သဲမုန်တိုင်းက ကန္တာရကို ချိပ်ပိတ်တယ်… တာအိုသားတော်
Vol. 66 Ch. 1035
မီးခိုးရောင်လေသည် မီးခိုးရောင်သဲကန္တာရထဲမှာ တိုက်ခတ်နေသည်။ ယနေ့မှစ၍ အစိမ်းရောင်သဲကန္တာရဟူသော နာမည်သည်လည်း ပြောင်းလဲသွားလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် မြေပြင်ပေါ်မှ သဲအားလုံးက မီးခိုးရောင်အဖြစ် ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။ ထို့ပြင် သဲသည် တဟူးဟူး တိုက်ခိုက်နေသော လေဖြင့် ပေါင်းစပ်သွားပြီး မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
ထိုသဲမုန်တိုင်းထဲမှာ နတ်ဘုရားအစွမ်း ပါရှိသည်။ ၎င်း၏ အရှိန်အဝါသည် အလွန်အံ့ဖွယ်ကောင်းပြီး ထာဝရတည်မြဲနေမည့် အတိတ်နိမိတ်ကို ပေးသည်။
ဤနေရာမှ ကောင်းကင်သည်ပင် ပြောင်းလဲသွားသည်။ ကောင်းကင်ပေါ်တွင် အနီရောင်အလင်းမရှိပေ။ ဤသည်မှာ သဲကန္တာရက လဝတ်ပြုဒေသကြီးထဲမှ သီးခြားခွဲထုတ်ခံထားရဟန် တူသည်။
ဤနေရာတွင် အပြင်လူများအတွက် အသက်ရှင်သန်ရန် မျှော်လင့်ချက်သေးသေးလေးသာ ရှိသည်။
အနီရောင်လဗိမာန်မှ မြင့်မြတ်ဘုန်းတော်ကြီးပင် အထဲသို့ နက်နက်ရှိုင်းရှိုင်း မဝင်နိုင်ပေ။ သူက ဆိုးဝါးသောပုံစံဖြင့် ပြန်ထွက်ပြေးလာရသည်။ သူနှင့်အတူ လိုက်ပါလာသော နတ်တမန်တော်များစွာသည် ရုတ်တရက် ထွက်ပေါ်လာသော မီးခိုးရောင်မုန်တိုင်းထဲမှာ သေဆုံးသွားကြသည်။
သဲကန္တာရထဲမှ လွတ်မြောက်လာပြီးနောက် သူတို့သည် သဲမုန်တိုင်းကို တိတ်ဆိတ်စွာ ကြည့်လိုက်ကြသည်။
“ ဒီနေရာက အပြင်လောကကနေ သီးခြားခွဲထုတ်ခံလိုက်ရပြီ ”
“ ဒီမီးခိုးရောင်မုန်တိုင်းက ထာဝရတည်ရှိနေလိမ့်မယ်… အထဲကို ခြေချလာတဲ့ အပြင်လူတွေကို တားဆီးလိမ့်မယ် ”
“ အထဲက လူတွေက အပြင်ထွက်လို့ရတယ်… ဒါပေမဲ့ အပြင်က လူတွေက အထဲမဝင်နိုင်ဘူး… သူတို့က မုန်တိုင်းရဲ့ ဖိနှိပ်တာကို ခံကြရလိမ့်မယ် ”
အဆုံးမှာတော့ အနီရောင်လဗိမာန်သည် ထွက်ခွာရန် ရွေးချယ်ခဲ့သည်။ သူတို့က ဤနေရာကို တားမြစ်ဇုန်အဖြစ် သတ်မှတ်ခဲ့ကြသည်။
သဲမုန်တိုင်းထဲမှ သက်ရှိများအတွက်တော့ အားလုံးက ပုံမှန်အတိုင်း ဆက်ရှိနေသည်။ သူတို့၏ နှလုံးသည်သာ အပြင်းအထန် တုန်လှုပ်နေသည်။
တစ်ချိန်တည်းမှာ ရွှီချင်းနှင့် တခြားလူများသည်လည်း အုပ်ချုပ်သူ၏ ဧရိယာထဲမှ ပြန်ထွက်လာကြသည်။ သူတို့က မီးခိုးရောင်သဲမုန်တိုင်းထဲမှာ ထွက်ပေါ်လာကြသည်။
