မွန်းတည့်ချိန်ကျပြီ
Vol. 66 Ch. 1032
မိုးကြိုးသွားသည် ကောင်းကင်ရှိ ဝဲကတော့ထဲမှ ဆက်လက် ဆင်းသက်လာပြီး သွေးပိုးအိမ်ပေါ်သို့ ကျဆင်းသွားသည်။
သွေးပိုးအိမ်သည် ကျုံ့သွားသည်။
မရေမတွက်နိုင်သော လျှပ်စီးတန်းများသည် ရေတံခွန်သဖွယ် ကျဆင်းလာသည်။ ထို့ကြောင့် မြေပြင်သည် လျှပ်စီးရေကန်အဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်းက အပြာရောင် တလက်လက် တောက်ပသည်။ မိုးခြိမ်းသံသည် လောကကို တုန်ယင်သွားစေဟန် ရသည်။
၎င်း၏ စွမ်းအားသည် ယခင်က ရွှီချင်းတွေ့ကြုံခဲ့ဖူးသော ကောင်းကင်ကဒ်ဘေးဒုက္ခသုံးခုထက် ကျော်လွန်သည်။ ၎င်းထဲမှာ ကိန်းဝပ်နေသော စွမ်းအားက ဤလောကကို ဖျက်ဆီးပစ်နိုင်သည်ဟုဆိုလျှင် ယင်းကို လွန်ကျူးစွာ ပြောသည်ဟု မသတ်မှတ်နိုင်ပေ။
အဘယ့်ကြောင့်ဆိုသော် အိမ်ရှေ့စံမင်းသားနှင့် တခြားသုံးယောက်က သူတို့၏ အခွင့်အာဏာများကို အသုံးပြု၍ ဤကမ္ဘာငယ်မှ မိုးအောက်မြေပြင် စွမ်းအားကို ရွှီချင်းထံသို့ အတင်းအကျပ် လွှဲပြောင်းပေးခဲ့သောကြောင့် ဖြစ်သည်။
ထို့ပြင် နတ်ဘုရားကွပ်မျက်စင်၏ အကြွင်းအကျန်စွမ်းအားကလည်း ရွှီချင်း၏ အပိုင်ဖြစ်လာခဲ့သည်။
ထိုအချက်အားလုံးကို စုပေါင်းလိုက်သည့်အခါ ယခုကဲ့သို့ ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းက ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထို့ပြင် သူတို့လေးယောက်သည် နတ်ဘုရားအတတ်ပညာဖြစ်သော နတ်ဘုရားကွပ်မျက်စင်ကို ရွှီချင်းပိုင်ဆိုင်နိုင်စေရန် သူတို့၏ ခန္ဓာကိုယ်ထဲမှ အုပ်ချုပ်သူသွေးမျိုးစက်ကိုလည်း အသုံးပြုခဲ့ကြသေးသည်။ ဤသည်မှာ သူတို့က ခမည်းတော်လီဇီဟွားကိုယ်စား ရွှီချင်းအပေါ် အသိအမှတ်ပြုခြင်း ဖြစ်သည်။ သို့မှသာ ရွှီချင်းက ဤနတ်ဘုရားအတတ်ပညာကို အသုံးပြုရန် အရည်အချင်းပြည့်မီသွားလိမ့်မည်။
ထိုနည်းဖြင့် ရွှီချင်းက အုပ်ချုပ်သူနှင့် ပတ်သက်ဆက်နွယ်သွားလိမ့်မည်။
သို့ဖြစ်၍ ထုံးစံအားဖြင့် ကောင်းကင်ကဒ်ဘေးဒုက္ခ၏ အရှိန်အဝါက အများကြီး ပိုကြောက်စရာကောင်းလာခြင်း ဖြစ်သည်။
ဤသည်မှာ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ လိုချင်နေသော ရလဒ်ဖြစ်၏။ သူတို့က ရှေးဟောင်းမိုးကြိုးကဒ်ဘေး၏ စွမ်းအားကို အသုံးပြုပြီး ဤကမ္ဘာငယ်ထဲမှာရှိသော အရာအားလုံးကို သန့်စင်ပစ်ချင်သည်။ ထို့နောက် ဤကမ္ဘာငယ်ကို ထပ်ခါထပ်ခါ ချုံ့ပစ်လိုက်ပြီး ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ တံဆိပ်ရိုက်နှိပ်ပေးလိမ့်မည်။
ယင်းက အပြင်ဘက်မှ အကူအညီတစ်မျိုးဖြစ်သည်။
