အထူးဇာတ်ကောင်
Vol. 66 Ch. 1023
ရွှီချင်းသည် နတ်ဘုရားသဘာဝကို ယခင်က ထိတွေ့ခံစားခဲ့ဖူးသောကြောင့် ဝိညာဉ်စုစည်းခြင်းအကြောင်းကို အနည်းအကျဉ်း နားလည်သည်။
ဤအခိုက်အတန့်မှာ လျှပ်စီးရောင်သည် လွင့်ပြယ်သွားပြီး အမှောင်ထုက အရာအားလုံးကို တဖန်လွှမ်းခြုံသွားသည်။ ယင်းက အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ ဖွဲ့စည်းထားသော ဝဲကတော့များကို ဖုံးကွယ်သွားသည်။ အော်ဟစ်သံများသည် အဝေးမှ မြည်ဟိန်းထွက်လာသည်။ အိမ်ရှေ့စံမင်းသားနှင့် သူ၏ မောင်နှမများက အဝေးသို့ ရွေ့လျားသွားနေကြကြောင်း ထင်ရှားပေသည်။
သူတို့ဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံးက ရှင်းလင်းဖယ်ရှားခံလိုက်ရသည်။
ခေါင်းဆောင်သည် သက်ပြင်းချလိုက်ပြီး သူ၏ လက်ထဲမှ အရေပြားအပိုင်းအစများကို ကြည့်လိုက်သည်။ နာကျင်သော ခံစားမှုအသိက သူ၏ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။ ရှုပ်ထွေးသော စိတ်ခံစားမှုက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ ထို့နောက် သူက ရွှီချင်းကို ကြည့်လိုက်သည်။
“ ချင်းလေး… သူတို့တွေ တမင်သက်သက် အကျင့်ယုတ်တာလို့ မင်းမထင်ဘူးလား… ”
“ ငါ သူတို့ကို မေးတယ်… ဒါပေမဲ့ သူတို့က မလိုက်ဘူးလို့ပြောတယ်… ဒါကြောင့် ဖယောင်းတိုင်တွေနဲ့ အဆောင်အရွက်တွေ ပြုလုပ်ဖို့ ငါ့ကိုယ်ငါ အသားအနာခံခဲ့တယ်… မင်းသိလား အဲ့ဒါ ဘယ်လောက်နာကျင်လဲဆိုတာ ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။
“ ခေါင်းဆောင်… အဆောင်အရွက်တွေကို ပြန်သိမ်းထားလိုက်ပါ… ကျန်တဲ့ခရီးစဉ်မှာ အဲ့ဒါတွေကို ငါတို့လိုအပ်လိမ့်မယ်လို့ ငါမထင်ဘူး… ပြီးတော့ အဲ့ဒါတွေကို အလဟဿမဖြစ်စေဖို့ အရေးကြီးတယ်… သိမ်းဆည်းထားတာက နောင်တချိန်ကျရင် အသုံးတည့်လာနိုင်တယ်… ဒါမှမဟုတ် မင်းရဲ့ ခန္ဓာကိုယ်ပေါ် ပြန်ကပ်နိုင်လောက်ပါတယ် ”
ခေါင်းဆောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူက အဆောင်အရွက်အားလုံးကို သိမ်းဆည်းလိုက်ပြီး အရှေ့သို့ လျှောက်သွားသည်။
လျှိုမြောင်သည် မည်းမှောင်နေဆဲဖြစ်ပြီး ဘေးပတ်ဝန်းကျင်သည် အေးစက်နေဆဲပင်။ သို့သော်လည်း မည်သည့်အန္တရာယ်မှ မရှိတော့ပေ။
နင်ယန်နှင့် ဝူကျန်းဝူသည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်ကြသည်။ လီယိုဖေးသည်လည်း သက်ပြင်းချလိုက်သည်။ ဝိညာဉ်သခင်မယုံကျင်းသည် ထိုကိစ္စကို ဂရုမစိုက်ပေ။ ယင်းအစား သူက ဝမ်းသာပျော်ရွှင်နေသည်။ အကယ်၍ ချန်းအားညို မပျော်ရွှင်နေလျှင် သူက ပျော်ရွှင်နေလိမ့်မည်။
