← Chapters

ပြပွဲစတင်ပြီ

Vol. 66 Ch. 1026

ပြပွဲစတင်ပြီ

Vol. 66 Ch. 1026

“ အခု ခင်ဗျားက ရှေးခေတ်အချိန်တုန်းက ရှားပါးတဲ့ မြင်ကွင်းတစ်ခုကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ် ”

မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်နှင့် အက်ရှရှအသံသည် သက်ရှိအားလုံး၏ စိတ်ထဲမှာ ပဲ့တင်ထပ်လာလေသည်။

“ အဲ့ဒါက လဝတ်ပြုဒေသကြီးရဲ့ အုပ်ချုပ်သူက နီလာနတ်သမီးကို ကျုပ်တို့ရဲ့ ခြေဖဝါးအောက်မှာ ဘယ်လိုသတ်ဖြတ်ခဲ့လဲဆိုတာ မှတ်တမ်းတင်ထားတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ် ”

“ ပြီးတော့ ဒီမြင်ကွင်းကို နတ်ဘုရားက မနှစ်မြို့တာကြောင့် တားမြစ်ထားတဲ့အရာအဖြစ် နှစ်ပေါင်းများစွာကြာအောင် ဖုံးကွယ်ခံထားခဲ့ရပါတယ်… အဲ့ဒါက ဒီနေ့မတိုင်ခင်အထိပါပဲ… လောကကြီးက အစဉ်အမြဲပြောင်းလဲနေတာကြောင့် နောက်ဆုံးမှာ ကျုပ်တို့က ဒီမြင်ကွင်းကို ရှာတွေ့ခဲ့ပြီး ခင်ဗျားတို့ဆီကို ထုတ်လွှင့်ပြသနိုင်ပါတော့မယ် ”

ထိုစကားများကို ပြောကြားနေသော အသံသည် ရှေးကျပြီး စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ ထိုအသံက အချိန်မြစ်ထဲမှ ဖြတ်သန်းရောက်ရှိလာသည့်အလားပင်။

“ လဝတ်ပြုဒေသကြီးထဲက လူတိုင်း…. သေမျိုးဖြစ်ဖြစ် ကျင့်ကြံသူဖြစ်ဖြစ် ဘယ်မျိုးနွယ်ဝင်ပဲဖြစ်ဖြစ် ဒီရှားပါးတဲ့ မြင်ကွင်းကို ထာဝရမှတ်မိနေမယ်လို့ ကျုပ်မျှော်လင့်ပါတယ် ”

“ ဘာလို့လဲဆိုတော့ ဒီမြင်ကွင်းကို ပြသပြီးသွားရင် နတ်ဘုရားက နောက်ထပ်တစ်ခါ ချိပ်ပိတ်ပစ်မှာမို့လို့ပါ ”

ဤအခိုက်အတန့်မှာ လေသည် လဝတ်ပြုဒေသကြီးထဲမှာ ဖြတ်သန်းတိုက်ခတ်နေသည်။

လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံးသည် သူတို့က မည်သည့်နေရာတွင် ရောက်နေပါစေ မည်သည့်နေရာတွင် ရှိနေပါစေ ထိုမြင်ကွင်းနှင့် အသံက သူတို့၏ စိတ်ထဲမှာ ရှင်းလင်းစွာ ထွက်ပေါ်လာလိမ့်မည်။

မြင်ကွင်းသည် အလွန်ရှင်းလင်းပြီး အသံသည် မည်သည့်ချို့ယွင်းချက်မှ မရှိပေ။

ယင်းက ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာခြင်းဖြစ်သည်။

အစပိုင်းတွင် လူအများစုက ဆွံ့အသွားကြသည်။ သို့သော်လည်း မကြာခင် တခြားလူများသည်လည်း သူတို့နည်းတူ မိန်းမောတွေဝေနေကြကြောင်း သတိပြုမိသွားကြသည်။ လူတိုင်းက တူညီသော မြင်ကွင်းတစ်ခုကို မြင်တွေ့နေရကြောင်း သိရှိသွားကြသောအခါ ကြောက်လန့်စိတ်သည် ရုတ်တရက် ပေါ်လျှိုးလာသည်။ ထို့နောက်တွင် စိတ်ခံစားချက်လှိုင်းများက ပေါ်လျှိုးလာကြသည်။

