ဒါ တို့နှစ်ယောက်ကြားက အချစ်ပဲ
Vol. 66 Ch. 1034
ခေါင်းဆောင်သည် အဌမသားတော်၏ စကားကို ကြားသောအခါ ပြုံးလိုက်သည်။ သူ၏ အကြည့်ထဲမှာ ရိုးသားမှုဖြင့် ပြည့်နှက်နေသည်။
“ စီနီယာ… ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… အတိတ်တုန်းကဆို ငါ့ကို ကူညီဖို့အတွက် သူက ခခယယ တောင်းပန်ခဲ့တာ ”
သူ၏ စကားသည် ကန်ရေပြင်ပမာ တည်ငြိမ်သည်။ သူ၏ အမူအရာသည် နည်းနည်းလေးမှ မပျက်ယွင်းသွားပေ။ သူ၏ မျက်လုံးထဲမှာ အတိတ်ကို လွမ်းဆွတ်သော အရိပ်အယောင်ပင် ခပ်ရေးရေး ထွက်ပေါ်နေသည်။ ဤသည်မှာ သူက အနက်ရောင်သစ်သားတံခါးနောက်မှ တည်ရှိမှုကို အပြည့်အဝ ယုံကြည်ထားသည့်အလားပင်။ သူတို့ကြားမှာ ပျော်ရွှင်ဖွယ်ကောင်းသော အမှတ်တရများပင် ရှိခဲ့ဖူးဟန် ရသည်။
နင်ယန်နှင့် ဝူကျန်းဝူသည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့က ချန်းအားညိုအကြောင်းကို ကောင်းမွန်စွာ သိထားကြသော်လည်း တစ်ဖက်လူ၏ အမူအရာကို မြင်လိုက်ရသောအခါ အနည်းငယ် သံသယရှိနေကြဆဲပင်။
ရွှီချင်းသည် လုံးဝတုံ့ဆိုင်းမနေပေ။ သူက အဝေးသို့ ပေတစ်ရာခန့် ဆုတ်ခွာသွားပြီး အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်၏ ဘေးမှာ ရပ်လိုက်သည်။ ဤနေရာက လုံခြုံသည်ဟု သူခံစားမိသည်။
ခေါင်းဆောင်၏ ဖိတ်ခေါ်မှုကိုတော့ ရွှီချင်းက တိုက်ရိုက် လျစ်လျူရှုလိုက်သည်။
သူက အကျိုးအကြောင်းဆင်ခြင်နိုင်သူ ဖြစ်သည်။ သူ့မှာ ခေါင်းဆောင်ကဲ့သို့ ရူးမိုက်ခြင်း မရှိပေ။ သူ၏ လုပ်ဆောင်မှုတိုင်းသည် တန်ဖိုးပေါ်မှာ မူတည်သည်။ ယင်းက သူနှင့် ခေါင်းဆောင်ကြားမှ ခြားနားမှုဖြစ်သည်။
သို့ဖြစ်၍ သေလမ်းရှာခြင်းတွင် ခေါင်းဆောင်က သူ့ထက် ပိုပြီးရူးသွပ်သည်ဟု ရွှီချင်း ခံစားမိသည်။
ရွှီချင်းက အနောက်ဆုတ်သွားသည်ကို မြင်သောအခါ ခေါင်းဆောင်၏ မျက်လုံးထဲမှာ ခါးသီးသော အရိပ်အယောင် ပေါ်ထွက်လာသည်။
“ သူက မင်းကို ပက်ပက်စက်စက် ကျိန်ဆဲနေတယ် ”
အဌမသားတော်သည် ချန်းအားညိုကို ကြည့်လိုက်ပြီး ထပ်ပြောသည်။
“ မင်းက နှလုံးသားမရှိတဲ့လူလို့ သူက ကျိန်ဆဲနေတယ်… သူက မင်းရဲ့ အသားကို စားပြီး မင်းရဲ့ သွေးကို သောက်ချင်နေတယ်… မင်းရဲ့ ဝိညာဉ်ကို စုပ်ယူပြီး မင်းရဲ့ ရိုးတွင်းခြင်ဆီကို ဆွဲထုတ်ပစ်မယ်တဲ့ ”
“ ပြီးတော့ သူက မင်းရောက်လာမှာကို အရမ်းမျှော်လင့်နေတယ် ”
ခေါင်းဆောင်၏ အမူအရာသည် ပျက်ယွင်းသွားသည်။ သူက အနည်းငယ် ချောက်ချားသွားဟန် ရသည်။ သို့သော်လည်း သူက အကြောက်တရားကို ချက်ချင်း ဖိနှိပ်လိုက်ပြီး ချောင်းဟန့်လိုက်သည်။
“ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ငါတို့က မိတ်ဆွေကောင်းတွေလေ ”
ဤတစ်ကြိမ်တွင် သူ၏ အကိုကြီးနှင့် တတိယအမတော်က သူ့အား မပိတ်ပင်သည်ကို အဌမသားတော်မြင်လိုက်ရသောအခါ သူက စိတ်လှုပ်ရှားလာသည်။ သူက နှာခေါင်းရှုံ့လိုက်ပြီး ဆက်လက် ပြောသည်။
“ ငါ့အခွင့်အာဏာက စိတ်ခံစားချက်တွေနဲ့ လိုအင်ဆန္ဒတွေပေါ်မှာ အခြေခံတယ်… ဒီတော့ ဒီနေရာက အရှိန်အဝါကနေတဆင့် တံခါးနောက်က အဆင့်မြင့်နတ်ဘုရားမီးလျှံလကို ငါအာရုံခံနိုင်တယ်… သူက မင်းကို အရမ်းမုန်းတီးနေတယ်… သူ့ရဲ့ အတွေးထဲမှာ မင်းအပေါ်ထားတဲ့ အဆုံးမဲ့ ရူးသွပ်မှုတွေပဲ ရှိတယ်… ဟမ်… ဒီစိတ်ခံစားချက်က အရမ်းပြင်းထန်တာပဲ ”
အဌမသားတော်သည် ယင်းကို ဂရုတစိုက် အာရုံခံလိုက်သည်။ သူက ချီးကျူးသော အကြည့်ဖြင့် ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ အားညို… နတ်ဘုရားတစ်ပါးကို ဒီလောက် စိတ်ခံစားချက်ပြင်းထန်အောင်လုပ်ဖို့ဆိုတာ မလွယ်ကူဘူး… အဲ့ဒါက လူသားသဘာဝနဲ့ အတော်လေး နီးကပ်နေပြီ ”
အဌမသားတော်က စကားဆုံးအောင်ပြောပြီးနောက် ခေါင်းဆောင်က သူ့ကို ဆက်လက် ငြင်းဆန်နေဆဲဖြစ်ကြောင်း မြင်လိုက်ရသောအခါ စိတ်ဆိုးသွားသည်။ သူအမုန်းဆုံးအရာမှာ တခြားလူများက သူ့အပေါ် မယုံကြည်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ဒေါသတကြီး ပြောသည်။
“ တကယ်လို့ မင်း ငါပြောတာ မယုံဘူးဆိုရင် တံခါးနားကို အမြန်လျှောက်သွားလိုက်… အဲ့ဒါအခါကျရင် တံခါးခေါက်သံက သေချာပေါက် ပိုပြင်းထန်လာလိမ့်မယ် ”
ခေါင်းဆောင်၏ နှလုံးသည် အနည်းငယ် လှုပ်ခါလာသည်။ သို့သော်လည်း စောစောတုန်းက သူက မည်ကဲ့သို့လေလုံးထွားခဲ့ကြောင်း ပြန်စဉ်းစားမိသွားသောအခါ သူ့ကိုယ်သူ အားပေးလိုက်သည်။ သူက အရှေ့သို့ ခြေလှမ်းအနည်း တိုးသွားလိုက်သည်။ သို့သော်လည်း သူက အရှေ့သို့ ခြေလှမ်း လှမ်းလိုက်သည်နှင့်ချက်ချင်း အနက်ရောင်သစ်သားတံခါးမှ တံခါးခေါက်သံသည် ချက်ချင်း ပြင်းထန်လာသည်။
ဘန်း… ဘန်း… ဘန်း… ဘန်း…
တံခါးခေါက်သံသည် ပိုပြီးမြန်ဆန်လာပြီး ပိုပြီးကြမ်းကြုတ်လာသည်။ အနက်ရောင်သစ်သားတံခါးသည် အပြင်းအထန် တုန်ယင်လာသည်။ ဤသည်မှာ ယင်းက အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်ဟန် ရသည်။