သူက ဝမ်းသာပျော်ရွှင်သောကြောင့် မီးအိမ်ကို ဆက်လက်ထုရိုက်လိုက်သည်။
ထိုသို့ဖြင့် နှစ်နာရီ ထပ်မံကုန်ဆုံးသွားသည်။ လူတိုင်းသည် လျှိုမြောင်၏ အဆုံးဆီသို့ မည်သည့်အခက်အခဲမှမရှိဘဲ ရောက်ရှိသွားကြသည်။
သူတို့က ပြောင်းပြန်ကောင်းကင်ထဲမှ ထွက်လျှောက်လာသည့်အခိုက် ပျက်စီးနေသော ယဇ်ပလ္လင်တစ်ခုသည် သူတို့၏ မြင်ကွင်းထဲမှာ ထွက်ပေါ်လာသည်။
ထိုယဇ်ပလ္လင်သည် အကောင်းတိုင်း ရှိနေခဲ့ချိန်က အတော်လေး ကြီးမားရပေမည်။
အဘယ့်ကြောင့်ဆိုသော် ၎င်း၏ ပျက်စီးသွားသော အပိုင်းအစများသည်ပင် ဧရာမကျောက်တုံးကြီးများ၏ အရွယ်အစားရှိသည်။ ထို့ပြင် ဘေးပတ်ဝန်းကျင်မှာ မတ်တတ်ရပ်နေကြသော ရုပ်တုတချို့လည်း ရှိသေးသည်။
ထိုရုပ်တုများသည် ပေတစ်သိန်းရှည်လျားကြသည်။ ၎င်းတို့က ပျက်စီးနေပြီး ရှေးကျပုံပေါ်သည်။ ၎င်းတို့၏ အရှိန်အဝါများသည် အတော်လေး အံ့ဖွယ်ကောင်းသည်။
ရွှီချင်းနှင့် တခြားလူများသည် သူတို့က လူ့ဘီလူးတိုင်းပြည်ထဲသို့ ရောက်ရှိသွားသည့်အလား ခံစားမိသွားကြသည်။
ဤနေရာတွင် မကျေမချမ်းစိတ်ဆန္ဒနှင့် အလွန်သိပ်သည်းသော အန္တရာယ်အရှိန်အဝါက ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ယင်းက တချို့ဧရိယာများကို အတိုင်းအတာတစ်ခုထိ ပုံပျက်တွန့်လိမ်စေသည်။
ယင်းက ကောင်းကင်ကိုပင် သက်ရောက်မှုရှိသည်။ ဤနေရာမှ ကောင်းကင်သည် ခရီးတစ်လျှောက်တွင် ရွှီချင်းမြင်တွေ့ခဲ့သော ကောင်းကင်နှင့် ခြားနားသည်။ ဤနေရာမှ ကောင်းကင်သည် ပိုပြီးမြင့်မားပေသည်။ ဤသည်မှာ ကောင်းကင်အလွန်မှာရှိသော နောက်ထပ်ကောင်းကင်တစ်ခု ဖြစ်ဟန်တူသည်။
မကျေမချမ်းစိတ်ဆန္ဒနှင့် အန္တရာယ်အရှိန်အဝါ၏ စိမ့်ဝင်ပျံ့နှံ့မှုကြားမှာ ကြီးမားသော ဝဲကတော့တစ်ခု ဖြစ်ပေါ်နေသည်။ ဝဲကတော့သည် ကျယ်လောင်သော အသံများကို အစဉ်မပြတ် ထုတ်လွှတ်နေပြီး အကြမ်းပတမ်း လှည့်ပတ်နေသည်။
ဝဲကတော့ထဲတွင် လေ၊ မိုး၊ မိုးကြိုးနှင့် လျှပ်စီးများအပြင် နေ၊ လနှင့် ကြယ်များရှိသည်။ ထိုမျှတင်မကသေးပေ။ အဆုံးမရှိသော ဥပဒေသများသည် ဝဲကတော့ထဲမှာ တည်ရှိနေကြပြီး အစဉ်အမြဲ ပြောင်းလဲထွက်ပေါ်နေသည်။ ထိုဖြစ်စဉ်က ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများကို ဖန်တီးနေသည်။
ယင်းက ဝိညာဉ်လှုပ်ခတ်စေနိုင်သော မြင်ကွင်းဖြစ်သည်။
ရွှီချင်းသည် အဝေးမှ ခမ်းနားထည်ဝါသော ဝဲကတော့ကို ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ နှလုံးသားသည် လှုပ်ခါလာသည်။
