ကြယ်ရောင်ကောင်းကင်ရဲ့ အချစ်ဘာသာစကား
Vol. 39 Ch. 577
ဖေဖေဝမ်က မေမေဝမ် နှင့် ပထမဆုံးအကြိမ် တွေ့ဆုံပြီးနောက်တွင် ဤသီချင်းစာသားများကို ရေးသားခဲ့ခြင်း ဖြစ်သည်။
ဝမ်လင်းက ဖေဖေဝမ်တို့၏ အချစ်ရေး သမိုင်းကြောင်းကို သိပ်မသိခဲ့ပေမယ့် ဤလင်မယားသည် အမြဲတမ်း ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့သည်။
"လင်နှင့်မယား လျှာနှင့်သွား" ဖြစ်၍ ဘဝလမ်းခရီးတွင် အဖုအထစ်များ ကြုံရတတ်သော်လည်း ဝမ်လင်းသည် ဖေဖေဝမ် နှင့် မေမေဝမ်တို့ ရန်ဖြစ်သည့် အကြိမ် အရေအတွက်ကို လက်တစ်ဖက်တည်းဖြင့် ရေတွက်နိုင်သည်ဟု ခံစားမိသည်။
ယနေ့က ဖေဖေဝမ်တို့၏ "မင်္ဂလာနှစ်ပတ်လည်နေ့များလား"ဟု စောစောက တွေးမိခဲ့သော်လည်း ရက်စွဲက မမှန်ပေ။
ဝမ်လင်းသည် ယခုအချိန်တွင် ဖေဖေဝမ်၏ စကားကို နားထောင်ရုံမျှသာ ဖြစ်သည်။
ဖေဖေဝမ်က သူတို့နှစ်ယောက် စတွေ့သည့်နေ့ကိုပင် မှတ်မိနေပါသေးသည်။
သူတို့က မြင်မြင်ချင်း ချစ်မိသွားပုံပင်။
"ကြယ်စင်ကောင်းကင်ရဲ့ အချစ်ဘာသာစကား" သီချင်းစာသား..
ဒီကမ္ဘာကြီးမှာ တစ်ယောက်တည်း ခရီးသွားနေရတာ နည်းနည်းလောက် အထီးကျန်တယ်လို့ မထင်ဘူးလား..
အေးမြတဲ့ လေနုအေးတွေ တိုက်ခတ်နေတဲ့ ညဘက်မှာ ရေကန်ကြီးကို ငေးကြည့်နေမိတယ်..
အကောင်းဆုံးဆုကို ငါဆုတောင်းတယ်၊ အဲဒီဆုက မင်းနဲ့အတူရှိနေဖို့ပဲ..
ညဥ့်ကောင်းကင်ယံက ငါတို့ရဲ့ အမှတ်တရတွေကို သိမ်းထားတယ်..
မင်းနဲ့အတူ ကြယ်တွေရဲ့ ဘာသာစကားကို အဓိပ္ပါယ်ဖော်တာ ငါမှတ်မိတယ်..
ကြယ်တွေရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ရှာဖွေရတာကို နှစ်သက်တယ်..
သူတို့ရဲ့ ဘာသာစကားကို နားလည်ဖို့ မြူဆိုင်းတဲ့အထိ အရာအားလုံးကို ဘေးဖယ်ထားလိုက်တယ်..
ငယ်ငယ်တုန်းက မိုးကုပ်စက်ဝိုင်းပေါ်က ဥက္ကာပျံတွေကို လှမ်းကြည့်တယ်..
ငါနဲ့အတူ ဘယ်သူရှိနေမှာလဲလို့ အမြဲတွေးနေမိတယ်..
မင်းနဲ့အတူ တောတောင်တွေနဲ့ ကျောက်ဆောင်တွေဆီကို ငါဖြတ်သန်းမယ်..
လေတဟူးဟူး တိုက်ခတ်နေတဲ့ ငါတို့ရဲ့မွေးရပ်မြေကို
ကောင်းကင်က ကြယ်လေးတွေက လင်းလက်သွားစေတယ်..
နှစ်အတော်ကြာပြီးနောက်မှ ကြယ်ရောင်စုံသော ကောင်းကင်ကြီးက အရောင်မှုန်မှိုင်းနေတာကို ငါတို့ နားလည်ခဲ့ကြတယ်..