ဤအခိုက်အတန့်မှာ အဌမသားတော်ကဲ့သို့ အခွင့်အာဏာမရှိသော နင်ယန်နှင့် တခြားလူများသည်ပင် ပြင်းထန်သော တံခါးခေါက်သံထဲမှ ဒေါသစိတ်ဆန္ဒကို အာရုံခံနိုင်ကြသည်။ သူတို့က အသက်ပြင်းပြင်းရှူသွင်းလိုက်ကြပြီး ပေတစ်ရာအဝေးသို့ ဆုတ်ခွာသွားကြသည်။
အဌမသားတော်သည် နှာခေါင်းရှုံ့လိုက်သည်။
ဤသည်ကို မြင်သောအခါ ခေါင်းဆောင်သည် နူးညံ့စွာ သက်ပြင်းချလိုက်သည်။
“ ယွဲ့ယွဲ့… မင်း ကိုယ့်ကို မုန်းနေတုန်းလား ”
ခေါင်းဆာင်က စကားပြောလိုက်သည်နှင့်ချက်ချင်း အနက်ရောင်သစ်သားတံခါးနောက်မှ တံခါးခေါက်သံသည် ရုတ်တရက် ရပ်တန့်သွားပြီး တိတ်ဆိတ်သွားသည်။
ခေါင်းဆောင်၏ စကားထဲမှ လျှို့ဝှက်အဓိပ္ပာယ်သည် ရွှီချင်းကို မျက်လုံးမှေးကျဉ်းသွားစေသည်။
ဝူကျန်းဝူနှင့် နင်ယန်သည်လည်း အံ့ဩသွားကြသည်။
ဝိညာဉ်သခင်မယုံကျင်းသည် မျက်မှောင်ကြုတ်သွားပြီး အနက်ရောင်သစ်သားတံခါးကို ကြည့်လိုက်သည်။ သူက ချန်းအားညိုသေဆုံးသွားမည်ကို စောင့်မျှော်နေခြင်း ဖြစ်သည်။ သို့သော်လည်း တံခါးက တိတ်ဆိတ်နေသည်။
ခေါင်းဆောင်သည် ညှိုးငယ်သော မျက်နှာဖြင့် အနက်ရောင်သစ်သားတံခါးဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူက သစ်သားတံခါး၏ အရှေ့သို့ ရောက်ရှိသွားသောအခါ သူ၏ မျက်လုံးထဲမှာ အတိတ်ကို လွမ်းဆွတ်ခြင်းဖြင့် ပြည့်နှက်သွားသည်။ သူက သက်ပြင်းချလိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ယွဲ့ယွဲ့… နည်းနည်းလေးပဲ ထပ်စောင့်ပေးပါ… အဲ့ဒါက မကြာခင် ပြီးသွားလိမ့်မယ်… ”
“ တကယ်တော့ စောစောက ကိုယ့်မိတ်ဆွေတွေနဲ့ ချင်းလေးကို လိမ်ပြောခဲ့တယ်… အို ဟုတ်သားပဲ ချင်းလေးက ဘယ်သူဆိုတာ မင်းမသိသေးဘူးပဲ… သူက ဒီဘဝမှာ ကိုယ့်ရဲ့ ဂျူနီယာညီလေးပါ… နောင် မင်းအပြင်ထွက်လာတဲ့အခါကျရင် ကိုယ် သူ့ကို မင်းနဲ့ မိတ်ဆက်ပေးမယ် ”
“ ဟူး… ကိုယ်နဲ့ မင်းက မိတ်ဆွေကောင်းတွေလို့ သူတို့ကို လိမ်ပြောခဲ့တယ် ”
“ ဒါပေမဲ့ တကယ်တော့ ကိုယ်တို့ကြားက ဆက်ဆံရေးကို မိတ်ဆွေကောင်းတွေလို့ ဘယ်သတ်မှတ်နိုင်မှာလဲ… ”
ခေါင်ဆောင်၏ မျက်လုံးထဲမှာ စိတ်ခံစားချက်ဖြင့် ပြည့်နှက်နေပြီး သူ၏ အသံက ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။ ယင်းက အစိမ်းရောင်ဆံခြည်မျှင်မှ ဖြစ်ပေါ်လာသော လမ်းကြောင်းမှတဆင့် အပြင်လောကသို့ ပျံ့လွင့်သွားပြီး ရွှီချင်းနှင့် တခြားလူများ၏ နားထဲသို့ ဝင်ရောက်သွားသည်။
အစကတော့ မည်သူမှ သူ့ကို မယုံကြည်ကြချေ။ သို့သော်လည်း ချန်းအားညိုက စကားပြောလိုက်သည့်အခါ တံခါးခေါက်သံသည် အမှန်တကယ် ရပ်တန့်သွားသည်။ ဤသည်မှာ အထဲမှ တည်ရှိမှုက သူ့စကားကို တုံ့ပြန်နေသည့်အလားပင်။