ထိုဝဲကတော့ထဲမှ နီလာနတ်သမီး၏ အရှိန်အဝါရောနှောနေသော နတ်ဘုရားစွမ်းအင်လှိုင်းများကို သူအာရုံခံမိသည်။ ထို့ပြင် အရာအားလုံးကို လွှမ်းမိုးခြယ်လှယ်နိုင်သော အလွန်အားကောင်းသည့် စွမ်းအားတစ်မျိုးလည်း ရှိနေသည်။ ဤသည်မှာ လောကကြီးက ထိုစွမ်းအား၏ ရှေ့မှောက်တွင် ဒူးထောက်ရမည့်သဘော ရှိသည်။
ရှေးခေတ်ကာလမှ ရောက်ရှိလာဟန်ရသော ဒေါသတကြီး ဟိန်းသံသည်လည်း ဝဲကတော့ထဲမှ ဝိုးတိုးဝါးတား ထွက်ပေါ်နေသည်။ ထိုဟိန်းသံက နှလုံးကွဲကြေဖွယ်ကောင်းသော စူးရှရှအော်မြည်သံဖြင့် ပေါင်းစပ်သွားသောအခါ ယင်းက ရွှီချင်း၏ တစ်ကိုယ်လုံးကို သွေးနီရောင်အလင်း တောက်ပသွားစေသည်။ သူ၏ နတ်ဘုရားရတနာသိုက်သည် မတည်မငြိမ်ဖြစ်လာပြီး ကျောက်ရှာအလင်းသည် ပျံ့လွင့်ထွက်လာသည်။ တားမြစ်အဆိပ်သည် တအိအိလှုပ်ခတ်လာပြီး အလိုအလျောက် ခုခံကာကွယ်လိုက်သည်။
သို့တိုင် သူက သွေးတစ်ပွက်အန်လိုက်ရပြီး အနောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားရသည်။
“ အိမ်ရှေ့စံမင်းသားတောင် အဲ့ဒီဝဲကတော့ထဲကို အလွယ်တကူ ဝင်နိုင်မှာမဟုတ်ဘူး… ”
ရွှီချင်း၏ အမူအရာသည် တည်ကြည်လေးနက်နေပြီး စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ အကယ်၍ သူသည်ပင် ထိုမျှထိတ်လန့်သွားသည်ဆိုလျှင် တခြားလူများကို ပြောနေရန် မလိုတော့ပေ။
ထိုအခိုက်အတန့်မှာ နင်ယန်၊ ဝူကျန်းဝူနှင့် လီယိုဖေးသည် အမူအရာပျက်ယွင်းသွားကြသည်။ သူတို့အားလုံးသည် သွေးအန်လိုက်ရပြီး သူတို့၏ ဝိညာဉ်က ဆုတ်ဖြဲခံလိုက်ရသည်။
ဤအခိုက်အတန့်မှာ နင်ယန်၏ သွေးမျိုးစက်က လှုံ့ဆော်ခံလိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးသည် အဝါရောင်အလင်း ထုတ်လွှတ်လာသည်။ သို့တိုင် သူက မခုခံနိုင်ဘဲ သတိမေ့သွားသည်။
လီယိုဖေးသည်တော့ သူ၏ ခန္ဓာကိုယ်က တုန်ယင်လာသည်။ သူက ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ထိုဝဲကတော့အောက်မှာ ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူများသည် ရွှေအမြူတေကျင့်ကြံသူများထက် အများကြီး ပိုမကောင်းမွန်နိုင်ပေ။ သူက သွေးအန်လိုက်ရပြီး အပြင်းအထန် ဒဏ်ရာရသွားကာ သတိမေ့သွားသည်။