ထိုသို့ကူညီပေးမှုအောက်မှာ ရွှီချင်းသည် တစ်ဝက်အားထုတ်ရုံဖြင့် ရလဒ်နှစ်ဆ ရရှိလာလိမ့်မည်။ သူက နတ်ဘုရားကွပ်မျက်စင်ကို နားလည်ရန် အချိန်ကြာကြာ လိုအပ်တော့မည်မဟုတ်ချေ။ ထို့ပြင် အောင်မြင်နိုင်ခြေရာခိုင်နှုန်းသည် ပိုပြီးများပြားလာလိမ့်မည်။
ထိုအခါကျလျှင် နတ်ဘုရားကွပ်မျက်စင်သည် သူ၏ အသိစိတ်ပင်လယ်ထဲမှာ ထွက်ပေါ်လာရုံသာမက သူ့ကိုယ်ပိုင် ဝှက်ဖဲကတ်တစ်ခု ဖြစ်လာလိမ့်မည်။
သို့သော်လည်း ရွှီချင်းအတွက်တော့ ထိုလုပ်ငန်းစဉ်သည် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို သန့်စင်ခြင်းဖြစ်သည်။
အပြင်ဘက်မှ မိုးကြိုးကဒ်ဘေး၏ တရစပ် ပစ်ခတ်မှုအောက်မှာ သွေးပိုးအိမ်ထဲမှ လောကသည် တဖြည်းဖြည်း ကျုံ့လာပြီး သူ့အား ဖျစ်ညှစ်လာသည်။
သူ၏ အသိစိတ်ပင်လယ်သည် ဝုန်းခနဲ မြည်ဟိန်းလာပြီး နတ်ဘုရားကွပ်မျက်စင်၏ ပုံရိပ်က ပေါ်ထွက်လာသည်။
အတွင်းနှင့် အပြင်မှ တွေ့ဆုံမှုသည် ရွှီချင်း၏ ခန္ဓာကိုယ်ကို အက်ကွဲသွားစေပြီး သူ၏ စိတ်ကို တဖြည်းဖြည်း ခြောက်သွေ့သွားစေသည်။ ထိုစဉ် သူ၏ ဝိညာဉ်နတ်သူငယ်(၁၃)ကောင်သည် အစွမ်းကုန် အားထုတ်လိုက်ကြသည်။
ဤအခိုက်အတန့်မှာ ခရမ်းသလင်းကျောက်သည် အဓိကနေရာမှာ ပါဝင်ကူညီပေးခဲ့သည်။ ခရမ်းသလင်းကျောက်သည် ပြန်လည်ကုသခြင်းအစွမ်းကို တရစပ် ထုတ်လွှတ်ပေးနေပြီး အရာအားလုံးကို အာဟာရဖြည့်တင်းပေးနေသည်။ တစ်ချိန်တည်းမှာ ယင်းက ရွှီချင်းကို ကြီးမားသော ဖိအားအား တောင့်ခံနိုင်စေရန် ကူညီပေးသည်။
သို့ဖြစ်၍ သူ၏ အောင်မြင်နိုင်ခြေသည် ပိုပြီးတိုးမြှင့်သွားသည်။
မိုးကြိုးသွားသည် ဆက်လက် ဆင်းသက်လာနေပြီး သွေးပိုးအိမ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အလျှင်နှင့်အတူ ကျုံ့သွားနေသည်။
ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ အက်ကွဲကြောင်းများသည် သူ၏ အရေပြားပေါ်မှာ ထွက်ပေါ်လာသည်။ လတ်ဆတ်သော သွေးသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ စီးကျလာသည်။ အကန့်အသတ်မရှိသော လျှပ်စီးတန်းများသည် သွေးပိုးအိမ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး အထဲမှ အရာအားလုံးကို သန့်စင်ပစ်နေသည်။ ယင်းက ဤနေရာမှ ကြီးမားသော ဖိအားဖြင့် ပေါင်းစပ်သွားပြီးနောက် အရာအားလုံးကို ဖိခြေပစ်လာသည်။
ထို့ပြင် သွေးပိုးအိမ်၏ အရွယ်အစားက တစ်ခါကျုံ့သွားတိုင်း သွေးပိုးအိမ်ထဲမှ ကမ္ဘာငယ်သည် ပြိုကွဲပျက်စီးသွားလိမ့်မည်။ ပထမဆုံး ပျက်စီးသွားသည်မှာ ဆေဘာဓား၏ မျှော့ကြောင်းဖြစ်သည်။ ယင်းက ကျယ်လောင်သော မြည်ဟိန်းသံဖြင့် ပျက်စီးပြိုကွဲသွားသည်။
ထို့နောက် ယင်းက အဆုံးမရှိသော အပိုင်းအစများသို့ ပြိုကွဲထွက်သွားပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