ထိုမြင်ကွင်းက နင်ယန်၊ ဝူကျန်းဝူနှင့် လီယိုဖေးကို သူ့အပေါ် ယုံကြည်လာစေသည်။
ဝိညာဉ်သခင်မယုံကျင်းသည်တော့ မျက်မှောင်ကြုတ်လိုက်သည်။
ရွှီချင်းက နှုတ်ဆိတ်သွားပြီး စီနီယာအကိုကြီး၏ လက်နှစ်ဖက်ကို ကြည့်လိုက်သည်။ သူက ယင်းတို့ကို သေချာဂရုတစိုက် စစ်ဆေးကြည့်နေစဉ် ချန်းအားညိုက သက်ပြင်းချလိုက်ပြီး လူတိုင်းကို ကြည့်လိုက်သည်။
“ ငါမင်းတို့ကို မိတ်ဆက်ပေးပါရစေ… ဒီတံခါးနောက်က လူက ငါ့အရင်မိန်းမပါ ”
ထိုစကားသည် မိုးခြိမ်းသံသဖွယ် အောက်မေ့ရသည်။
နင်ယန်သည် အလန့်တကြား အော်ဟစ်လိုက်သည်။ ဝူကျန်းဝူသည် မျက်လုံးပြူးကျယ်သွားပြီး သူ၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ လီယိုဖေးသည် လုံးဝဆွံ့အသွားပြီး ဝိညာဉ်သခင်မယုံကျင်းသည် နှလုံးတုန်လာသည်။
“ အရင်မိန်းမလား ”
“ ဘုရားရေ ”
“ ဘာ… ဘာဖြစ်သွားတာလဲ ”
ရွှီချင်းသည် သူတို့နှင့် ခြားနားသည်။ သူက စီနီယာအကိုကြီး၏ ညာလက်ကို စိုက်ကြည့်လိုက်ပြီး နက်နဲစွာ တွေးတောလိုက်သည်။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည်တော့ သူတို့၏ အမူအရာသည် အနည်းငယ် ခြားနားနေသည်။ အဌမသားတော်သည် သံသယဝင်နေပြီး ပဉ္စမညီမတော်သည် မျက်မှောင်ကြုတ်ထားသည်။ မင်းသမီးမင်မိန်သည် နှုတ်ဆိတ်နေပြီး အိမ်ရှေ့စံမင်းသားက ရုတ်တရက် ပြောသည်။
“ မင်းရဲ့ ညာလက်ထဲမှာ ဘာကိုင်ထားတာလဲ ”
သူတို့၏ အမူအရာကို မြင်သောအခါ ခေါင်းဆောင်သည် အလွန်ဝမ်းသာသွားသည်။ သို့သော်လည်း သူက စိတ်ခံစားချက်ပြင်းထန်သော အမူအရာကို ဆက်လက် ထုတ်ဖော်ထားပြီး သက်ပြင်းချလိုက်သည်။
“ လူတိုင်းရဲ့ အရှေ့မှာ ငါ့ကိုယ်ငါ အရှက်ရစေမိပါတယ်… အတိတ်မှာ ယွဲ့ယွဲ့က နတ်ဘုရားဖြစ်လာချင်တယ်… သူ့ရဲ့ စိတ်ကူးက ငါနဲ့ မသင့်တော်ဘူး… နောက်ဆုံးမှာတော့ ငါတို့က လမ်းခွဲခဲ့ကြတယ်… သူက ကောင်းကင်ပေါ်က နတ်ဘုရားဖြစ်လာပြီး ငါကတော့ မြေပြင်ပေါ်က လူသားဖြစ်လာခဲ့တယ် ”
“ ဒါပေမဲ့ သူ့ကို ငါချစ်နေတုန်းပဲ… ဒါကြောင့် ငါက ထပ်ခါထပ်ခါ ပြန်လည်မွေးဖွားလာပြီး သူ့အတွက် ကျောက်ဆူးကြိုးဖြစ်လာဖို့ ဆန္ဒပြုခဲ့တယ် ”
“ ငါက သူ့လူသားသဘာဝရဲ့ ကျောက်ဆူးကြိုးဖြစ်လာခဲ့တယ်… ဒါမှ သူက နတ်ဘုရားသဘာဝထဲမှာ အသိစိတ်မဆုံးရှုံးသွားမှာ ”
ခေါင်းဆောင်၏ လေသံထဲမှာ ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေသည်။ သူက ညာလက်ကို ဆန့်ထုတ်လိုက်သည်။
သူ၏ ညာလက်ထဲမှာ ဘာမှမရှိပေ။