ထိုဂယက်ထမှုသည် မျိုးနွယ်အသီးသီးနှင့် မြို့တိုင်းကို ပျံ့နှံ့သွားသည်။ ဤသည်မှာ တစ်ခါမှမဖြစ်ဖူးသော မုန်တိုင်းတစ်ခုက လဝတ်ပြုဒေသကြီးတစ်ခုလုံးကို တိုက်ခတ်သွားတော့မည်ဟန် ရသည်။

မြို့တချို့သည် ယခင်က ရူးသွပ်မှုနှင့် စိတ်ပျက်အားငယ်မှုအောက်မှာ အပျက်အစီးမြေဖြစ်သွားကြသည်။ မြို့ထဲမှာ ကျန်ရှိနေသော လူတချို့သည် စိတ်ခံစားချက် ကင်းမဲ့သွားကြသည်။ သို့သော်လည်း ယခု ထိုမုန်တိုင်းက သူတို့၏ ငြိမ်သက်နေသော နှလုံးကို တဖန်ပြန်လှုပ်ရှားလာစေသည်။

သူတို့သည် စုတ်ပြဲနေသော အဝတ်အစားများဖြင့် အပျက်အစီးပုံများထဲမှ ထွက်လျှောက်လာကြသည်။ တချို့သည် မြေအောက်ကျွင်းများထဲမှ အပေါ်သို့ ပြန်တတ်လာကြသည်။ တချို့သည် အလောင်းပုံများကြားထဲမှ တွားသွားထွက်လာကြသည်။ သူတို့အားလုံးသည် ကောင်းကင်ကို မိန်းမောတွေဝေစွာ ကြည့်လိုက်ကြသည်။

ကောင်းကင်ပေါ်တွင် အနီရောင်မှလွဲ၍ တခြားမည်သည့်အရာမှမရှိသော်လည်း ဤအပြုအမူက သူတို့၏ စိတ်ထဲမှ မြင်ကွင်းကို ပိုပြီးရှင်းလင်းစွာ မြင်လာနိုင်စေသည်။

ထိုသို့ပုံရိပ်များကို လဝတ်ပြုဒေသကြီး၏ နေရာတိုင်းမှာ မြင်တွေ့နိုင်ပေသည်။ တချို့သည် တစ်ယောက်တည်းရှိနေပြီး တချို့သည် အစုအဖွဲ့လိုက် ရှိနေကြသည်။

တောရိုင်းမြေထဲတွင် ဒုက္ခသည်များက ပိုပြီးများပြားပေသည်။ သူတို့သည် ဦးတည်ရာမရှိဘဲ အရှေ့သို့ တိတ်တဆိတ် လျှောက်လှမ်းနေကြသည်။ သူတို့က မည်သည့်နေရာသို့ ရောက်နေမှန်းပင် မသိကြပေ။ တချို့သည် မြေပြင်ပေါ်မှာ လဲလျောင်းလိုက်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ မြင်ကွင်းက သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာသောအခါ သူတို့၏ နှလုံးသည် တုန်လှုပ်သွားသည်။

မျိုးနွယ်စုအများအပြားနေထိုင်ကြသော မြို့ကြီးများလည်း ရှိပေသည်။ ရူးသွပ်မှုသည် ဤနေရာတွင် ရံဖန်ရံခါ ဖြစ်ပွားလေ့ရှိသော်လည်း အနည်းနှင့်အများ ငြိမ်သက်ပေသည်။ သို့သော်လည်း နီလာနတ်သမီး၏ ရောက်ရှိလာမှုသည် သူတို့၏ ဦးခေါင်းပေါ်မှာ မြဲထားသော ဓားတစ်ချောင်းနှယ် ရှိနေပေသည်။

ထိုဓားအောက်မှာ သူတို့၏ ကံကြမ္မာကို လက်ခံရုံမှတပါး တခြားရွေးချယ်စရာမရှိပေ။

သူတို့သည် မရုန်းကန်နိုင်ကြသလို မခုခံနိုင်ကြပေ။ ထိုမြင်ကွင်းနှင့် အသံ၏ ထွက်ပေါ်လာမှုက သူတို့၏ သေဆုံးနှင့်ပြီးသော နှလုံးကို ပြန်လှုံ့ဆော်လိုက်သည်။

