အစိမ်းရောင်ဆံခြည်မျှင်ရဲ့ လမ်းပြမှု… မီးလျှံလတံခါး
Vol. 66 Ch. 1033
ဤအခိုက်အတန့်မှာ အစိမ်းရောင်သဲကန္တာရသည် ပြင်းထန်စွာ တုန်ယင်လာသည်။
ဤသည်မှာ ခေါင်းဆောင်၏ စကားက တားမြစ်ချက်တချို့ကို ဖွင့်လှစ်လိုက်ဟန် ရသည်။ ယင်းက ဤသဲကန္တာရထဲမှာ ပုန်းကွယ်နေသော စွမ်းအားကို လှုံ့ဆော်လိုက်လေသည်။
သဲမှုန်များသည် လေထဲသို့ မြှောက်တတ်သွားပြီး ကောင်းကင်နှင့် မြေပြင်ကြားမှာ လွင့်မျောနေသည်။
သဲတစ်မှုန်စီသည် တုန်ယင်လာပြီး ရက်စက်ကြမ်းကြုတ်သော မျက်နှာသည် သဲမှုန်ပေါ်မှာ ထွက်ပေါ်လာသည်။ ၎င်းတို့က ကောင်းကင်ကို ကြည့်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။
ထိုဟိန်းသံသည် မိုးခြိမ်းသံသို့ ပြောင်းလဲသွားပြီး ကောင်းကင်ကို လှုပ်ခါသွားစေသည်။
လေသည် နေရာတိုင်းမှာ တဟူးဟူး တိုက်ခတ်နေပြီး အရာအားလုံးကို လွှမ်းခြုံသွားသည်။
ဤအခိုက်အတန့်မှာ လောကကြီးသည် သဲပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည်။
အဆုံးမဲ့သော သဲမှုန်များက အပေါ်သို့ ဆက်လက် မြှောက်တတ်သွားနေလေရာ ကန္တာရ၏ မျက်နှာပြင်သည် အောက်သို့ တဖြည်းဖြည်း နိမ့်ကျသွားသည်။
ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသော သဲမှုန်များသည် လေ၏ တိုက်ခတ်မှုကြောင့် အချင်းချင်း ပွတ်တိုက်သွားပြီး ကျယ်လောင်သော မြည်သံများကို ထုတ်လွှတ်လာသည်။ တချို့သဲမှုန်များသည် ပြိုကွဲသွားပြီး အမှုန်အမွှားသို့ ပြောင်းလဲသွားသည်။ မကြာမီ အရွယ်အစား အလွန်ကြီးမားသော သဲမုန်တိုင်းတစ်ခုက ထွက်ပေါ်လာသည်။
သဲမုန်တိုင်းအတွင်းမှ မျက်နှာများသည် နာကျင်စွာ ဟိန်းဟောက်နေကြသည်။ အဆုံးမှာတော့ ယင်းတို့က ဧရာမမျက်နှာတစ်ခုသို့ စုစည်းသွားသည်။ ထိုမျက်နှာသည် အမျိုးသမီးတစ်ဦး၏ မျက်နှာဖြစ်သည်။ သို့သော် မျက်နှာသည် သိပ်မသဲကွဲပေ။
သူက တစ်ခါတစ်ရံ ရယ်မောပြီး တစ်ခါတစ်ရံ ငိုကြွေးသည်။ သူ၏ မျက်နှာက အစိမ်းရောင်သဲကန္တာရတစ်ခုလုံးကို လွှမ်းခြုံထားဟန် ရသည်။
ဒြပ်နှောများသည် သိပ်သည်းစွာ ပေါ်လျှိုးလာသည်။ လောကကြီးသည် ဝေဝါးလာသည်။
ယင်းက နတ်ဘုရားဆင်းသက်လာခြင်း ဖြစ်သည်။
