နီလာနတ်သမီးကို သတ်ဖြတ်ခဲ့တဲ့ ကောင်းကင်ဘုံဆေဘာဓား
Vol. 66 Ch. 1029
ဧရာမဆေဘာဓား၏ ကျဆင်းလာမှုနှင့်အတူ ချောက်ချားဖွယ်ကောင်းသော အေးစက်မှုသည် ပေါ်ထွက်လာသည်။ အရာအားလုံးသည် ခိုက်ခိုက်တုန်အောင် ချမ်းအေးလာသည်။
မြေပြင်သည်လည်း ပြိုကွဲပျက်စီးသွားသည်။
ဒုတိယအဆင့်တွင် သူတို့ဖြတ်ကျော်ခဲ့သော လျှိုမြောင်သည် ယခုအခါ ပြုတ်ကျလာသော ကျောက်တုံးများဖြင့် ပြည့်နှက်သွားပြီး အစစ်အမှန်အသွင်အပြင်က ပေါ်ထွက်လာသည်။
ယင်းက နတ်ဘုရားသတ်ဆေဘာဓား၏ မျှော့ကြောင်းဖြစ်သည်။
မျှော့ကြောင်းထဲတွင် အကန့်အသတ်မရှိသော အနီရောင်သွေးဖြင့် စွန်းထင်နေပြီး ယင်းက ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ရွှီချင်းတင်ပျဉ်ခွေထိုင်နေသော နေရာတွင်တော့ မရေမတွက်နိုင်သော ကျောက်တုံးအပိုင်းအစများသည် အတူတကွ စုဝေးသွားပြီး စက်ဝိုင်းသဏ္ဍာန် ယဇ်ပလ္လင်တစ်ခု ဖွဲ့စည်းသွားသည်။ ထိုယဇ်ပလ္လင်သည် အရွယ်အစား အလွန်ကြီးမားပြီး ခေါင်းဖြတ်စင်မြင့်နှင့် ပေါင်းစပ်သွားသည်။
ယဇ်ပလ္လင်၏ အပေါ်ပိုင်းသည် ကောင်းကင်ဘုံဆေဘာဓားကို ကိုင်ဆောင်ထားပြီး အောက်ပိုင်းသည် ခေါင်းဖြတ်စင်မြင့်နှင့် ဆက်စပ်နေသည်။ ထို့နောက် အုပ်ချုပ်သူ၏ အလွန်အံ့ဖွယ်ကောင်းသော နတ်ဘုရားကွပ်မျက်စင်က ထွက်ပေါ်လာသည်။
ထိုအရာအားလုံးသည် ကောင်းကင်ဘုံမျက်လုံးကြေးမုံမှတဆင့် သက်ရှိအားလုံး၏ အသိစိတ်ထဲသို့ ရှင်းလင်းစွာ ပို့လွှတ်ခံလိုက်ရသည်။
တဝီဝီမြည်သံက ပဲ့တင်ထပ်သွားပြီး ကျယ်ပြောသော စိတ်ဆန္ဒတစ်ခုက ကောင်းကင်ကို လှုပ်ခါသွားစေသည်။ ဤအခိုက်အတန့်မှာ လူတိုင်းသည် နှလုံးတုန်လာကြသည်။ အပြင်လောကမှ သက်ရှိအားလုံး၏ အမူအရာသည် ပြောင်းလဲသွားကြသည်။
“ နတ်ဘုရားကွပ်မျက်စင် ”
အဌမသားတော်သည် ထိုအရာကိုမြင်ပြီးနောက် အလန့်တကြား အော်ပြောလိုက်သည်။
နတ်ဘုရားကွပ်မျက်စင်သည် အုပ်ချုပ်သူလီဇီဟွား၏ အစွမ်းထက်ဆုံး ဝှက်ဖဲဖြစ်သည်။ ဒဏ္ဍာရီထဲမှာ ထိုနတ်ဘုရားအတတ်ပညာကို ဖန်တီးပြီးနောက် အုပ်ချုပ်သူ၏ ပထမဆုံးဓားချက်သည် သူ့ကိုယ်သူဖြစ်သည်။
ထိုအတတ်ပညာသည် ကောင်းကင်ဘုံကို ဆန့်ကျင်နေပြီး ကျင့်ကြံရန် အလွန်အမင်း ခက်ခဲသည်။ လီဇီဟွား၏ နောင်သားမျိုးဆက်များထဲမှာပင် နဝမသားတော်တစ်ဦးတည်းသာ ထိုအတတ်ပညာကို သင်ယူနိုင်ခဲ့သည်။ တခြားကလေးများသည် မသင်ယူနိုင်ခဲ့ပေ။
အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်သည်ပင် ထိုအတတ်ပညာကို မသင်ယူနိုင်ခဲ့ကြပေ။ ထို့ကြောင့် ယခုအချိန်မှာ သူတို့သည် လွန်စွာအံ့ဩသွားကြသည်။
“ သူ တကယ်ကြီး… အောင်မြင်သွားတယ် ”