လေထုသည် ချက်ချင်း ငြိမ်သက်သွားသည်။ နင်ယန်နှင့် တခြားလူများသည် ထိုပုံပြင်ကြောင့် ထိတ်လန့်သွားကြသည်။ သို့သော်လည်း ယင်းက အနည်းငယ် ရင်းနှီးနေသည်။
ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ထိုဇာတ်လမ်း၏ ဇစ်မြစ်ကို သူမှန်းဆထားပြီးပြီ ဖြစ်သည်။
မင်းသမီးမင်မိန်သည် အနက်ရောင်တံခါးကို ကြည့်လိုက်သည်။ ထို့နောက် သူက ချန်းအားညိုကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ တကယ်လို့ ငါတို့မလိုက်လာဘူးဆိုရင် ဒီဇာတ်လမ်းက ငါ့ခမည်းတော်အတွက် နင်ပြင်ဆင်ထားတဲ့အရာ ဖြစ်လာမှာမလား ”
ဘေးမှ အဌမသားတော်သည် မနေနိုင်ဘဲ ဝင်ပြောသည်။
“ အဆင့်မြင့်နတ်ဘုရားမီးလျှံလက နတ်ဘုရားအဖြစ် မွေးဖွားလာတာဆိုတာ ငါမှတ်မိပါတယ်… သူက မွေးဖွားပြီးမှ နတ်ဘုရားအဖြစ်ကို တတ်လှမ်းသွားတာ မဟုတ်ပါဘူး… ဘယ်လိုလုပ် သူက ကျောက်ဆူးကြိုးကို လိုအပ်မှာလဲ ”
ခေါင်းဆောင်သည် မျက်တောင်ခတ်လိုက်သည်။ သူက ဆက်လက် စကားပြောတော့မည့်အချိန် တံခါးခေါက်သံသည် အနက်ရောင်သစ်သားတံခါးထံမှ ထပ်မံပေါ်ထွက်လာသည်။ ဤတစ်ကြိမ်တွင် တံခါးခေါက်သံသည် ယခင်ထက် အဆပေါင်းများစွာ ပိုပြင်းထန်သည်။ အက်ကြောင်းများပင် တံခါးပေါ်မှာ ထွက်ပေါ်လာကြသည်။
အမှန်မှာ တချို့နေရာများတွင် အဖုအဖောင်းများ ကြွတတ်လာသည်။ လက်ချောင်းခုနစ်ချောင်းရှိသော လက်ဝါးရာများသည်လည်း တံခါးပေါ်မှာ ထွက်ပေါ်လာကြသည်။
ယခုတစ်ကြိမ်တွင် တံခါးခေါက်သံများအပြင် အမောတကော အသက်ရှူသံလည်း ထွက်ပေါ်လာသည်။ ထိုအသံထဲမှာ လောဘစိတ်ဆန္ဒနှင့် လိုချင်တောင့်တစိတ်ဖြင့် ပြည့်နှက်နေသည်။ ဟိန်းသံသဲ့သဲ့ပင် တံခါး၏ အတွင်းဘက်ထဲမှ မြည်ဟိန်းထွက်လာသည်။
ရွှီချင်း၏ အမူအရာသည် အေးခဲသွားသည်။ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် မျက်နှာတည်ကြည်လာကြသည်။ ခေါင်းဆောင်သည်တော့ အလွန်ပျာယာခတ်သွားသည်။ သို့သော်လည်း သူက တည်ငြိမ်ချင်ဟန် အကောင်းဆုံး ကြိုးစားနေသည်။
သူက တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။
“ ယွဲ့ယွဲ့… အခုက အချိန်မကျသေးဘူး… ကိုယ် မင်းကို တံခါးမဖွင့်ပေးနိုင်သေးဘူး… ဘာမှမစိုးရိမ်ပါနဲ့… ဘာလို့ မင်းရဲ့ အကျင့်စရိုက်က အရင်ကအတိုင်း ရှိနေသေးတာလဲ ”
“ ဒီတစ်ခေါက် ကိုယ်မင်းကို နှိုးတာ မင်းကို ဆက်မအိပ်ဖို့ လာသတိပေးတာပဲ… ပြီးတော့ ဒီနှစ်တွေမှာ မင်းကို ကိုယ်ပြင်ဆင်ခိုင်းထားတဲ့ဟာတွေကို တစ်ခုချင်းစီ အသက်သွင်းဖို့ လာသတိပေးတာ ”
