← Chapters

အခြေခံခွေးနည်းစနစ် ကျင့်ကြံခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

Vol. 39 Ch. 580

အခြေခံခွေးနည်းစနစ် ကျင့်ကြံခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

Vol. 39 Ch. 580

ဝေ့ကျစ် အံ့သြသွားသည်။

"သူတော်စင်ကျောက်တိုင်လား"

နတ်ဆိုးကမ္ဘာနှင့် လူသားကမ္ဘာကြား အပြန်အလှန်ဆက်ဆံမှုသည် ကမ္ဘာခြား ဂိတ်တံခါး ပေါ်လာပြီးနောက်တွင် အမြဲရေပန်းစားခဲ့သော ပြဿနာတစ်ခု ဖြစ်ကြောင်း စာအုပ်တစ်အုပ်တွင် မြင်ဖူးသည်ကို ခပ်ရေးရေး သတိရမိသည်။

ဤနှစ်များ တစ်လျှောက်တွင် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေးအဖွဲ့သည် ဝိညာဥ်သားရဲများ၊ မိစ္ဆာသားရဲများနှင့် နတ်ဆိုးသားရဲ များကြား ခြားနားချက်များကို လေ့လာရန် အားထုတ်ကြိုးပမ်းခဲ့သည်။

သူတို့က ဝိညာဥ်သားရဲနဲ့ မိစ္ဆာသားရဲများ အကြား ခြားနားချက်ကို အမြဲ အာရုံစိုက်ခဲ့သည်။

ဝိညာဥ်သားရဲများနှင့် မိစ္ဆာသားရဲ နှစ်မျိုးစလုံးသည် စွမ်းအားအရင်းအမြစ် အဖြစ် သဘာဝဝိညာဉ်ချီကို အသုံးပြုသော မျိုးစိတ်များ ဖြစ်သည်။

ဆိုရလျှင် အနှစ်သာရအားဖြင့် ၎င်းတို့ကြားတွင် ကြီးကြီးမားမား ကွာခြားမှု မရှိခဲ့ပေ။

အခြားတစ်ဖက်တွင်မူ ဝိညာဥ်သားရဲများနှင့် နတ်ဆိုးသားရဲများကို လေ့လာရာ၌ လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း မှတ်သားစရာ များစွာ ရှိခဲ့သည်။

ဝေ့ကျစ် မျှသာမဟုတ် ဒုတိယဥက္ကဌ၊ ဥက္ကဌ နှင့် အခြား SSR အဆင့် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေးမှူးများသည် ယင်းနှင့်ပတ်သက်ပြီး ဖြစ်နိုင်ချေရှိသော သုတေသန အမျိုးအစားအားလုံးကို ပြုလုပ်ခဲ့ကြသည်။

ကမ္ဘာခြားဂိတ် လူ့လောကတွင် ပေါ်လာသောအခါ နတ်ဆိုးသားရဲများကို လေ့လာရန်အတွက် ဖမ်းယူခဲ့သော လေ့ကျင့်ရေးမှူးများ ရှိခဲ့သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း ၎င်းတို့သည် နတ်ဆိုးသားရဲများ ဆိုင်ရာ သင်ထောက်ကူပစ္စည်းများကို စုစည်းနိုင်စေရန်အတွက် အစိုးရက အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူများအဖွဲ့ကို ရန်ပုံငွေအဖြစ် သုတေသနပြုရာတွင် များစွာရင်းနှီးမြုပ်နှံခဲ့သည်။

နတ်ဆိုးများတွင် မျိုးနွယ်စု အမြောက်အမြား ရှိသည်။

နတ်ဆိုးလောကသို့ ရောက်ခဲ့ဖူးသော လူသား ကျင့်ကြံသူများထံမှ အချက်အလက်များ အပေါ် အခြေခံ၍ ပြောရလျှင် နတ်ဆိုးလောကတွင် နတ်ဆိုးနယ်မြေ တစ်ရာကျော် ရှိပြီး နယ်မြေတစ်ခုစီကို နတ်ဆိုးနတ်ဘုရားက အုပ်ချုပ်သည်။