နောက်အခိုက်အတန့်မှာ ကောင်းကင်ပေါ်မှာ မြင့်မြင့်ချိတ်ဆွဲခံထားရသော ကောင်းကင်ဘုံဆေဘာဓားသည် ပြိုကွဲထွက်သွားသည်။ ထို့နောက် ယင်းက အပိုင်းအစများသို့ ပြောင်းလဲသွားပြီး ရွှီချင်းထံသို့ ဦးတည်သွားပြန်သည်။
ထို့နောက် ရွှီချင်းရှိနေသော ယဇ်ပလ္လင်က ပြိုကွဲထွက်သွားသည်။
ထိုအတောအတွင်း သွေးပိုးအိမ်ထဲမှာ တည်ရှိနေကြသော ကြက်ကလေးများသည်တော့ အော်ဟစ်ညည်းညူနေကြသည်။ သူတို့သည် ရွှီချင်းနှင့် ချိတ်ဆက်နေသောကြောင့် စတေးခံများ အလိုအလျောက် ဖြစ်လာကြသည်။
ကြီးမားသော ဖိအားအောက်မှာ သူတို့က ရွှီချင်း၏ သေခြင်းရှင်ခြင်းဝန်ထုတ်ကို ကူထမ်းပိုးပေးနေသောကြောင့် တစ်ကောင်ပြီးတစ်ကောင် ခြောက်သွေ့သေဆုံးသွားကြသည်။
နောက်ဆုံးမှာတော့ သွေးပိုးအိမ်က ကျုံ့သွားသည့်အခါ ဤကမ္ဘာငယ်ထဲမှာရှိသော အရာအားလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး လျှပ်စီးတန်းများနှင့်အတူ ရွှီချင်း၏ ဘေးပတ်ပတ်လည်ကို လွှမ်းခြုံသွားသည်။
ယခု သွေးပိုးအိမ်သည် ပေ(၃၀)ထက်မနည်း ကျုံ့သွားသည်။ ၎င်းက အပြင်းအထန် တုန်ယင်နေလေရာ အချိန်မရွေး ပြိုကွဲထွက်သွားနိုင်ဟန် ရသည်။
မိုးကြိုးသွားများသည် ဆက်လက် ကျဆင်းနေသည်။
“ အောင်မြင်မှ ရှန်းနန်ကျိန်စာအမိန့်တော်က အသက်ဝင်လာလိမ့်မယ်လို့ သူ့ကို ငါပြောခဲ့တာက တကယ်တော့ နတ်ဘုရားကွပ်မျက်စင်ကို သူ့ကိုယ်ပိုင် ဝှက်ဖဲကတ်အဖြစ် ပြောင်းတဲ့နေရာမှာ သူပိုပြီးစိတ်ဆုံးဖြတ်နိုင်အောင်လို့ပဲ ”
“ ဒါပေမဲ့ ရှန်းနန်ကျိန်စာအမိန့်တော်က ဆက်တိုက် အသက်ဝင်နေတယ် ”
အိမ်ရှေ့စံမင်းသားနှင့် တခြားသုံးယောက်သည် သွေးပိုးအိမ်ကို ကြည့်နေရင်း တည်ကြည်လာကြသည်။ ခေါင်းဆောင်နှင့် တခြားလူများသည်လည်း ထိတ်လန့်သွားကြပြီး အဖြစ်အပျက်အားလုံးကို အဝေးမှ စောင့်ကြည့်နေကြသည်။
သူတို့အားလုံးက စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။ တစ်နာရီကြာပြီးနောက် ကောင်းကင်ပေါ်မှ ဝဲကတော့သည် လျှပ်စီးရေကန်နှင့် ဆက်သွယ်သွားဟန်ရပြီး ပိုပြီးကြီးမားကျယ်ပြောလာသည်။ ယင်းက အဆုံးမရှိသော တွင်းနက်တစ်ခုသဖွယ် တည်ရှိနေပြီး မိုးကြိုးသွားများကို အကန့်အသတ်မရှိစွာ ထုတ်လွှတ်ပေးနေသည်။
ယခု မိုးကြိုးသွားများက သွေးပိုးအိမ်ကို ထူထဲစွာ လွှမ်းခြုံထားသဖြင့် ယင်းကို ရှင်းလင်းစွာ မမြင်နိုင်တော့ပေ။
ဖရိုဖရဲအရှိန်အဝါသည်သာ သွေးပိုးအိမ်ထဲမှ ရေးတေးတေး ထွက်ပေါ်လာနေသည်။ ယင်းက အပြင်ဘက်မှာ စောင့်ဆိုင်းနေကြသော လူများကို ပိုပြီးစိတ်ပူလာစေသည်။