ပိုပြီးထိတ်လန့်သွားကြသူများမှာ လဝတ်ပြုဒေသကြီးထဲမှ ကျင့်ကြံသူများ ဖြစ်ကြသည်။ အထူးသဖြင့် လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့သည် နေရာတိုင်းမှာ ရှိကြသည်။ တချို့သည် မျိုးနွယ်စု၏ ခေါင်းဆောင်များဖြစ်ကြပြီး တချို့သည် ဂိုဏ်းများထဲမှ ပညာရှင်ကျင့်ကြံသူများ ဖြစ်ကြသည်။

လွန်ခဲ့သော တစ်လခန့်က အနီရောင်လထွက်ပေါ်လာစဉ် သူတို့အားလုံးသည် ကြောက်လန့်သွားကြသော်လည်း သူတို့၏ နှလုံးသားထဲမှာ လက်မခံချင်သော စိတ်ဆန္ဒ ရှိသေးပေသည်။ သူတို့က ခုခံတွန်းလှန်ရန် အဖွဲ့ငယ်များကိုပင် ဖွဲ့စည်းခဲ့ကြသည်။

သို့သော်လည်း လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူတိုင်းသည် ထိုသို့ခုခံတွန်းလှန်ရန် ဆန္ဒမရှိကြပေ။ ကျင့်ကြံသူအများစုသည် နတ်ဘုရားကို ခုခံတွန်းလှန်ရန် သတ္တိမရှိကြပေ။

မည်သို့ဖြစ်ပါစေ အကယ်၍ သူတို့က မခုခံလျှင် နီလာနတ်သမီးမရောက်လာခင်အထိ အသက်ရှင်နိုင်ကြလိမ့်မည်။ သို့သော်လည်း အကယ်၍ သူတို့က ခုခံတွန်းလှန်မည်ဆိုလျှင် အနီရောင်လဗိမာန်နှင့် တိုက်ပွဲအတွင်းမှာ သေဆုံးသွားနိုင်ပေသည်။

သို့ဖြစ်၍ ထိုသို့မြင်ကွင်း ထွက်ပေါ်လာခြင်းသည် လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူများပေါ်မှာ အများကြီး သက်ရောက်မှုရှိသည်။

တူညီသော သက်ရောက်မှုသည် အနီရောင်လဗိမာန်မှ ကျင့်ကြံသူများ၏ နှလုံးသားထဲမှာလည်း ပေါ်လျှိုးလာသည်။

သို့ဖြစ်၍ သက်ရှိအားလုံး၏ စိတ်ဝင်စားမှုအောက်မှာ ကြီးကျယ်ခမ်းနားသော ပြပွဲသည် တရားဝင် စတင်လာသည်။

…..

မြင်ကွင်းထဲတွင် ကောင်းကင်သည် ငါးအကြေးခွံများသဖွယ် မရေမတွက်နိုင်သော အလွှာများဖြင့် တအိအိလှုပ်ခတ်နေသည်။ သွေးနီရောင်တိမ်တိုက်များသည် အလျှင်အမြန် ပေါ်လျှိုးလာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ဤသည်မှာ တစ်စုံတစ်ယောက်က ကောင်းကင်ကို သွေးနီရောင်ကြေးချွတ်သန့်စင်ဘုံအဖြစ် ပြောင်းလဲပစ်လိုက်သည့်အလားပင်။

မိုးခြိမ်းသံသည် မြည်ဟိန်းလာပြီး ပဲ့တင်ထပ်လာသည်။ အနက်ရောင်မိုးကြိုးသွားများသည် တိမ်တိုက်များ၏ ပွတ်တိုက်မှုမှ ထွက်ပေါ်လာကြပြီး တစ်ခုနှင့်တစ်ခု ဆက်စပ်သွားသည်။

ဖိနှိပ်ချုပ်ချယ်မှုသည် ဤနေရာ၏ အဓိကတေးသွား ဖြစ်သည်။

မြေပြင်သည် သွေးနီရောင်သို့ ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သော အရိုးစုများက တောင်တန်း(၉၉၉၉)ခုအဖြစ် စုပြုံတည်ရှိနေကြောင်း မြင်နိုင်လိမ့်မည်။

တောင်တန်းတစ်ခုစီသည် ပေတစ်သောင်းရှည်လျားကြသည်။

ယင်းက ကြီးမားသော စက်ဝိုင်းများကို ဖြစ်ပေါ်လာစေပြီး ဧရာမစည်းချအစီအရင်တစ်ခုကို ဖန်တီးနေလေသည်။