ဘာလို့လဲဆိုတော့ ငါတို့နှစ်ယောက်အတူရှိလို့ပဲ။
မင်းနဲ့အတူ ကြယ်တွေရဲ့ ဘာသာစကားနဲ့ အချစ်ကို ရေးဖွဲ့ချင်တယ်..
ငါတို့တွေ အသက်ရှုနေသ၍ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားပြီး နဂါးငွေ့တန်း ဂလက်ဆီကို လှည့်ပတ်မယ်..
….................
ဖေဖေဝမ် ရေးခဲ့သည့် ရည်းစားစာ စတိုင်ကြောင့် ဝမ်လင်း အံ့အားသင့်သွားသည်။
ဖေဖေဝမ်က ကျွမ်းကျင်သော စာရေးဆရာတစ်ဦး ဖြစ်သလို သီချင်းရေးရာတွင်လည်း အနုပညာစွမ်းရည် ရှိသည်။
ဝမ်လင်းက သူ၏ ကောင်းကင်နား စွမ်းရည်ဖြင့် အခြားသော ကမ္ဘာ့လိုင်းများနှင့် ချိတ်ဆက်နိုင်သည်။
နောက်ဆုံးအကြိမ်က သူသည် သန်းခေါင်ယံ ထမင်းစားခန်းမတွင် တွေ့ဆုံခဲ့သည့် ထန်ယိုနင်ကို ထိုစွမ်းရည်ဖြင့် ကူညီခဲ့ပြီး အခြားကမ္ဘာမှ သီချင်းတစ်ပုဒ်ကို ရယူခဲ့သည်။
သို့သော် အနုပညာအလုပ် တော်တော်များများတွင် ကံကောင်းခြင်းနှင့် အရည်အချင်းများ လိုအပ်နေပါသေးသည်။
ထန်ယိုနင်က သီချင်း၏ ကျော်ကြားမှုကို အချိန်အတော်ကြာ မှီခိုခဲ့သော်လည်း နောက်ပိုင်းတွင် လူအများက ၎င်းကို ညီးငွေ့လာခဲ့သည်။
သန်းခေါင်ယံ ထမင်းစားခန်းမ၏ သူဌေးထန် အပြောအရဆိုလျှင် ထန်ယိုနင်က နာမည်ကြီးကတည်းက စပြီး သန်းခေါင်ယံ ထမင်းစားခန်းမကို ဘယ်တော့မှ ပြန်မလာတော့ပေ။
ထို့ကြောင့် တစ်ခါတစ်ရံတွင် လူသားများသည် သူတို့၏ မူလဇစ်မြစ်ကို အမှန်တကယ် မမေ့သင့်ချေ။
ထန်ယိုနင် ထမင်းဖိုး မတတ်နိုင်သောအခါက သူဌေးထန်သည် သူ့ကို အစားအသောက်များ ပေးကာ ဖျော်ဖြေရန် နေရာပေးခြင်းဖြင့် များစွာ ကူညီပေးခဲ့သည်။
သို့သော် အားလုံးပြောပြီးနောက်တွင် လူ့သဘောသဘာဝက မှန်းဆရခက်လွန်းသည်။
လောကမှာ လူကောင်းတွေ အများကြီး ရှိသော်လည်း ကျေးဇူးကန်းမည့်သူ အနည်းငယ်တော့ ရှိစမြဲ မဟုတ်လော။
ဖေဖေဝမ်၏ သီချင်းစာသားကို ကြည့်ရင်း ဝမ်လင်းက လေးလေးနက်နက် တွေးတောမိသွားသည်။
အခြားကမ္ဘာမှ သီချင်းတစ်ပုဒ်ကို ဖမ်းယူရန် သူ့အတွက် အလွန်လွယ်ကူလိမ့်မည်။
သို့သော် ပြဿနာမှာ ဤသည်က ဖေဖေဝမ် ကိုယ်တိုင် ရေးစပ်ခဲ့သော စာသား ဖြစ်သောကြောင့် မူရင်းသီချင်း ဖြစ်နေသည်။