အတိတ်တုန်းကဆိုလျှင် သူတို့က တည်နေရာပြောင်းရွှေ့အဆောင်ကို ခြေမွလိုက်ပြီး လမ်းအသီးသီး ခွဲထွက်သွားကြသည်။ ဤတစ်ကြိမ်မှာတော့ ရွှီချင်းနှင့် ချန်းအားညိုသည် တည်နေရာပြောင်းရွှေ့ရန် မလိုအပ်ပေ။ ဤမီးခိုးရောင်မုန်တိုင်းသည် သူတို့အတွက် အကောင်းဆုံး ဒိုင်းကာဖြစ်လာသည်။
ခေါင်းဆောင်ပြုလုပ်ခဲ့သော အနက်ရောင်သစ်သားတံခါးနှင့် နောက်ဆုံးကုန်သွယ်မှုက ဤသဲကန္တာရကို လဝတ်ပြုဒေသကြီးထဲ၌ အလုံခြုံဆုံးနေရာ ဖြစ်လာစေသည်။
သို့ဖြစ်၍ သူတို့အုပ်စုသည် မြို့ငယ်ထဲမှ ဆေးဆိုင်ဆီသို့ ချောချောမွေ့မွေ့ ပြန်ရောက်လာကြသည်။
ဆေးဆိုင်ထဲမှာ အရာအားလုံးသည် ပုံမှန်အတိုင်း ရှိနေသည်။ ဘိုးဘေးမိုကွေ့သည် ဤအတောအတွင်း ဆေးဆိုင်ကို ကောင်းမွန်စွာ စောင့်ကြပ်ပေးခဲ့သည်။
စောစောကတော့ လူတိုင်းက ထွက်ခွာသွားကြစဉ် သူ၏ နှလုံးသားထဲမှာ ထွက်ပြေးချင်သော အတွေးများ ဖြစ်ပေါ်လာသည်။ သို့သော်လည်း ယင်းက မြင်ကွင်းကို သူ၏ စိတ်ထဲမှာ မမြင်လိုက်ရခင်အထိ ဖြစ်သည်။
အပြင်လူများက ဇာတ်လမ်းထဲမှ သရုပ်ဆောင်များကို မမှတ်မိနိုင်သော်လည်း သူက ထိုလူများကို အကြည့်တစ်ချက်ဖြင့် ပြောနိုင်ပေသည်။ ထို့ပြင် ရွှီချင်းကို သူမှတ်မိသည်။ သို့ဖြစ်၍ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူက ဆေးဆိုင်ကို နာခံစွာ စောင့်ကြပ်ရန် ရွေးချယ်ခဲ့သည်။
ထို့ပြင် အစိမ်းရောင်သဲကန္တာရ၏ သိသာသော အပြောင်းအလဲများကိုလည်း သူမြင်ခဲ့သည်။ ချိုင့်ကြီး၏ ထွက်ပေါ်လာမှုနှင့် မီးခိုးရောင်မုန်တိုင်း၏ ထွက်ပေါ်လာမှုက သူ၏ ဆုံးဖြတ်ချက်ကို ပိုပြီးခိုင်မြဲစေခဲ့သည်။
ထို့ကြောင့် သူက ဤနေရာမှာ နေရမည်။ ဤနေရာမှာ မဖြစ်မနေ နေရမည်။
ထိုသို့ခိုင်မြဲသော ဆုံးဖြတ်ချက်ကြောင့် သူက နောက်ဖေးခြံဝန်းထဲမှ ကြက်ကလေးများကိုပင် ဂရုစိုက်ပေးခဲ့သည်။ ယခု ကြက်ကလေးတချို့သည် ဆူဖြိုးလာကြသည်။ ထိုထဲမှာ သူ့တပည့်ပင် ပါဝင်သည်။
ယခု သူက ရွှီချင်း၊ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို လမ်းပေါ်မှာ မြင်လိုက်ရသောအခါ ဘိုးဘေးမိုကွေ့သည် စိတ်ဓာတ်တတ်ကြွလာသည်။ သူက အရှေ့သို့ ရိုသေလေးစားစွာ လျှောက်သွားသည်။
ထိုသို့ဖြင့် အားလုံးသည် ပြန်ရောက်လာကြသည်။
နောက်တစ်နေ့မှာ ဆေးဆိုင်သည် ပုံမှန်အတိုင်း ပြန်ဖွင့်လာသည်။ လင်းအာသည် ငွေစာရင်းတွက်နေရင်း မျက်နှာနီမြန်းနေသည်။ ရံဖန်ရံခါ သူက ရွှီချင်းရှိနေသော နောက်ဖေးအခန်းကို ကြည့်လေ့ရှိသည်။ သူက အလွန်ပျော်ရွှင်နေသည်။