ဤအခိုက်အတန့်မှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ထိုဖရိုဖရဲအရှိန်အဝါထံမှ ရုတ်တရက် ပေါ်လျှိုးထွက်လာပြီး အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားသည်။ ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခါသွားစေသည်။
လူတိုင်းက နှလုံးခုန်မြန်လာစဉ် ကောင်းကင်ပေါ်မှ ဝဲကတော့သည် ရုတ်ချည်း ရပ်တန့်သွားသည်။ တစ်ချိန်တည်းမှာ တိုးညင်းသော ရေရွတ်သံသည် သွေးပိုးအိမ်ထဲမှ ပျံ့လွင့်ထွက်လာသည်။
“ တစ္ဆေအင်ပါယာတောင်ကုန်းက ကွပ်မျက်စင်ဖြစ်လာစေ… (ဃ၁၃၂)ရဲ့ ကံကြမ္မာက ဆေဘာဓားရဲ့ မျှော့ကြောင်းဖြစ်လာစေ ”
ထိုစကားသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကြီးမားသော အက်ကွဲရာများက သွေးပိုးအိမ်ပေါ်မှာ မြန်ဆန်စွာ ထွက်ပေါ်လာကြသည်။ ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက သွေးပိုးအိမ်ထဲမှ ဖောက်ထွင်းထွက်လာနေသည့်အလားပင်။
“ ကောင်းကင်ဘုံတာအိုက ဆေဘာဓားရဲ့ ဓားကိုယ်ထည်အဖြစ် ပြောင်းလဲသွားပြီး တားမြစ်အဆိပ်က ဓားအဖျားဖြစ်လာစေ… ကျောက်ရှာအလင်းက ဓားအလင်းဖြစ်လာစေ ”
ရေရွတ်သံက ဒုတိယအကြိမ် ပျံ့လွင့်လာသောအခါ သွေးပိုးအိမ်သည် တုန်ယင်လာပြီး စတင်ပြိုကွဲလာသည်။
“ ရွှေကျီးကန်းက ဆက်သွယ်မှုဖြစ်ပြီး ခရမ်းလက ချိပ်တံဆိပ်ဖြစ်တယ် ”
“ အချိန်လည်းပါဝင်တယ်… ”
“ နေနာရီသက်စောင့်မီးအိမ်နဲ့ အဲ့ဒါကို ထိန်းချုပ်မယ်… အမိန့်ပေးမယ်… ”
ရေရွတ်သံသည် ဆက်လက် ပဲ့တင်ထပ်လာသည်။ ဝူကျန်းဝူ၊ နင်ယန်နှင့် တခြားလူများသည် မျက်နှာဖြူဖျော့လာကြပြီး အလိုအလျောက် အနောက်ဆုတ်သွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများက သွေးပိုးအိမ်ထဲမှ ဆက်တိုက် ပေါ်လျှိုးလာနေကြောင်း သူတို့ အာရုံခံနိုင်ကြသည်။
ထိုအားလှိုင်းအတတ်အကျများထဲမှာ ဥပဒေသစွမ်းအားလည်း ပါရှိသည်။ ယင်းက ကောင်းကင်ပေါ်မှ ဝဲကတော့ထဲရှိ မိုးကြိုးသွားများကို ဝေဝါးသွားစေသည်။
မကြာမီ နောက်ဆုံးရေရွတ်သံက ပဲ့တင်ထပ်လာသည်။
“ နေနာရီပေါ်မှာ မွန်းတည့်ချိန်ကျသွားရင် ကောင်းကင်နဲ့မြေပြင်က အတူတူ ပိုင်းဖြတ်ခံရမယ် ”
ရေရွတ်သံ အဆုံးသတ်သွားသည်နှင့်ချက်ချင်း သွေးပိုးအိမ်သည် တိုက်ရိုက် ပေါက်ကွဲထွက်သွားသည်။ ဆေဘာဓားအလင်းသည် အဆုံးမဲ့သော အံ့ဖွယ်ခွန်အားနှင့် ပြိုင်ဘက်ကင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့်အတူ သွေးပိုးအိမ်ထဲမှ ပျံသန်းထွက်လာသည်။
ကောင်းကင်သည် လှုပ်ရှားထကြွလာပြီး မြေပြင်သည် အပြင်းအထန် တုန်လှုပ်လာသည်။ ကမ္ဘာငယ်၏ အလယ်ဗဟိုမှာ မိုဆာဆောသည် ကျယ်လောင်စွာ မာန်ဖီဟိန်းဟောက်လိုက်ပြီး ဧရာမဆေဘာဓားအဖြစ် လေထဲမှာ အသွင်ပြောင်းလဲသွားသည်။