ဝူကျန်းဝူသည်တော့ သူ၏ ကျင့်ကြံခြင်းက အားလုံးထဲမှာ အားအနည်းဆုံးဖြစ်သော်လည်း သူ့မှာ နောင်သားမျိုးဆက် အများအပြားရှိသည်။ ထိုသို့အရေးကြီးအခိုက်အတန့်မှာ သူက လက်ဝှေ့ယမ်းလိုက်ပြီး နောင်သားမျိုးဆက်အများအပြားကို ဆင့်ခေါ်လိုက်သည်။ ၎င်းတို့က ဝူကျန်းဝူ၏ ခန္ဓာကိုယ်ကို ဝိုင်းရံလိုက်ကြပြီး သူတို့၏ သွေးမျိုးစက်စွမ်းအားဖြင့် အားဖြည့်ပေးလိုက်ကြသည်။ သူက သွေးအန်လိုက်ရသော်လည်း သတိမမေ့သွားခဲ့ပေ။
ဝိညာဉ်သခင်မယုံကျင်း၏ အမူအရာသည်လည်း လေးနက်နေသည်။ သူက ကောင်းကင်ပေါ်မှ ဝဲကတော့ကို ကြည့်လိုက်လေရာ လျှို့ဝှက်ရတနာသိုက်ငါးခုသည် သူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။ သို့မှသာ သူက အဆင်ပြေသွားသည်။
ခေါင်းဆောင်သည်လည်း ပါးစပ်အပြည့် သွေးအန်လိုက်ရပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ သို့သော်လည်း သူ၏ မျက်လုံးထဲမှာ ပြင်းပြသော စိတ်လှုပ်ရှားမှုက ထွက်ပေါ်နေသည်။ သူ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက ဝဲကတော့အောက်မှ ပျက်စီးနေသော ယဇ်ပလ္လင်ကို လက်ညှိုးညွှန်လိုက်ပြီး ရူးသွပ်စွာ ရယ်မောလိုက်သည်။
“ ချင်းလေး… မင်းမြင်လား… အဲ့ဒါ ငါတို့ရဲ့ ဦးတည်ရာပဲ ”
“ ဒီနေရာက အတိတ်မှာ လဝတ်ပြုဒေသကြီးရဲ့ အုပ်ချုပ်သူက နတ်ဘုရားမဖြစ်သေးတဲ့ နီလာနတ်သမီးကို သတ်ဖြတ်ပစ်ခဲ့တဲ့ နေရာပဲ ”
“ နီလာနတ်သမီးက နတ်ဘုရားမဖြစ်ခင်မှာ အုပ်ချုပ်သူနဲ့ အဆင့်တူမှာ ရှိတယ် ”
“ အရင်ဘဝမှာ ငါစုဆောင်းထားခဲ့တဲ့ သတင်းအချက်အလက်တွေအရဆို အုပ်ချုပ်သူရဲ့ နတ်ဘုရားအစွမ်းတွေ စုဝေးရာကနေ ဖွဲ့စည်းလာတဲ့ နတ်ဘုရားကွပ်မျက်စင်က ဒီနေရာမှာ ရှိရမယ်… အဲ့ဒါက ပုံရိပ်ယောင်ကနေ အစစ်အမှန်ကို ပြောင်းလဲနိုင်တယ် ”
“ အဲ့ဒီယဇ်ပလ္လင်က နီလာနတ်သမီးကို သတ်ဖြတ်ပစ်ခဲ့တဲ့ နတ်ဘုရားကွပ်မျက်စင်ပဲ… ဒါပေမဲ့ နောက်ပိုင်းကျတော့ နီလာနတ်သမီးရဲ့ အလိုမကျမှုကြောင့် အဲ့ဒါက ပြိုကျပျက်စီးသွားခဲ့တယ်… ကိုယ်ထည်နဲ့ စိတ်ဝိညာဉ်က အမြစ်ဖြတ်သုတ်သင်ခံလိုက်ရတယ်… ဒါပေမဲ့ ကိစ္စမရှိဘူး ”
ခေါင်းဆောင်၏ မျက်လုံးသည် ပြင်းထန်သော ရူးသွပ်မှုကြောင့် ဝင်းလက်လာသည်။ သူ၏ အသံသည်လည်း စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
“ အဲ့ဒါက ငါတို့လုပ်မယ့် ကိစ္စကြီးအပေါ် သက်ရောက်မှုမရှိဘူး… ပြီးတော့ အခု ငါတို့က ဒီရောက်လာပြီဆိုတော့ တချို့ကိစ္စတွေကို ငါပြောနိုင်ပြီ… ကမ္မသက်ရောက်မှု ဖြစ်ပေါ်လာမှာကို စိုးရိမ်စရာမလိုတော့ဘူး… တကယ်လို့ အပြင်လောကမှာသာ ငါပြောမယ်ဆိုရင် နီလာနတ်သမီးက အဲ့ဒါကို အာရုံခံမိသွားလိမ့်မယ် ”
ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်လေရာ သူ၏ မျက်လုံးသည် တောက်ပလာသည်။