သူ၏ ကျင့်ကြံခြင်းသည် ယခင်ကနှင့် ခြားနားသွားသည်။ သူက ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ ကမ္မအမျှင်တန်းကို အပြည့်အဝ သန့်စင်နိုင်ခဲ့သည်။
အကြောင်းမှာ သွေးပိုးအိမ်ထဲမှာရှိနေသော ကံကြမ္မာကောင်းကြောင့် ဖြစ်သည်။
ထိုအချိန်တုန်းက သွေးပိုးအိမ်ထဲမှ ကံကြမ္မာကောင်းကို ရရှိခဲ့သူသည် ရွှီချင်းတစ်ယောက်တည်း မဟုတ်ပေ။ လင်းအာသည်လည်း အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ အားဖြည့်ပေးမှုမှ အကျိုးအမြတ်များစွာကို ရရှိခဲ့သည်။
နင်ယန်နှင့် လီယိုဖေးသည် ကြမ်းတိုက်နေကြသည်။ ခေါင်းဆောင်သည် အစောင့်အကြပ်အဖြစ် တာဝန်ထမ်းဆောင်းရင်း ရေနွေးကျိုနေသော ဝိညာဉ်သခင်မယုံကျင်းကို စူးစိုက်ကြည့်နေသည်။
ဝိညာဉ်သခင်မယုံကျင်းသည် အရုပ်ကို ပြန်မပေးပေ။ သူက ရေနွေးကြိုနေရင်း လူသားအရေပြားမီးအိမ်ကို မကြာခဏ ထုရိုက်နေတတ်သည်။ ထို့ပြင် သူက တစ်ဖက်လူကို ဆူပူကြိမ်းမောင်းပြီး မီးပြင်းပြင်းတောက်ရန် လေမှုတ်ခိုင်းသေးသည်။
ဝူကျန်းဝူသည်တော့ ကဗျာစပ်နေဆဲပင်။
သူက ဘိုးဘေးမိုကွေ့ကို အလွန်သတိရသည်။
“ ဒီဘုရင်က အပြင်ထွက်သွားတော့ အချိန်တွေ ပြောင်းလဲသွားကုန်ပြီ… ဒါပေမဲ့ ငါပြန်လာတော့ အားလုံးက မနေ့ကအတိုင်းပါပဲလား ”
ဘိုးဘွေးမိုကွေ့သည် နားမကြားဟန် ဟန်ဆောင်လိုက်သည်။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် အတိတ်တုန်းကနှင့် အများကြီး မခြားနားသွားပေ။ ပဉ္စမညီမတော်သည် နောက်ဖေးခြံဝန်းထဲမှာ နေထိုင်ပြီး ကြက်ကလေးများကို ပြုစုပျိုးထောင်သည်။ အဌမသားတော်သည် ခေါင်းဆောင်ကို ပခုံးပုတ်ပေးလိုက်ပြီး တစ်ဖက်လူထံမှ သတင်းအချက်အလက်များကို နှိုက်ထုတ်ရန် ကြိုးစားသည်။
သို့သော်လည်း ရွှီချင်းသတိပြုမိသည်မှာ ခေါင်းဆောင်က မကြာခဏဆိုသလို စကားလမ်းကြောင်းပြောင်းလိုက်ပြီး အဌမသားတော်ကို မြှောက်ပင့်ပြောလေ့ ရှိသည်။ ရလဒ်အနေဖြင့် အဌမသားတော်သည် စိတ်ကျနပ်သွားပြီး တစ်ဖက်လူထံမှ မည်သည့်သတင်းအချက်အလက်မှ မနှိုက်ထုတ်နိုင်မီ သူ့ထံမှ အချက်အလက်များစွာကို ထုတ်ပြောမိသွားသည်။
ထိုသို့ဖြစ်သည့်အခါတိုင်း မင်းသမီးမင်မိန်သည် ခေါင်းယမ်းလိုက်သည်။
ရွှီချင်း၏ ကျင့်ကြံခြင်းသည် တဖန်ပြန်စတင်လာသည်။
“ ရွှီချင်း… မင်းရဲ့ ဝိညာဉ်နတ်သူငယ်အားလုံးက စတုတ္ထကောင်းကင်ကဒ်ဘေးဒုက္ခကို ရောက်ရှိသွားကြပြီဆိုပေမဲ့ တချို့ဝိညာဉ်နတ်သူငယ်တွေရဲ့ အစစ်အမှန်စွမ်းအားကို မင်းမထုတ်ဖော်နိုင်သေးဘူး ”
