← Chapters

ဝေ့ကျစ်၏ တိုက်ခန်းမှ လူများသည် ကြောက်မက်ဖွယ်ကောင်းသည်

Vol. 39 Ch. 578

ဝေ့ကျစ်၏ တိုက်ခန်းမှ လူများသည် ကြောက်မက်ဖွယ်ကောင်းသည်

Vol. 39 Ch. 578

ဗုံးပစ်စီနီယာ အင်မော်တယ်က "ကြယ်စင်ကောင်းကင်၏ အချစ်ဘာသာစကား" သီချင်းတစ်ပုဒ်လုံးကို သီဆိုပြီးသွားသည်။

သူက အသံဖမ်းရန်အတွက် စန္ဒယားတီးခတ်သည်။

သူ့အသံက ကြည်လင်ပြီး ဆွဲဆောင်မှုအပြည့် ရှိသည်။

ထိုအသံကို ကြားသောအခါ ငွေရောင်လေးပင် မှင်တက်သွားပြီး မစောင့်ကြည့်ဘဲ မနေနိုင်တော့ပေ။

ယခင်ဆိုခဲ့သည့် သီချင်းအရ ဗုံးပစ်စီနီယာ အင်မော်တယ်၏အသံ တော်တော်လေး ကောင်းသည်ဟု သူထင်ခဲ့သော်လည်း ဤမျှအထိ ကောင်းလိမ့်မည်ဟု ငွေရောင်လေး ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

ဤအသံက တကယ်ကို ချိုသည်။

၎င်းက အသက်ထောင်ချီ ရှိနေပြီ ဖြစ်သော်လည်း အသံမှာ ဆယ့်ရှစ်နှစ်သား အရွယ် လူငယ်လေး တစ်ယောက်၏ အသံကဲ့သို့ ဖြစ်နေသေးသည်။

အသံကို အလှဆင်ရန် အတွက် ကျင့်ကြံခြင်း လောကတွင် အသေးအဖွဲ မှော်အတတ်များ နှင့် ဆေးဝါး အများအပြားရှိသော်လည်း ရလဒ်များကမူ နန်ဟန် နိုင်ငံ၏ ပလပ်စတစ်ဆာဂျရီနှင့် တူသည်။

၎င်းတို့အားလုံးသည် အတူတူပင် ဖြစ်သည်။

ယနေ့ခေတ် ဖျော်ဖြေရေး အသိုင်းအဝိုင်းတွင် ရေပန်းစားလာသော အဆိုတော်များသည် အသံကို ကျယ်ကျယ်လောင်လောင်ဖြစ်စေရန် အားကိုးအားထား ပြုနေကြဆဲ ဖြစ်သည်။

လူတစ်ဦးချင်းစီ၏ အသံသည် ကွဲပြား၍ လူကြိုက်များလာစေရန်အတွက် ထူးခြားမှု တစ်စုံတစ်ရာ လိုအပ်သည်။

"ညီနောင်ဗုံးပစ်.. မင်းက အရမ်းသီချင်းဆို ကောင်းတာပဲ"

ငွေရောင်လေးက နံရံကိုမှီ၍ သီချင်းကို ပျော်ရွှင်စွာ နားထောင်နေခဲ့သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က စန္ဒယားအဖုံးကို ပိတ်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

"အရင်က အဆိုတော် တစ်ယောက်အနေနဲ့ ပွဲဦးထွက်ဖို့ အမှန်တကယ် စဉ်းစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ ငါ စွန့်လွှတ်ခဲ့ရတယ်"

ငွေရောင်လေး နားမလည်နိုင်ဖြစ်သွားသည်။

"ဘာကြောင့်လဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က အသက်ခပ်ပြင်းပြင်း ရှူလိုက်သည်။

"ငါ့အသံက သောက်ရမ်းကောင်းလွန်းနေလို့ပဲ.. လူငယ်တွေအတွက် အခွင့်အရေးတွေ ချန်ထားသင့်တယ်လေ"

ငွေရောင်လေး "…..........."