“ ချင်းလေး… ငါ့ဇာတ်ညွှန်းကို နတ်ဘုရားသတ်ဖြတ်ခြင်းလို့ ဘာလို့ပေးထားလဲ မင်းသိလား ”
“ ဘာလို့လဲဆိုတော့ အုပ်ချုပ်သူက နီလာနတ်သမီးကို ဒီနေရာမှာ သတ်ဖြတ်ခဲ့တဲ့ မြင်ကွင်းကို မင်းက ပြန်ဖန်တီးတော့မှာမို့လို့ပဲ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။ သူက အဖြေကို အစောကြီးကတည်းက မှန်းဆထားမိသည်။ သို့သော်လည်း ခေါင်းဆောင်က ရှင်းရှင်းလင်းလင်း မပြောထားသဖြင့် သူက ဆက်ပြီးမစူးစမ်းခဲ့ပေ။
ခေါင်းဆောင်သည် ရယ်မောလိုက်သည်။
“ မှန်တယ်… အဲ့ဒါကို အစစ်နီးပါးဖြစ်အောင် ငါပြန်ဖန်တီးမယ်… အဲ့ဒါကို ငါမှတ်တမ်းတင်ထားပြီး ပြီးပြည့်စုံအောင် ပြန်ပြုပြင်မယ် ”
“ ပြီးသွားရင် ငါ့မှာရှိတဲ့ အတုယောင်နေလုံးတွေကို အသုံးပြုပြီး အဲ့ဒီမြင်ကွင်းကို လဝတ်ပြုဒေသကြီးတစ်ခုလုံးဆီ ထုတ်လွှင့်မယ် ”
“ အတုယောင်နေလုံးတစ်လုံးက သဲကန္တာရထဲမှာရှိတယ်… ဒီနေရာကို ငါမဝင်လာခင် နေလုံးနှစ်လုံးကို တခြားနေရာတွေမှာ လွှင့်တင်ခဲ့တယ်… အခု အဲ့ဒါတွေက လဝတ်ပြုဒေသကြီးရဲ့ ကောင်းကင်ပေါ်မှာ ရောက်နေကြလောက်ပြီ… တခြားနေလုံးတွေကိုလည်း ငါ လျှို့ဝှက်အစီအစဉ်တွေ ပြုလုပ်ထားခဲ့တယ် ”
“ မှတ်တမ်းတင်ပြီးသွားရင် တိုက်ရိုက် ထုတ်လွှင့်ပြသနိုင်လိမ့်မယ် ”
“ အဲ့ဒီအခါကျရင် လဝတ်ပြုဒေသကြီးထဲက သက်ရှိအားလုံးက သူတို့ဘယ်နေရာမှာပဲရှိနေပါစေ အရာအားလုံးကို ကောင်းကင်ပေါ်မှာ မြင်နိုင်လိမ့်မယ် ”
ခေါင်းဆောင်၏ အသံသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားသည်။ တစ်ချိန်တည်းမှာ ကောင်းကင်ပေါ်မှ ဝဲကတော့က ကျယ်လောင်သော မြည်ဟိန်းသံများကို ထုတ်လွှတ်လာလေရာ ယင်းက အံ့ဖွယ်ထူးခြားသော အရှိန်အဝါတစ်ခုကို ဖြစ်ပေါ်လာစေသည်။
“ လက်ရှိအချိန်မှာ လဝတ်ပြုဒေသကြီးထဲက သက်ရှိအားလုံးက စိတ်ပျက်အားငယ်နေကြတယ်… သူတို့အတွက် မျှော်လင့်ချက်လိုအပ်တယ်… သူတို့အတွက် အလင်းရောင်လိုအပ်တယ်… ငါတို့မှတ်တမ်းတင်မယ့်အရာက သူတို့အတွက် မျှော်လင့်ချက်ဖြစ်သလို အလင်းရောင်လည်း ဟုတ်တယ် ”
ဤသည်ကို ရွှီချင်းကြားသောအခါ သူက အပြည့်အဝ နားလည်သွားပြီး ပြောသည်။
“ ဘာလို့လဲဆိုတော့ ဒီမြင်ကွင်းက နတ်ဘုရားတွေတောင် သေဆုံးနိုင်တယ်ဆိုတာကို သူတို့ကို သိစေလိမ့်မယ်… အဲ့ဒီအခါ နတ်ဘုရားတွေက ပြိုင်ဘက်ကင်းတည်ရှိမှုမဟုတ်ဘူးဆိုတာ သူတို့သိသွားကြလိမ့်မယ် ”
“ ဟုတ်တယ် ”