“ ဒီတော့ ပထမဆုံး မင်းလုပ်ရမှာက မင်းရဲ့ ခါးပေါ်က နေလုံးနဲ့ ခေါင်းပေါ်က ဦးထုပ်ကို လုံးဝမချွတ်ပစ်ရဘူး ”
ဆေးဆိုင်သို့ ပြန်ရောက်လာပြီး တတိယမြောက်နေ့တွင် အိမ်ရှေ့စံမင်းသားသည် ရွှီချင်းကို ခေါ်လိုက်သည်။ သူက လက်ဖက်ရည်သောက်နေရင်း ဆရာတစ်ယောက်ပမာ စိတ်အားထက်သန်စွာ ပြောသည်။
“ အခုတလော အပြင်လောကမှာ ဖရိုဖရဲဖြစ်နေလိမ့်မယ်… ဒီသဲကန္တာရရဲ့ ထူးခြားမှုက ဒီနေရာကို အတော်လေး ငြိမ်းချမ်းစေလိမ့်မယ် ”
“ ဒါကြောင့် ဒီအတောအတွင်းမှာ မင်းက တတ်နိုင်သမျှ ကိုယ့်ကိုယ်ကို အစွမ်းမြှင့်တင်ရမယ် ”
အိမ်ရှေ့စံမင်းသား၏ စကားကိုကြားသောအခါ ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ ဆေးဆိုင်သို့ ပြန်ရောက်လာပြီးနောက် သူက လပုန်ကန်ခန်းမထဲသို့ တစ်ခေါက်ဝင်ရောက်ခဲ့လေရာ လပုန်ကန်ခန်းမထဲတွင် ရုပ်တုအနည်းငယ်သာ ရှိတော့ကြောင်း သူမြင်ခဲ့သည်။ စိုးရိမ်ကြောင့်ကြသော လေထုသည် နေရာတိုင်းမှာ ပြည့်နှက်နေသည်။
အမှန်မှာ သူတို့၏ ဆွေးနွေးမှုအားလုံးသည် လွန်ခဲ့သော ရက်အနည်းငယ်က သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာခဲ့သော မြင်ကွင်းများသာ ဖြစ်သည်။ ဤသည်မှာ မုန်တိုင်းတစ်ခု အစပျိုးလာတော့မည်ဟန် ရသည်။
ထို့ကြောင့် ဆေးပင်လိုအပ်မှုသည် ယခင်ကထက် ပိုများပြားလာသည်။
အပြင်လောကနှင့် နှိုင်းယှဉ်လျှင် မီးခိုးရောင်သဲမုန်တိုင်း၏ အကာအကွယ်ရှိသော ဤသဲကန္တာရသည် အမှန်တကယ် ငြိမ်းချမ်းသော နေရာဖြစ်သည်။ ထို့ပြင် ဝိညာဉ်စုစည်းခြင်းပုဂ္ဂိုလ်လေးယောက်က ဤနေရာမှာ ရှိနေသည်မဟုတ်ပါလော။
ရွှီချင်းသည် သူ၏ အတွေးများကို အလျှင်အမြန် ပြန်ရုပ်သိမ်းလိုက်သည်။ သူက သူ့အရှေ့မှ အိမ်ရှေ့စံမင်းသားနှင့် ဘေးမှ မင်းသမီးမင်မိန်ကို ကြည့်လိုက်ပြီး ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။
“ စီနီယာ… ကျေးဇူးပြုပြီး ကျွန်တော့်ကို ညွှန်ကြားပြသပေးပါ ”
အိမ်ရှေ့စံမင်းသားသည် ရွှီချင်း၏ သဘောထားကို အလွန်စိတ်ကျေနပ်သည်။
“ ပထမဆုံး မင်းလုပ်ရမှာက ကောင်းကင်ဘုံတာအိုကို လေ့လာဖို့ပဲ… မင်းက အဲ့ဒီကောင်းကင်ဘုံတာအိုကို ဘယ်လိုရခဲ့လဲ ငါမသိဘူး… အဲ့ဒါကို မင်းရဲ့ အစောပိုင်းနှစ်တွေမှာ လုယက်ခဲ့တယ်လို့ ငါထင်တယ် ”
“ ငါတို့ခေတ်မှာလည်း အဲ့လိုကိစ္စမျိုးက ခဏခဏ ဖြစ်ပေါ်ဖူးပေမဲ့ မင်းရဲ့ ကောင်းကင်ဘုံတာအိုက လုံးဝမရိုးရှင်းဘူး… အဲ့ဒါက အရမ်းအဆင့်မြင့်တယ် ”
