← Chapters

ခွေးနည်းစနစ်ကိုမကျော်လွှားနိုင်ခြင်း

Vol. 39 Ch. 574

ခွေးနည်းစနစ်ကိုမကျော်လွှားနိုင်ခြင်း

Vol. 39 Ch. 574

တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲပင်။

အရိုးဘုရင်က နှစ်ပိုင်းကွဲသွားသော်လည်း အမှန်တကယ်ပျက်စီးခြင်းမရှိပေ။

ယင်းမှာ ၎င်း၏စွယ်စုံရစွမ်းရည်နှင့် သက်ဆိုင်သည်။

ရှင်းလင်းစွာပြောရလျှင် အရိုးဘုရင်သည် ထွင်ထျန်းဟာလိုချင်သည့် မည်သည့်လက်နက်၏ ပုံသဏ္ဍာန်ကို စိတ်ကူးဖြင့်ပင် ပုံဖော်နိုင်သောကြောင့် ရွံ့နှင့် အလားသဏ္ဍာန် တူသည်။

ထို့ကြောင့် နှစ်ပိုင်းကွဲသွားသော်လည်း မြစိမ်းရောင်တုတ် အဖြစ် ပြန်လည်ပုံဖော်ရန်မှာ စိတ်ကူးတစ်ချက်ပင် လိုအပ်သည်။

အရိုးဘုရင်က ၎င်း၏အတွင်းပိုင်း အက်ကွဲကြောင်းများကို ဖြည်းညင်းစွာ ပြန်လည်တည်ဆောက်သည်ကို မြင်လိုက်ရလျှင် ဤစွမ်းရည်သည် ကောင်းကင်ဘုံကို အန်တုနိုင်ရန်ပင် လုံလောက်သည်ဟု ထွင်ထျန်းဟာ တွေးမိသည်။

သူ့မှော်လက်နက် ဖျက်ဆီးခံရမည်ကို ဆရာလေးလင်းအနေဖြင့် မည်သည့်အခါမှ စိတ်ပူစရာမလိုပေ။

တစ်ဖက်တွင်လည်း အဆုံးစွန်သော တိုက်ခိုက်မှုကို အတူတကွလုပ်ဆောင်ပြီးနောက်တွင် ရွှေရောင်ကျောကုန်း ဂေါ်ရီလာနှင့် ကုန်းငါးမန်းတို့သည် အလွန် ပင်ပန်းနွမ်းနယ်နေခဲ့သည်။

ကုန်းငါးမန်း၏ တိုက်ခိုက်မှုအင်အားက အလွန်ပြင်းထန်၍ တန်ပြန် သက်ရောက်မှုကိုလည်းဖြစ်စေခဲ့သည်။

ထိုတိုက်ခိုက်မှုစွမ်းအားကြောင့် ရွှေခေါင်းလောင်းကို ခေါင်းပေါ်တင်ထားသော ရွှေရောင်ကျောကုန်း ဂေါ်ရီလာသည် အားကစားကွင်း အတွင်းမှ လွင့်စင်လုနီးပါး ခံစားခဲ့ရသည်။

ထိုသို့ ပြင်းထန်သော တိုက်ခိုက်မှုနှင့်ပင် အစိမ်းရောင်ခွေးကို အားကစားကွင်းမှ လွင့်ထွက်အောင် မပြုလုပ်နိုင်ခဲ့ပေ။

ကျန်းပိုင်နှင့်ကုန်းငါးမန်းက တစ်ပြိုင်နက်တည်း အံ့ဩသွားကြသည်။

ဤခွေး၏ခြေသည်းက အလွန်ပင် မြဲမြံနေပါသလော။

ကုန်းငါးမန်းက ဤခွေးကို အနီးကပ်တိုက်ပွဲတွင် ရင်ဆိုင်ရခက်သည်ဟု ကနဦးတွင် တွက်ချက်ထား၍ အဝေးမှ တိုက်ခိုက်မှုကိုသာ အသုံးပြုရန် ကြံစည်ထားခဲ့သည်။

သို့သော်လည်း သူ၏တိုက်ခိုက်မှုများက တစ်ကြိမ်ပြီးတစ်ကြိမ် ကျရှုံးခဲ့ရသည်။

ကျန်းပိုင်က ရွှေခေါင်းလောင်းကို သူ့ကျောကုန်းပေါ်မှ ချလိုက်သည်။

သူ့အမူအရာက အနည်းငယ် သုန်မှုန်နေခဲ့၏။

သူ့မှော်လက်နက်က ပျက်စီးသွားခဲ့သော်လည်း ဤခွေးကိုအားကစားကွင်းမှ လွင့်စင်သွားအောင် မလုပ်နိုင်ခဲ့ပေ။

