ခြေရာမဲ့ လေချဉ်တက် အသံလှိုင်း၏ အဆုံးစွန်သောစွမ်းရည်
Vol. 39 Ch. 572
ကိုယ်တိုင်တီထွင်ထားသော ခြေရာမဲ့လေချဥ်တက် အသံလှိုင်းမှော်စွမ်းရည်..
ထို့ပြင် ၎င်းသည် အဆင့် ၄ မှော်စွမ်းရည် ဖြစ်နေသည်။
ကြည့်ရသည်မှာ ကုန်းငါးမန်း၏ အထောက်အထားက မရိုးရှင်းလှပေ။
တကယ်တမ်းတွင် တိုက်ပွဲစကတည်းက ထွင်ထျန်းဟာက ခပ်ရေးရေး သတိပြုမိသည်။
ဆိုရလျှင် ကုန်းငါးမန်း၏ဗီဇသွေးက မရိုးရှင်းလှပေ။
၎င်းက မျိုးစပ်ဝိညာဉ်သားရဲ ဖြစ်နိုင်သော်လည်း ၎င်း၏ ခန္ဓာကိုယ်ထဲတွင် အခြားမည်သည့် သွေးဗီဇများ ပါဝင်နေသည်ကို ထွင်ထျန်းဟာ မသိခဲ့ပေ။
ကံမကောင်းစွာဖြင့် ဤနေရာတွင် ဆရာလေးလင်း မရှိခဲ့ပေ။
သို့မဟုတ်ပါက မဟာသွေးဇစ်မြစ် တာအိုဖြင့် ရှာတွေ့နိုင်မည် ဖြစ်သည်။
အကယ်၍ ဤကုန်းငါးမန်းတွင် သွေးဗီဇ ၈ မျိုးရှိလျှင်ပင် ဆရာလေးလင်းက တစ်ခုချင်းစီကို ခွဲခြားသိမြင်နိုင်သည်။
ဥပမာပြရလျှင် ကော်ဟောက်၏ ကြက်တူရွေးဒိုပီသည်
စူပါမျိုးစပ် ကြက်တူရွေး ဖြစ်သည်။
ဒိုပီ၏ အစွမ်းသတ္တိကလည်း သာမန်မဟုတ်ပေ။
သို့သော် သွေးဗီဇ ရောစပ်နေသောကြောင့် သူ၏ အစွမ်းသတ္တိကို ကောင်းစွာ မထိန်းချုပ်နိုင်၍ ဆေးရည်ကန်ထဲတွင် မကြာခဏ စိမ်ထားရန် လိုအပ်သည်။
ထို့ကြောင့် ကော်ဟောက်က ကြက်တူရွေးကို ကျောင်းသို့ အချိန်အတော်ကြာအောင် ခေါ်မလာခဲ့ခြင်း ဖြစ်သည်။
ကျင့်ကြံခြင်းအသိုင်းအဝိုင်းရှိ ဝိညာဉ်သားရဲများ၏ ကဏ္ဍအရ ၎င်းသည် ကုန်းငါးမန်း၏ အမျိုးမျိုးသော အရည်အချင်းများနှင့် တကယ်ပင် နှိုင်းယှဉ်နိုင်သည်။
သို့သော်လည်း ဤအရာကပင် ထွင်ထျန်းဟာကို လုံးဝကွဲပြားသော ခံစားချက်များ ပေးစွမ်းနေ၏။
ကုန်းငါးမန်း၏ ခွန်အားနှင့် ခံနိုင်ရည်စွမ်းသည် အထူး ကြောက်မက်ဖွယ်ကောင်းသည်။
ယင်းမှာ ၎င်း၏ ထူးခြားသော ကိုယ်လုံးကိုယ်ထည်နှင့် တစ်စိတ်တစ်ပိုင်း သက်ဆိုင်နေသည်။
ကုန်းငါးမန်း၏ ပြိုင်ဘက်အနေဖြင့် ထွင်ထျန်းဟာသည် ဤကုန်းငါးမန်း မည်မျှထူးခြားသည်ကို ခံစားနိုင်ခဲ့သည်။