ချက်ချင်းပင် အစိမ်းရောင်သဲကန္တာရတစ်ခုလုံးသည် မှေးမှိန်လာသည်။ နတ်ဘုရားအသိစိတ်ကို ဤနေရာမှာ နည်းနည်းလေးပင် မဖြန့်ကြက်နိုင်တော့ပေ။ အမြင်အာရုံသည်လည်း ကန့်သတ်ခံလာရသည်။ အဆုံးမှာသော ဟိန်းဟောက်သံများသည်သာ ကောင်းကင်ယံထိ ပဲ့တင်ထပ်နေသည်။ ဤနေရာမှ လှိုင်ဂူများထဲမှာ ပုန်းအောင်းနေကြသော ကျင့်ကြံသူများသည်တော့ အဖြစ်အပျက်အားလုံးကို ချောက်ချားစွာ ကြည့်နေကြသည်။
မည်သူက အစပြုလိုက်မှန်း မသိရသော်လည်း သူတို့သည် အစိမ်းရောင်သဲကန္တာရ၏ ဧရာမမျက်နှာရှေ့မှာ ဒူးထောက်လိုက်ကြသည်။
“ အဖြူရောင်နတ်သမီး ”
ရွှီချင်းနှင့် တခြားလူများ ဝင်သွားကြသော ကမ္ဘာငယ်၏ ဝင်ပေါက်နေရာမှ လေအစောင့်အရှောက်မျိုးနွယ်ဝင်များသည်တော့ ပိုပြီးစိတ်လှုပ်ရှားလာကြသည်။ သူတို့အားလုံးသည် ဒူးထောက်ချလိုက်ပြီး ရှေးဟောင်းဓမ္မတေးတစ်ပုဒ်ကို သံပြိုင်ရွတ်ဆိုလိုက်ကြသည်။
“ အဖြူရောင်နတ်သမီးနိုးထလာပြီ… မီးလျှံမြစ်ကို အသုံးတော်ခံပါ ”
“ နတ်ဘုရားသားတော်က ဒုက္ခသည်တွေကို ကယ်တင်ဖို့ ဆင်းသက်လာပြီ ”
“ ဝိညာဉ်တွေက လှုံ့ဆော်ခံရတယ်… နှလုံးသားက ထာဝရ ထွန်းလင်းနေမယ် ”
“ ကျုပ်က မြေကြီးဖြစ်လာဖို့ ဆန္ဒရှိပါတယ်… သက်ရှိအားလုံးကို အာဟာရဓာတ်ပေးပါ့မယ် ”
ဓမ္မတေးရွတ်ဆိုသံသည် သဲမုန်တိုင်းထဲမှာ ပဲ့တင်ထပ်သွားပြီး လေ၏ ဆောင်ကြဉ်းပေးမှုနှင့်အတူ အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားသည်။ ထိုသဲမုန်တိုင်းသည် အတော်လေး ကြောက်စရာကောင်းသော်လည်း ဤသဲကန္တာရထဲမှာ နေထိုင်ကြသော လူများကို မည်သည့်အန္တရာယ်မှ မပေးပေ။
သို့သော်လည်း အစိမ်းရောင်သဲကန္တာရထဲသို့ အရပ်မျက်နှာပေါင်းစုံမှ တစ်ဟုန်ထိုး ပျံသန်းလာနေကြသော အနီရောင်လကျင့်ကြံသူများသည်တော့ သဲမုန်တိုင်း၏ စုပ်ယူဝါးမျိုခြင်းခံလိုက်ရသည်။ သို့ဖြစ်၍ အနီရောင်လကျင့်ကြံသူများသည် အစိမ်းရောင်သဲကန္တာရထဲမှ အသက်လု၍ အမြန်ထွက်ပြေးသွားကြသည်။
ထိုသဲမုန်တိုင်းက အပြင်လူများပေါ်မှာသာ ပစ်မှတ်ထားဟန် ရသည်။
ချက်ချင်းပင် အနီရောင်လကျင့်ကြံသူများသည် ကြောက်လန့်တကြား အနောက်ဆုတ်သွားကြသည်။ သို့သော်လည်း ကံမကောင်းသည့် တချို့ကျင့်ကြံသူများသည် သဲမုန်တိုင်းထဲသို့ တိုက်ရိုက် ဆွဲသွင်းခံလိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်သည် ဆုတ်ဖြဲခံလိုက်ရပြီး ဝိညာဉ်သည် အစိတ်စိတ်အမွှာမွှာ အက်ကွဲထွက်သွားသည်။ သူတို့၏ အော်ဟစ်ညည်းညူသံများသည် လေတိုက်သံအောက်မှာ နစ်မြုပ်သွားသည်။