ထိုဆေဘာဓားထဲမှာ အဆုံးမရှိသော ကောင်းကင်ဆန္ဒနှင့် တာအိုဖြတ်တောက်ခြင်း၏ အငွေ့အသက်တို့ ပါရှိသည်။ ယင်းက ကောင်းကင်ဘုံဆေဘာဓားဖြစ်လာသည်။
တားမြစ်အဆိပ်စွမ်းအားသည် မြန်ဆန်စွာ စုဝေးသွားပြီး ဆေဘာဓား၏ ဓားအဖျားဖြစ်လာသည်။ တစ်နည်းအားဖြင့် ကောင်းကင်ဘုံဆေဘာဓား၏ ဓားအဖျားထဲမှာ တားမြစ်အဆိပ်၏ အထွတ်အထိပ်စွမ်းအားက စုဝေးရှိနေသည်။ သို့ဖြစ်၍ ဆေဘာဓားဖြင့် ခုတ်ပိုင်းလိုက်မည်ဆိုလျှင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒသာမက တားမြစ်အဆိပ်၏ ကျိန်စာအစွမ်းလည်း ပေါ်လျှိုးထွက်လာလိမ့်မည်။
ထို့နောက် ကျောက်ရှာအလင်းသည် ဆေဘာဓားပေါ်မှ ဓားအလင်းဖြစ်လာပြီး အေးစက်စက်အငွေ့အသက်ကို ထုတ်လွှတ်လာသည်။ ဤသည်မှာ ၎င်းက အရာအားလုံးကို ဖြတ်တောက်နိုင်ပြီး အတတ်ပညာအားလုံးကို ချိုးဖောက်နိုင်ကာ အသင်္ချေမန္တန်များကို တုပနိုင်ဟန် ရသည်။
မြေပြင်သည် လှုပ်ရှားထကြွလာပြီး တစ္ဆေအင်ပါယာတောင်ကုန်းနှင့် (ဃ၁၃၂)က ပေါ်လျှိုးလာသည်။ ကံမ္မစွမ်းအားဖြင့် ပြည့်နှက်နေသော (ဃ၁၃၂)သည်တော့ ဆေဘာဓား၏ မျှော့ကြောင်းဖြစ်လာသည်။ တစ္ဆေအင်ပါယာတောင်ကုန်းသည် ၎င်း၏ လက်နှစ်ဖက်ဖြင့် လျှိုမြောင်သဖွယ် ဖြစ်လာသော (ဃ၁၃၂)၏ အကျဉ်းထောင်ကို မမြှောက်လိုက်သည်။
ထိုနောက် ရွှေကျီးကန်းသည် ပျံသန်းထွက်လာပြီး ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ပေးလိုက်သည်။ ခရမ်းလသည်တော့ ၎င်း၏ အမှတ်အသားများကို အရာအားလုံးဆီသို့ ပျံ့နှံ့သွားစေသည်။ ခရမ်းလထဲမှ နတ်ဘုရားရတနာသိုက်သည် အားလုံးကို အားအင်တိုးမြှင့်ပေးလိုက်သည်။
ထို့နောက် ရွှီချင်း၏ နေနာရီငါးခုသည် ကောင်းကင်ယံမှာ ထွက်ပေါ်လာပြီး လှည့်ပတ်လာကြသည်။ အချိန်စီးဆင်းမှု၏ အရှိန်အဝါက အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားသောအခါ နေနာရီငါးခုမှ နာရီလက်တံများသည် ရုတ်တရက် ရပ်တန့်သွားကြသည်။ ၎င်းတို့အားလုံးသည် နေမွန်းတည့်ချိန်ရောက်ရန် ဆယ့်ငါးမိနစ်အလိုမှာ ရပ်တန့်သွားကြသည်။
နောက်အခိုက်အတန့်မှာ…
ဆေဘာဓားသည် ကောင်းကင်ကို ပိုင်းဖြတ်သွားသည်။
ယင်းက ကောင်းကင်ပေါ်ရှိ ဝဲကတော့ထဲမှ ဆင်းသက်လာနေသော ကောင်းကင်ဘုံမိုးကြိုးသွားများဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
ဆေဘာဓားသည် ကောင်းကင်တစ်လျှောက် ဖြတ်သန်းသွားသည်။
ဤသည်မှာ လောကကြီးက နှစ်ပိုင်းကွဲထွက်သွားသည့်အလားပင်။
မိုးကြိုးသွားများသည် ပြိုကွဲပျက်စီးသွားပြီး လျှပ်စီးရေကန်သည် အက်ကွဲသွားသည်။ ကောင်းကင်ကဒ်ဘေးဒုက္ခသည်လည်း ပိုင်းဖြတ်ခံလိုက်ရသည်။