နတ်ဆိုးနယ်မြေ တစ်ခုစီတွင် မျိုးနွယ်စုပေါင်း များစွာရှိပြီး မျိုးနွယ်စု တစ်ခုစီ၏ ခေါင်းဆောင်သည် နတ်ဆိုးဘုရင် ဖြစ်သည်။

အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူများ အဖွဲ့အစည်းသည် လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း အလွန် အရေးပါသော ကျောက်တိုင်တစ်ခု အကြောင်းကို တွေ့ရှိခဲ့သည်။

၎င်းမှာ နတ်ဆိုးကမ္ဘာ၏ သူတော်စင် ကျောက်တိုင် ဖြစ်သည်။

ဤသည်မှာ နတ်ဆိုးကမ္ဘာကို စူးစမ်းလေ့လာရန် အသက်အန္တရာယ် စွန့်ခဲ့ကြသော ရှားပါးမြေပုံ ရောင်းချသူများ ရေးဆွဲထားသည့် မြေပုံများကို ပေါင်းစပ်ခြင်းမှ ရရှိလာသော အချက်အလက်များ ဖြစ်သည်။

အရောင်းကိုယ်စားလှယ် တစ်ဦးစီမှ အချက်အလက် အားလုံးကို ပေါင်းစည်းပြီးနောက်တွင် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူများ အဖွဲ့သည် "နတ်ဆိုးကမ္ဘာ၏ သူတော်စင်ကျောက်တိုင်" တည်ရှိမှုကို ရှာဖွေတွေ့ရှိခဲ့သည်။

"ညီနောင်ခွေးက ဒီသူတော်စင်ကျောက်တိုင်ကို သိတယ်လား”

ဝေ့ကျစ် အလွန်အံ့သြသွားသည်။

ထွင်ထျန်းဟာ၏ အသိပညာ ဗဟုသုတက သူထင်ထားသည်ထက် ပိုမိုကျယ်ပြန့်သည်ဟု သူခံစားမိသည်။

ထို့အပြင် အရေးကြီးသော အချက်မှာ ဤသူတော်စင်ကျောက်တိုင် ကိစ္စသည် လူသိရှင်ကြား မထုတ်ပြန်ရသေးခြင်း ဖြစ်သည်။

ကမ္ဘာခြားဂိတ်တံခါး နှင့်ပတ်သက်သည့် နာမည်ကြီး သိပ္ပံစာအုပ်များတွင်ပင် လတ်တလော၌ သူတော်စင်ကျောက်တိုင်နှင့် ပတ်သက်သည့် မည်သည့် အချက်အလက်မျှ မပါဝင်ပေ။

"အင်း ငါကြားဖူးရုံပါ"

ထွင်ထျန်းဟာက တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်လိုက်သည်။

နတ်ဆိုးဘုရင် ဖြစ်ဖူးသည့်အတွက် သူတော်စင်ကျောက်တိုင်ကို ကောင်းစွာသိသည်။

တကယ်တမ်းတွင် နတ်ဆိုးဘုရင်အဆင့် သို့မဟုတ် ထိုအဆင့် အထက်က နတ်ဆိုးမှန်သမျှသည် သူတော်စင်ကျောက်တိုင် အကြောင်းကို သိထားကြသည်။

"မျှော်လင့်ထားသလိုပဲ.. ညီနောင်ခွေးက အတော်ဗဟုသုတ ရှိတာပဲ"

ထွင်ထျန်းဟာ၏ မူလဇစ်မြစ်က မရိုးရှင်းကြောင်း ဝေ့ကျစ် အမြဲသိခဲ့သည်။

ဝေ့ကျစ်က သူသိထားသည့် "သူတော်စင်ကျောက်တိုင်"၏ အကြောင်းကို ပွင့်ပွင့်လင်းလင်းပင် ပြောပြရန် ပြင်လိုက်သည်။

သူ၏ ညီနောင်ခွေးက ကမ္ဘာအနှံ့အပြားတွင် မြင်တွေ့နိုင်သည့် ရောကျော်ခွေး တစ်ကောင် ဖြစ်သော်လည်း သူတော်စင်ခွေးတစ်ကောင် ကဲ့သို့ အစကတည်းက သူခံစားခဲ့ရသည်။