အိမ်ရှေ့စံမင်းသားသည် တီးတိုးရေရွတ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ကောင်းကင်နှင့် မြေပြင်ကို ကြည့်လိုက်သည်။
ဤလောကကြီး၏ ကောင်းကင်သည် ဆေဘာဓားဖြစ်လာပြီး မြေပြင်သည် ကွပ်မျက်စင်အဖြစ် ပြောင်းလဲသွားသည်။
ထိုအစိမ်းရောင်ဆေဘာဓားထဲမှာ ပြိုင်ဘက်ကင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒပါရှိပြီး သွေးရောင်လွှမ်းနေသော မြေပြင်သည် သွေးအပြစ်တော်ဖြင့် ပြည့်နှက်နေသည်။
ကြောက်စရာအကောင်းဆုံးအရာမှာ ထိုဆေဘာဓားထဲတွင် ကိန်းဝပ်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ဖြစ်သည်။
ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒက မရေမတွက်နိုင်သော သက်ရှိများကို သတ်ဖြတ်ပြီးမှ ရရှိနိုင်သောအရာ ဖြစ်သည်။ ယင်းက ကမ္ဘာတုန်လှုပ်သွားစေသည်အထိ အလွန်အမင်း အားကောင်းသည်။ သတ်ဖြတ်ခြင်းအရှိန်အဝါသက်သက်ဖြင့်ပင် အရာအားလုံးကို ဝါးမျိုပစ်နိုင်ဟန် ထင်ရသည်။
“ နတ်ဘုရားကွပ်မျက်စင်ကို နောက်တစ်ကြိမ် ပြန်မြင်ရလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး… ”
မင်းသမီးမင်မိန်သည် တီးတိုးရေရွတ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အတိတ်ကို လွမ်းဆွတ်ခြင်းဖြင့် ပြည့်နှက်နေသည်။ ပဉ္စမညီမတော်သည်လည်း အတူတူပင်။ အဌမသားတော်သည်ပင် တိတ်ဆိတ်သွားသည်။ သူတို့အားလုံး၏ မျက်လုံးထဲမှာ အတိတ်ကို လွမ်းဆွတ်ခြင်း၊ ပျော်ရွှင်ဖွယ်အမှတ်တရများနှင့် ချစ်ခင်ရသူများကို ဆုံးရှုံးရသော နာကျင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ထို့ပြင် ပြင်းထန်သော စိတ်ခံစားချက်လှိုင်းများလည်း ရှိသည်။
ဤအခိုက်အတန့်မှာ လဝတ်ပြုဒေသကြီးထဲတွင် မျိုးနွယ်အသီးသီးသည် ချောက်ချားသွားကြသည်။
သူတို့သည် အစောကြီးကတည်းက စဉ်းစားနိုင်စွမ်းကို ဆုံးရှုံးသွားကြပြီးပြီ ဖြစ်သည်။ လူတိုင်းက သူတို့၏ စိတ်ထဲမှ မြင်ကွင်းကို အာရုံစူးစိုက်ထားကြသည်။
ယခု ထိတ်လန့်ဖွယ်ကောင်းသော ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဖော်မပြနိုင်သော အပူလှိုင်းတစ်ခုသည် သေမျိုးများ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ဤသည်မှာ မီးတောက်တစ်ခုက သူတို့၏ နှလုံးသားထဲမှာ အစပျိုးလာနေဟန် ရသည်။ ယင်းက ကြီးမားသော မျှော်လင့်ချက်အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားနေသည်။
သူတို့အားလုံးက ဆေဘာဓားဖြင့် ခုတ်ပိုင်းတော့မည့်အချိန်ကို စောင့်မျှော်နေကြသည်။