လောကကြီးသည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး နတ်ဘုရားကွပ်မျက်စင်သည် ဝေဝါးလာသည်။ နောက်ဆုံးမှာတော့ ယင်းက အလျှင်အမြန် စုဝေးသွားပြီး အချိန်ပုလင်းသို့ ပြောင်းလဲသွားသည်။
အချိန်ပုလင်းက အောက်သို့ ပြုတ်ကျလာသောအခါ ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာသည့် ရွှီချင်းက ယင်းကို ဖမ်းဆုပ်လိုက်ပြီး သူ၏ လက်ဖဝါးပေါ်မှာ တင်လိုက်သည်။
အချိန်ပုလင်းကို စိုက်ကြည့်နေစဉ် ရွှီချင်း၏ မျက်လုံးသည် တလက်လက် တောက်ပလာသည်။ တစ်ခဏကြာပြီးနောက် သူက အချိန်ပုလင်းကို ပြန်သိမ်းဆည်းလိုက်ပြီး လက်သီးဆုပ်လိုက်ကာ အိမ်ရှေ့စံမင်းသားနှင့် တခြားသုံးယောက်ကို အရိုအသေပေးလိုက်သည်။ သူက နူးညံ့စွာ ပြောသည်။
“ အခုလို အောင်မြင်အောင် ကူညီပေးတဲ့အတွက် စီနီယာတို့ကို ကျေးဇူးတင်ပါတယ် ”
နင်ယန်နှင့် တခြားလူများသည် ချောက်ချားနေသောကြောင့် မည်သည့်စကားမှ မပြောနိုင်ကြပေ။ ခေါင်းဆောင်၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင် ဖြတ်ပြေးသွားသည်။ အိမ်ရှေ့စံမင်းသားနှင့် တခြားသုံးယောက်သည် ပြုံးလိုက်ကြသည်။ ထိုစဉ် မင်းသမီးမင်မိန်က ရုတ်တရက် ပြောသည်။
“ မင်းရဲ့ နတ်ဘုရားအတတ်ပညာကို နာမည်ပေးပြီးပြီလား ”
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အဝေးမှ လောကကို ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောသည်။
“ ဒီအတတ်ပညာရဲ့ နာမည်က… မွန်းတည့်ချိန်ကျပြီ ”
မင်းသမီးမင်မိန်သည် ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။ သူက ရွှီချင်းကို ကြည့်နေစဉ် ပိုပြီးချီးကျူးလာသည်။ ဘေးမှ အိမ်ရှေ့စံမင်းသားသည် ချောင်းဟန့်လိုက်သည်။ သူက ရွှီချင်းကို အသိအမှတ်ပြုသော အကြည့်ဖြင့် ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ မဆိုးဘူး… ဒါပေမဲ့ မင်းက ဒီလောက်နဲ့ ကျေနပ်ရောင့်ရဲနေလို့မဖြစ်ဘူး… မင်းရဲ့ တခြားဝိညာဉ်နတ်သူငယ်တွေကို ထုဆစ်ပုံသွင်းပေးဖို့ လိုအပ်နေသေးတယ်… ဒါမှပဲ မင်းရဲ့ ဝှက်ဖဲကတ်က အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်မှာ ”
“ အခု မင်းက ဒီနေရာမှာ စုဝေးနေတဲ့ သက်ရှိအားလုံးရဲ့ ယုံကြည်မှုစွမ်းအားကို မင်းရဲ့ ဆေဘာဓားနဲ့ ပေါင်းစပ်မလား မပေါင်းစပ်ဘူးလား စဉ်းစားပါ ”
ထိုသို့ပြောလိုက်စဉ် အိမ်ရှေ့စံမင်းသား၏ အကြည့်သည် ခေါင်းဆောင်ထံသို့ ကျရောက်သွားသည်။
ခေါင်းဆောင်သည် ချောင်းဟန့်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို အဖြူရောင်အလင်းဘောလုံးများသည် သူ၏ လက်ထဲမှာ ထွက်ပေါ်လာကြသည်။ စုစုပေါင်း အလင်းဘောလုံးခြောက်လုံး ရှိသည်။