ဗုံးပစ်စီနီယာအင်မော်တယ်

"ငါက ဖန်ကြွယ်လွင်၊ ကျိုးဝမ်ရှန် တို့နဲ့အတူ ပွဲဦးထွက်ခဲ့ရင် သူတို့တွေ ဘာမှတောင် ဖြစ်လာမှာမဟုတ်ဘူး"

ငွေရောင်လေး "သူတို့က ဒီသီချင်းကို ရေးတဲ့သူလား"

ဗုံးပစ်စီနီယာအင်မော်တယ်က ခေါင်းခါယမ်းလိုက်သည်။

"ဒီသီချင်းရဲ့ စာသားက သူ့ဇနီးအတွက် ရည်ရွယ်ပြီး စီနီယာဝမ် ရေးခဲ့တာပါ.. ညီနောင်လင်းက သံစဥ်ကို ရေးစပ်ပြီး ငါကအကြမ်း သီဆိုခဲ့တယ်"

"ဒါဆို တေးရေးက သခင်ကြီးပေါ့"

ငွေရောင်လေး၏ မျက်လုံးလေးများက တောက်ပလာသည်။

တေးသွားကို ပြန်သတိရပြီး ရုတ်တရက် အားကျလာခဲ့သည်။

"ဒီသီချင်းက အရမ်းကို ရိုမန်းတစ်​ ဖြစ်​​တော့ ငါ့ကို ကဗျာတစ်​ပုဒ်​ သတိရ​စေတယ်​.. ငါ ဟွာရှို့ရဲ့ ရှေးဟောင်း ယဉ်ကျေးမှုကို မကြာသေးမီကစပြီး လေ့လာခဲ့တယ်.. စာပေကဗျာတွေက တကယ့်ကို လေးနက်လွန်းတယ်"

ဗုံးပစ်စီနီယာအင်မော်တယ်က မျက်ခုံးပင့်လိုက်သည်။

"ကြားပါရစေ"

ငွေရောင်လေး "အနှစ်တစ်ရာ ကျင့်ကြံတာက လူနှစ်ယောက် လှေတစ်စင်းတည်း စီးတာနဲ့ အတူတူပဲ"

ထိုစကားကိုကြားတော့ ဗုံးပစ်စီနီယာ အင်မော်တယ်က ခေတ်သစ် လူသား ယဉ်ကျေးမှုအကြောင်း လေ့လာသင်ယူရာတွင် ငွေရောင်လေး၏ တိုးတက်မှုအတွက် ချီးကျူးရန် ပြင်လိုက်သော်လည်း ငွေရောင်လေး၏ နောက်ထပ် စကားများကို ကြားလျှင် သူမှင်တက်သွားသည်။

"အနှစ်တစ်ထောင် ကျင့်ကြံတာကတော့ အက်တမ်ဗုံးကို သယ်ထားတာနဲ့ အတူတူပဲ"

ဗုံးပစ်စီနီယာအင်မော်တယ် ".............."

{ငလူး.. ငါ့ကိုစောင်းပြောနေတာလား}

…..................

ထိုညတွင် ထွင်ထျန်းဟာသည် ဝေ့ကျစ်၏ နေရာတွင် ညစာစားခဲ့သည်။

ဝေ့ကျစ် နောက်ကနေ လိုက်လာသည့်အခါ အိမ်အောက်ထပ်မှ လုံခြုံရေး အစောင့်များက ပြုံးရွှင်စွာဖြင့် နွေးထွေးစွာ ကြည့်နေခဲ့ကြသည်။

ဤခွေးက ဗိုလ်ချုပ်ကျန်း ကိုယ်တိုင် ထောက်ခံပေးထာသော ခွေးဖြစ်၍ မည်သူမျှ မရိုမသေမျက်နှာထားမျိုး မလုပ်ဝံ့ပေ။

တကယ်တမ်းတွင် ထွင်ထျန်းဟာက ချစ်ဖို့ကောင်းသည်ဟု ဝေ့ကျစ် ထင်ခဲ့သည်။

သူ၏ သားမွေးအရောင်က အစပိုင်းတွင် ထူးဆန်းသလိုလို ဖြစ်နေသော်လည်း ပို၍ ကြည့်လေ မျက်လုံးပသာဒ ဖြစ်လာလေလေပင်။