သေမျိုးများသာ မဟုတ်ပေ။ ကျင့်ကြံသူများသည်လည်း အတူတူပင်။ ယခင်က ထိုမြင်ကွင်းကို အလိမ်အညာဟု ထင်မှတ်ခဲ့ကြသော လူများသည်ပင် ဤအခိုက်အတန့်မှာ အာရုံစိုက်လာကြသည်။ သူတို့၏ နှလုံးသားထဲမှ တုံ့ဆိုင်းမှုသည် လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ယင်းက တကယ့်အစစ်အမှန် ဖြစ်သည်။
အထူးသဖြင့် နေရာအသီးသီးမှ တော်လှန်ရေးတွင် ပါဝင်နေကြသော လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူများ ဖြစ်ကြသည်။ ဤအခိုက်အတန့်မှာ သူတို့သည် ထိုမြင်ကွင်းက လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံးအပေါ် မည်မျှသက်ရောက်မှုရှိကြောင်း နားလည်ထားကြသည်။
သို့ဖြစ်၍ သူတို့အားလုံးသည် စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားကြပြီး သေချာအာရုံစိုက်ထားကြသည်။ သူတို့က နောက်ဆုံးဓားချက်ကို မြင်ချင်ကြသည်။
အနီရောင်လဗိမာန်အတွက်တော့ သူတို့သည် လုံးဝရူးသွပ်သွားသည်။ နောက်ဆုံးမှာတော့ မြင့်မြတ်ဘုန်းတော်ကြီးသည် သူ၏ နတ်ဘုရားအစွမ်းနှင့် မန္တန်များကို အသုံးပြု၍ အစိမ်းရောင်သဲကန္တာရကို ရှာတွေ့သွားခဲ့သည်။ ထို့ကြောင့် ယခု မရေမတွက်နိုင်သော အနီရောင်လကျင့်ကြံသူများသည် အစိမ်းရောင်သဲကန္တာရဆီသို့ ဦးတည်သွားနေကြသည်။
ထိုထဲမှာ မြင့်မြတ်ဘုန်းတော်ကြီးပင် ပါဝင်ပေသည်။
အဘယ့်ကြောင့်ဆိုသော် ထိုမြင်ကွင်းက အစစ်အမှန်ဖြစ်ကြောင်း ရှင်းလင်းစွာ သူနားလည်ထားသည်။ သို့ဖြစ်၍ ထိုမြင်ကွင်း၏ နောက်ကွယ်မှ အဓိပ္ပာယ်ကိုလည်း သူနားလည်ထားသည်။
ထိုစဉ် လူတိုင်း၏ အာရုံစိုက်မှုအောက်မှာ လောကကြီးသည် ဝုန်းခနဲ မြည်ဟိန်းလာပြီး သက်ရှိအားလုံး၏ စိတ်ထဲမှာ ထွက်ပေါ်လာသော မြင်ကွင်းသည် ပြောင်းလဲသွားသည်။
အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားကွပ်မျက်စင် ထွက်ပေါ်လာသည့်အခါ ရှေးဟောင်းမှတ်ဉာဏ်တစ်ခုက အလိုအလျောက် ဖြစ်ပေါ်လာနေသောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာ နင်ယန်နှင့် တခြားလူများသည် ထိုမြင်ကွင်းထဲမှာ နစ်မြုပ်သွားကြသည်။ ထိုမြင်ကွင်းက ဤနေရာ၏ အဓိကအာရုံစိုက်စရာ ဖြစ်လာသည်။
ယင်းက နတ်ဘုရားကွပ်မျက်စင်၏ နောက်ဆုံးမှတ်ဉာဏ်ဖြစ်သည်။
ရှေးခေတ်ကာလမှ လေသည် အပြာရောင်ကောင်းကင်တစ်လျှောက် ဖြတ်သန်းတိုက်ခတ်နေပြီး သွေးနီရောင်ကောင်းကင်နှင့် ထိပ်တိုက်တွေ့ဆုံသွားကာ လှိုင်းဂယက်တချို့ ဖြစ်ပေါ်လာကြသည်။
ကောင်းကင်သည် မင်ရည်ထဲမှာ ရွှီချင်းမြင်ခဲ့ရသော ကောင်းကင်နှင့် တူညီသည်။ သို့သော် အနည်းငယ် ကွာခြားသည်။
တူညီသည့်အရာမှာ ကောင်းကင်တစ်ခြမ်းသည် အပြာရောင်ဖြစ်ပြီး အခြားကောင်းကင်တစ်ခြမ်းသည် အနီရောင်ဖြစ်သည်။ ကွာခြားချက်မှာ ကောင်းကင်နှစ်ခုစလုံးသည် ကမ္ဘာတုန်လှုပ်စေမည့် တိုက်ပွဲကြီးကို တွေ့ကြုံထားကြသည်။