“ ဒီနေ့ ငါမင်းကို သတိပေးချင်တာက မင်းက ကောင်းကင်ဘုံတာအိုကို အရမ်းလျစ်လျူရှုလွန်းတယ် ”
အိမ်ရှေ့စံမင်းသား၏ အမူအရာသည် အနည်းငယ် တည်ကြည်လာသည်။ သူက နောက်ထပ် ခြေကုန်လက်ပန်းကျခြင်းကို မခံစားမိစေရန် စကားမပြောမီ သေချာစဉ်းစားချင့်ချိန်သည်။
“ တကယ်လို့ မင်းက ဒီလိုအဆင့်မြင့်တဲ့ ကောင်းကင်ဘုံတာအိုကို ဂရုမစိုက်ဘူးဆိုရင် အဲ့ဒါက အနာဂတ်မှာ မင်းဆီကနေ ထွက်သွားနိုင်လောက်တယ် ”
“ မင်းက ဝိညာဉ်သိုက်အဆင့်ကို မရောက်သေးဘူးဆိုပေမဲ့ ဒီအဆင့် ကောင်းကင်ဘုံတာအိုကို လုယက်နိုင်ခဲ့တယ်ဆိုမှတော့ သီအိုရီအရပြောရရင် ကောင်းကင်ဘုံတာအိုရဲ့ ဥပဒေသတချို့ကို အခု မင်းက ဖမ်းဆုပ်နိုင်သင့်တယ် ”
အိမ်ရှေ့စံမင်းသားသည် ရွှီချင်းကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။
“ ဒါပေမဲ့ အခုချိန်ထိ ကောင်းကင်ဘုံတာအိုက မင်းအတွက် သိပ်အရေးမပါသလို ဖြစ်နေတယ် ”
“ ဒါကြောင့် မင်းလုပ်ရမှာက ကောင်းကင်ဘုံတာအိုကို သေချာဆင်ခြင်သုံးသပ်ပြီး အဲ့ထဲမှာပါတဲ့ ဥပဒေသတွေကို ခံစားမိအောင် ကြိုးစားပါ… မင်းက ကောင်းကင်ဘုံတာအိုကို သေချာဂရုစိုက်ပြီး အဲ့ဒါကို လွှမ်းမိုးနိုင်အောင် လုပ်ပါ… ဒါမှ ကောင်းကင်ဘုံတာအိုက မင်းနောက်ကိုလိုက်ဖို့ ဆန္ဒရှိမှာ ”
“ ဒါ့အပြင် ကောင်းကင်ဘုံတာအိုမှာ ဥပဒေသတွေနဲ့ နိယာမတွေ ပါဝင်တယ်ဆိုပေမဲ့ တကယ်လက်တွေ့မှာ အဲ့ဒါတွေကို အလေးထားဖို့ လိုအပ်နေတုန်းပဲ… မင်းက ဥပဒေသတွေကို ဂရုတစိုက် ခံစားကြည့်ပြီး အတွေ့အကြုံယူနိုင်အောင် လုပ်ရမယ် ”
ရွှီချင်းသည် အံဩသွားသည်။
သူက ကောင်းကင်ဘုံတာအိုကို ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။
သူ၏ အသိစိတ်ပင်လယ်ထဲမှာ မိုဆာဆောသည် သူ့ကို ကြည့်နေသည်။ ယင်းက အတုယောင်လော သို့မဟုတ် အစစ်အမှန်လော သူမသေချာသော်လည်း မိုဆာဆောက သူ့ဆီမှ မျက်နှာသာပေးမှုရရန် ကြိုးစားနေသည်ဟု ရွှီချင်း ခံစားမိသည်။
ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။ ကောင်းကင်ဘုံတာအိုအပေါ် သူ၏ လေ့လာမှုက အမှန်တကယ် အားနည်းနေခြင်းလော။
ထိုသို့ စဉ်းစားလိုက်သည့်အခါ အိမ်ရှေ့စံမင်းသား၏ စကားက အဓိပ္ပယ်ရှိသည်ဟု သူခံစားမိသည်။ သူက ကောင်းကင်ဘုံတာအိုကို တစ်ခါမှ မလေ့လာခဲ့ဖူးပေ။
သို့သော်လည်း ထိုသို့ဖြစ်ရသည့် တခြားအကြောင်းအရင်းရှိပေသည်။ ဤကောင်းကင်ဘုံတာအိုက သူနားလည်ထားသော တစ်စုံတစ်ခုဖြစ်ပြီး သူ၏ မိုဆာဆောထဲသို့ ပေါင်းစပ်ထားခဲ့ခြင်း ဖြစ်သည်။