ထိုအလင်းဘောလုံးခြောက်လုံးထဲမှာ လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံး၏ ရုန်းကန်မှုနှင့် မျှော်လင့်မှုတို့ ပါရှိသည်။ အကယ်၍ တစ်စုံတစ်ယောက်က ယင်းတို့ကို အနီးကပ် သေချာကြည့်မည်ဆိုလျှင် ထိုဘောလုံးများထဲမှာ မရေမတွက်နိုင်သော မျက်နှာများရှိနေကြောင်း မြင်နိုင်လိမ့်မည်။
ရွှီချင်းက ကောင်းကင်ကဒ်ဘေးဒုက္ခကို ကျော်လွှားနေစဉ် ခေါင်းဆောင်က ဤနေရာမှာ စုဝေးနေသော သက်ရှိအားလုံး၏ ယုံကြည်မှုစွမ်းအားကို စုဝေးထားခဲ့ခြင်း ဖြစ်သည်။
“ စီနီယာအကိုကြီးက အဲ့ဒါတွေကို တခြားနေရာမှာ အသုံးပြုဖို့ရှိတယ်မလား ”
ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
စီနီယာအကိုကြီးနှင့် ကိစ္စကြီးများကို အတူလုပ်ဆောင်ခဲ့ဖူးသော သူ၏ အတွေ့အကြုံဖြင့်ဆိုလျှင် စီနီယာအကိုကြီး၏ ကိစ္စကြီးများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြောင်း ရှင်းလင်းစွာ သူနားလည်ထားသည်။ သို့ဖြစ်၍ ဤမတိုင်ခင် သူလုပ်ဆောင်ခဲ့သော အရာအားလုံးသည် သက်ရှိအားလုံး၏ ယုံကြည်မှုစွမ်းအားအတွက် ဖြစ်သည်။
ရွှီချင်း၏ စကားကို ကြားသောအခါ ခေါင်းဆောင်သည် စိတ်ဓာတ်တတ်ကြွလာသည်။ သူက ဤတစ်ကြိမ်မှာ အနည်းငယ် မှေးမှိန်နေသည်ဟု ခံစားရမိသည်။
အတိတ်တွင် ရွှီချင်းက အဓိက ထွန်းလင်းတောက်ပခဲ့သော်လည်း သူကိုယ်တိုင်ကလည်း အခြေအနေမဆိုးလှပေ။ သူတို့နှစ်ယောက်သည် ကိုယ်စီအောင်မြင်မှုများရရှိခဲ့ပြီး ပြိုင်ဘက်ကင်းသော နှစ်ယောက်တွဲအဖွဲ့ဖြစ်လာသည်။
သို့သော်လည်း ဤတစ်ကြိမ်မှာတော့ သူက အလွန်သေးနုတ်နေသည်ဟု ခံစားရမိသည်။
ဤချိပ်ပိတ်နေရာကို ဖွင့်လှစ်ခဲ့သူသည် သူဖြစ်သည်။ ဤဇာတ်ညွှန်းကို ရေးသားခဲ့သူသည် သူဖြစ်သည်။ ထို့ပြင် သူက ဇာတ်ဝင်အသုံးအဆောင်ပစ္စည်းများကိုလည်း ပြင်ဆင်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးမှာတော့ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများက အခြေအနေအား ထိန်းချုပ်ခွင့်ကို သူ့ထံမှ လွှဲပြောင်းယူသွားခဲ့သည်။ သူက ဇာတ်လမ်းထဲမှာပင် ပူးပေါင်းပါဝင်ခဲ့ရသေးသည်။
သို့သော်လည်း ထိုမျှအထိ ကိစ္စမရှိသေးပေ။ ဇာတ်လမ်းတစ်ဝက်မှာ ရွှီချင်းက ထွန်းလင်းတောက်ပခဲ့သည်။
ရွှီချင်း၏ ထွန်းလင်းတောက်ပမှုက သူ၏ မျှော်လင့်ထားမှုအတွင်းမှာသာ ရှိသေးသည်။ ယင်းက ကိစ္စမရှိပေ။ သို့သော်လည်း သူ၏ ထွန်းလင်းတောက်ပမှုက တစ်ကြိမ်တည်းဖြင့် ပြီးဆုံးမသွားခဲ့ပေ။ ယင်းက ထပ်ခါထပ်ခါ ဖြစ်ပေါ်လာခဲ့သည်။ ပထမဆုံး ရှေးဟောင်းလေတိုက်ခတ်လာသည်။ ထို့နောက် နတ်ဘုရားကွပ်မျက်စင်က ထွက်ပေါ်လာသည်။ ထိုမှတဖန် ရှေးဟောင်းမှတ်ဉာဏ်က ပေါ်ထွက်လာသည်။ နောက်ဆုံးမှာ ယင်းက အဆုံးသတ်သွားပြီဟု သူက ထင်မှတ်နေစဉ် ကောင်းကင်ကဒ်ဘေးဒုက္ခက ဆင်းသက်လာသည်။