ခေါင်းဆောင်၏ အမူအရာသည် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။ သူက ထိုမြင်ကွင်းကို နှစ်ပေါင်းမြောက်များစွာကြာအောင် စဉ်းစားနေခဲ့ပြီး ထိုအတွက် ပြင်ဆင်မှုများစွာကို ပြုလုပ်ခဲ့သည်မှာ ရှင်းလင်းပေသည်။ သို့ဖြစ်၍ ယခု သူ၏ အစီအစဉ်က အထမြောက်တော့မည့်အခါ ထုံးစံအားဖြင့် သူက စိတ်လှုပ်ရှားနေသည်။
“ စီနီယာအကိုကြီး… မင်းရဲ့ ရည်ရွယ်ချက်က ဒီတစ်ခုထက် ပိုတယ်မလား ”
ရွှီချင်းသည် လေးနက်စွာ တွေးတောပြီးနောက် ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ ဂျူနီယာညီလေး… မင်းက ငါ့အပေါ် အနားလည်ဆုံးလူပဲ… ဟား ဟား ငါ့မှာ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်သုံးခုရှိတယ် ”
“ ပထမတစ်ခုက လဝတ်ပြုဒေသကြီးထဲက သက်ရှိအားလုံးရဲ့ တိုက်ခိုက်ချင်စိတ်ကို ငါလှုံ့ဆော်ပေးချင်တယ်… နီလာနတ်သမီးကို ငါတို့ရဲ့ အင်အားသက်သက်နဲ့ ဝါးမျိုဖို့က အရမ်းခက်ခဲတယ်… ဒါကြောင့် သက်ရှိအားလုံးရဲ့ စွမ်းအားကို ငှားယူပြီး လွင်ပြင်တွေကို လောင်ကျွမ်းပစ်မယ့် မီးတောက်တစ်ခုကို ဖန်တီးမယ် ”
“ ဒုတိယတစ်ခုကတော့ ပထမရည်ရွယ်ချက်ကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးသွားရင် တိုက်ရိုက် ထုတ်လွှင့်မှုကနေတဆင့် သက်ရှိအားလုံးရဲ့ ဆန္ဒစွမ်းအင်ကို ဒီနေရာမှာ ငါစုဝေးမယ်… အဲ့ဒီဆန္ဒစွမ်းအင်က ငါတို့အတွက် အရမ်းအသုံးဝင်တယ်… နောက်ကျရင် မင်းသိလာမှာပါ ”
“ တတိယရည်ရွယ်ချက်ကတော့ သက်ရှိအားလုံးက ဒီမြင်ကွင်းကို မှတ်မိသွားကြတဲ့အခါ မျိုးစေ့တစ်ခုက သူတို့၏ နှလုံးသားထဲမှာ စိုက်ပျိုးလာလိမ့်မယ်… တကယ်တော့ နီလာနတ်သမီး အမုန်းတီးဆုံးအရာက အတိတ်မှာ သူအသတ်ခံခဲ့ရတဲ့ မြင်ကွင်းပဲ ”
“ ချင်းလေး နတ်ဘုရားသဘာဝကို အရင်က မင်းထိတွေ့ဖူးတယ်… ဒီတော့ လူသားသဘာဝနဲ့ နတ်ဘုရားသဘာဝကြားက ဆက်ဆံရေးကို မင်းနားလည်လိမ့်မယ်… ဒီတော့ နီလာနတ်သမီးက ဘာလို့ ဆာလောင်နေတာလဲ မင်းသိလောက်ပါတယ်… ဘာကြောင့်လဲဆိုတော့… သူက မပြည့်စုံသေးလို့ပဲ ”
ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်လုံးထဲမှ ရူးသွပ်မှုသည် အလွန်ပြင်းထန်လာသည်။ အမှန်မှာ သူ၏ မျက်လုံးထဲမှာပင် မျက်နှာတစ်ခု ထွက်ပေါ်လာနေသည်။ ဆာလောင်သော စိတ်ခံစားမှုက ခေါင်းဆောင်၏ ခန္ဓာကိုယ်ထဲမှ ထိန်းချုပ်မရအောင် ထွက်ပေါ်လာနေကြောင်း မည်သူမဆို အာရုံခံနိုင်လိမ့်မည်။
ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ အဲ့ဒါကို ငါ အာရုံခံမိတယ်… နီလာနတ်သမီးက သေချာတဲ့ နှစ်ဖက်ညီမျှမှုအခြေအနေကို ရောက်ရှိနေတာဖြစ်မယ်လို့ ငါ ခန့်မှန်းမိတယ်… ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူက တကယ်ပဲ မပြည့်စုံသေးဘူး… အဲ့လိုမှမဟုတ်ရင် သူ့ရဲ့ လူသားသဘာဝက လုံးဝဖျက်ဆီးခံလိုက်ရရင် သူက နောက်ထပ် ဆာလောင်တော့မှာမှ မဟုတ်တာ ”
ခေါင်းဆောင်သည် ပြုံးလိုက်သည်။ ထိုအပြုံးသည် အနည်းငယ် ကြောက်စရာကောင်းသည်။ ဝိညာဉ်သခင်မယုံကျင်းသည်ပင် နှလုံးတုန်သွားသည်။
“ ဒါကြောင့် ငါတို့လုပ်ရမှာက အဲ့ဒီနှစ်ဖက်ညီမျှမှုအခြေအနေကို ဖျက်ဆီးပစ်ရမယ် ”
“ ငါက ယဇ်ပူဇော်အကအတတ်ပညာကို အသုံးပြုပြီး ဒီမှတ်တမ်းကို နီလာနတ်သမီးရဲ့ အသိစိတ်ထဲ ပို့လွှတ်လိုက်မယ်… ငါက သူအမုန်တီးဆုံး မှတ်ဉာဏ်ကို အသုံးပြုပြီး သူ့ရဲ့ လူသားသဘာဝကို နိုးထလာအောင် ပြုလုပ်မယ်… ဘာပဲဖြစ်ဖြစ် စိတ်ခံစားချက်ဆိုတာ လူသားသဘာဝရဲ့ အကောင်းဆုံး အထောက်အပံ့တစ်ခုပဲ… ငါက ဒီဟာကို ဆုံလည်တစ်ခုအဖြစ် အသုံးပြုပြီး သူ့ရဲ့ လူသားသဘာဝနဲ့ နတ်ဘုရားသဘာဝကို ပရမ်းပတာဖြစ်စေမယ် ”
“ အဲ့ဒီအချိန်ကျရင် နီလာနတ်သမီးက ရူးသွပ်သွားပြီး သူ့ရဲ့ နှစ်ဖက်ညီမျှမှုအခြေအနေက ကျိုးပျက်သွားလိမ့်မယ်… အဲ့ဒီအခါ သူ့မှာ ဟာကွက်တစ်ခု ဖြစ်ပေါ်လာလိမ့်မယ် ”
“ ပြီးတော့ ဒီဟာက ငါပြင်ဆင်ထားတဲ့ နည်းလမ်းတွေထဲက တစ်ခုပဲ ရှိသေးတယ်… အဆင့်တွေအားလုံး ပြီးမြောက်သွားတဲ့အခါကျရင် နီလာနတ်သမီးက… နောက်တစ်ကြိမ် ထပ်အသတ်ခံရနိုင်တယ် ”
“ ဘယ်လိုလဲ ချင်းလေး… မင်းရဲ့ စီနီယာအကိုကြီး ငါက အရမ်းအစွမ်းမထက်ဘူးလား ”
ခေါင်းဆောင်က ဂုဏ်ယူဝင့်ကြွားစွာ မေးသည်။
ရွှီချင်းသည် လက်ခံယုံကြည်သွားသည်။ သူက လက်သီးဆုပ်လိုက်ပြီး ခေါင်းဆောင်ကို အရိုအသေပေးလိုက်သည်။
ရွှီချင်း၏ အပြုအမူကိုမြင်သောအခါ ခေါင်းဆောင်သည် ပိုပြီးစိတ်ကျေနပ်လာသည်။ သူက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူက နင်ယန်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး လက်ကို မြှောက်လိုက်ကာ ရိုက်ချလိုက်သည်။ ဗုန်းဟူသော မြည်သံနှင့်အတူ နင်ယန်နှင့် လီယိုဖေးသည် သွေးအန်လိုက်ရပြီး ဖြည်းဖြည်းချင်း သတိပြန်ရလာကြသည်။
“ နင်နင်လေး… ဒီမှာ မင်းရဲ့ဇာတ်ညွှန်းပါ… ငါမင်းကို ဆယ့်ငါးမိနစ်အချိန်ပေးမယ်… ဒီထဲက စာသားအားလုံးကို သေချာမှတ်ထားပါ… မင်းသရုပ်ဆောင်ရမယ့် ဇာတ်ကောင်က… လဝတ်ပြုဒေသကြီးရဲ့ အုပ်ချုပ်သူပဲ ”