သွေးသည် အရိုးစုတောင်တန်းများ၏ အောက်ခြေမှ အဆုံးမဲ့စွာ စီးဆင်းနေပြီး အလယ်ဗဟိုမှာ စုဝေးသွားကာ ဧရာမသွေးရေကန်တစ်ခု ဖြစ်ပေါ်လာသည်။

သွေးရေကန်ထဲတွင် အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်တစ်ဝက်က ထွက်ပေါ်နေသည်။ ကျန်တစ်ဝက်ကို သွေးရေကန်ထဲမှာ စိမ်ထားသည်။ သူက သက်ရှိအားလုံးကို လျစ်လျူရှုထားပြီး သွေးရေကန်ထဲမှာ ခန္ဓာကိုယ်ကို သန့်စင်နေသည်။

သူ့မှာ ရှည်လျားသော ဆံပင်၊ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေနှင့် ဆွဲမက်ဖွယ်ကောင်းသော ကိုယ်လုံးရှိသည်။ သူက သွေးရေကန်ထဲမှာ ခန္ဓာကိုယ်ကို သန့်စင်နေစဉ် သီချင်းတစ်ပုဒ်ကို ဆွဲဆောင်မှုရှိစွာ ရွတ်ဆိုနေလေသည်။

“ တချို့က လွတ်လပ်စွာ အသွင်ပြောင်းလဲပြီး ပျံသန်းနိုင်တယ်… လေနောက်ကို လိုက်ပြီး လမ်းတစ်လျှောက်မှာရှိတဲ့ လှိုင်းလုံးတွေကို ဖောက်ထွက်နိုင်တယ်… အနီရောင်လသမုဒ္ဒရာကို ပြန်သွားပြီး တခြားကုန်းမြေကြီးတွေဆီ လျှောက်လည်မယ်… ”

“ သက်ရှိအားလုံးရဲ့ ပြန်လည်မွေးဖွားခြင်းကို စိတ်ကူးကြည့်ပါ… လူတိုင်းရဲ့ အသွေးအသားတွေက အာဟာရဓာတ်တွေပါ… နေရောင်ခြည်က ငါ့မျက်လုံးကို ပူလောင်စေတယ်… အတွေးတွေကို မမြှုပ်နှံပစ်နိုင်ပါဘူး… ပိုပြီးကျယ်ပြောတဲ့နေရာကို ငါရှာဖွေတယ်… အနီရောင်လရဲ့ အပေါ်မှာ… ငါပျံသန်းမယ် ”

သီချင်းသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။ ထိုအသံထဲမှာ စိတ်ဓာတ်ပြတ်သားခြင်း၊ ဇွဲမလျှော့ခြင်းနှင့် အိမ်မက်များဖြင့် ပြည့်နှက်နေဟန် ရသည်။

သို့သော်လည်း ထိုအိမ်မက်၏ နောက်ကွယ်မှာ မရေမတွက်နိုင်သော အလောင်းများ၊ အရိုးစုများနှင့် သွေးကန်များက ထိုသီချင်းသံ၏ နောက်ခံမြင်ကွင်းအဖြစ် တည်ရှိနေသည်။

ယင်းက ဝမ်းနည်းဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်တည်း။

အဆုံးမရှိသော ငိုကြွေးသံများသည် ထိုအိမ်မက်များ၏ အလွမ်းသံစဉ်များ ဖြစ်လာကြသည်။

သူ၏ အိမ်မက်ခရီးတစ်လျှောက်တွင် ထိုထက်ပိုများသော အလောင်းပုံများနှင့် အရိုးစုတောင်တန်းများ ရှိနိုင်သေးသည်ကို မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။

ဤအခိုက်အတန့်မှာ သူက သီချင်းဆိုနေစဉ် သွေးရေကန်သည် တအိအိလှုပ်ခတ်လာသည်။ လက်တံထောင်သောင်းများစွာသည် ရေကန်ထဲမှာ ကူးခတ်လှုပ်ရှားနေကြသည်။ ၎င်းတို့က ဘေးပတ်ဝန်းကျင်မှ အရိုးစုတောင်တန်းများနှင့် ဆက်သွယ်နေကြသည်။

ထိုလက်တံများက လူးလွန့်လှုပ်ရှားနေကြစဉ် အရိုးစုတောင်တန်းများသည် သွေးဓာတ်ကုန်ခမ်းသွားပြီးနောက် မြန်ဆန်စွာ ခြောက်သွေ့သွားကြသည်။ စုပ်ယူခံလိုက်ရသော သွေးသည် အာဟာရဓာတ်အဖြစ်သို့ ပြောင်းလဲသွားပြီး သွေးရေကန်ထဲမှ အမျိုးသမီး၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။