ဤအစိမ်းရောင်ခွေး၏ မူလဇစ်မြစ်က အဘယ်နည်း။

ကုန်းငါးမန်းက သူ့ဦးနှောက်ကို အလုပ်ပေးရင်း မျက်မှောင်ကြုတ်လိုက်သည်။

သူ့နောက်တွင်ရပ်နေသည့် လုံးဝ အသုံးမဝင်သော အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူကို မထီမဲ့မြင်အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။

ရောကျော်ခွေး တစ်ကောင်တွင် ဤကဲ့သို့ စွမ်းအားမျိုးရှိနေသည်မှာ လုံးဝ အဓိပ္ပါယ်မရှိပေ။

ရွှေရောင်ကျောကုန်း ဂေါ်ရီလာ၏ပုခုံးက ရွှေခေါင်းလောင်းကို ထမ်းထားခဲ့သော အကျိုးဆက်ဖြင့် နာကျင်နေပြီ ဖြစ်သည်။

သူ၏ပုခုံးပေါ်တွင် နက်နဲသောအရာတစ်ခုပင် ကျန်ရှိနေခဲ့သည်။

သူကပုခုံးကိုပင် မမြှောက်နိုင်တော့ပေ။

ကုန်းငါးမန်းက အံကြိတ်လိုက်သည်။

သူက အစိမ်းရောင်ခွေးကို တိုက်ခိုက်ရန်အတွက် ရွှေရောင်ကျောကုန်း ဂေါ်ရီလာနှင့် အဖွဲ့ ဖွဲ့ကတည်းက အရှက်ကွဲမှုကို စတင် ခံစားနေရပြီ ဖြစ်သည်။

သို့သော် ပြဿနာမှာ လက်ရှိ နှစ်ယောက်တစ်ယောက်တိုက်ခိုက်သည့်အခါတွင်လည်း သူ့အနေဖြင့် အစိမ်းရောင်ခွေးကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိခဲ့ပေ။

ရှဖေးက ဤမြင်ကွင်းကို ဆက်မကြည့်ချင်တော့ပေ။

ကျန်းပိုင်နှင့်ကုန်းငါးမန်း တို့သည် ဝိညာဉ်စွမ်းအင်ကို အလွန်အကျွံ သုံးစွဲခဲ့ကြသည်။

ဆိုရလျှင် ၎င်းတို့သည် အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူများ၏ အကြံပြုချက်များကို ပိုမို နားထောင်ခဲ့သင့်ပြီး အချို့သော တိုက်ခိုက်မှုများကို ကနဦး လုပ်ဆောင်သင့်သည်။

ရှဖေးက ညွှန်ကြားမှုအချို့ကို ပေးချင်သော်လည်း ကုန်းငါးမန်းက အံကြိတ်ထားသည်ကို မြင်လိုက်ရလျှင် စကားမပြောရဲတော့ပေ။

ကုန်းငါးမန်း ဆိုလိုချင်သည့် အဓိပ္ပါယ်ကို သူကောင်းစွာ အဓိပ္ပါယ်ဖော်နိုင်သည်။

ယင်းမှာ"အမိန့်လာမပေးနဲ့"ဟု အဓိပ္ပါယ်ရသည်။

“ညီနောင်ခွေး.. မြန်မြန်သွားတိုက်.. သူတို့တွေ အားနည်းနေတဲ့အချိန်မှာ အရိုးဘုရင်ရဲ့အစွမ်းကို အသုံးပြုပြီး သူတို့ကိုချလိုက်”

ရွှေရောင်ကျောကုန်း ဂေါ်ရီလာ နှင့် ကုန်းငါးမန်းတို့က ဝိညာဉ်စွမ်းအင် အမြောက်အမြားကို သုံးစွဲခဲ့ကြောင်း ဝေ့ကျစ်သိသည်။

ထို့ကြောင့် ဤအချိန်သည် တိုက်ခိုက်ရန်အကောင်းဆုံး မဟုတ်လော။

တစ်ဖက်တွင်လည်း ကျန်းပိုင်၊ ကုန်းငါးမန်းတို့နှင့် နှိုင်းယှဉ်လျှင် ထွင်ထျန်းဟာသည် ဝေ့ကျစ်နှင့် အလွန် ကောင်းမွန်စွာ ညှိနှိုင်းနိုင်ပြီး ၎င်းတို့၏ ဆက်ဆံရေးမှာလည်း အံ့မခန်း ဖြစ်သည်။

ဝေ့ကျစ်က အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေး ဆရာတစ်ဦးသာ ဖြစ်သော်လည်း အစိမ်းရောင်ခွေး၏ အစစ်အမှန်ပိုင်ရှင် ကဲ့သို့ အံ့ဩစရာ ကောင်းလောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