“ တစ်နှစ်အတွင်းမှာ ကိုယ်တို့သဘောတူထားတာတွေကို အားလုံးပြီးမြောက်အောင် မင်းဆောင်ရွက်ရလိမ့်မယ်… ဘာလို့လဲဆိုတော့ အများဆုံး တစ်နှစ်အတွင်းမှာပဲ အိပ်မောကျနေတဲ့ နီလာနတ်သမီးကို မင်းမြင်ရလိမ့်မယ် ”
“ အဲ့ဒါက အတိတ်မှာ မင်းကို ကိုယ်ပေးခဲ့တဲ့ ကတိပဲ… ကိုယ်သေချာပေါက် ဖြည့်ဆည်းပေးမှာပေါ့ ”
“ နောက်ဆုံးအနေနဲ့ နီလာနတ်သမီးရဲ့ အရှိန်အဝါကို လျစ်လျူရှုနိုင်တဲ့ တံဆိပ်တော်တစ်ခုကို ကိုယ့်ကို ထပ်ပေးပါဦး… အဲ့ဒါမှ မင်းက နီလာနတ်သမီးရှေ့မှာ တိုက်ရိုက် ဆင်းသက်လာနိုင်မှာ ”
ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် လက်ကို မြှောက်လိုက်ပြီး သူ၏ မျက်လုံးတစ်လုံးကို တိုက်ရိုက် တူးထုတ်လိုက်သည်။ ထို့နောက် သူက မျက်လုံးကို သစ်သားတံခါးပေါ်သို့ ကြမ်းကြမ်းတမ်းတမ်း ဖိချလိုက်သည်။ မကြာမီ မျက်လုံးသည် အထဲသို့ ချိုင့်ဝင်သွားပြီး အနက်ရောင်သစ်သားတံခါးပေါ်မှာ ဖြည်းညင်းစွာ ပျောက်သွားသည်။
“ တံဆိပ်တော်ကို ကိုယ့်ရဲ့ မျက်လုံးထဲ… ”
ခေါင်းဆောင်က စကားဆုံးအောင် မပြောနိုင်ခင်မှာ ဝါးစားသံသည် ပဲ့တင်ထပ်လာသည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ နင်ယန်နှင့် တခြားလူများ၏ မျက်နှာပေါ်မှာ ထူးခြားသော အမူအရာများ ဖြစ်ပေါ်လာသည်။ အိမ်ရှေ့စံမင်းသားသည် ချန်းအားညိုကို ကြည့်လိုက်သည်။ အဌမသားတော်သည် မပြောဘဲမနေနိုင်ပေ။
“ မျက်လုံးကို သူစားလိုက်တယ် ”
ခေါင်းဆောင်သည် ချောင်းဟန့်လိုက်သည်။
“ ဒါ တို့နှစ်ယောက်ကြားက အချစ်ပဲ ”
သူက စကားပြောလိုက်စဉ် သူ၏ ခန္ဓာကိုယ်သည် လှုပ်ယမ်းသွားပြီး မျက်လုံးအများအပြားက ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။ မျက်လုံးများသည် တစ်လုံးပြီးတစ်လုံး ပျံသန်းထွက်လာကြပြီး တံခါးနှင့် ပေါင်းစပ်သွားသည်။ တဂျွတ်ဂျွတ် ဝါးစားသံသည် ဆက်လက် ပေါ်ထွက်လာနေသည်။ နောက်ဆုံးမှာတော့ မျက်လုံးအရေအတွက် တစ်ရာကျော်လာသောအခါ ခေါင်းဆောင်သည် ဒေါသထွက်သွားသည်။
“ တော်လောက်ပြီ… အဆုံးဆုံးအခြေအနေဖြစ်လာရင် တခြားအဆင့်မြင့်နတ်ဘုရားတစ်ပါးကိုပဲ ငါသွားရှာတော့မယ် ”
အနက်ရောင်သစ်သားတံခါးကို အထဲမှ အပြင်းအထန် ထုရိုက်လာသည်။ ဤသည်မှာ သူက ခေါင်းဆောင်၏ စကားကို တုံ့ပြန်နေသည့်အလားပင်။ ထိုထုရိုက်သံသည် အလွန်အမင်း ကျယ်လောင်ပြီး အစိမ်းရောင်ဆံခြည်မျှင်မှ ဖြစ်ပေါ်လာသော လမ်းကြောင်းသည်ပင် စတင်အက်ကွဲလာသည်။ သက်ရှိအားလုံး၏ ယုံကြည်မှုစွမ်းအားဖြင့် ဖွဲ့စည်းထားသော ဝဲကတော့သည်ပင် စတင်ဝေဝါးလာသည်။