သို့ဖြစ်၍ ကောင်းကင်တစ်ခြမ်းသည် အက်ကွဲသွားသော ကြေးမုံပမာ ရှိနေသည်။
မြေပြင်သည် ပြိုကျပျက်စီးသွားပြီး ခရမ်းရောင်ပင်လယ်သို့ ပြောင်းလဲသွားသည်။
မရေမတွက်နိုင်သော အရိုးစုများကို မည်သည့်နေရာတွင်မဆို မြင်နိုင်ပေသည်။ သူတို့က ယောင်္ကျားမိန်းမများ၊ လူကြီးလူငယ်များ၊ သေမျိုးများနှင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ရှည်လျားသော ပုံရိပ်တစ်ခုသည် မြင်ကွင်းထဲမှ ကောင်းကင်နှင့်မြေပြင်ကြားမှာ ထွက်ပေါ်လာသည်။ ယင်းက သက်ရှိအားလုံး၏ အသိစိတ်ထဲမှာ ပုံရိပ်ထင်ဟပ်လာသည်။ ထိုအခါ မြင်ကွင်းသည် ကောင်းကင်ကဲ့သို့ပင် တအိအိလှုပ်ခတ်သွားသည်။
ဤသည်မှာ လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံးသည် အုပ်ချုပ်သူကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်း ဖြစ်သည်။
အုပ်ချုပ်သူလီဇီဟွားသည် မျက်လုံးမှိတ်ထားသည်။ သူ့ကိုယ်ပေါ်မှာ မည်သည့်ဒဏ်ရာမှမရှိပေ။ သူ၏ ရှည်လျားသော ခန္ဓာကိုယ်မှ အံ့ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
သူနှင့် ဆန့်ကျင်ဘက်မှာရှိသော နီလာနတ်သမီးသည်တော့ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းမှ လက်တံအများစုသည် အက်ကွဲသွားကြသလို ကြယ်အများစုသည်လည်း ပြိုကွဲသွားကြသည်။
အရေအတွက်များပြားသော အသွေးအသားများသည် ပြိုကွဲသွားသော ကြယ်များထံမှ ပြုတ်ကျလာကြသည်။
ယင်းက ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းဖြစ်သည်။
ထိုအသွေးအသားများသည် ဤနေရာသို့ ရောက်လာရန် လမ်းတစ်လျှောက်၌ သူဝါးမျိုခဲ့သော သက်ရှိအားလုံးထံမှ ဖြစ်သည်။
နီလာနတ်သမီးကိုကြည့်နေရင်း လဝတ်ပြုဒေသကြီးထဲမှ သေမျိုးများနှင့် ကျင့်ကြံသူများသည် ချက်ချင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ဤသည်မှာ အစစ်အမှန် နီလာနတ်သမီးကို ပထမဆုံးအကြိမ် သူတို့မြင်ဖူးကြခြင်း ဖြစ်သည်။
မြင်ကွင်းထဲတွင် နီလာနတ်သမီးသည် သူဖွဲ့စည်းထားသော ကြယ်များ ပြိုကွဲသွားသည်ကို ကြည့်နေသည်။ သူ၏ မျက်လုံးသည် နီရဲလာပြီး နှလုံးကွဲကြေသော အော်သံကို ထုတ်ဖော်လိုက်သည်။
“ လီဇီဟွား… နင်နဲ့ငါက တစ်နေရာတည်းက လာတဲ့သူတွေပါ… အတိတ်တုန်းက နင်မထွက်သွားခင်မှာ နင်က နတ်ဘုရားဖြစ်ချင်တယ်လို့ ငါ့ကို ပြောခဲ့တယ်လေ… ငါတို့ရဲ့ ကံကြမ္မာကို နင်ပဲ ပြောင်းလဲချင်တယ်ဆို ”
“ မရေမတွက်နိုင်တဲ့ နှစ်တွေကြာပြီးနောက် နင့်ခြေလှမ်းအတိုင်း ငါလိုက်လာခဲ့ပြီး ဒီနေရာကို ရှာတွေ့ခဲ့တယ် ”
“ ဒါပေမဲ့ နင်ပြောင်းလဲသွားတယ် ”