မရေမတွက်နိုင်သော ဝိညာဉ်များ၏ မကျေမချမ်းမှုနှင့် အော်ဟစ်ညည်းညူသံများသည် လေထဲမှာ ပိုပြီးပျံ့လွင့်လာသည်။ အလောင်းပုံများသည် ပြိုကျပျက်စီးသွားပြီး သွေးရေကန်ထဲမှ အမျိုးသမီး၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်။

ထိုမြင်ကွင်းသည် လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံးကို နှလုံးတုန်သွားစေသည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာလှုပ်ခတ်မှုကြောင့် ထိုအမျိုးသမီးသည် နီလာနတ်သမီးဖြစ်ကြောင်း ချက်ချင်း သိရှိသွားကြသည်။

ထိုအခိုက်အတန့်မှာ ကမ္ဘာတုန်ဟီးစေမည့် မိုးခြိမ်းသံသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားပြီး မိုးကြိုးသွားတစ်စင်းက သွေးနီရောင်ကောင်းကင်ပေါ်မှာ ရုတ်တရက် ပေါ်လျှိုးထွက်လာသည်။ ထို့နောက် အလွန်ကြီးမားသော ဧရာမလက်တစ်စုံသည် ကောင်းကင်အလွန်မှ ဆန့်တန်းထွက်လာပြီး သွေးနီရောင်ကောင်းကင်ကို ဆုတ်ဖြဲပစ်လိုက်သည်။

ကျယ်လောင်သော ဟိန်းသံသည် ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခါသွားစေသည်။

မိုးကောင်းကင်သည် နှစ်ခြမ်းကွဲထွက်သွားပြီး ဧရာမအက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။ အဆုံးမရှိသော အလင်းတန်းများသည် အက်ကွဲကြောင်းထဲမှ ပေါ်လျှိုးထွက်လာကြပြီး အရပ်မျက်နှာအသီးသီးကို အလင်းရောင် ထွန်းလင်းပေးလိုက်သည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ သွေးနီရောင်ကို ဖယ်ရှားပစ်လိုက်ပြီး မိစ္ဆာအရှိန်အဝါကို ဖိနှိပ်လိုက်သည်။

သွေးနီရောင်တိမ်တိုက်အားလုံးက လွင့်ပြယ်သွားသောအခါ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးသည် လေထဲမှာ ထွက်ပေါ်လာသည်။

သက်လတ်ပိုင်းအမျိုးသား၏ အမူအရာသည် ဂုဏ်ကျက်သရေရှိသည်။ သူက ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ လောကသည် တုန်ယင်သွားသည်။ သွေးနီရောင်တိမ်တိုက်များသည် ဆက်လက် ပေါက်ကွဲသွားပြီး မြေပြင်သည် လှုပ်ခါသွားသည်။

လောကကြီးတစ်ခုလုံးက ပရမ်းပတာဖြစ်လာဟန် ရသည်။

မြေပြင်ပေါ်မှ သွေးရေကန်ထဲတွင် လှိုင်းလုံးကြီးများ ပေါ်လျှိုးလာကြသည်။ အနီရောင်လက်တံများသည် ရေကန်ထဲမှာ ဆက်လက် လူးလွန့်နေကြသည်။ အမျိုးသမီးသည်တော့ ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ ပုဂ္ဂိုလ်ကို စိုက်ကြည့်လိုက်သည်။ သူက စူးရှသော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။

သူက တစ်ချက်ခုန်လိုက်လေရာ သူ၏ ခန္ဓာကိုယ်သည် သွေးရေကန်ထဲမှ ပေါ်လျှိုးလာပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

သွေးရေကန်သည် လှည့်ပတ်လာပြီး ဝဲကတော့တစ်ခုအသွင် ပြောင်းလဲသွားသည်။ ချက်ချင်းပင် သွေးစိတ်ဆန္ဒသည် ကောင်းကင်ယံထိ ပျံသန်းသွားသည်။ ဤသည်မှာ ၎င်းက အရာအားလုံးကို ဝါးမျိုပစ်ချင်နေသည့်အလားပင်။