ယခုလေးတင် ရောက်ရှိလာသော မြင့်မြတ်ဘုန်းတော်ကြီးပင် အမူအရာပျက်ယွင်းသွားသည်။
“ အားလုံးပဲ… ဒီနေရာကနေ အမြန်ထွက်ခွာကြ ”
သူက ချက်ချင်း အမိန့်ပေးလိုက်သည်။ မကြာမီ အနီရောင်လကျင့်ကြံသူများသည် အမြန်ထွက်ပြေးလာကြပြီး သဲကန္တာရ၏ အပြင်ဘက်သို့ ပြန်ဆုတ်လာကြသည်။ သူတို့က သဲကန္တာရထဲသို့ နောက်ထပ်မဝင်ရောက်ဝံ့ကြပေ။
မြင့်မြတ်ဘုန်းတော်ကြီးနှင့် ဗလာနတ္ထိအဆင့် နတ်တမန်တော်တချို့သည်သာ အတင်းကာရော အထဲဝင်ရောက်သွားကြသည်။ သူတို့က သဲမုန်တိုင်းကြားမှာ ဟင်းလင်းပြင်ကို ဖောက်ထွင်းနေသည့် လှံများသဖွယ် ရွှီချင်းနှင့် တခြားလူများရှိနေသော ဝင်ပေါက်ဆီသို့ ဦးတည်သွားနေကြသည်။
နီးသထက် နီးကပ်လာသည်။
သို့သော်လည်း သူတို့က အရှေ့သို့ ရွေ့လျားသွားနေစဉ် အစိမ်းရောင်သဲကန္တာရထဲမှ ထူးဆန်းသော အပြောင်းအလဲများသည် ပိုပြီးတိုးပွားလာသည်။ သဲကန္တာရ၏ မိုးကုပ်စက်ဝိုင်းသည် အဆုံးမရှိသော သဲဖြင့် ပြည့်နှက်လာသည်။ သဲကန္တာရဖြင့် ဖွဲ့စည်းထားသော ဧရာမမျက်နှာသည်တော့ ပိုပြီးခမ်းနားထည်ဝါလာသည်။ သဲကန္တာရသည်လည်း အောက်သို့ ဆက်လက် နစ်မြုပ်သွားနေသည်။
ပေတစ်ရာ… ပေရှစ်ရာ… ပေတစ်ထောင့်ငါးရာ…
အဆုံးမှာတော့ အစိမ်းရောင်သဲကန္တာရသည် ပေတစ်သောင်းအောက်သို့ နစ်မြုပ်သွားသည်။
သဲပင်လယ်သည် အစိမ်းရောင်သဲကန္တာရထဲမှာ ဆက်လက် ဟိန်းဟောက်နေဆဲပင်။ သို့သော်လည်း မြေပြင်ပေါ်မှာတော့ ဟာလာဟင်းလင်း ဖြစ်လာသည်။
သဲကန္တာရနေရာမှာ အလွန်ကြီးမားသော ချိုင့်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ယင်းက သဲကန္တာရမဖြစ်ပေါ်မီ ဤနေရာမှာ တည်ရှိနေခဲ့သော ရှေးဟောင်းကုန်းမြေဖြစ်သည်။
ထိုချိုင့်ကြီးထဲမှာ အရွယ်အစား မတူညီသော တောင်တန်းများ ရှိသည်။
တချို့တောင်တန်းများသည် သဲကန္တာရ၏ အောက်ခြေမှာ လုံးဝနစ်မြုပ်နေခဲ့ခြင်း ဖြစ်သည်။ ယခုမှသာ ယင်းတို့က နှစ်ပေါင်းများစွာကြာပြီးနောက် ပထမဆုံးအကြိမ် ပြန်ထွက်ပေါ်လာခြင်း ဖြစ်သည်။
တချို့တောင်တန်းများသည် အပြင်လောကမှာ တစ်စိတ်တစ်ပိုင်း ထွက်ပေါ်ဖူးသည်။ ဥပမာ ဘဝကံကြမ္မာဆိုးတောင်တန်း ဖြစ်သည်။ သဲကန္တာရထဲမှာ နစ်မြုပ်နေခဲ့သော ဘဝကံကြမ္မာဆိုးတောင်တန်း၏ တခြားအစိတ်အပိုင်းများသည် ယခု အပြင်လောကမှာ ပြန်ထွက်ပေါ်လာကြသည်။