ထို့ပြင် ကိုယ်ပိုင် ဝိညာဥ်နည်းစနစ်ကို ဖန်တီးနိုင်သည် ဟူသည့်အချက်က ဤကုန်းငါးမန်းသည် ၎င်း၏ရွယ်တူများထက် လွန်စွာမြင့်မားသော အသိဉာဏ်ရှိကြောင်း သက်သေပြနေ၏။
ထွင်ထျန်းဟာက မျက်မှောင်ကြုတ်သွားသည်။
ရိုးသားစွာပြောရလျှင် ဤကုန်းငါးမန်းက ဤကဲ့သို့ ခန္ဓာကိုယ်တစ်ခုနှင့် ပေါင်းစပ်ထားသော ဝိညာဉ်အချို့၏ အကြွင်းအကျန်များ ဖြစ်နေသလားဟုပင် တွေးမိသည်။
ထို့ပြင် ကုန်းငါးမန်းကို တိုက်ခိုက်ရာတွင် ရင်းနှီးသောခံစားချက်ကို ရရှိခဲ့သည်။
ဟုတ်ပါသည်၊ ဤကုန်းငါးမန်းထံတွင် နတ်ဆိုးချီ အနည်းငယ်မျှပင် အာရုံခံစား၍ မရခဲ့ပေ။
ကုန်းငါးမန်းက အခြားသူနှင့် ဆက်ဆံရာတွင် သတိထားနေသည့်ပုံ ပေါက်နေ၏။
ထွင်ထျန်းဟာက ကုန်းငါးမန်းနှင့် ပတ်သက်၍ စဉ်းစားနေခဲ့သည်။
ထိုအချိန်တွင် ကွင်းတစ်ခုလုံး ရှုပ်ပွနေပြီ ဖြစ်သည်။
ကုန်းငါးမန်း၏ ကိုယ်ပိုင်တီထွင်ထားသော အဆင့် ၄ အသံလှိုင်း မှော်စွမ်းရည်သည် အားကစားကွင်းအတွင်းရှိ အုပ်ချပ်များကိုပင် လုံးဝ လွင့်စင်လုနီးပါး ဖြစ်သွားစေခဲ့သည်။
အကြောင်းရင်းမှာ အသံလှိုင်းမှော်စွမ်းရည်၏ အဓိကပစ်မှတ်က ထွင်ထျန်းဟာ ဖြစ်သော်လည်း မှော်စွမ်းအားသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ကုန်းငါးမန်း တစ်ဝိုက်ရှိ အရာအားလုံးက ပြိုလဲကျသွားသည်။
မြေပြင်ကလည်း အက်ကွဲသွားပြီး လမ်းကြောင်းအရပ်ရပ်သို့ ပင့်ကူမျှင်သဏ္ဍာန် ပြန့်ကျဲသွားသည်။
ကုန်းငါးမန်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲမှ အနည်းငယ် ထိတ်လန့်သွားသည်။
သူ၏တိုက်ခိုက်မှုသည် အမွေးစိမ်းခွေးကို ပျံသန်းစေရန် လုံလောက်လိမ့်မည်ဟု ကနဦးတွင် သူယုံကြည်ခဲ့သည်။
သူ၏အသံလှိုင်းစွမ်းရည်ကို ယခင်က စမ်းသပ်ခဲ့ပြီးပြီ ဖြစ်၍ သူ့ပြိုင်ဘက်အနေဖြင့် ခုခံရန် နည်းလမ်းမရှိပေ။
ဤအဆင့်၄ အသံလှိုင်းမှော်စွမ်းရည်သည် အလေးချိန်ကီလိုဂရမ် ၅၀၀ ကြီးမားသောအရာကိုပင် သယ်ဆောင်သွားနိုင်သည်အထိ အစွမ်းထက်သည်။