အောက်ထပ်ရှိ တိုက်ခန်းတစ်ခုမှ ဖြတ်သွားစဉ် ထွင်ထျန်းဟာသည် စျေးဝယ်ခြင်းတောင်းကို ကိုင်ဆောင်လာသည့် အဖွားအို တစ်ဦးကို တွေ့လိုက်ရသည်။

"ဝေ့လေး မင်းရဲ့ခွေးသူငယ်ချင်းကို ကစားဖို့ ခေါ်လာတာလား"

"ဟုတ်ကဲ့ အန်တီကျောက်"

ဝေ့ကျစ်က အဘွားကြီးကို နှုတ်ဆက်လိုက်သည်။

ဤ "အန်တီကျောက်"က အလွန်သန်မာသည်ဟု ထွင်ထျန်းဟာ ခံစားမိသောကြောင့် ချက်ချင်းပင် သတိကပ်ထားလိုက်သည်။

သူက ဝိညာဥ်သားရဲဖြစ်၍ အဖွားအို၏ လက္ခဏာက မရိုးရှင်းကြောင်း ချက်ချင်း ဆိုသလို ခံစားသိရှိနိုင်ခဲ့သည်။

သူမနှင့် ပတ်သက်သည့် သီးခြားလေထုတစ်ခုပင် ရှိခဲ့သည်။

သို့သော် တစ်ဖက်လူက သူ့ကို ဒုက္ခပေးရန် စိတ်မ၀င်စားဘဲ သူငယ်ချင်းဟောင်း တစ်ယောက်ကို တွေ့သလိုမျိုး ပြုံးပြနေခဲ့သည်။

ဤသည်က နောက်ဆုံးအကြိမ် လာသောအခေါက်တွင် ဝင်ပေါက်၌ ဗိုလ်ချုပ်ကျန်း ပေးခဲ့သည့် "အထူးအခွင့်အရေး"ကြောင့် ဖြစ်နိုင်သည်ဟု သူခန့်မှန်းခဲ့သည်။

ဤကဲ့သို့ မိသားစု တိုက်ခန်းများတွင် အားလပ်ချိန်များ၌ နေ့စဉ် အတင်းအဖျင်း ပြောခြင်းကို နှစ်သက်သော အဒေါ်များနှင့် ဦးလေး အများအပြား ရှိကြသည်။

ဤတိုက်ခန်းရှိ လူတိုင်းသည် ဗိုလ်ချုပ်ကျန်း၏ "စစ်ပွဲသူတော်စင်" အထောက်အထားကို သိထားကြသည်။

သူက နိုင်ငံ စတင်တည်ထောင်သူ ဗိုလ်ချုပ်ဆယ်ဦးထဲမှ တစ်ဦးဖြစ်သည်။

သူပြောသမျှ စကားတိုင်းက အရေးပါသည်။

ထွင်ထျန်းဟာက တိတ်ဆိတ်နေခဲ့သည်။

အဖွားအိုက လူကောင်းလား လူဆိုးလား သူမသိပေ။

ဆရာလေးလင်း နှင့် အချိန်အတော်ကြာ အတူ နေထိုင်ပြီးနောက်တွင် ပေါ့ပေါ့ပါးပါး ရှိသည်ဟု ခံစားရသည့် အချိန်များ ရှိခဲ့သည်။

ထွင်ထျန်းဟာကသာ သတိအပြည့် ထားနေသော်လည်း အန်တီကျောက်က သူ့ကို ပြုံးပြပြီးနောက် သူ့ခေါင်းပေါ်ရှိ နူးညံ့သော အမွေးများကို ပွတ်သပ်ပေးလိုက်သည်။

"မင်းရဲ့ ခွေးသူငယ်ချင်းက နည်းနည်း စိတ်လှုပ်ရှားနေပုံပဲ"

ထိုခဏတွင် အန်တီကျောက်၏ လက်ဖဝါးမှ အလွန်သန့်ရှင်းလတ်ဆတ်သော စိတ်စွမ်းအင်များ ပျံ့နှံ့သွားပြီး အလွန်သက်သောင့်သက်သာ ရှိသော ခံစားချက်များ ဖြစ်ပေါ်စေခဲ့သည်။