ချိုင့်ကြီးတစ်ခုလုံးကို ခြုံငုံကြည့်မည်ဆိုလျှင် ထိုတောင်တန်းများက ချွန်ထက်သော ဆူးချွန်များနှင့် သဏ္ဍာန်တူသည်။
ချိုင့်ကြီးထဲမှ မြေပြင်သည် လုံးဝအနက်ရောင်ဖြစ်ပြီး ယိုယွင်းပျက်စီးသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ထို့ပြင် ချိုင့်ကြီးထဲမှာ အရေအတွက်များပြားသော တွင်းနက်များနှင့် လျှိုမြောင်များဖြင့် ပြည့်နှက်နေလေရာ ရှေးခေတ်ကာလတွင် ဤနေရာမှာ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ဟန် ရသည်။
မြေပြင်၏ ထိုသို့အပြောင်းအလဲသည် ကျင့်ကြံသူများ၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေသည်။ အစိမ်းရောင်သဲကန္တာရထဲမှ ဒေသခံကျင့်ကြံသူများသည် ထိတ်လန့်သွားကြသည်။ သူတို့၏ နှလုံးသားထဲမှာ ကြီးမားသော စိတ်ခံစားချက်လှိုင်းများဖြင့် ပြည့်နှက်နေသည်။ ယခု အဖြူရောင်နတ်သမီးအပေါ် သူတို့၏ ယုံကြည်ကိုးကွယ်မှုသည် ယခင်ကထက် ပိုပြီးနက်ရှိုင်းလာသည်။
ထိုစဉ် ကောင်းကင်နှင့်မြေပြင်ကြားမှ သဲပင်လယ်သည် အချင်းချင်း ဆက်လက် ပွတ်တိုက်နေပြီး အမှုန်အမွှားသို့ ပြောင်းလဲသွားကာ လေနှင့်အတူ ရောနှောသွားသည်။
တဖြည်းဖြည်း ၎င်း၏ အသွင်ပုံစံက ပြောင်းလဲသွားနေဟန် ရသည်။
ဒေသခံကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဒဏ္ဍာရီတစ်ခုကို အလိုအလျောက် ပြန်အမှတ်ရသွားသည်။
ဒဏ္ဍာရီထဲမှာ အစိမ်းရောင်သဲကန္တာရတစ်ခုလုံးသည် အစက ချိုင့်ကြီးတစ်ခုဖြစ်သည်။ ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက ဆံခြည်မျှင်တစ်ပင်သည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာပြီး ဤနေရာကို သဲကန္တာရအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
ယနေ့ ထိုဒဏ္ဍာရီက မှန်ကန်ကြောင်း သက်သေပြုပေးနေသည်။
အဘယ့်ကြောင့်ဆိုသော် လေထဲမှ အဆုံးမဲ့သော သဲပင်လယ်၏ အသွင်ပုံစံက အစဉ်မပြတ် ပြောင်းလဲသွားနေသောကြောင့် ဖြစ်သည်။
နောက်ဆုံးမှာတော့ ယင်းက အတူတကွ စုဝေးသွားပြီး အစိမ်းရောင်ဆံခြည်မျှင်တစ်ပင်သို့ ပြောင်းလဲသွားသည်။
ထိုဆံခြင်မျှင်ထွက်ပေါ်လာသည်နှင့်ချက်ချင်း အနီရောင်လဗိမာန်၏ မြင့်မြတ်ဘုန်းတော်ကြီးနှင့် နတ်တမန်တော်များသည် နှလုံးတုန်လာကြသည်။ သူတို့က မိန်းမာတွေဝေသွားကြသည်။