ထွင်ထျန်းဟာ အနေဖြင့် ဝေ့ကျစ်နှင့်ပူးပေါင်းရန် ဆန္ဒရှိနေခြင်း တစ်ချက်မှာ ဝေ့ကျစ်ကို မျက်နှာသာပေးလို၍ ဖြစ်သည်။

နောက်တစ်ချက်မှာ သူ၏အစွမ်းသတ္တိကို စမ်းသပ်လိုသောကြောင့် ဖြစ်သည်။

ဝေ့ကျစ်၏ ညွှန်ကြားချက်ကို လိုက်နာခြင်းဖြင့် ပြိုင်ပွဲတွင်အနိုင်ရခဲ့လျှင် လူအများစုက ဝေ့ကျစ်ကို ချီးကျူးဂုဏ်ပြုကြမည် ဖြစ်သည်။

ထို့ပြင် သူ့အနေဖြင့်လည်း လက်တွေ့တိုက်ပွဲတွင် သူ၏စွမ်းရည်ကို စမ်းသပ်နိုင်မည် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ဝေ့ကျစ်က တိုက်ပွဲများကို ညွှန်ကြားရာတွင် ပါရမီထူးကဲကြောင်း ထွင်ထျန်းဟာ ဝန်ခံရပေမည်။

၎င်းက SSRအဆင့် အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူတွင် ရှိသင့်သည့် အရည်အချင်းနှင့် ဆက်စပ်နေပေလိမ့်မည်။

ယခင်က ဝေ့ကျစ်တွင် အဝါရောင်လျှပ်စစ်ကြွက်များ ရှိခဲ့ဖူးပြီး ခွဲမရလုနီးပါး အတူတကွ နေထိုင်ခဲ့ကြသည်။

တကယ်တမ်းတွင် ထိုအဝါရောင်ကြွက်သည် တစ်ချိန်ကအလွန်ပြင်းထန်သော စိတ်ဒဏ်ရာကိုရရှိခဲ့ပြီး ဝေ့ကျစ်က ထိုစိတ်ဒဏ်ရာကို တဖြည်းဖြည်း ကုစားပေးခဲ့သူ ဖြစ်သည်။

ဝေ့ကျစ်က လျှပ်စစ်ရှော့တိုက်ခြင်းကို မကြောက်ရွံ့တော့သည်မှာ ထိုအချိန်ကပင် စတင်ခြင်း ဖြစ်သည်။

ဤအရာကို "ချစ်ခြင်းမေတ္တာဖြင့် လျှပ်စစ်ဓာတ်ထုတ်ပေးခြင်း"ဟု ဝေ့ကျစ်က အမည်ပေးထားသည်။

ဝေ့ကျစ်၏ ညွှန်ကြားချက်ကိုရသည်နှင့် ထွင်ထျန်းဟာက ချက်ချင်း လှုပ်ရှားလိုက်သည်။

သူက သူ့လက်ထဲမှ အရိုးဘုရင်ကို တိုင်တစ်လုံးအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ထို့နောက် ထိုတိုင်လုံးကို အားပြု၍ လေထဲသို့ ခုန်တက်ကာအခြေခံခွေးနည်းစနစ်များ ထဲမှ ပထမ နှင့် ဒုတိယနည်းစနစ်ကို ထုတ်ဖော်လိုက်သည်။

ထွင်ထျန်းဟာက သူ၏ခုန်နိုင်စွမ်းအပြင် တိုင်ကို အားပြုထားသောကြောင့် မကြုံစဖူးအမြင့်သို့ တစ်ခဏအတွင်း ရောက်ရှိသွားခဲ့သည်။

ဤလှုပ်ရှားမှုများကို သူက မျက်စိတစ်မှိတ်အတွင်း လုပ်ဆောင်ခဲ့ခြင်းပင်။

အစိမ်းရောင်ဖျော့ဖျော့ အလင်းတန်းများက ထွင်ထျန်းဟာ၏ ခွေးခြေသည်းများကို ဝန်းရံနေသည်။

ထိုခဏတွင် ပေါက်ကွဲသံများနှင့်အတူ ကောင်းကင်မှ အရိပ်လက်သီးမိုးများက ကျဆင်းလာသည်။

ထွင်ထျန်းဟာ၏ စွမ်းအားက အလွန်ကြီးမားသောကြောင့် ကောင်းကင်မှ ဆင်းသက်လာသော သူ၏အရှိန်သည် ဥက္ကာခဲများ မြေပြင်ပေါ်သို့ ကျဆင်းလာသော အရှိန်အဟုန် တစ်ခုကဲ့သို့ ပေးစွမ်းခဲ့သည်။