"အရမ်းနေလို့ကောင်းတာပဲ.. ထင်ထားသလိုပဲ.. ဒီအဒေါ်ကြီးက မရိုးရှင်းဘူး"

အန်တီကျောက်ကို စိုက်ကြည့်ရင်း ထွင်ထျန်းဟာက တစ်ခုခုပြောချင်သော်လည်း ဘာပြန်ပြောရမှန်း မသိချေ။

"စိတ်မပူပါနဲ့.. ကျစ်လေးရဲ့ သူငယ်ချင်းက လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်"

အန်တီကျောက်က ပြောလိုက်သည်။

"ငါတို့ တိုက်ခန်းက လူတွေက သူ ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့သူတွေ ဆိုတော့ သူ့ရဲ့ အမျိုးရင်းတွေလိုပါပဲ.. အဖိုးကြီးကျန်းက မင်းကို နောက်ဆုံးအကြိမ်က အထူးအခွင့်အရေး ပေးခဲ့တာဆိုတော့ အခုကစပြီး မင်းကြိုက်သလို ဒီနေရာကို လာလည်လို့ရသွားပြီ.. မင်း စိတ်ရှုပ်စရာမလိုတော့ဘူးပေါ့.. ဒါပေမဲ့ ငါတို့ကတော့ ကျစ်လေးနဲ့ပတ်သက်ပြီး စိတ်ရှုပ်ရဦးမယ်"

ဝေ့ကျစ်"ဘာဖြစ်လို့လဲ အန်တီကျောက်"

အန်တီကျောက် "မင်းက အသက်လည်း ကြီးလာပြီ.. လူပျိုကြီးလုပ်လာတာပဲ နှစ်တွေ တော်တော်ကြာနေပြီ.. ဒါပေမယ့် ကောင်မလေး တစ်ယောက်ကိုတောင် မင်းက တိုက်ခန်းဆီ ခေါ်လာဖူးလို့လား"

ဝေ့ကျစ် "အန်တီကျောက်.. ကျနော်က မိန်းမယူဖို့ စိတ်မဝင်စားသေးတာပါ"

အန်တီကျောက် "ဒါဆိုလည်း ကောင်းပြီ"

"ဒါနဲ့ အန်တီကျောက် ဘယ်သွားမလို့လဲ"

ဝေ့ကျစ် မေးလိုက်သည်။

"ဟက်.. အခုပဲ အဖိုးကြီးကျန်းက ဖုန်းဆက်တယ်.. နိုင်ငံခြားတပ်ဖွဲ့တွေက ငါတို့နယ်စပ်ကို ကျူးကျော်တဲ့ကိစ္စ နဲ့ ဆက်စပ်ပြီး ငါ့ကို ကိုင်တွယ် ဖြေရှင်းစေချင်နေတယ်"

အန်တီကျောက်က ပါးစပ်ကို အုပ်ပြီး ရယ်လိုက်သည်။

"ကိစ္စပြီးမှ ငါပြန်လာခဲ့မယ်"

ဝေ့ကျစ်က သူ့အလိုလို ခေါင်းညိတ်သည်။

"ကောင်းပါပြီ အန်တီကျောက် သတိထားပါ"

"စိတ်မပူပါနဲ့ ဒီအိတ်က စားဖို့မဟုတ်ဘူး.. ပျံသန်းနေသော ခေါင်းဖြတ်စက်ကို မင်းသိတယ် မဟုတ်လား.. ဒါက အဆင့်မြှင့်ထားတဲ့ ဗားရှင်းပဲ.. ပစ်လွှတ်လိုက်တာနဲ့ လူတွေကို တိုက်ရိုက် ခေါင်းဖြတ်လိမ့်မယ်"

အန်တီကျောက်က ပြောလိုက်သည်။

".............."