ဤသည်မှာ အစိမ်းရောင်သဲကန္တာရတစ်ခုလုံးကို လွှမ်းခြုံထားသော အချိန်က ရပ်တန့်သွားသည့်အလားပင်။ ဤနေရာမှ ဥပဒေသများသည် ရပ်တန့်သွားကြသည်။ လူတိုင်းသည် တိတ်ဆိတ်သွားကြသည်။
လေသည် မတိုက်ခတ်တော့ပေ။ အချိန်သည် မလည်ပတ်တော့ပေ။ သက်ရှိအားလုံးသည် ကျောက်ရုပ်သဖွယ် ရပ်နေကြသည်။
နတ်ဘုရားအစွမ်းသည် ဆင်းသက်လာသည်။
ဤသည်မှာ အစိမ်းရောင်သဲကန္တာရတစ်ခုလုံးက လဝတ်ပြုဒေသကြီးထဲမှ သီးခြားကွဲထွက်သွားသည့်အလားပင်။ ဤနေရာသည် အချိန်နှင့် လေဟာနယ်၏ ဥပဒေသများအောက်မှ ပုန်းကွယ်သွားဟန် ရသည်။
အစိမ်းရောင်ဆံခြည်မျှင်သည် လျှင်မြန်စွာ ကျုံ့သွားပြီး လူတစ်ယောက်၏ ပုံမှန်ဆံခြည်မျှင် အရွယ်အစားသို့ ရောက်ရှိသွားသည်။ ထို့နောက် ဆံခြည်မျှင်သည် ဤလောကထဲမှ ပျောက်ကွယ်သွားသည်။ ယင်းက ချိပ်ပိတ်ထားသော လောကထဲမှ ခေါင်းဆောင်၏ အရှေ့မှာ ပြန်ထွက်ပေါ်လာသည်။
ဆံခြည်မျှင်သည် လေထဲမှာ လွင့်မျောသွားပြီး ခေါင်းဆောင်၏ လက်ဖဝါးပေါ်သို့ ကျဆင်းလာသည်။
ခေါင်းဆောင်သည် ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို မူမမှန်သော အပြုံးဖြင့် ကြည့်လိုက်သည်။
“ ချင်းလေး… မင်းအံ့ဩသွားလား ”
ရွှီချင်းသည် ဆံခြည်မျှင်ကို ကြည့်လိုက်သည်။ ဆံခြည်မျှင်ကို မြင်လိုက်သည်နှင့်ချက်ချင်း အပြင်လောကမှာ ဖြစ်ပျက်ခဲ့သော အရာအားလုံးက သူ၏ စိတ်ထဲမှာ ပုံရိပ်ထင်လာသည်။
သူက အပြင်လောကမှ အပြောင်းအလဲများနှင့် ချိုင့်ကြီး၏ ပေါ်ထွက်လာမှုကို မြင်သွားသည်။ ထိုမြင်ကွင်းက ရွှီချင်း၏ နှလုံးကို အပြင်းအထန် တုန်လှုပ်သွားစေသည်။
ခေါင်းဆောင်၏ ကိစ္စကြီးတိုင်းက စိတ်လှုပ်ရှားဖွယ်ကောင်းကြောင်း သူသိထားသော်လည်း ထိုမြင်ကွင်းကြောင့် သူက ထိတ်လန့်သွားရဆဲပင်။
“ စီနီယာအကိုကြီး… အဲ့ဒါက အရင်ဘဝမှာ မင်းနဲ့ အတူပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အဆင့်မြင့်နတ်ဘုရားရဲ့ ဆံခြည်မျှင်လား ”
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး စူးစမ်းလိုစွာ မေးသည်။
ရွှီချင်း၏ ထိုသို့ပုံစံကို မြင်လိုက်ရသောအခါ ခေါင်းဆောင်သည် စိတ်ကျေနပ်သွားသည်။ ဤအခိုက်အတန့်မှာ ဇာတ်လမ်း၏ စည်းချက်က သူ့လက်ထဲသို့ ပြန်ရောက်လာကြောင်း ခံစားမိသွားသည်။ သူက အတိတ်တွင် ကိစ္စကြီးများကို လုပ်ဆောင်ခဲ့စဉ်က အရသာကို ပြန်တွေးတောလိုက်သည်။