ယင်းက လုယက်ထားသောအရာ မဟုတ်ပေ။
အရေးကြီးဆုံးအချက်မှာ သူ့ကိုယ်ပိုင်အဆင့်အတန်းက တဖက်လူထက် ပိုမြင့်မားနေသောကြောင့် ဖြစ်သည်။
အတိတ်တွင် မိုဆာဆောသည် အင်မော်တယ်အူခွေသစ်ပင်များမှ ရှေးဟောင်းကောင်းကင်ဘုံတာအို၏ မျိုးဆက်တစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ သို့ဆိုလျှင် သူက မိုဆာဆော၏ အဖိုးဖြစ်မနေဘူးလား။
ထို့ကြောင့် သူက ဉာဏ်အလင်းရရန် ကောင်းကင်ဘုံတာအိုကို အများကြီး မလေ့လာခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်လူက သူ့ထံမှ ထွက်ပြေးသွားမည်ကိုလည်း သူစိတ်မပူပေ။
၎င်းကို ကောင်းမွန်စွာ ဆက်ဆံခြင်း မဆက်ဆံခြင်းသည် တစ်ဖက်လူ၏ အကျိုးဆောင်မှုပေါ်မှာ မူတည်ပေသည်။
ထို့ကြောင့် ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။ သူက နူးညံ့စွာ ပြောသည်။
“ စီနီယာ… ငါ့ကောင်းကင်ဘုံတာအိုထဲမှာ ပါဝင်တဲ့ ဥပဒေသတွေကို အကြမ်းဖျဉ်း ငါအာရုံခံနိုင်ပါတယ် ”
“ အို ”
အိမ်ရှေ့စံမင်းသားသည် ရွှီချင်းကို ကြည့်လိုက်သည်။ မင်းသမီးမင်မိန်သည်လည်း ရွှီချင်းကို ကြည့်လိုက်သည်။
အကယ်၍ အတိတ်မှာသာ သူတို့သင်ကြားပေးနေစဉ် တစ်စုံတစ်ယောက်က ထိုသို့လက်လွတ်စပယ် ပြောလာမည်ဆိုလျှင် သူတို့က ထိုလူကို အကဲဖြတ်သော အကြည့်ဖြင့် ကြည့်ကြလိမ့်မည်။ သို့သော်လည်း ယခုတော့ ခြားနားသွားသည်။
အိမ်ရှေ့စံမင်းသားသည် နှလုံးခုန်မြန်လာပြီး မင်းသမီးမင်မိန်သည် ပိုပြီးသတိထားလာသည်။
“ စီနီယာ… ငါ့ကောင်းကင်ဘုံတာအိုက တာအိုပိုင်းဖြတ်ခြင်းကဒ်ဘေးနဲ့ ငါရင်ဆိုင်ရချိန် ကဒ်ဘေးကို ဆင်ခြင်သုံးသပ်ပြီးနောက် ဖွဲ့စည်းလာခဲ့တဲ့ဟာပါ… အဲ့ဒါကြောင့် ငါ့ကောင်းကင်ဘုံတာအိုက သတ်ဖြတ်ခြင်းဥပဒေသနဲ့ မိုးကြိုးကဒ်ဘေးဥပဒေသကို အလေးအနက်ထားတယ်လို့ ငါခံစားမိပါတယ်… အဲ့ဒါကြောင့် ငါက ကောင်းကင်ဘုံတာအိုကို ကောင်းကင်ဘုံဆေဘာဓားအဖြစ် ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ ”
ရွှီချင်းသည် စကားပြောပြီးနောက် လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် မိုဆောဆော၏ ပုံရိပ်သည် ရွှီချင်း၏ ဦးခေါင်းပေါ်မှာ ပျံသန်းထွက်လာသည်။ ၎င်းက ဘေးပတ်ဝန်းကျင်မှာ ကူးခတ်နေပြီး လှိုင်းဂယက်များကို ထုတ်လွှတ်နေသည်။
အိမ်ရှေ့စံမင်းသားသည် ဤသည်ကိုကြားသောအခါ ခေါင်းညိတ်လိုက်သည်။ သူက အမူအရာမပျက်ယွင်းဘဲ တည်ငြိမ်စွာ ပြောသည်။