ဤသည်မှာ ၎င်းက ဆက်လက် မထိန်းထားနိုင်တော့သည့်အလားပင်။ စတင်မှေးမှိန်လာနေသည်။
ယင်းက အပြင်လောကထိပင် သက်ရောက်မှုရှိသည်။ ချိပ်ပိတ်ထားသော လောကသည် ယိုယွင်းပျက်စီးလာသည်။
ရွှီချင်း၏ အကြည့်သည် အေးခဲသွားသည်။ သူက အရှေ့သို့ တိုးသွားပြီး ဝဲကတော့၏ အရှေ့သို့ ရောက်ရှိသွားသည်။ သူက ခေါင်းဆောင်ကို ကယ်ဆယ်ရန် အသင့်ပြင်ထားသည်။
ကံကောင်းစွာဖြင့် ထိုသို့ထုရိုက်ပြီးနောက် အနက်ရောင်သစ်သားတံခါးထံမှ နောက်ထပ်မည်သည့်အသံမှ ထွက်ပေါ်မလာတော့ပေ။ မျက်လုံးတစ်လုံးသည် သစ်သားတံခါးထဲမှ ထွက်ပေါ်လာပြီး ခေါင်းဆောင်ကို စူးစိုက်ကြည့်လိုက်သည်။
မီးခိုးရောင်ဆံခြည်မျှင်တစ်ပင်က ထိုမျက်လုံးထဲမှာ ရှိနေကြောင်း မသဲမကွဲ မြင်နိုင်ပေသည်။ ယင်းက မျက်လုံးထဲမှာ ကူးခတ်နေဟန် ရသည်။
ယင်းက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ယင်းနှင့် နှိုင်းယှဉ်လျှင် အစိမ်းရောင်ဆံခြည်မျှင်သည် အများကြီး နိမ့်ကျပေသည်။
ခေါင်းဆောင်သည် မျက်လုံးမှေးကျဉ်းလိုက်သည်။ အပြာရောင်အလင်းတန်းသည် ခေါင်းဆောင်၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက မျက်လုံးကို ညင်သာစွာ ဖမ်းဆုပ်လိုက်ပြီးနောက် အလျှင်အမြန် နောက်ပြန်ဆုတ်သွားသည်။
သို့သော်လည်း သူနောက်ဆုတ်သွားသည်နှင့်ချက်ချင်း အနက်ရောင်သစ်သားတံခါးပေါ်မှာ ရှိနေသော လက်ဝါးရာအများအပြားသည် လူးလွန့်လှုပ်ရှားလာကြသည်။ ယင်းတို့က ရက်စက်ကြမ်းကြုတ်သော မျက်နှာအဖြစ် စုဝေးသွားသည်။ ၎င်းက ရုတ်တရက် ပါးစပ်ဟလိုက်ပြီး ခေါင်းဆောင်ဆီသို့ ပျံသန်းသွားသည်။
ခေါင်းဆောင်သည် ပိုပြီးမြန်ဆန်သည်။ သူက ထွက်ပေါက်ဆီသို့ တန်းမတ်စွာ ပြေးသွားသည်နှင့်ချက်ချင်း အပြာရောင်အလင်းသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တောက်ပလာသည်။
သူ၏ ခြေဖဝါးအောက်မှ အစိမ်းရောင်ဆံခြည်မျှင်လမ်းကြောင်းသည် ဆက်လက် ပြိုကွဲသွားပြီး ယုံကြည်မှုစွမ်းအားဝဲကတော့သည် မှေးမှိန်လာသည်။
ဤသည်ကို မြင်သောအခါ ရွှီချင်းသည် လက်ဝှေ့ယမ်းလိုက်ပြီး လေကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူက ခေါင်းဆောင်၏ ပခုံးကို ဖမ်းဆုပ်မိသွားပြီး အားပြင်းပြင်းဖြင့် ဆွဲလိုက်သည်။
တစ်ချိန်တည်းမှာ ခေါင်းဆောင်၏ အနောက်မှ ဧရာမပါးစပ်သည် ပိတ်သွားသည်။
ခရက်ဟူသော မြည်သံနှင့်အတူ ဧရာမပါးစပ်သည် ခေါင်းဆောင်၏ ခါးကို ကိုက်စားသွားသည်။