“ အမှန်ပဲ… အဲ့ဒီလူက အကျင့်စရိုက်မကောင်းဘူးဆိုပေမဲ့ သူ့ရဲ့ အဆင့်အတန်းက အရမ်းမြင့်မားတယ် ”
ခေါင်းဆောင်သည် သူ၏ လက်ထဲမှ ဆံခြည်မျှင်ကို ဂုဏ်ယူဝင့်ကြွားစွာ ကြည့်လိုက်သည်။
“ အရင်ဘဝတုန်းက ငါပုန်းအောင်းခဲ့တဲ့ နေရာဖြစ်ဖြစ် ဒီနေရာကို ချိပ်ပိတ်ခဲ့တာဖြစ်ဖြစ် အားလုံးက သူ့ရဲ့ အကူအညီကြောင့် ပြီးမြောက်ခဲ့တာ… အစိမ်းရောင်သဲကန္တာရကတော့ သူ့ရဲ့ ဆံခြည်မျှင်ကနေ ဖြစ်ပေါ်လာတာ ”
“ တစ်ချိန်တည်းမှာ ဒီဟာက ငါ့အတွက် သူချန်ရစ်ခဲ့တဲ့ တံဆိပ်တော်တစ်ခုပဲ ”
“ တကယ်လို့ ငါက သက်ရှိအားလုံးရဲ့ ယုံကြည်မှုစွမ်းအားကို ငှားယူပြီး အစိမ်းရောင်သဲကန္တာရကို သူ့ရဲ့ ဆံခြည်မျှင်အဖြစ် ပြန်ပြောင်းလဲနိုင်မယ်ဆိုရင်… သူ့ဆီကို ဆက်သွယ်နိုင်မယ့် တံခါးတစ်ခုကို ငါဖွင့်လှစ်နိုင်မယ် ”
ခေါင်းဆောင်သည် စကားပြောနေရင်း အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို ကြည့်လိုက်သည်။ သူတို့၏ တည်ကြည်လေးနက်သော မျက်နှာကို မြင်လိုက်ရသောအခါ သူက သက်တောင့်သက်သာ ခံစားမိသွားသည်။
အိမ်ရှေ့စံမင်းသားသည် လေးနက်သော အကြည့်ဖြင့် ချန်းအားညို၏ လက်ထဲမှ ဆံခြည်မျှင်ကို ကြည့်လိုက်ပြီး ရုတ်တရက် ပြောသည်။
“ မင်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့လူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ နေ၊ လနဲ့ ကြယ်လို့ တင်စားခေါ်ဝေါ်ကြတဲ့ နတ်ဘုရားသုံးပါးထဲက အဆင့်မြင့်နတ်ဘုရားမီးလျှံလမဟုတ်လား ”
ခေါင်းဆောင်သည် ရယ်မောလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းညိတ်လိုက်သည်။
“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ အဆင့်မြင့်နတ်ဘုရားသုံးပါးက ငါ့ကို မျက်နှာသာပေးချင်ကြတယ်… ဒါပေမဲ့ လူသားမျိုးနွယ်နဲ့ သူတို့မျိုးနွယ်ကြားက သေခြင်းရှင်ခြင်းရန်ကြွေးကို ငါစဉ်းစားမိသွားပြီး သူတို့ကို ငြင်းပယ်လိုက်တယ် ”
“ ဒါပေမဲ့ ယွဲ့လေးက ငါ့ကို ကူညီပေးပါရစေလို့ အတင်းအကျပ် လိုက်တောင်းဆိုတယ်… ဒီတော့ ငါလည်း ရွေးချယ်စရာမရှိတဲ့အဆုံး သဘောတူလိုက်တယ် ”
“ ငါ့ကို ကူညီဖို့ အများကြီး သူကြိုးစားအားထုတ်ခဲ့တာကိုမြင်ရတော့ အချိန်ကျလာရင် နီလာနတ်သမီးရဲ့ အသွေးအသားကို နည်းနည်းပိုပေးမယ်လို့ ငါကတိပေးခဲ့တယ် ”