ထိုအကြောင်းကို စဉ်းစားမိသွားသောအခါ ချန်းအားညိုသည် အနည်းငယ် ပင်ပန်းလာသည်။ ချင်းလေး၏ စီနီယာအကိုကြီးလုပ်ရသည်က မလွယ်ကူကြောင်း သူခံစားမိသည်။
“ နောက်ဆုံးတော့ ငါထွန်းတောက်ဖို့ အချိန်ကျပြီ ”
ခေါင်းဆောင်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားပြီး ရွှီချင်း၏ ဘေးမှာ ရပ်လိုက်သည်။
“ ဂျူနီယာညီလေး… မင်း သေချာကြည့်ထားပါ… နောက်လုပ်မယ့်အရာက ဒီတစ်ကြိမ် ကိစ္စကြီးရဲ့ တကယ့်ရည်ရွယ်ချက်အမှန်ပဲ ”
ရွှီချင်းသည် မျက်တောင်ခတ်လိုက်ပြီး မျှော်လင့်သော အမူအရာကို ထုတ်ဖော်လိုက်သည်။
ရွှီချင်း၏ အမူအရာကို သတိထားမိသွားသောအခါ ချန်းအားညိုသည် စိတ်ထဲမှာ ဘဝင်မြင်သွားသည်။ သူက ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့လိုက်ပြီး သူ၏ ညာလက်ကို အကြမ်းပတမ်း ဝှေ့ယမ်းလိုက်သည်။
“ ရှေးခေတ်က သဘောတူညီမှုအတိုင်း သက်ရှိအားလုံးရဲ့ ယုံကြည်မှုစွမ်းအားကို လမ်းပြဖို့အတွက် အသုံးပြုမယ်… ယုံကြည်မှုက နတ်ဘုရားဆင်းသက်လာတဲ့ အမှတ်သင်္ကေတအဖြစ် ပြောင်းလဲသွားပါ… နတ်ဘုရားဝိညာဉ်တွေက လမ်းခင်းပေးမယ်… မီးလျှံလဂိတ်တံခါး ပွင့်လာစမ်း ”
“ အဆင့်မြင့်မီးလျှံလနတ်ဘုရား… ငါမင်းကို ဒီနေရာကနေ ဆင့်ခေါ်လိုက်တယ် ”
ခေါင်းဆောင်၏ စကားသံ ဆုံးသွားသည်နှင့်ချက်ချင်း သူ၏ လက်ထဲမှ သက်ရှိအားလုံး၏ ယုံကြည်မှုစွမ်းအားသည် အပြင်သို့ ပျံသန်းထွက်သွားသည်။ ယင်းတို့က သူ့အရှေ့မှာ စက်ဝိုင်းသဏ္ဍာန် အမြန်လှည့်ပတ်သွားသည်။ နောက်ဆုံးမှာ ယင်းတို့က အတူတကွ ပေါင်းစပ်သွားပြီး အလွန်ကြီးမားသော ဧရာမစက်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
စက်ကွင်းက ဝုန်းခနဲ မြည်ဟိန်းလာပြီး လှည့်ပတ်လာသည်။ ဤသည်မှာ ၎င်းက လမ်းကြောင်းတစ်ခု ဖွင့်လှစ်နေသည့်အလားပင်။ ထိုလမ်းကြောင်း၏ ဦးတည်ရာသည်တော့ အဆင့်မြင့်နတ်ဘုရားတစ်ပါး၏ အနားယူနေသော နေရာဖြစ်သည်။
နီလာနတ်သမီးနှင့် ခြားနားသော ကြောက်မက်ဖွယ်ကောင်းသည့် တခြားအရှိန်အဝါသည် ထိုစက်ကွင်းထဲမှ ပေါ်လျှိုးလာသည်။
၎င်း၏ အရှိန်အဝါတစ်စွန်းတစ်စဖြင့်ပင် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ အမူအရာကို ချက်ချင်း ပြောင်းလဲသွားစေသည်။ ချိပ်ပိတ်ခံထားရသော ဤနေရာတစ်ခုလုံးသည် စတင်ဝေဝါးလာသည်။ ဒြပ်နှောများသည် ဤနေရာမှာ အဆုံးမဲ့စွာ ထွက်ပေါ်လာသည်။
အပြင်လောကတွင်တော့ အစိမ်းရောင်သဲကန္တာရထဲမှာ ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။