ယင်းက ထန်ယိုနင် အတွက် သီချင်းတစ်ပုဒ်ကို တိုက်ရိုက် ခိုးယူခဲ့သည့်ထက်ပင် များစွာ ပိုရှုပ်ထွေးသည်။
သင့်လျော်သော တေးသွားအတွက် အခြားကမ္ဘာ့လိုင်းများကို ရှာဖွေရန် လိုအပ်မည် ဖြစ်သည်။
"ငါ့အတွက် သီချင်းကို သေချာလေးလုပ်ပေးပါ"
ဖေဖေဝမ်က တောင်းဆိုလိုက်သည်။
"ရိုးရိုးရှင်းရှင်း နဲ့ စွဲမက်ဖွယ်ကောင်းတဲ့ တေးသွားဆို ပိုကောင်းတယ်.. ငါတို့ရဲ့ မင်္ဂလာနှစ်ပတ်လည် မတိုင်ခင် ပြီးသရွေ့ ရပြီ.. အရမ်းကြီး အလျင်လိုစရာတော့ မလိုပါဘူး"
ဝမ်လင်းက မျက်ခုံးပင့်လိုက်သည်။
သူက တကယ် ကူညီချင်သော်လည်း အိမ်စာမပြီးသေးပေ။
ဖေဖေဝမ်က ဝမ်လင်း၏ ပင်ကိုယ်စရိုက်ကို ကောင်းစွာသိသည်။
ခေါက်ဆွဲခြောက်များ အပြင် ဤကောင်လေး အတွက် နံပါတ်တစ် အရေးကြီးသည်မှာ အိမ်စာ ဖြစ်သည်။
အဖေဝမ်ကို သံသယကင်းကင်းနှင့် သူကူညီချင်သော်လည်း အိမ်စာက ဦးစားပေးကိစ္စ ဖြစ်သည်။
အတန်ကြာ စဉ်းစားပြီးနောက်တွင် အဆုံးသတ်၌ သူက ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့သည်။
သူ့တွင် နောက်ဆုံးပေါ် သရေစာ ခေါက်ဆွဲခြောက်များကို အပတ်စဥ် မြည်းစမ်းကြည့်ရန် နှစ်စဉ်ကတ်များနှင့် ရွှေရောင်ကတ်များ အစုံအလင်ရှိသည်။
ထိုထက်မက ဝိညာဥ်စီးကြောင်းလမ်းရှိ သရေစာ ခေါက်ဆွဲခြောက် အရောင်းဆိုင်သည် ပွဲတော်ရာသီတိုင်းတွင် သူ့ကို လက်ဆောင်ထုပ်ကြီး တစ်ထုပ် ပို့ပေးမည် ဖြစ်သည်။
ထို့ကြောင့် ဖေဖေဝမ်က ဝမ်လင်း အထူး ကြိုက်နှစ်သက်သည့် သရေစာ ခေါက်ဆွဲခြောက် အရသာများကို ငွေကြေးအမြောက်အမြား သုံးစွဲကာ အထူးမှာယူ၍ ပြုလုပ်ခိုင်းခဲ့သည်။
ဖေဖေဝမ်က သူ မှာယူထားသည့် ခေါက်ဆွဲခြောက်ထုပ် အရသာကို ဝမ်လင်းအား ခပ်တိုးတိုး ပြောပြလိုက်သည်။
ဤသည်က ဝမ်လင်း လုံးဝ မခုခံနိုင်တဲ့ အရသာများ ဖြစ်၏။
အရသာကို အတည်ပြုပြီးနောက်တွင် ဖေဖေဝမ်က လက်သုံးချောင်း ထောင်ပြလိုက်သည်။
"သုံးထုပ်"
ဝမ်လင်း မျက်မှောင်ကြုတ်လိုက်သည်။
သုံးထုပ်က ဆွဲဆောင်မှုရှိသော ပမာဏဖြစ်သော်လည်း ယင်းက သူ့အတွက် မလုံလောက်ပေ။
ဖေဖေဝမ်က အသက်ခပ်ပြင်းပြင်း ရှူလိုက်သည်။
"ငါးထုပ်"
ဝမ်လင်းက ဖေဖေဝမ်ကို တည့်တည့် စိုက်ကြည့်ခဲ့သော်လည်း သဘောမတူသေးချေ။