“ အင်း… ငါထင်ထားသလိုပါပဲ… မင်းက အဲ့ဒါကို နားလည်ဖို့အတွက် ကောင်းကင်နဲ့ မြေပြင်ကို လုယက်ခဲ့တာပဲ ”
အဝေးမှ အဌမသားတော်သည် အိမ်ရှေ့စံမင်းသား၏ စကားကို ကြားသောအခါ မျက်ခုံးပင့်တင်လိုက်ပြီး စကားပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော်လည်း မင်းသမီးမင်မိန်က ခေါင်းလှည့်လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။
အဌမသားတော်သည် တုန်ယင်သွားပြီး ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။
အိမ်ရှေ့စံမင်းသားသည် သူ၏ ပါးစပ်မှ ထိုသို့ပြောခဲ့သော်လည်း သူ၏ စိတ်ထဲမှာ အမှန်တကယ် အံ့ဩသွားခဲ့သည်။ သူ၏ အကဲဖြတ်မှုက များသောအားဖြင့် လွဲမှားခဲသည်။ အထူးသဖြင့် သူ့မှာ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံခြင်းနှင့် အတွေ့အကြုံရှိပေသည်။
သူက ရွှီချင်း၏ ကောင်းကင်ဘုံတာအိုကို အချိန်အတော်ကြာ လေ့လာခဲ့သည်။
ထိုကောင်းကင်ဘုံတာအိုပေါ်တွင် နက်နဲသော အသိအမှတ်ပြုခြင်းနှင့် သီခြားလွတ်လပ်မှုတို့ ရှိကြောင်း သူသတိပြုမိသည်။ ယင်းက ရွှီချင်းပြောသော နားလည်သဘောပေါက်မှုမှ ဖြစ်ပေါ်လာသည့် ကောင်းကင်ဘုံတာအိုနှင့် ခြားနားနေသည်။
နားလည်သဘောပေါက်မှုမှ ဖြစ်ပေါ်လာသော ကောင်းကင်ဘုံအိုသည် ပုံရိပ်ယောင်မျှသာရှိပြီး ၎င်း၏ အဆင့်သည် မြင့်မားခြင်းမရှိပေ။ ၎င်းက ဆက်လက်ကြီးထွားလာရန် အစဉ်မပြတ် အာဟာရဖြည့်တင်းပေးမှုကို လိုအပ်သည်။
အကယ်၍ ကောင်းကင်ဘုံတာအိုကို မိသားစုတစ်စုဟု သတ်မှတ်မည်ဆိုလျှင် ထိုမိသားစုသည် သာမန်တည်ရှိမှုသာ ဖြစ်လိမ့်မည်။ သူတို့က တော်ဝင်မိသားစုဖြစ်လာရန် အစဉ်မပြတ် ကြီးထွားလာပြီး အားကောင်းလာရန် လိုအပ်ပေသည်။
သို့သော် ထိုသို့ကြီးထွားလာခြင်းတွင် အကန့်အသတ်ရှိပေသည်။ သို့ဖြစ်၍ သူတို့က မည်မျှကြီးထွားလာပါစေ ရှေးဟောင်းကောင်းကင်ဘုံတာအိုအဖြစ် အသွင်ပြောင်းလဲရန် အလွန်ခက်ခဲသည်။ ဤနေရာတွင် ရှေးဟောင်းကောင်းကင်ဘုံတာအိုကို တော်ဝင်မိသားစုအဖြစ် သတ်မှတ်နိုင်ပေသည်။
ရွှီချင်း၏ ကောင်းကင်ဘုံတာအိုသည်တော့ ခြားနားသည်။ ၎င်းမှာ နက်နဲသော အသိအမှတ်ပြုမှုရှိကြောင်း အိမ်ရှေ့စံမင်းသားက သတိပြုမိသည်။ ထို့ပြင် ရှေးဟောင်းကောင်းကင်ဘုံတာအို၏ အငွေ့အသက်လည်း ပါရှိသည်။
ယင်းက လုံးဝမယုံကြည်နိုင်စရာကောင်း၏။ အိမ်ရှေ့စံမင်းသားက ယင်းကို ရှာတွေ့သွားသောအခါ အံ့ဩသွားသည်။ သူ၏ အမြင်မှာ ရွှီချင်းက ကောင်းကင်ဘုံတာအိုကို သွေးဆောင်ရန် နည်းလမ်းတချို့ကို အသုံးပြုပြီး သူ့ဘေးနားမှာ ခေါ်ထားခြင်း ဖြစ်ရမည်။