“ ဘာလို့လဲ… ဘာလို့ နင်က ငါနဲ့အတူ နတ်ဘုရားမဖြစ်ချင်တာလဲ… ဘာလို့ နင်က ရွှမ်ယုံကို ဦးညွတ်ရတာလဲ ”
“ ငါတို့… ငါတို့တွေက ဒီကြယ်စင်စုရဲ့ အစစ်အမှန်ပိုင်ရှင်တွေပါ ”
သူက စကားပြောနေရင်း နီလာနတ်သမီး၏ မျက်လုံးထဲမှာ မကျေနပ်မှုဖြင့် ပြည့်နှက်လာသည်။ သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှ သွေးပင်လယ်သည် ကောင်းကင်ယံသို့ ပျံသန်းသွားသည်။ ထို့နောက် သွေးလများသည် လေထဲမှာ ဖြစ်ပေါ်လာကြပြီး အံ့မခန်းအရှိန်အဝါနှင့်အတူ လီဇီဟွားဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။
သွေးလတို့ ဖြစ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်သည် အက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော မှော်သင်္ကေတများက ဖြစ်ပေါ်လာကြသည်။ ယင်းတို့က လီဇီဟွား၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး မရေမတွက်နိုင်သော အမှတ်အသားများကို ကျန်ရစ်စေခဲ့သည်။
ထိုအမှတ်အသားများသည် မဟာတာအိုကို ဖျက်ဆီးပစ်နိုင်ပြီး ဝိညာဉ်ကို ပြိုကွဲစေနိုင်သည်။
အနက်ရှိုင်းဆုံး အမှတ်အသားသည် လီဇီဟွား၏ မျက်ခုံးနှစ်ခုကြားမှာ တည်ရှိသည်။
လီဇီဟွားသည် မရှောင်ရှားပေ။ သူက အနည်းငယ်သာ ခုခံသည်။ သူက နဖူးကို ယိုယွင်းပျက်စီးသွားစေရန် ခွင့်ပြုထားသည်။ သွေးက သူ၏ ခန္ဓာကိုယ်ထဲမှ စီးဆင်းလာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
မြေပြင်ပေါ်မှ ခရမ်းရောင်ပင်လယ်ထဲမှာ လှိုင်းလုံးကြီးများ ပေါ်လျှိုးလာသောအခါ လီဇီဟွားသည် ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လိုက်သည်။
“ ငါနတ်ဘုရားဖြစ်လာခဲ့တယ်… ဒါပေမဲ့ အဆုံးမှာ ငါ့ရဲ့ နတ်ဘုရားမီးတောက်ကို ငါကိုယ်တိုင် ပိုင်းဖြတ်ပစ်ခဲ့တယ် ”
“ ဘာလို့လဲဆိုတော့ အဲ့ဒါက ငါလိုချင်တဲ့ အနာဂတ်မဟုတ်သလို မင်းလိုချင်တဲ့ အနာဂတ်လည်း မဟုတ်ဘူး… ဝမ်ကူးကုန်းမြေမှာ နတ်ဘုရားတစ်ပါး ထွက်ပေါ်လာတဲ့အခါကျရင် ရှေးဟောင်းပညတ်တော်က အသက်ဝင်လာပြီး ကြယ်တာရာကောင်းကင်ရဲ့ အနက်ပိုင်းထဲက မဟာကဒ်ဘေးက နိုးထလာလိမ့်မယ်… ”
လီဇီဟွားသည် နူးညံ့စွာ ပြောပြီး နီလာနတ်သမီးကို ကြည့်လိုက်သည်။
“ မင်း ပြန်သင့်တယ် ”
ထိုစကားကို ကြားသောအခါ နီလာနတ်သမီး၏ မျက်လုံးထဲမှ မကျေနပ်မှုသည် ပိုပြီးပြင်းထန်လာသည်။ သူ၏ ဘေးပတ်ဝန်းကျင်မှ သွေးပင်လယ်သည် တအိအိလှုပ်ခတ်လာပြီး စက္ကန့်ပိုင်းလေးအတွင်းမှာ တစ်လောကလုံးသည် အနီရောင်သို့ ပြောင်းလဲသွားသည်။ အဝေးမှ ကောင်းကင်ယံတွင် အလွန်ကြီးမားသော သွေးနီရောင်လပုံရိပ်က ထွက်ပေါ်လာနေသည်။