ထိုစဉ် ကောင်းကင်ပေါ်မှ သက်လတ်ပိုင်းအမျိုးသားသည်တော့ အမူအရာကင်းမဲ့စွာ ဆက်ရှိနေသည်။ သူက လမ်းလျှောက်နေခြင်းကို မရပ်တန့်ပစ်ပေ။ သူက ကုန်းမြေပေါ်သို့ ဆက်လက် ဆင်းသက်လာပြီး ဒုတိယခြေလှမ်းကို ထပ်လှမ်းလိုက်သည်။

ထိုခြေတစ်လှမ်းဖြင့် သွေးရေကန်ဝဲကတော့သည် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားပြီး အထဲမှ အမျိုးသမီး၏ အစစ်အမှန်ခန္ဓာကိုယ်က ပေါ်ထွက်လာသည်။

သူ၏ အပေါ်ပိုင်းခန္ဓာကိုယ်သည် လူသားတစ်ယောက်နှင့် တူညီသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်အောက်ပိုင်းမှာ မရေမတွက်နိုင်သော လက်တံများရှိသည်။ သူက အလွန်အမင်း အရုပ်ဆိုးပြီး ကြောက်စရာကောင်းသည်။

ထိုစဉ် သက်လတ်ပိုင်းအမျိုးသားသည် တတိယခြေလှမ်းကို လျှောက်လိုက်သည်။

ကောင်းကင်သည် တုန်ယင်သွားပြီး ရုတ်တရက် ပြိုကျလာသည်။ မရေမတွက်နိုင်သော ကောင်းကင်အပိုင်းအစများသည် အမျိုးသမီးထံသို့ ပြုတ်ကျသွားကြသည်။ မြေပြင်သည် အတွင်းဘက်ထဲသို့ ချိုင့်ဝင်သွားပြီး ဧရာမအက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ အမျိုးသမီး၏ အော်သံသည် ပိုပြီးစူးရှလာသည်။ သူက သွေးတစ်ပွက်အန်လိုက်ရပြီး အနောက်ဆုတ်သွားသည်။

ထို့နောက် စတုတ္ထခြေလှမ်းက ရောက်ရှိလာသည်။

လောကကြီးသည် ပြိုလဲပျက်စီးသွားပြီး အမျိုးသမီး၏ ခန္ဓာကိုယ်သည် အပြင်းအထန် ဒဏ်ရာရသွားသည်။ သူက မြေပြင်ပေါ်သို့ အကြမ်းပတမ်း ပြုတ်ကျသွားစဉ် သက်လတ်ပိုင်းအမျိုးသားသည် ပဉ္စမခြေလှမ်းကို ထပ်မံလျှောက်လှမ်းလိုက်သည်။ သူက မြေပြင်ပေါ်သို့ ဆင်းသက်သွားစဉ် ခုခံနိုင်စွမ်းကင်းမဲ့နေသော အမျိုးသမီး၏ ဦးခေါင်းကို တတ်နင်းလိုက်သည်။

သူက မြေပြင်ကို အကြင်နာမဲ့စွာ ခြေဆောင့်လိုက်သည်။

ထိုသို့လုပ်ဆောင်ပြီးနောက် သူက ခေါင်းငုံ့လိုက်သည်။ သူက အမူအရာကင်းမဲ့စွာဖြင့် ဆက်ရှိနေပြီး တည်ငြိမ်စွာ ပြောသည်။

“ မင်းရဲ့ ဇစ်မြစ်ကြောင့် ရှေးဘုရင်ရွှမ်ယုံက မင်းရဲ့ လုပ်ရပ်တွေကို မမြင်ချင်ယောင်ဆောင်ပေးခဲ့တယ်… မင်းလာခဲ့တဲ့ နေရာကြောင့် ကမ္မအများကြီး သက်ရောက်ခံရမှာကို အရှင်ဘုရင်က မလိုချင်ဘူး… ဒါပေမဲ့ မင်းရဲ့ သီချင်းသံက အရမ်းဆိုးဝါးပြီး ငါ့စတုတ္ထသားတော်ရဲ့ အိမ်မက်ကို နှောင့်ယှက်ခဲ့တယ် ”

သူ၏ အသံသည် တည်ငြိမ်ပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။ ယင်းက လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံး၏ နှလုံးသားထဲမှာ ပဲ့တင်ထပ်သွားသည်။ ယင်းက ပြင်းထန်သော အားလှိုင်းအတတ်အကျများကို ဖြစ်ပေါ်လာစေပြီး ကောင်းကင်ယံတွင် ကြီးမားသော လှိုင်းလုံးတစ်ခုကို ထွက်ပေါ်လာစေသည်။