အိမ်ရှေ့စံမင်းသားသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက ချန်းအားညို၏ ယုတ္တိမရှိသော စကားကို မကြားချင်ဟန် ဆောင်လိုက်သည်။ မင်းသမီးမင်မိန်သည် သူ့ကို နှာခေါင်းရှုံ့လိုက်ပြီး လျစ်လျူရှုလိုက်သည်။
နင်ယန်နှင့် တခြားလူများသည် တုန်လှုပ်နေဆဲဖြစ်သော်လည်း ခေါင်းဆောင်၏ စကားကို ကြားသောအခါ သူတို့၏ ပထမဆုံးအမြင်သည် ကြီးမားသော လိမ်လည်မှုဖြစ်သည်။
ရွှီချင်းသည် ခေါင်းဆောင်၏ ကြွားဝါခြင်းကို ကျင့်သားရနေပြီဖြစ်သောကြောင့် သူ့ကို တိုက်ရိုက် လျစ်လျူရှုထားလိုက်သည်။
တစ်ယောက်မှ သူ့အား မယုံကြည်သည်ကို မြင်လိုက်ရသောအခါ ခေါင်းဆောင်သည် သက်ပြင်းချလိုက်သည်။
“ ထားလိုက်ပါတော့ ထားလိုက်ပါတော့… ငါပြောခဲ့တာတွေက အမှန်ပါ… တစ်နေ့ကျရင် ငါပြောခဲ့တာတွေ အားလုံးက အမှန်တွေဆိုတာ မင်းတို့ သိလာလိမ့်မယ်… သူတို့ကသာ ငါ့ကို ကူညီဖို့ တောင်းပန်ခဲ့ကြတဲ့သူတွေပါ ”
ခေါင်းဆောင်သည် ချောက်ကပ်ကပ် ချောင်းဟန့်လိုက်သည်။ သူက အကူအညီမဲ့သော အမူအရာဖြင့် ခေါင်းခါလိုက်သည်။ ထို့နောက် သူက လက်မြှောက်လိုက်လေရာ သူ၏ လက်ဖဝါးပေါ်မှ ဆံခြင်မျှင်သည် ယုံကြည်မှုစွမ်းအားဖြင့် ဖွဲ့စည်းထားသော ဝဲကတော့ထဲသို့ ဝင်ရောက်သွားသည်။
ဆံခြည်မျှင်သည် လေထဲမှာ တအိအိလှုပ်ခတ်သွားသည်။ ယင်းက အထဲသို့ ဝင်ရောက်သွားသောအခါ ယုံကြည်မှုစွမ်းအားဖြင့် ဖွဲ့စည်းထားသော ဝဲကတော့သည် လည်ပတ်နေခြင်းမှ ရုတ်တရက် ရပ်တန့်သွားသည်။
ဝဲကတော့ထဲမှ ဆံခြည်မျှင်သည် တဖြည်းဖြည်း ရှည်လျားလာသည်။ ထို့နောက် ယင်းက လမ်းကြောင်းတစ်ခုဖြစ်ပေါ်လာသည်အထိ ရှည်လျားလာသည်။
ထိုလမ်းကြောင်းက နက်ရှိုင်းသော ဟင်းလင်းပြင်ထဲသို့ ဦးတည်နေသည်။
ဟင်းလင်းပြင်၏ အဆုံးသတ်တွင် တံခါးတစ်ခုရှိကြောင်း မသဲမကွဲ မြင်နိုင်လိမ့်မည်။
ယင်းက ရှေးဟောင်းသစ်သားတံခါးဖြစ်ပြီး ကြီးကျယ်မြင့်မြတ်သော ခံစားမှုကို ပေးသည်။
တံခါးကို အနက်ရောင်သစ်သားဖြင့် ပြုလုပ်ထားပြီး တံခါးပေါ်တွင် ကုတ်ခြစ်ရာများ ရှိသည်။ ကုတ်ခြစ်ရာတိုင်းသည် အလွန်နက်ရှိုင်းသည်။ တချို့နေရာများတွင် အသားအပိုင်းအစများပင် ရှိသည်။
အနက်ရောင်သွေးသည် တံခါး၏ အဟရာများထဲမှ စိမ့်ထွက်လာနေသည်။
ယိုယွင်းပျက်စီးသော အရှိန်အဝါသည် အနက်ရောင်သွေးထဲမှ ပေါ်လျှိုးနေသည်။ ယင်းက ချောက်ချားဖွယ်ကောင်းသော စိတ်ခံစားချက်ကို ပေးသည်။