သို့သော် ဤအမွေးစိမ်းခွေးသည် မြေပြင်ပေါ်တွင် ထိုးစိုက်ထားသော မြစိမ်းရောင်တုတ်ကို တင်းတင်းကျပ်ကျပ် ကိုင်ကာ ဆက်လက်ရှိနေခဲ့သည်။
ထိုအကောင်က ခွေးလေးတစ်ကောင်မှန်း သိသာထင်ရှားနေသော်လည်း တကယ်ကိုပင် ကြီးမားသောစွမ်းအားများ ရှိနေသည်။
ထိုအခိုက်အတန့်တွင် ကုန်းငါးမန်းသည် အမွေးစိမ်းခွေး၏ ဇစ်မြစ်က မရိုးရှင်းကြောင်း သတိထားမိသည်။
ရောကျော်ခွေးစစ်စစ် သို့မဟုတ် မျိုးစပ်ခွေးသည် ဤမျှသန်မာမည်မဟုတ်ပေ။
ပြင်းထန်သောအသံလှိုင်း တိုက်ခိုက်မှုအပြီးတွင် နှစ်ဘက်လုံးက ခေတ္တတိတ်ဆိတ်သွားကြသည်။
Grade 1 အခန်း၃ မှ လက်ရွေးစင်ကျောင်းသားများ၏ စိတ်ခံစားမှုများက မြင့်တက်လာသည်။
ကုန်းငါးမန်းက ကိုင်တွယ်ရန် မလွယ်ကူကြောင်း လူအများကပြောနေကြသည်။
"ငါတို့ ထွင်ထျန်းဟာလေး အနိုင်ရပါ့မလား"
မြေပဲလေးက စိတ်လှုပ်ရှားသောအသံဖြင့် ပြောလိုက်သည်။
ဤကုန်းငါးမန်းက ကိုင်တွယ်ရခက်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
ဤအချိန်တွင် တိုက်ပွဲ၏ရလဒ်က မည်သို့မည်ပုံ ဖြစ်လာမည်ကို ပြောရန်ခက်ခဲသည်။
အကြောင်းအရင်းမှာ အသံလှိုင်းမှော်စွမ်းရည်ကို ကိုယ်တိုင်တီထွင်ထားသည့် အံ့အားသင့်စရာများ ပြည့်နှက်နေသော ဤကုန်းငါးမန်းသည် မည်သို့သော လှည့်ကွက်မျိုး ထုတ်သုံးလာဦးမည်ကို မည်သူမှ မသိနိုင်သောကြောင့် ဖြစ်သည်။
ချန်းချောင်က မျက်မှောင်ကြုတ်လိုက်သည်။
ဤကုန်းငါးမန်း၏ နောက်ခံက မရိုးရှင်းကြောင်း သူခံစားမိသည်။
ပြိုင်ပွဲတစ်ခုလုံးကို ဝမ်လင်းက အစအဆုံး တိတ်တဆိတ်ကြည့်နေခဲ့သည်။
ကုန်းငါးမန်း တီထွင်ထားသော အသံလှိုင်းမှော်စွမ်းရည်ကိုမြင်သောအခါ သူမျက်မှောင်ကြုတ်သွားသည်။
ကော်ဟောက်က ဝမ်လင်းကို တံတောင်ဆစ်ဖြင့် အသာအယာတို့လိုက်သည်။
"ဝမ်လင်း ထွင်ထျန်းဟာနိုင်မယ်လို့ မင်းထင်လား"
ဝမ်လင်းက ရှည်ရှည်ဝေးဝေး ပြောမနေဘဲ "အင်း" ဟုသာ ပြန်ဖြေလိုက်သည်။
ဝမ်လင်းအတွက် အစကတည်းက ဤပြိုင်ပွဲနှင့် ပတ်သက်၍ အံ့ဩစရာမရှိခဲ့ပေ။