ထိုမြင်ကွင်းသည် အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။ နီလာနတ်သမီးက ပြိုင်ဘက်ကင်းတည်ရှိမှုဖြစ်သည်ဟု သေမျိုးများက တွေးထင်ထားကြသည်။ သို့သော်လည်း ယခုတော့ သူက ခြေထောက်ဖြင့် တတ်နင်းခံထားရသည်။ နီလာနတ်သမီးက မည်မျှရုန်းကန်ပါစေ အချည်းနှီးသာ ဖြစ်သည်။

ထိုသို့ဖြစ်ရသည့်အကြောင်းအရင်းမှာ သူ၏ သီချင်းသံက တစ်ဖက်လူ၏ စတုတ္ထသားတော် အိမ်မက်မက်နေခြင်းကို နှောင့်ယှက်ခဲ့သောကြောင့် ဖြစ်ပေသည်။

ထိုလွှမ်းမိုးဖိနှိပ်သော မြင်ကွင်းသည် သက်ရှိအားလုံးကို ယုံကြည်လက်ခံစေရန် အခက်တွေ့စေသည်။ သို့သော်လည်း မြင်ကွင်းထဲမှ အပြောင်းအလဲများနှင့် ဖိအားများသည် အစစ်အမှန်ဖြစ်သည်ဟု ထင်မှတ်ရပေသည်။

ထို့ကြောင့် သူတို့၏ နှလုံးသားသည် လှုပ်ခါလာသည်။

သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ လက်ခံယုံကြည်ခြင်းထက်စာလျှင် တုံ့ဆိုင်းခြင်းသည် ပိုများသည်။ အထူးသဖြင့် လဝတ်ပြုဒေသကြီးထဲမှ ပညာရှင်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့သည် ထိုမြင်ကွင်းကို လက်ခံယုံကြည်ရန် တုံ့ဆိုင်းနေကြသည်။

ပထမအခန်း၏ အစိတ်အပိုင်းတစ်ခုတည်းက သူတို့၏ အသိစိတ်ကို လှုပ်ခါပစ်ရန် မလုံလောက်သေးပေ။

ယင်းက ခေါင်းဆောင်၏ မျှော်လင့်ထားမှုအတွင်းမှာ ရှိသည်။ ထို့ကြောင့် သူက ပြပွဲကို အခန်းနှစ်ခန်း ခွဲထားခြင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ ပထမအခန်းက အဆုံးသတ်သွားသောအခါ မြင်ကွင်းသည် တဖြည်းဖြည်း ဝေဝါးလာပြီး နောက်ဆုံးမှာတော့ လုံးဝလွင့်ပြယ်သွားသည်။ ထိုနောက် အက်ရှရှအသံသည် သက်ရှိအားလုံး၏ အသိစိတ်ထဲမှာ ထပ်မံပဲ့တင်ထပ်လာသည်။

“ နောက်အခန်းကိုတော့ အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန်ကြာပြီးရင် ခင်ဗျားတို့ရဲ့ ရှေ့မှောက်မှာ ချပြပါမယ် ”

တစ်ချိန်တည်းမှာ အိမ်ရှေ့စံမင်းသားသည် ပေတစ်သောင်းရှည်လျားသော ကောင်းကင်ဘုံမျက်လုံးကြေးမုံကို ပြန်ပိတ်လိုက်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ ကောင်းပြီ… တာဝန်ကျေတယ် ”

သူ၏ စကားဆုံးသွားသောအခါ အုပ်ချုပ်သူအဖြစ် သရုပ်ဆောင်နေသော နင်ယန်သည် အမြန်ခြေထောက်မလိုက်သည်။ သူ၏ မျက်နှာပေါ်မှ ဂုဏ်သိက္ခာကြီးမားသော အမူအရာသည် ချက်ချင်း ပျောက်ကွယ်သွားသည်။ ယင်းအစား စိုးရိမ်ကြောင့်ကြမှုက အစားထိုး ထွက်ပေါ်လာသည်။

“ အမယုံကျင်း… ”

ဝိညာဉ်သခင်မယုံကျင်းသည် မြေပြင်ပေါ်မှ အမူအရာကင်းမဲ့စွာ မတ်တတ်ရပ်လိုက်သည်။ သူက နင်ယန်ကို အေးတိအေးစက် စိုက်ကြည့်လိုက်သည်။