မင်းသမီးမင်မိန်သည် နှုတ်ဆိတ်သွားသည်။ သူက ရွှီချင်းနှင့် ရွှီချင်း၏ ကောင်းကင်ဘုံတာအိုကို ကြည့်ပြီးနောက် ရုတ်တရက် ပြောသည်။
“ ရွှီချင်း… မင်းရဲ့ ကောင်းကင်ဘုံတာအိုက အတိတ်မှာ ကိစ္စကြီးတစ်ခုခုကို တွေ့ကြုံဖူးလား ”
ရွှီချင်းက စကားပြောတော့မည့်အချိန် တံခါးနားမှ ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“ ဒါပေါ့… အတိတ်တုန်းက ကိစ္စကြီးလုပ်ဖို့ ချင်းလေးကို ငါခေါ်သွားခဲ့တယ် ”
“ ဘာကိစ္စကြီးလဲ ”
အဌမသားတော်က စူးစမ်းလိုစွာ မေးသည်။
“ သိပ်ကြီးကြီးမားမား မဟုတ်ပါဘူး… ဒီမိုဆာဆောကို အဖေရှာပေးဖို့ ခေါ်သွားပြီး ငါတို့ရဲ့ မြေးလေး ဖြစ်လာစေခဲ့ရုံပါ… ချင်းလေးနဲ့ ငါလည်း သားတစ်ယောက်ရခဲ့တယ် ”
“ ဟူး… ငါ့သားလေးကို မမြင်ရတာ အတော်ကြာသွားပြီ… သားလေးကို အရမ်းသတိရတာပဲ ”
ခေါင်းဆောင်သည် စကားပြောပြီးနောက် ရုတ်တရက် ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။
ထိုအခိုက်အတန့်မှာ မိုးခြိမ်းသံသည် ကောင်းကင်ယံမှ မြည်ဟိန်းထွက်လာသည်။ ၎င်းက ခေါင်းဆောင်၏ စကားကို တုံ့ပြန်နေသည့်အလားပင်။
အိမ်ရှေ့စံမင်းသားသည် ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ မင်းသမီးမင်မိန်၏ အမူအရာသည် ပြောင်းလဲသွားပြီး ပဉ္စမညီမတော်သည် လှုပ်ရှားသွားသည်။
အဌမသားတော်သည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူက ချန်းအားညိုကို ကြည့်ပြီးနောက် ရွှီချင်းကို ကြည့်လိုက်ပြီး ကောင်းကင်ကို လက်ညှိုးညွှန်ပြလိုက်သည်။
“ မင်းရဲ့ သားလား ”
ရွှီချင်းသည် တုံ့ဆိုင်းနေပြီးနောက် နူးညံ့စွာ ပြောသည်။
“ ငါတို့သားက နိုးထလာပြီးနောက် ရှေးဟောင်းကောင်းကင်ဘုံတာအိုတစ်ခု ဖြစ်နေလောက်ပြီ ”
အိမ်ရှေ့စံမင်းသားသည် တိတ်ဆိတ်စွာ ပြန်ထိုင်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သည်။ သူက ထပ်မံ ခြေကုန်လက်ပန်းကျသွားသည်။
မင်းသမီးမင်မိန်နှင့် ပဉ္စမညီမတော်သည် နှုတ်ဆိတ်သွားကြသည်။ အဌမသားတော်သည် မျက်လုံးပြူးကျယ်သွားသည်။
ထိုအခိုက်အတန့်မှာ ကြမ်းတိုက်နေသော နင်ယန်သည် သူ၏ နှလုံးသားထဲမှ စူးရှသော နာကျင်မှုကို ခံစားလိုက်မိသည်။ အဆုံးမရှိသော နောင်တသည် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။
‘ အဲ့ဒီနှစ်က… ငါလည်းပဲ ကောင်းကင်ဘုံတာအိုရဲ့ ဖခင်ဖြစ်လာဖို့ အခွင့်အရေးရခဲ့တယ် ’