နတ်ဘုရားအရှိန်အဝါသည် တံခါး၏ အတွင်းထဲမှ ပေါ်လျှိုးထွက်လာသည်။ ယင်းက နင်ယန်နှင့် တခြားလူများကို အော်ဟစ်ညည်းညူသွားစေသည်။ သူတို့က တံခါးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့၏ ခန္ဓာကိုယ်ထဲမှ ဒြပ်နှောများသည် ထိန်းချုပ်မရအောင် ပေါ်လျှိုးလာသည်။
ရွှီချင်း၏ အမြင်အာရုံသည် ဝေဝါးလာပြီး နှလုံးက အပြင်းအထန် ခုန်ပေါက်လာသည်။
အိမ်ရှေ့စံမင်းသားနှင့် တခြားသုံးယောက်သည် အနက်ရောင်သစ်သားတံခါးကို မြင်လိုက်ရသောအခါ တည်ကြည်လာကြသည်။ ဤသည်မှာ သူတို့က မဟာရန်သူတော်တစ်ယောက်နှင့် တွေ့ဆုံနေရသည့်အလားပင်။
ခေါင်းဆောင်တစ်ယောက်တည်းသာ စိတ်အေးလက်အေး အမူအရာရှိသည်။ သူက အရှေ့သို့ လျှောက်သွားပြီး ဝဲကတော့ထဲသို့ ဝင်ရောက်သွားသည်။ သူက ဆံခြည်မျှင်မှ ဖြစ်ပေါ်လာသော လမ်းကြောင်းပေါ်သို့ ခြေချလိုက်သည်။ သူက အရှေ့သို့ ဆက်လျှောက်မသွားမီ ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ ချင်းလေး… မင်း ငါနဲ့အတူ လိုက်ကြည့်မလား ”
ရွှီချင်းက စကားပြောတော့မည့်အချိန် အနက်ရောင်သစ်သားတံခါးထဲမှ စိမ့်ထွက်လာနေသော သွေးသည် ရုတ်တရက် သိပ်သည်းလာသည်။ ထို့ပြင် တရစပ် တံခါးခေါက်သံများလည်း ပေါ်ထွက်လာသည်။
ဘန်း… ဘန်း… ဘန်း… ဘန်း…
အသံသည် အလွန်အမင်း ကျယ်လောင်ပြီး တစ်စုံတစ်ယောက်၏ ဝိညာဉ်ကို လှုပ်ခတ်စေနိုင်ဟန် ရသည်။
ဤသည်မှာ တံခါး၏ အတွင်းထဲမှ တစ်စုံတစ်ယောက်က အပြင်ဘက်မှ တည်ရှိမှုကို အာရုံခံမိသွားပြီး တံခါးကို ရိုက်ချိုးဖျက်ဆီးပစ်နေသည့်အလားပင်။ အမှန်မှာ တံခါးကို ထုရိုက်သော အင်အားက အလွန်ကြီးမားသောကြောင့် သစ်သားတံခါးသည် အပြင်းအထန် တုန်ရီလာပြီး အက်ကြောင်းများက ပိုမိုများပြားစွာ ထွက်ပေါ်လာသည်။
ထိုတံခါးခေါက်သံသည် ခေါင်းဆောင်ကိုလည်း ထိတ်လန့်သွားစေသည်။ သူက မျက်တောင်ခတ်လိုက်ပြီး ဟန်မပျက်သွားစေရန် ကြိုးစားထိန်းသိမ်းလိုက်သည်။ သူက သက်ပြင်းချလိုက်ပြီး ပြောသည်။
“ တကယ်တော့ အမြဲတမ်း တံခါးပိတ်လှောင်ခံထားရတဲ့ လူတွေက တံခါးကို ကြမ်းကြမ်းတမ်းတမ်း ထုရိုက်တတ်ကြတယ် ”
အိမ်ရှေ့စံမင်းသား၏ ဘေးမှ အဌမသားတော်သည် ခေါင်းဆောင်ကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ပြောသည်။
“ သူက မင်းကို ကျိန်ဆဲနေတာ ”
( ယွဲ့သည် လဟု အဓိပ္ပာယ်ရသည် )