လီဇီဟွားသည် နူးညံ့စွာ သက်ပြင်းချလိုက်သည်။ သူက ညာလက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး နီလာနတ်သမီးကို လက်ညှိုးညွှန်လိုက်သည်။
“ ဒီဒေသကြီးရဲ့ မြေကြီးက ကွပ်မျက်စင်ဖြစ်လာစေ ”
သူ၏ နက်ရှိုင်းသော အသံသည် ကောင်းကင်နှင့် မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ တစ်ချိန်တည်းမှာ မြေပြင်သည် တုန်လှုပ်လာပြီး တလိပ်လိပ် ကြွတတ်လာသည်။ ယင်းက နီလာနတ်သမီးကို ဗဟိုပြု၍ အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားသည်။ မကြာမီ ယင်းက ဒေသကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ဤအခိုက်အတန့်မှာ လဝတ်ပြုဒေသကြီးထဲမှ တောင်တန်းအားလုံးသည် ပြိုကျပျက်စီးသွားပြီး အက်ကွဲသွားကြသည်။ လွင်ပြင်အားလုံးသည် အပေါ်သို့ မြှောက်တတ်သွားကြသည်။ မရေမတွက်နိုင်သော ကုန်းမြေများနှင့် ကျောက်တုံးများသည် သမုဒ္ဒရာလှိုင်းလုံးများသဖွယ် ဤဒေသကြီး၏ နေရာတိုင်းမှ ပေါ်လျှိုးလာကြသည်။ ယင်းတို့အားလုံးက ဤနေရာမှာ စုဝေးသွားကြသည်။
ယင်းတို့က ဤနေရာမှာ စုဝေးသွားသည့်အခါ ဤဒေသကြီး၏ မြေပြင်သည် အောက်ဘက်သို့ ပေတစ်ရာခန့် နစ်မြုပ်သွားသည်။
မြေကြီးသည်တော့ နီလာနတ်သမီးဆီသို့ အံ့ဖွယ်အလျင်ဖြင့် ဦးတည်သွားနေပြီး သူ၏ အောက်မှာ စုဝေးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ မြေကြီးအပုံသည် ကမ္ဘာတုန်လှုပ်စေမည့် ယဇ်ပလ္လင်တစ်ခုသို့ ပြောင်းလဲသွားသည်။
ထိုယဇ်ပလ္လင်သည် စက်ဝိုင်းသဏ္ဍာန်မရှိပေ။ ယင်းအစား လေးထောင့်ပုံသဏ္ဍာန်ရှိသည်။ ကြီးမားသော လျှိုမြောင်တစ်ခုသည် ယဇ်ပလ္လင်၏ အတွင်းဘက်ထဲမှ ဆန့်တန်းထွက်လာသည်။ အဆုံးမရှိသော သွေးသည် လျှိုမြောင်ထဲမှာ ဒလဟော စီးဆင်းနေပြီး အလွန်ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။
ထိုသို့နတ်ဘုရားအစွမ်းသည် သက်ရှိအားလုံးကို တုန်လှုပ်သွားစေရန် လုံလောက်သည်။
နီလာနတ်သမီး၏ မျက်လုံးထဲမှ မကျေနပ်မှုသည် ပိုပြီးနက်ရှိုင်းလာသည်။ သူ၏ ခန္ဓာကိုယ်သည် လေထဲသို့ မြှောက်တတ်သွားပြီး လမ်းတစ်လျှောက်မှာရှိသော ဟင်းလင်းပြင်ကို အက်ကွဲထွက်သွားစေသည်။ ကျန်ရှိသော ကြယ်များကို သူ၏ ဘေးပတ်ဝန်းကျင်မှ လက်တံများက ရစ်ပတ်လိုက်သည်။ ကြယ်များသည် အနီရောင်အလင်း တောက်ပလာကြသည်။ ထို့နောက် သူ့အား ဝန်းရံထားသော သွေးပင်လယ်သည် ဧရာမသွေးနီဝဲကတော့သို့ ပြောင်းလဲသွားသည်။
သူက လီဇီဟွားကို တိုက်ခိုက်ရန် ကြိုးစားနေခြင်းမဟုတ်ပေ။ သူက ဤနေရာမှ ထွက်ပြေးရန် ကြိုးစားနေခြင်း ဖြစ်သည်။
သူဖြတ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်သည် ပြိုကွဲသွားပြီး ဥပဒေသများသည် ပျက်စီးသွားကြသည်။ လောကကြီးသည် ဖရိုဖရဲဖြစ်သွားသည်။
