတ်ပြလာလေသည်။
“မင်းတို့သုံးယောက် အရင်ပြန်နှင့်ကြတော့...”
ဆူဇီမိုက နန်းကုန်လင်းနှင့်အခြားနှစ်ယောက်ဘက်သို့ လှည့်ပြီးပြောဆိုလိုက်သည်။
“မင်းတို့ရဲ့ဂေဟာမှာ သွားပြိးတော့ အထိုင်ချလိုက်... ဟိုဟိုဒီဒီလျှောက်သွားမနေနဲ့... အခုချိန်မှာ အသွန်းတစ်ရာဂိုဏ်းကို လူတိုင်းက စောင့်ကြည့်နေကြတာ ဒီနေရာက လုံခြုံစိတ်ချရတဲ့နေရာမဟုတ်ဘူး”
“ဆရာဘိုးဘိုးအသေးလေး... ရှင်ကရော”
ရူရွှမ်ကမေးလိုက်လေသည်။
“ငါ့မှာတခြားလုပ်စရာတစ်ခုရှိသေးတယ် မင်းတို့တွေ အရင်ပြန်နှင့်ကြတော့”
ဆူဇီမို၏လေသံက တည်ငြိမ်နေသော်လည်း ပြန်လည်မေးခွန်းမထုတ်ဝံ့နိုင်ပေ။
နန်းကုန်လင်းနှင့်အခြားနှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီးနောက် ဦးညွတ်၍ ထွက်ခွာသွားကြလေသည်။
“ခင်ဗျားမှာ အရေးကြီးကိစ္စတစ်စုံတစ်ရာ ရှိနေမှတော့ ကျုပ်က ခင်ဗျားကိုထပ်ပြီး နှောင့်ယှက်မနေတော့ပါဘူး”
ကျိချန်းရှန်က သူ၏လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်လေသည်။
“တာအိုရောင်းရင်း... ခင်ဗျားက နောက်ပိုင်းအကူညီတစ်ခုခုလိုမယ်ဆိုရင် ယန်ဆေးဂိုဏ်းမှာ ကျုပ်ကိုလာရှာလိုက်ပါ... ကျုပ်က အတတ်နိုင်ဆုံး သေချာပေါက် ကြိုးစားပေးပါ့မယ်”
ဆူဇီမိုက ပြုံးလိုက်လေသည်။
“ဘယ်လောက်တောင်တိုက်ဆိုင်လိုက်သလဲ... အခုပဲကျုပ်က ခင်ဗျားကိုအကူညီတောင်းစရာတစ်ခုရှိနေတယ်”
“အမ်...”
ကျိချန်းရှန်က အလောတကြီး ပြန်ပြောလိုက်လေသည်။
“တာအိုရောင်းရင်း ကျေးဇူးပြုပြီးပြောပါ”
ဆူဇီမိုက ဘေးဘီဝဲယာသို့ လှည့်ကြည့်လိုက်လေသည်။
ဆူဇီမို၏အကြည့်နောက်သို့လိုက်ပါရင်း အဲ့ဒီမှာသူတို့ကို စောင့်ကြည့်နေသော ကျင့်ကြံသူများ ကျန်ရှိနေသေးသည်ကို ကျိချန်းရှန်က တွေ့မြင်လိုက်ရလေသည်။ သူက ချက်ချင်းပင် နားလည်သဘောပေါက်သွားပြီး ပြောလိုက်လေသည်။
“တာအိုရောင်းရင်း... ခင်ဗျားစိတ်မရှိဘူးဆိုရင် စကားလေးဘာလေးပြောဖို့အတွက် ကျုပ်ရဲ့ဂေဟာကို ကျေးဇူးပြုပြီး လိုက်ခဲ့ပါလား”
“ကောင်းပြီလေ...”