ဤ အန်တီကျောက်က တည်ငြိမ်သော မျက်နှာထားဖြင့် အလွန် ကြောက်စရာကောင်းသော အရာတစ်ခုအကြောင်းကို သွေးအေးစွာပြောနေသည်ဟု ထွင်ထျန်းဟာ တွေးမိခဲ့သည်။

အန်တီကျောက်က အရေးကြီးသော တာဝန်ကို ထမ်းဆောင်ရန် အလျင်လိုနေသောကြောင့် ဝေ့ကျစ်ကို စကားအကြာကြီး မပြောအားတော့ပေ။

ဝေ့ကျစ်က စကားပြောရန် စိတ်အားထက်သန်လွန်းသော အဒေါ်ကြီးများ နှင့် ဦးလေးများကို ကြောက်ခဲ့ရသည့် အချိန်များ ရှိခဲ့ဖူးသည်။

အကြောင်းမှာ ၎င်းတို့က သူ့ကို စကားစမြည် ပြောပြီးသည်နှင့် လေကြောကို ဆွဲဆန့်ပြီး အနည်းဆုံး နာရီဝက်လောက်ထိ လွတ်မြောက်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

အန်တီကျောက်က ထွက်သွားခဲ့ပြီ ဖြစ်သည်။

သူမက ပင်မဝင်ပေါက်ဆီသို့ လျှောက်သွားသည်ကို မြင်လိုက်ရပြီး အလင်းတန်းတစ်ခုနှင့် အတူ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

"ဒီအဖွားကြီးက ဘယ်သူလဲ"

ထွင်ထျန်းဟာက ဤလျှို့ဝှက်ဆန်းကြယ်သော အဖွားအိုအကြောင်း အလွန်ပင် သိချင်နေခဲ့သည်။

"အန်တီကျောက်က အဲဒီတုန်းက ဦးလေးကျန်းရဲ့ အတွင်းရေးမှူးဖြစ်ပြီး အမြဲတမ်း သူ့နောက်ကို လိုက်ခဲ့တယ်.. သူမရဲ့ တာအိုအမည်ကိုတော့ သူတော်စင်လို့ခေါ်တယ်"

ဝေ့ကျစ်က ဖြေလိုက်သည်။

ထုံးစံအရ ရာထူးမှ နှုတ်ထွက်ပြီး အငြိမ်းစားယူသည့် အချိန်မှစ၍ ၎င်းတို့၏ တာအိုအမည်များဖြင့် အချင်းချင်း မခေါ်ကြတော့ပေ။

အချိန်ကြာလာသည်နှင့်အမျှ ဤဒဏ္ဍာရီလာ တာအိုအမည်များသည် လူငယ်များ၏ စိတ်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

၎င်းတို့ကို သိကြသေးသူများသည် မျိုးဆက်ဟောင်းများသာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

ထွင်ထျန်းဟာ၏ ပဟေဠိဆန်သော အမူအရာကိုကြည့်ရင်း ဝေ့ကျစ်၏ အတွေးထဲ၌ ရုတ်တရက် နာမည်တစ်ခုပေါ်လာသည်။

"ချိုက်လျန်ကို သိလား"

ထွင်ထျန်းဟာ ခေါင်းညိတ်လိုက်သည်။

"ငါသိတယ်"

သူက သေချာပေါက် သိ၏။

ချိုက်လျန်က စီနီယာ အင်မော်တယ်၏ ချက်ဂရုတွင် တစ်ဦးတည်းသော အမျိုးသမီးကျင့်ကြံသူ ဖြစ်သည်။

ထို့အပြင် သူမသည် သခင်လေးလင်း ဆယ်နှစ်သားအရွယ်တွင် သူမ၏ ရင်ဘတ်များဖြင့် အသက်ရှူကြပ်မတတ် ဖိကာ နှစ်သိမ့်ပေးခဲ့ဖူးသည်။

ဓာတ်လှေကား ခလုတ်ကို နှိပ်ရင်း ဝေ့ကျစ်က ပြောလိုက်သည်။

"ဒီအန်တီကျောက်က ချိုက်လျန်ရဲ့ ဆရာပဲ"

"............."

"ကမ္ဘာကြီးက တကယ်ကို ကျဥ်းကျဥ်းလေးပါလား"

ထွင်ထျန်းဟာက ကူကယ်ရာမဲ့စွာ မြည်တမ်းလိုက်သည်။

အပိုင်း(၅၇၈) ပြီး၏

All Chapters