သို့သော်လည်း လီဇီဟွား၏ အကြည့်အောက်မှာ သူက ဤဒေသကြီးထဲမှ ထွက်ပြေးရန် မည်သို့မှ မဖြစ်နိုင်ပေ။
“ ဒီဒေသကြီးရဲ့ ကောင်းကင်က ဆေဘာဓားဖြစ်လာစေ ”
လီဇီဟွား၏ တည်ငြိမ်သော အသံသည် ထပ်မံပဲ့တင်ထပ်လာသည်။ ကြီးမားသော ပေါက်ကွဲသံသည် လဝတ်ပြုဒေသကြီး၏ ကောင်းကင်ယံမှာ ပေါ်ထွက်လာသည်။ ကောင်းကင်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ ဆေဘာဓားတစ်လက်သို့ အမြန်ပြောင်းလဲသွားသည်။
ကောင်းကင်သည် ဆေဘာဓားဖြစ်ပြီး မြေပြင်သည် ကွပ်မျက်စင်ဖြစ်သည်။
ဤအခိုက်အတန့်မှာ နှလုံးကွဲကြေဖွယ်ကောင်းသော အသံသည် နီလာနတ်သမီးရှိနေသော သွေးနီဝဲကတော့ထဲမှ မြည်ဟိန်းထွက်လာသည်။ ထိုအသံထဲမှာ ချောက်ချားမှုနှင့် ကြောက်မက်ဖွယ်ကောင်းသော အမုန်းတရားက ပါရှိနေသည်။
လီဇီဟွားသည် တဒင်္ဂ တိတ်ဆိတ်သွားသည်။ သို့သော်လည်း အဆုံးမှာ သူက လက်ကို မြှောက်လိုက်ပြီး နေလုံးကို ခူးဆွတ်လိုက်ကာ ကောင်းကင်နှင့် မြေပြင်ကို ချိတ်ဆက်လိုက်သည်။ ချက်ချင်းဆိုသလို နတ်ဘုရားကွပ်မျက်စင်သည် ဤလောကြီးမှာ ထွက်ပေါ်လာသည်။
နတ်ဘုရားကွပ်မျက်စင်သည် လွန်စွာမှ ကြီးမားကျယ်ပြောပြီး ဖော်မပြနိုင်အောင် အစွမ်းကြီးမားသည်။
နီလာနတ်သမီးသည် ချောက်ချားဖွယ်ကောင်းသော အော်သံကို ထုတ်ဖော်လိုက်သည်။ ထိုချောက်ချားမှုက သက်ရှိအားလုံး၏ နှလုံးသားထဲသို့ ပျံ့လွင့်သွားသည့်အခိုက် လီဇီဟွား၏ ညာလက်သည် တဖြည်းဖြည်း အောက်သို့ ကျဆင်းလာသည်။
ထိုအခိုက်အတန့်မှာ နေလုံးသည် ဝုန်းခနဲ မြည်ဟိန်းလာပြီး မီးတောက်မီးလျှံများဖြင့် အပြင်းအထန် တောက်လောင်လာသည်။ ၎င်း၏ ထိတ်လန့်ဖွယ်ကောင်းသော အစွမ်းကို ကောင်းကင်မှ ဖွဲ့စည်းထားသော ဆေဘာဓားဆီသို့ လွှဲပြောင်းပေးလိုက်သည်။
ကောင်းကင်ဘုံဆေဘာဓားသည် ဆင်းသက်လာသည်။
ကောင်းကင်နှင့် မြေပြင်သည် ထိုဆေဘာဓားအောက်မှာ ပြိုကွဲပျက်စီးသွားသည်။
“ မင်းက ဒီဒေသကြီးထဲမှာ ရှိနေသရွေ့ ဒီကောင်းကင်ဘုံဆေဘာဓားအောက်ကနေ ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး ”
နီလာနတ်သမီး၏ သွေးနီဝဲကတော့သည် ဤအခိုက်အတန့်မှာ အပြည့်အဝ ပေါ်လျှိုးလာသည်။ ယင်းက အပြင်းအထန် လှည့်ပတ်လာပြီး ကောင်းကင်ဘုံဆေဘာဓားကို ခုခံရန် ကြိုးစားသည်။ သို့သော်လည်း သူ၏ ကြိုးစားမှုက အချည်းနှီးသာဖြစ်သွား၏။
ကောင်းကင်ဘုံဆေဘာဓားသည် ရပ်တန့်သွားခြင်းမရှိဘဲ သွေးနီဝဲကတော့ကို အလွယ်တကူ ပိုင်းဖြတ်သွားသည်။ ထို့နောက် ဆေဘာဓားသည် တုန်လှုပ်ချောက်ချားမှုနှင့် စိတ်ပျက်မှုဖြင့် ပြည့်နှက်နေသော နီလာနတ်သမီး၏ အရှေ့သို့ ကျဆင်းလာသည်။