ဆူဇီမိုက တုံ့ဆိုင်းခြင်းမရှိပဲ သဘောတူလိုက်လေသည်။
ယန်ဆေးဂိုဏ်း၏ ဂေဟာက မလှမ်းမကမ်းမှာရှိပြီး သူတို့နှစ်ယောက်က ချက်ချင်းဆိုသလို ရောက်ရှိသွားကြလေသည်။
ကျိချန်းရှန်က လက်ဖက်ရည်ပူတစ်ခွက်ကို ဆူဇီမိုအတွက် ငှဲ့ပေးပြီး ပြောလိုက်လေသည်။
“တာအိုရောင်းရင်း... ဒီနေရာမှာ တခြားဘယ်သူမှမရှိဘူးဆိုတော့ ကျေးဇူးပြုပြီး ပြောလို့ရပါပြီ”
“အစ်ကိုကျိ ဒီနှစ်တွေထဲ ခင်ဗျားဘယ်လိုနေလဲ...”
ဆူဇီမို၏ မျက်နှာပေါ်ရှိကြွက်သားများက တွန့်လိမ်သွားပြီး သူ၏အရိုးများက အသွင်ပြောင်းလဲသွားခဲ့လေသည်။ တစ်ခဏအတွင်းမှာပင် သူက ကြော့ရှင်း၍ ချောမောပြေပြစ်သော ရုပ်ရည်သွင်ပြင်တစ်ခုသို့ ပြောင်းလဲသွားပြီး ကျိချန်းရှန်ကို ပြုံးပြလိုက်လေသည်။
ကျိချန်းရှန်၏ မျက်လုံးများက ပြူးကျယ်သွားခဲ့လေသည်။ ပထမတော့ သူ၏မျက်လုံးများက တုန်လှုပ်မှုဖြင့် ကြည့်နှက်နေပြီး အဲ့ဒီနောက် ဝမ်းသာရွှင်ပြသွားခဲ့လေသည်။
“အား...”
သူက အံအားတသင့်ရေရွတ်လိုက်ပြီး ရှေ့သို့ခြေတစ်လှမ်းတိုးကာ ဆူဇီမို၏ လက်ကောက်ဝတ်ကို စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ဖမ်းဆွဲလိုက်လေသည်။
ဆူဇီမိုက ခေါင်းကိုညင်သာစွာခါ၍ တိုးတိုးတိတ်တိတ်နေဖို့ အချက်ပြလိုက်လေသည်။ ကျိချန်းရှန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် သူ့ကိုယ်သူဣန္ဒြေဆယ်ကာ တိုးတိတ်စွာပြောလိုက်လေသည်။
“ဇီမို... အဲ့ဒါမင်းကိုး”
“မင်းကိုအခုလိုမြင်ရတာ ငါဝမ်းသာတယ်ကွာ”
ကျိချန်းရှန်က သူ၏အသံကို နှိမ့်ထားသော်လည်း သူ၏ ဝမ်းသာပျော်ရွှင်မှုကို ထိန်းချုပ်မထားနိုင်ပေ။ သူ၏အသံက စိတ်လှုပ်ရှားတက်ကြွမှုဖြင့် အနည်းငယ်တုန်ရင်နေလေသည်။
ဆူဇီမိုက ကျိချန်းရှန်၏ပုခုံးကို ပုတ်လိုက်လေသည်။
“ကျုပ်က အဆင်ပြေပါတယ်... အားလုံးစိတ်ပူစေမိတဲ့အတွက်လည်း တောင်းပန်ပါတယ်”
“မင်းရဲ့အစွမ်းအစနဲ့ဆို မင်းက အန္တရာယ်မရှိနိုင်ဘူးဆိုတာ ငါတို့သိပေမယ့်လို့ မင်းက နှစ်တစ်ရာကြာအောင် ပျောက်ဆုံးနေတဲ့အတွက် ငါတို့က စိုးရိမ်ပူပန်ရတာပဲ”
ကျိချန်းရှန်က ဆူဇီမို၏ရင်ဘတ်ကိုထိုးပြီး ပြုံးလိုက်လေသည်။
“မင်းကို... အခုလိုကျန်းကျန်းမာမာနဲ့ မြင်တွေ့ရတော့... နောက်ဆုံး အဲ့ဒီဝန်ထုပ်ဝန်ပိုးကို ငါက လွှတ်ချလို့ရသွားပြီ”