ဤသည်မှာ ကုန်းငါးမန်း သို့မဟုတ် ရွှေရောင်ကျောကုန်းဂေါ်ရီလာတို့ လုပ်နိုင်သော အရာထက် သာလွန်နေသည်။

ထွင်ထျန်းဟာ၏ ကောင်းကင်မှ ဆင်းသက်လာသော အရိပ်လက်သီးများကို မြင်လျှင် လူအများက ရုပ်ရှင်ဇာတ်ကားတစ်ကားကို မြင်ယောင်လာမိသည်။

ထွင်ထျန်းဟာကမူ ပြန်လည် ဆင်းသက်လာသည့် အခိုက်တွင် ဉာဏ်အလင်းကိုပါ ရရှိသွားသလို ခံစားလိုက်ရသည်။

သာမန်ဝိညာဉ် နည်းစနစ်တစ်ခု ဖြစ်လျှင်ပင် ထိုလုပ်ဆောင်ချက်တစ်ခု ဖြည့်စွက်လိုက်သည်နှင့် အံ့ဩစရာအစွမ်း ထွက်လာသည်။

“ဂေါ်ရီလာကြီး.. မင်းနဲ့ငါ လက်တွဲပြီး ခွန်အားရှိသလောက်ပိတ်ဆို့ကြရအောင်”

ကုန်းငါးမန်းက သူ၏သွားများကို အံကြိတ်၍ ပြောလိုက်သည်။

“ဟုတ်ပြီ”

ရွှေရောင်ကျောကုန်း ဂေါ်ရီလာက သဘောတူလိုက်သည်။

ထိုခဏတွင် သူ၏ နောက်မှ တစ်စုံတစ်ယောက်က တွန်းထုတ်လိုက်သလို ခံစားခဲ့ရသည်။

ကုန်းငါးမန်းက သူ့ကို အကာအကွယ်တစ်ခု အဖြစ်‌ ရှေ့သို့တွန်းပို့နေခဲ့၏။

ကျန်းပိုင် “???”

ကုန်းငါးမန်း “ဘာကြောင်နေတာလဲ.. မင်းအရှေ့ကနေ သေချာပိတ်ဆို့ထား.. ငါမင်းကို နောက်ကနေ စွမ်းအားတွေ ထည့်ပေးမယ်”

“……….”

ကုန်းငါးမန်းက သူ့ကိုလှည့်စားနေမှန်း ကျန်းပိုင် ကောင်းစွာသိသည်။

သုံးဘီးဆိုင်ကယ် ကလေးမလေး နှင့် ကျင့်ခယ်တို့ဖြင့် လေ့ကျင့်ပြီးနောက်တွင် ထွင်ထျန်းဟာ၏ အခြေခံခွေးနည်းစနစ် အတွက် ပထမတိုက်ကွက်နှင့် ဒုတိယတိုက်ကွက်၏ လက်သီးအမြန်နှုန်းသည် တစ်စက္ကန့်လျှင် အနည်းဆုံး လက်သီးချက် နှစ်ရာအထိ ရောက်ရှိသွားခဲ့သည်။

အရိပ်သဏ္ဍာန် လက်သီးချက်များက အစိမ်းရောင် ဥက္ကာခဲများကဲ့သို့ မြေပြင်ပေါ် သက်ဆင်းလာသည်။

ရွှေရောင် ကျောကုန်းဂေါ်ရီလာက ဤမြင်ကွင်းကို မြင်သောအခါတွင် သူအလွန်နှစ်သက်သော သီချင်းတစ်ပုဒ်ကို ပြန်အမှတ်ရမိသည်။

“မီးရှူးမီးပန်းလိုပဲ.. အရမ်းကိုလှတယ်”

တိုက်ခိုက်မှုနှင့် တိုက်ရိုက်ထိတွေ့ပြီး နောက်တွင် ထိုတိုက်ခိုက်မှု၏စွမ်းအားကို သူခံစားနိုင်ခဲ့သည်။

အရိပ်လက်သီး၏ အကျိုးသက်ရောက်မှုကို ခံစားလိုက်ရသောအခါတွင် သူ၏ နှလုံးသားထဲတွင် ကျိန်ဆဲနေပြီဖြစ်သည်။

“လခွမ်း.. ဒီခွေးက တကယ်ကို သန်မာလွန်းတယ်ဟ”

အမွှေးစိမ်းခွေးက စောစောပိုင်းက သူတို့၏ တိုက်ခိုက်မှုများကို ပေါ့ပေါ့တန်တန်သာ သဘောထားခဲ့ကြောင်း သူတို့သိလိုက်ရပြီဖြစ်သည်။

ဤအကောင်က ယခုမှသာ အမှန်တကယ် စတင် တိုက်ခိုက်နေခြင်းဖြစ်သည်။

အပိုင်း (၅၇၄) ပြီး၏

All Chapters