နင်ယန်သည် တုန်ယင်လာသည်။ သူက နောက်ဆုံးကန်ချက်တွင် အားအကုန် ထည့်သုံးခဲ့သည်။

ဇာတ်လမ်းအစမှ အဆုံးအထိ အထူးပြင်ဆင်မွမ်းမံမှုများသည် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ မန္တန်များအောက်မှာ လုံးဝပြီးပြည့်စုံသည်။

သို့ဖြစ်၍ နင်ယန်သည် သူထုတ်လွှတ်လိုက်သော အတုယောင်စွမ်းအားအပေါ်မှာ ဈန်ဝင်သွားပြီး သူ့ကိုယ်သူ ဇာတ်ကောင်ထဲမှာ လုံးဝစီးမျောသွားခဲ့သည်။

“ မင်းတို့အားလုံး အဆင်သင့်ပြင်ထားကြပါ… မကြာခင် ဒုတိယအခန်း စမယ် ”

အိမ်ရှေ့စံမင်းသား၏ အကြည့်သည် နင်ယန်ပေါ်သို့ ကျရောက်သွားသည်။ သူက နင်ယန်၏ သရုပ်ဆောင်ပုံနှင့်ပတ်သက်ပြီး နောက်ထပ်ညွှန်ကြားမှုများကို ပေးသည်။ သူက ဝူကျန်းဝူ၏ ကိန်းကြီးခန်းကြီး ဝင်ရောက်လာပုံနှင့် ဇာတ်ကောင်၏ စိတ်ခံစားချက်ကိုလည်း ညွှန်ကြားပေးသည်။ ထို့ပြင် ချန်းအားညိုအသုံးပြုရမည့် ဆေဘာအတတ်ပညာကိုလည်း သင်ကြားပေးသည်။

ထိုအတောအတွင်းမှာ မင်းသမီးမင်မိန်၊ အဌမသားတော်နှင့် ပဉ္စမညီမတော်က ဇာတ်လမ်း၏ နောက်ခံမြင်ကွင်းကို အစစ်အတိုင်း ထင်မှတ်ရ‌အောင် တတ်နိုင်သမျှ ပြုလုပ်ကြလိမ့်မည်။

ထိုသို့ဖြင့် အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန် ကုန်ဆုံးသွားသည်။ အိမ်ရှေ့စံမင်းသားသည် ကောင်းကင်ဘုံမျက်လုံးကြေးမုံကို ပြန်ဖွင့်လိုက်သည်။ နင်ယန်နှင့် တခြားလူများသည် သူ့နေရာနှင့်သူ မတ်တတ်ရပ်နေကြသည်။ ထိုမြင်ကွင်းက အပြင်လောကမှ သက်ရှိအားလုံး၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာသည်နှင့် သူတို့သည် ပြပွဲကို စတင်နိုင်လိမ့်မည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ လေပြေက တိုက်ခတ်လာသည်။

ထိုလေပြေသည် ရုတ်တရက် ရောက်ရှိလာခြင်းဖြစ်ပြီး ရှေးဟောင်းအရှိန်အဝါ ပါရှိသည်။ ယင်းက လူတိုင်း၏ ဆံပင်နှင့် အဝတ်အစားများကို တိုက်ခတ်သွားသည်။ ထိုလေပြေက သူတို့၏ နှလုံးသားကို လှုံ့ဆော်လိုက်ပြီး ကမ္ဘာတုန်လှုပ်စေမည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒအဖြစ် ပြောင်းလဲသွားသည်။

ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒက အစသာရှိသေးသော်လည်း ဤနေရာတစ်ခုလုံးကို လှုပ်ခါသွားစေပြီး ကောင်းကင်၏ အရောင်ကို ပြောင်းလဲသွားစေသည်။

ပြပွဲစတင်ရန် ပြင်ဆင်ထားကြသော လူတိုင်း၏ အမူအရာသည် ပြောင်းလဲသွားကြသည်။ နင်ယန်၊ ဝူကျန်းဝူ၊ ဝိညာဉ်သခင်မယုံကျင်း၊ လီယိုဖေးနှင့် ခေါင်းဆောင်သည် တစ်ပြိုင်နက် ခေါင်းလှည့်လိုက်ကြပြီး ရွှီချင်းကို ကြည့်လိုက်ကြသည်။

All Chapters