သွေးသည် ရေပန်းသဖွယ် ဖြန်းခနဲ ပန်းထွက်လာသည်။ နောက်ဆုံးမှာတော့ အစိမ်းရောင်ဆံခြည်မျှင်လမ်းကြောင်းသည် လုံးဝပြိုကွဲသွားသည်။ ဤအခိုက်အတန့်မှာ ယုံကြည်မှုစွမ်းအားဖြင့် ဖွဲ့စည်းထားသော ဝဲကတော့သည်လည်း လုံးဝပျောက်ကွယ်သွားသည်။ အရာအားလုံး ပိတ်ဆို့သွားပြီးနောက် ရွှီချင်းသည် ခန္ဓာကိုယ်တစ်ဝက်သာ ကျန်ရှိတော့သော ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ စီနီယာအကိုကြီး… အခု နေလို့ထိုင်လို့ ကောင်းသွားပြီလား ”
ရွှီချင်းသည် သက်ပြင်းချလိုက်သည်။
ခေါင်းဆောင်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ ဒါပေါ့ဟ… ငါ့ရဲ့ ကိစ္စကြီးတိုင်းက စိတ်လှုပ်ရှားစရာကောင်းရမယ်… ဒီလိုမှမဟုတ်ရင် အဲ့ဒါကို ကိစ္စကြီးလို့ ဘယ်သတ်မှတ်နိုင်မှာလဲ ”
“ အားလုံးရှေ့မှာ ငါ့ကိုယ်ငါ အရှက်ရအောင် လုပ်မိပြန်ပြီ… ဒီဟာက ငါနဲ့ ငါ့အရင်မိန်းမကြားက နှုတ်ဆက်တဲ့ ဓလေ့တစ်ခုပါ ”
ခေါင်းဆောင်သည် ခန္ဓာကိုယ်တစ်ဝက် အစားခံလိုက်ရခြင်းကို ဂရုမစိုက်ပေ။ သူက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး စောစောက မျက်လုံးကို ထုတ်ယူလိုက်သည်။ သူက မျက်လုံးကို ဖျစ်ညှစ်လိုက်လေရာ မီးခိုးရောင်ဆံခြည်မျှင်သည် မျက်လုံးထဲမှ ချက်ချင်း ထွက်ပေါ်လာသည်။ ယင်းက ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားပြီး အပြင်လောကဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ဆံခြည်မျှင်သည် အစိမ်းရောင်သဲကန္တာရမှ ပြောင်းလဲဖြစ်ပေါ်လာသော ချိုင့်ကြီး၏ အပေါ်မှာ ထွက်ပေါ်လာသည်။ ဆံခြည်မျှင်သည် အဆုံးမဲ့စွာ ကျယ်ပြောလာပြီး အစိတ်စိတ်အမွှာမွှာ မကွဲထွက်သွားခင် သဲကန္တာရတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ထို့နောက် ယင်းက မီးခိုးရောင်သဲသို့ ပြောင်းလဲသွားပြီး ချိုင့်ကြီးထဲသို့ ကျဆင်းသွားသည်။ ချိုင့်ကြီးသည် မီးခိုးရောင်သဲများဖြင့် အမြန်ပြန်ပြည့်သွားသည်။
ထိုလုပ်ငန်းစဉ်အတွင်း သဲကန္တာရသည် မီးခိုးရောင်သို့ ပြောင်းလဲသွားပြီး မီးခိုးရောင်လေက တဟူးဟူး တိုက်ခတ်လာသည်။
ဒဏ္ဍာရီအရ အစိမ်းရောင်သဲကန္တာရ၏ လေမှာ အမျိုးအစားလေးမျိုး ရှိသည်။ အစိမ်းရောင်၊ အဖြူရောင်နှင့် အနက်ရောင်အပြင် နောက်ထပ်တစ်မျိုး ရှိသေးသည်။ ယင်းက မီးခိုးရောင်ဖြစ်သည်။
ဒဏ္ဍာရီအရ အစိမ်းရောင်သဲကန္တာရ စတင်မွေးဖွားလာသည့်အချိန်မှာသာ မီးခိုးရောင်လေက ထွက်ပေါ်လာဖူးသည်။ ယနေ့မှာ မီးခိုးရောင်လေက ဒုတိယအကြိမ် ထွက်ပေါ်လာသည်။