ဆေဘာဓားသည် နီလာနတ်သမီး၏ နဖူးပေါ်သို့ ကျဆင်းသွားပြီး ပိုင်းဖြတ်သွားသည်။
ခရက်…
မြင်ကွင်းထဲမှာ နီလာနတ်သမီး၏ ခန္ဓာကိုယ်သည် တိုက်ရိုက် နှစ်ခြမ်းကွဲထွက်သွားသည်။ အဆုံးမဲ့သော သွေးပင်လယ်သည် ဝုန်းခနဲ ပေါ်လျှိုးလာပြီး အရာအားလုံးကို အနီရောင်သို့ ပြောင်းလဲသွားစေသည်။
ထိုဆေဘာဓားက နီလာနတ်သမီး၏ ဦးခေါင်းကို ပိုင်းဖြတ်သွားရုံသာမက သက်ရှိအားလုံး၏ ဝိညာဉ်ထဲမှ အချုပ်အနှောင်များကိုလည်း ပိုင်းဖြတ်သွားသည်။
နီလာနတ်သမီး၏ သေဆုံးမှုကို သူတို့၏ မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့သွားသောအခါ ဒဏ္ဍာရီတစ်ခုက ကျိုးပျက်သွားသည့်အလား ခံစားမိသွားကြသည်။ ဤအခိုက်အတန့်မှာ လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံး၏ အသိစိတ်သည် လှုပ်ခါသွားကြသည်။ ဤသည်မှာ ဧရာမလှိုင်းလုံးကြီးတစ်ခုက သူတို့၏ အသိစိတ်ထဲမှာ ပေါ်လျှိုးလာနေသည့်အလားပင်။
သူတို့၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး အသက်ရှူသံသည် မြန်ဆန်လာသည်။
မြင်ကွင်းသည် ဆက်လက်ပြနေဆဲပင်။
လောကကြီးသည် အရောင်ပြောင်းလဲသွားသည်။ ဆန္ဒမရှိသော ကျိန်စာသည် ရှေးခေတ်ကာလမှ ဆင်းသက်လာပြီး ဤမြင်ကွင်းကို ကြည့်ရှုနေကြသော သက်ရှိအားလုံး၏ ဝိညာဉ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ လီဇီဟွား… တကယ်လို့ ငါအသက်ပြန်ရှင်လာရင် နင့်ရဲ့ ဝိညာဉ်ကို မချိမဆံ့ နာကျင်ခံစားရအောင် လုပ်ပစ်မယ်… နင်ရဲ့ အသွေးအသားနဲ့ အရိုးတွေကို ငါဆုတ်ဖြဲပစ်မယ်… နင့်ရဲ့ ပြည်သူပြည်သားအားလုံး ထာဝရ ဆင်းရဲဒုက္ခကို ခံစားရစေမယ်… ဝမ်ကူးကုန်းမြေ ပျက်စီးသွားတဲ့အထိ နင် ငါ့အရှေ့မှာ ဒူးထောက်နေရမယ် ”
အေးစက်စက် စကားသံသည် မကျေမချမ်းစိတ်ဆန္ဒနှင့်အတူ လူတိုင်း၏ ဝိညာဉ်ထဲသို့ တိုးဝင်လာသည်။
လီဇီဟွားသည် လေထဲမှာ မတ်တတ်ရပ်နေသည်။ ထိုကျိန်စာတိုက်သံက နေရာအနှံ့ ပဲ့တင်ထပ်သွားသည့်အခါ သွေးမိုးသည် ကောင်းကင်ပေါ်မှ တဖွဲဖွဲ ရွာသွန်းလာသည်။ သူက ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။ သူက တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလားပင်။
သူ၏ အမူအရာသည် အနည်းငယ် အထီးကျန်နေပုံပေါ်သည်။
တဖြည်းဖြည်း မြင်ကွင်းက ဝေဝါးလာသောအခါ သူ၏ ပုံရိပ်သည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။
ထိုအခိုက်အတန့်မှာ ယဇ်ပလ္လင်နားမှ လူများမှလွဲ၍ အပြင်လောကထဲရှိ မည်သူမှ မကြားနိုင်သော ရေရွတ်သံသည် ပျောက်ကွယ်သွားပြီဖြစ်သော လီဇီဟွားထံမှ ထွက်ပေါ်လာသည်။
“ ငါ နတ်ဘုရားဖြစ်လာတုန်းက မင်းပြောသွားခဲ့တဲ့ ကျိန်စာကို မြင်ပြီးသွားပြီ… ”