သို့သော် ဤအချိန်တွင် ကွင်းထဲမှ အခြေအနေများက ပြောင်းလဲသွားခဲ့ပြန်သည်။
တိုက်ပွဲအတွင်း တစ်ချိန်လုံး လျစ်လျူရှုခံထားရသော ရွှေရောင်ကျောကုန်း ဂေါ်ရီလာသည် ကုန်းငါးမန်း၏ ရုတ်တရက် စိုက်ကြည့်ခြင်းကို ခံလိုက်ရ၍ အမွေးများ ကြက်သီးထသလို ခံစားလိုက်ရသည်။
ရွှေရောင်ကျောကုန်း ဂေါ်ရီလာကျန်းပိုင်က နှလုံးသားထဲတွင် ငိုချင်နေသော်လည်း မျက်ရည်မကျခဲ့ပေ။
ဤကုန်းငါးမန်းသည် အမွေးစိမ်းခွေးကို မဖယ်ရှားမီ သူ့ကိုအရင်ဖယ်ရှားရန် ကြံစည်နေပါသလော။
သို့သော် လူတိုင်း မထင်ထားသည့်မြင်ကွင်း ဖြစ်ပေါ်လာသည်။
ကုန်းငါးမန်းက ကျန်းပိုင်ဆီသို့ လျှောက်လာပြီး မေးခွန်းထုတ်လိုက်သည်။
"မင်းနာမည်က ကျန်းပိုင်မဟုတ်လား"
ရွှေခေါင်းလောင်း အကာအကွယ်အတွင်းမှ ကျန်းပိုင်က မလှုပ်ရှားဝံ့ဘဲ ခေါင်းညိမ့်ပြလိုက်သည်။
ကျန်းပိုင်၏ အပြုအမူကိုမြင်လျှင် ကုန်းငါးမန်းက ခပ်ယဲ့ယဲ့ရယ်လိုက်သည်။
ကုန်းငါးမန်း၏ ပါးစပ်က အစွယ်များဖြင့် အလွန်ကြီးမားသောကြောင့် ဤအပြုံးက ရွှေရောင်ကျောကုန်း ဂေါ်ရီလာကို ထိတ်လန့်စေခဲ့၏။
ကျန်းပိုင်က ကုန်းငါးမန်းကိုကြည့်ကာ "အို.. "ဟုပြောလိုက်သည်။
ဤသည်မှာ ဝိညာဉ်သားရဲတို့၏ ဘာသာစကားဖြစ်သည်။
ဆိုလိုသည်မှာ သင်ဘာလုပ်ချင်သလဲ ဖြစ်၏။
"ငါတို့ပူးပေါင်းဆောင်ရွက်ရအောင်.. အမွေးစိမ်းခွေးကို အရင်ဖယ်ရှားပစ်ရမယ်"
ကုန်းငါးမန်းက ကျန်းပိုင်ကို အံ့ဩစရာ ကမ်းလှမ်းချက်တစ်ခု ပြုလုပ်ခဲ့သည်။
ရွှေရောင်ကျောကုန်း ဂေါ်ရီလာ၏ မျက်လုံးများ တောက်ပလာသည်။
ကုန်းငါးမန်းက ဤကဲ့သို့သော အစီအစဉ်ကို အကောင်အထည် ဖော်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
ကနဦးတွင် သူ့အနေဖြင့် တတိယနေရာကိုသာ ရနိုင်သော်လည်း ဤအမွေးစိမ်းခွေးကိုသာ ဖယ်ရှားနိုင်ခဲ့လျှင် ဒုတိယနေရာကို ရရှိသွားမည် ဖြစ်သည်။
ယင်းက လူတိုင်း မမျှော်လင့်ထားသော မြင်ကွင်းတစ်ခုလည်းဖြစ်ခဲ့သည်။
".........."