ဖေဖေဝမ်က သွားများကို အံကြိတ်လိုက်သည်။
"ရှစ်ထုပ်.. ဒါ ငါ့မှာရှိတာ အကုန်ပဲ.. သဘောတူလား
ဝမ်လင်း ခေါင်းညိတ်လိုက်သည်။
ဖေဖေဝမ်က အသက်ခပ်ပြင်းပြင်း ရှိုက်လိုက်သည်။
အထူးစိတ်ကြိုက် ပြုလုပ်ခိုင်းထားသည့် ခေါက်ဆွဲခြောက် သရေစာ ရှစ်ထုပ်သည် သူ၏ သုံးရက်စာ ဝင်ငွေနှင့် ညီမျှသည်။
နောက်တစ်ကြိမ် ဝမ်လင်း၏ အကူအညီကို လိုအပ်လျှင် အနည်းဆုံး ဆယ်ထုပ် ပြင်ဆင်ရမည် ဖြစ်သည်။
ဝမ်လင်းအတွက် သံစဥ်ရှာပြီး သီချင်းတစ်ပုဒ် ဖန်တီးရန်က တကယ်တမ်း ရှုပ်ထွေးလှသည် မဟုတ်ပေ။
သီချင်းစာသား အတွက် ကမ္ဘာ့လိုင်း အမျိုးမျိုးမှ မှန်ကန်သော တေးသွားကို ရှာဖွေခြင်းသည် အိမ်စာလုပ်ခြင်းထက် အနည်းငယ်သာ အချိန်ပိုယူရသည်။
ဖေဖေဝမ်၏ သီချင်းစာသားများသည် (bubblegum) ပေါ့ပ်သီချင်း၏ လတ်ဆတ်သော ခံစားချက်ကို ခံစားရစေသည်။
အထူးသဖြင့် စွဲမက်ဖွယ်ကောင်းသော သံစဥ်ဖြင့် ပေါ့ပေါ့ပါးပါး သီချင်းတစ်ပုဒ် ဖြစ်ရပေမည်။
ဤကဲ့သို့ သီချင်းမျိုး၏ အဓိကအချက်မှာ ပြန့်နှံ့လွယ်ပြီး မည်သူမဆို လွတ်လပ်ပေါ့ပါးစွာ ဟစ်ကြွေးနိုင်ခြင်း ဖြစ်သည်။
သို့သော် အဆိုတော်၏ အရည်အချင်းကို လုံးဝ ထင်ဟပ်စေမည့် သီချင်းဆိုပြိုင်ပွဲတွင် ဖျော်ဖြေရန်မှာ အဆင်မပြေပေ။
သို့ရာတွင် ယခုအခါ၌ စီးပွားရေးအရ ရေပန်းစားသော သီချင်းအများစုမှာ "PureGirl" နှင့် "Yes, I Do" ကဲ့သို့(bubblegum) ပေါ့ပ်သီချင်းများ ဖြစ်သည်။
သူက အီလက်ထရွန်းနစ် အချက်ပြကိရိယာ တစ်ခုကဲ့သို့ ကောင်းကင်နား စွမ်းရည်ကို အသုံးပြုကာ မရေမတွက်နိုင်သော ကမ္ဘာ့လိုင်းများကို ရှာဖွေခဲ့သည်။
အဆုံးသတ်တွင် ဖေဖေဝမ်၏ "ကြယ်စင်ကောင်းကင်ရဲ့ အချစ်ဘာသာစကား"စာသား နှင့် ကိုက်ညီသည့် (Old Is An Old Person) အမည်ရှိ အဆိုတော်တစ်ဦး၏ သီချင်းတစ်ပုဒ်ကို သူရှာဖွေနိုင်ခဲ့သည်။
အမှတ် 60 အထက်တန်းကျောင်းတွင် ဂီတသင်ခန်းစာများ ပါရှိ၍ ဝမ်လင်းက ကိုယ်တိုင် ဂစ်တာတီးခတ်နိုင်သည်။
ထို့ကြောင့် သူက တေးသွားအတွက် ဂီတနုတ်ကို ချက်ချင်းရေးသားခဲ့သည်။
ဝမ်လင်းက သီချင်း၏ အဆိုတော်အဖြစ် ဗုံးပစ်စီနီယာ အင်မော်တယ်ကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က "Take You On A Journey" သီချင်းကို ပြန်လည်ဆန်းသစ် သီဆိုခဲ့ဖူးသည်။