ဤသည်ကို နင်ယန်ကြားသောအခါ သူ၏ တစ်ကိုယ်လုံးသည် တုန်ယင်လာသည်။ ဝူကျန်းဝူသည်တော့ စိုးရိမ်လာသည်။ သူက သူ့အရှေ့မှ နောင်သားမျိုးဆက်များကို အမြန်တွန်းထုတ်ပစ်လိုက်ပြီး ခေါင်းဆောင်ကို မျှော်လင့်တောင့်တစွာ ကြည့်လိုက်သည်။
ခေါင်းဆောင်သည် လက်ဝှေ့ယမ်းလိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ဝူကျန်းဝူဆီသို့ ပစ်ပေးလိုက်သည်။
“ ကျန်းကျန်းကြီး… မင်းက ငါ့ရဲ့ ညီအကိုကောင်းပါ… ငါက ဘယ်လိုလုပ် မင်းရဲ့ အိမ်မက်ကို မေ့နိုင်မှာလဲ… ဒီနေ့ မင်းရဲ့ ဆန္ဒကို ငါဖြည့်စည်းပေးမယ်… မင်းက… ရှေးဘုရင်ရွှမ်ယုံဇာတ်ကောင်ကနေ သရုပ်ဆောင်ရမယ် ”
ဝူကျန်းဝူသည် စိတ်လှုပ်ရှားလာသည်။ ဤသည်မှာ သူ့ဘဝတစ်လျှောက်လုံး လိုချင်တောင့်တနေခဲ့သောအရာ ဖြစ်သည်။ သူက တကယ့်လောကမှာ ရှေးဘုရင်ရွှမ်ယုံဖြစ်မလာနိုင်သော်လည်း ရှေးဘုရင်ရွှမ်ယုံအဖြစ် သရုပ်ဆောင်ရခြင်းသည် သူ့အတွက် အလွန်အရေးကြီးသည်။ အထူးသဖြင့် ပရိသတ်များစွာက သူတို့ကို ကြည့်ရှုနေမည်ဟု တွေးမိလိုက်သောအခါ အလွန်စိတ်လှုပ်ရှားလာသည်။
ခေါင်းဆောင်သည် ဝူကျန်းဝူ၏ ပခုံးကို ပုတ်ပေးလိုက်ပြီး အားပေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက ဝိညာဉ်သခင်မယုံကျင်းကို ကြည့်လိုက်သည်။
“ ဖင်ကြီး အဲ… အမယုံကျင်း… အရင်က ငါတို့ရဲ့ သဘောတူညီမှုအတိုင်း မင်းက နီလာနတ်သမီးဇာတ်ကောင်ကနေ သရုပ်ဆောင်ပေးရမယ် ”
ဝိညာဉ်သခင်မယုံကျင်း၏ မျက်လုံးထဲမှာ မကျေနပ်မှုဖြင့် ပြည့်နှက်လာသည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြောသည်။
“ ငါ့ကိုပေး ”
ခေါင်းဆောင်သည် ကျောက်စိမ်းပေလွှာကို ဝိညာဉ်သခင်မယုံကျင်းထံ အမြန်ပေးလိုက်သည်။ ထို့နောက် သူက ရွှီချင်းထံသို့ လှည့်ကြည့်လိုက်သည်။ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ပြုံးလိုက်သည်။
“ ချင်းလေး… မင်းရဲ့ ဇာတ်ကောင်က အထူးခြားဆုံးပဲ… မင်းက လူနေရာကနေ သရုပ်ဆောင်ရမှာမဟုတ်ဘူး… သွေးပဲ… မင်းရဲ့ အခွင့်အာဏာနဲ့ဆိုရင် နီလာနတ်သမီးခေါင်းဖြတ်ခံရတဲ့အခါ ပန်းထွက်လာမယ့်သွေးနေရာမှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်လိမ့်မယ်… အဲ့နေရာမှာ မင်းထက် သင့်တော်တဲ့လူ မရှိဘူး ”
ရွှီချင်းသည် အမူအရာကင်းမဲ့စွာဖြင့် ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ခေါင်းဆောင်သည် ချောင်းဟန့်လိုက်သည်။
“ ဒါပေမဲ့ မင်းက ငါ့ရဲ့ ဂျူနီယာညီလေးမဟုတ်လား… ငါမင်းအတွက် တခြားဇာတ်ကောင်တစ်ခု ပြင်ဆင်ထားပါတယ်… နတ်ဘုရားကွပ်မျက်စင်ပေါ်က နတ်ဘုရားအမှူထမ်းဆိုရင်ရော… ဘယ်လိုသဘောရလဲ ”