ရှဖေးက လုံးဝ လျစ်လျူရှုခံထားရသောကြောင့် ချွေးများထွက်လာသည်။
ယခုခေတ်တွင် ဝိညာဉ်သားရဲများသည် သူတို့သခင် အနားတွင် မရှိသရွေ့ သူတို့ဘာသာ လုပ်ချင်ရာ လုပ်နေရသည်ကို နှစ်သက်ကြပါသလော။
ဝေ့ကျစ်က စိတ်မပူဘဲ ရယ်မောလိုက်သည်။
"ညီနောင်ခွေး.. ဒီကုန်းငါးမန်းက မင်းကို တကယ် သေစေချင်နေပုံရတယ်"
ထွင်ထျန်းဟာ စိတ်လှုပ်ရှားနေသော်လည်း လုံးဝ မကြောက်ရွံ့ခဲ့ပေ။
"ညီနောင်ခွေး.. အလျင်စလို ဘာမှမလုပ်နဲ့.. သူတို့ဘာဆက်လုပ်မလဲဆိုတာ ငါတို့ ဂစောင့်ကြည့်ကြတာပေါ့"
ထိုအခိုက်အတန့်တွင် ရွှေရောင်ကျောကုန်း ဂေါ်ရီလာသည် ကုန်းငါးမန်းကို ဝိညာဉ်သားရဲ ဘာသာစကားဖြင့် ပြောလိုက်သည်။
"ငါဘာလုပ်ရမလဲ"
"မင်းရဲ့ ရွှေခေါင်းလောင်း အကာအကွယ်ကို ခဏငှားပေးပါ"
ကုန်းငါးမန်းက ပြောလိုက်သည်။
ရွှေရောင်ကျောကုန်း ဂေါ်ရီလာက ကုန်းငါးမန်း မည်သည့်နေရာတွင် အသုံးပြုမည်ကို လုံးဝ မသိသော်လည်း နာခံမှုရှိစွာဖြင့် လွှဲပြောင်းပေးလိုက်သည်။
ရွှေခေါင်းလောင်း အကာအကွယ် မှော်ရတနာကို ရရှိပြီးနောက်တွင် ကုန်းငါးမန်းသည် လေများကို ထပ်မံ စုပ်ယူလိုက်သည်။
ယင်းက ခြေရာမဲ့အသံလှိုင်း မှော်စွမ်းရည်ကို ထပ်မံ အသုံးပြုသွားမည်မှာ ထင်ရှားနေသည်။
ဤသို့ဆိုလျှင် ကုန်းငါးမန်းက ရွှေရောင်ကျောကုန်းဂေါ်ရီလာ၏ ရွှေခေါင်းလောင်း အကာအကွယ်ကို အဘယ်ကြောင့် ငှားရမ်းခဲ့ပါသနည်း။
သို့သော် ထိုအခိုက်အတန့်မှာပင် ကုန်းငါးမန်းက သူ့အမြီးဖြင့် ရွှေရောင်ခေါင်းလောင်းကို ရိုက်ချလိုက်ရာ ရွှေရောင်ခေါင်းလောင်း၏ ထိပ်ပိုင်းက ပြတ်ထွက်သွားသည်။
သူ့မှော်ရတနာ ပျက်စီးသွားသည်ကို မြင်လိုက်ရသဖြင့် ကျန်းပိုင်က ငိုချင်သော်လည်း မျက်ရည်မကျခဲ့ပေ။
"ညီနောင်ခွေး.. သတိထား"
ထိုအချိန်တွင် ဝေ့ကျစ်က ကုန်းငါးမန်း၏ အကြံအစည်ကို ရုတ်တရက် မှန်းဆမိလိုက်သည်။
ထွင်ထျန်းဟာ "???"
ထိုအခိုက်အတန့်မှာပင် ကုန်းငါးမန်းသည် မှော်အသံချဲ့စက်ကို ဖန်တီးရန်အတွက် ရွှေခေါင်းလောင်းကို ရွှေရောင်ကျောကုန်းဂေါ်ရီလာ၏ ကျောပေါ်သို့ တင်လိုက်သည်။
ဝေ့ကျစ် "ဒါက ခြေရာမဲ့လေချဥ်တက် အသံလှိုင်း မှော်စွမ်းရည်ရဲ့ အဆုံးစွန်တိုက်ခိုက်မှုပဲ"
ထွင်ထျန်းဟာ ".........."
အပိုင်း (၅၇၂) ပြီး၏