ထိုအချိန်ကတည်းက သီချင်းဆိုရန် ပါရမီပါလာသူဟု ဝမ်လင်း တိတ်တဆိတ် ကောက်ချက်ချခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က ဂီတနုတ်များ နှင့် ဝမ်လင်း ပေးပို့ခဲ့သော သီချင်းစာသားများကို မြင်သောအခါတွင် စိတ်လွတ်မလိုဖြစ်ကာ ချက်ချင်းပင် စာပြန်ပို့လိုက်သည်။
"ညီနောင်လင်း ဒီစာသားတွေကို ဘယ်သူရေးတာလဲ"
ဝမ်လင်းက စာရိုက်လိုက်သည်။
"မင်းရဲ့ စီနီယာဝမ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ချက်ချင်းနီးပါး ပြန်ဖြေခဲ့သည်။
"လခွမ်း.. ဒီသီချင်းနဲ့ ဒီသံစဥ်တွေက စီနီယာဝမ် အားထုတ်ထားတာလား.. လုံးဝပါရမီရှင်ပဲ.. ကောင်းကင်ကို တုန်လှုပ်စေပြီး သရဲတွေ နှင့် နတ်ဘုရားတွေကို ငိုကြွေးအောင် ပြုလုပ်နိုင်တယ်.. နားထောင်လိုက်တာနဲ့ ဒိန်းတလိန်းနတ် ဖမ်းစားခံရသလို ခံစားရတယ်.. အခုတောင် အချစ်ဆိပ်တွေ တက်နေပြီ"
ဝမ်လင်း".............."
"ဒီသီချင်းက တကယ်ကောင်းတယ်လို့ ဆိုရမယ်.. အနည်းဆုံးတော့ နားစွဲလွယ်ပြီး ပေါ့ပေါ့ပါးပါးရှိတယ်.. ဒီသီချင်းကို ဘယ်အချိန် လိုအပ်တာလဲ"
ဗုံးပစ်စီနီယာအင်မော်တယ်က မေးလိုက်သည်။
ဝမ်လင်း၏ အဖြေက တိုတိုနှင့် ရှင်းသည်။
"အခုချက်ချင်း"
ဗုံးပစ်စီနီယာအင်မော်တယ်
"ကောင်းပြီလေ.. ငါ အခုချက်ချင်း အသံသွင်းလိုက်မယ်"
အကြမ်းဖျင်း ငါးမိနစ်လောက် အကြာတွင် ဝမ်လင်းက သီချင်းဖိုင်ကို ဖေဖေဝမ်ဆီ ပို့လိုက်သည်။
ဖေဖေဝမ်က ဗုံးပစ်စီနီယာ အင်မော်တယ်၏ အသံကို ကြားသောအခါတွင် မှင်တက်သွားပြီး ဝမ်လင်းထံ ချက်ချင်း လှည့်ကြည့်လိုက်သည်။
"ဒီသီချင်းကို ဆိုထားတာက လဲ့လေးလား"
ဝမ်လင်း ခေါင်းညိတ်လိုက်သည်။
ဖေဖေဝမ် အံ့အားသင့်သွားသည်။
"ကောင်ကင်နတ်သား ကျနေတာပဲ.. သီချင်းဆို အရမ်းကောင်းတယ်.. ဒီအသံ ဒီအရည်အချင်းက လုံးဝပါရမီရှင်ပဲ.. ကောင်းကင်ကို တုန်လှုပ်စေပြီး သရဲတွေ နဲ့ နတ်ဘုရားတွေကိုငိုကြွေးအောင် ပြုလုပ်နိုင်တယ်.. နားထောင်လိုက်တာနဲ့ ဒိန်းတလိန်းနတ် ဖမ်းစားခံရသလို ခံစားရတယ်"
ဝမ်လင်း "............"
အပိုင်း(၅၇၇) ပြီး၏