“ခင်ဗျားတို့တွေ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ကျုပ်ကြားမိပါရဲ့”
ဆူဇီမို၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်က တဖျတ်ဖျတ်လက်လာလေသည်။
“ဘာမှမပူနဲ့အစ်ကိုကျိ... သီယင်းရဲ့ အသက်ကို ကျုပ်က သေချာပေါက်ယူပေးမယ်”
ဆူဇီမို၏ စကားကိုကြားသောအခါ ကျိချန်းရှန်သည် အကြောက်မပြေသေးဟန်ဖြင့် သူတို့အမဲလိုက်ခံခဲ့ရပုံကို ပြန်လည်အမှတ်ရသွားပုံ ရလေသည်။ သူ၏မျက်နှာက ဖြူဖျော့သွားပြီး သူ၏ခေါင်းကို ခါလိုက်လေသည်။
“လွန်ခဲ့တဲ့နှစ် ၈၀ က သီယင်းက ထွက်ပေါ်လာပြီး ငါတို့ကို လာရှာတုန်းက သူက ပကတိနိုးထဝိညာဥ်အဆင့်ကိုရောက်နေခဲ့ပြီ”
“သီယင်းက တစ်ကယ့်ကိုသန်မာတယ်.. သူနဲ့ကိုယ်တိုင်မတိုက်ခိုက်ဖူးရင် သူဘယ်လောက်သန်မာလည်းဆိုတာ စဥ်းစားကြည့်နိုင်မှာတောင် မဟုတ်ဘူး”
“သူနဲ့ရင်ဆိုင်ရချိန်မှာ ငါက လုံးဝကို ကူကယ်ရာမဲ့တာပဲ... အဲ့ဒီအချိန်တုန်းက အနီးနားမှာရှိတဲ့ ယန်ဆေးဂိုဏ်းက ပညာရှင်တွေက ငါ့ကိုကယ်တင်ခဲ့လို့သာ.. ဒါတောင် ငါက အပြည့်အဝပြန်ကောင်းလာဖို့အတွက် ဆယ်နှစ်ကျော်လောက် ပြန်လည်ကုသခဲ့ရတယ်”
ခဏမျှစဥ်းစားပြီးနောက် ကျိချန်းရှန်က ဆက်ပြောလိုက်လေသည်။
“ဘာမှမပူနဲ့ ဖက်တီးလေးကလည်း အဆင်ပြေပါတယ်... သူက သီယင်းကြောင့် ဒဏ်ရာအပြင်းအထန်ရရှိပြီး အုတ်ဂူတစ်ဂူထဲကို လမ်းမှားပြီး ဝင်ရောက်သွားခဲ့တယ်... အဲ့ဒါက သူ့ကို ကပ်ဘေးထဲကနေ ကောင်းချီးပေးလိုက်တာပဲ”
ရုတ်တရက် ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်လေသည်။
“သူက လွန်ခဲ့တဲ့နှစ် ၈၀ ကပေါ်လာတုန်းကတောင် သီယင်းက ပကတိနိုးထဝိညာဥ်အဆင့်ကို ရောက်နေပြီဆိုတော့ သူက နိုးထဝိညာဥ်အဆင့်ကို တက်လှမ်းပြီး ပကတိအဆင့်ကိုရောက်လာဖို့ နှစ် ၂၀ ပဲ အချိန်ယူခဲ့ရတာပဲ”
ကျိချန်းရှန်က ခါးသက်စွာပြုံး၍ ခေါင်းညိတ်လိုက်လေသည်။
“အဲ့ဒီလူရဲ့ ကံကြမ္မာအခွင့်အလမ်းက တော်တော်ကြောက်ဖို့ကောင်းတာပဲ သူ့ရဲ့ပါရမီကလည်း တစ်ကယ့်တုန်လှုပ်စရာပဲ... လူသားဧကရာဇ်ရဲ့ အမွေအနှစ်နဲ့ပေါင်းစပ်လိုက်တော့ သူက ကျားကိုတောင်ပံတပ်ပေးလိုက်သလိုပဲ... သူက နှစ်တစ်သောင်းမှာတောင် တစ်ကြိမ်ပေါ်ထွက်မလာနိုင်တဲ့ တစ်ကယ့်ကို ပြန်ဝင်စားမွန်းစတားတစ်ကောင်ပဲ”