“မကြာသေးခင်ကမှ ဒီသူတော်စင်ကျောက်တိုင်ရဲ့ တည်ရှိမှုကို ငါတို့ သိခဲ့ရတယ်"

"ငါတို့ရဲ့ ခွဲခြမ်းစိတ်ဖြာ လေ့လာတွေ့ရှိချက်တွေ အရ ဒီအရာက နတ်ဆိုးကမ္ဘာမှာ အရေးပါတဲ့ ကျောက်တိုင်တစ်ခု ဖြစ်ပြီး နတ်ဆိုးသူတော်စင် နှင့် အများကြီး ပတ်သက်နေတယ်လို့ သိရတယ်.. နတ်ဆိုးနယ်မြေက သူတော်စင်ကျောက်တိုင်နဲ့ ပိုအနီးမှာ ရှိလေလေ၊ ပိုမို အားကောင်းလေလေပဲ"

ဝေ့ကျစ်က ဆိုလိုက်သည်။

"အင်း.."

ထွင်ထျန်းဟာ ခေါင်းညိတ်လိုက်သည်။

တကယ်တမ်းတွင် ဤသုတေသနသည် အခြေခံအချက်အလက်တွေ အားလုံးကို လွှမ်းခြုံထားသည်။

သူတော်စင် ကျောက်တိုင်သည် နတ်ဆိုးကမ္ဘာ၏ အလယ်ဗဟိုတွင်ရှိပြီး နယ်မြေတစ်ရာဖြင့် ဝန်းရံထားသည်။

နတ်ဆိုးနယ်မြေက သူတော်စင်ကျောက်တိုင် နှင့် ပိုနီးကပ်လေလေ အဘယ်ကြောင့် ပို၍ အားကောင်းလာရပါသနည်း။

အကြောင်းရင်းမှာ အမှန်တကယ်ပင် အလွန်ရိုးရှင်းသည်။

အဘယ်ကြောင့်ဆိုသော် ထိုနတ်ဆိုးနယ်မြေများကို နတ်ဆိုးသူတော်စင်၏ အော်ရာက အနည်းနှင့်အများ လွှမ်းမိုးနေသောကြောင့် ဖြစ်သည်။

နတ်ဆိုးသူတော်စင်မှ ထုတ်လွှတ်သော နတ်ဆိုးစွမ်းအင်အောက်တွင် နတ်ဆိုးများသည် ပို၍ပင် အားကောင်းလာခဲ့သည်။

မည်သို့ပင် ဆိုစေကာမူ ဤအရာသည် နတ်ဆိုးလောကတွင် လျှို့ဝှက်ချက် မဟုတ်ပေ။

"မင်းရဲ့ သုတေသနက ဘယ်လောက်ထိ ခရီးပေါက်နေပြီလဲ"

ထွင်ထျန်းဟာက မမေးဘဲ မနေနိုင်တော့ပေ။

"လောလောဆယ်တော့ သူတော်စင်ကျောက်တိုင် နဲ့ နတ်ဆိုးသူတော်စင် တို့ရဲ့ ဆက်စပ်မှုကို လေ့လာနေတယ်"

ဝေ့ကျစ် "ငါတို့ရဲ့ ကနဦး ခန့်မှန်းချက်အရတော့ သူတော်စင်ကျောက်တိုင်က နတ်ဆိုးသူတော်စင် ရာထူးကို အမွေဆက်ခံတာနဲ့ ဆက်စပ်မှုရှိမယ်လို့ ထင်တယ်"

"လက်ရှိ နတ်ဆိုးသူတော်စင်က ဒုတိယမျိုးဆက် ရေသူထီးလို့ ခေါ်တဲ့ ရေသူထီး တစ်ဦး ဖြစ်တယ်ဆိုတာ အားလုံးက သိနေကြတယ် ဆိုပေမဲ့ နတ်ဆိုးသူတော်စင် ရာထူးကိုတော့ မျိုးရိုး စဥ်ဆက် အမွေဆက်ခံပုံမျိုး မဟုတ်ဘဲ တစ်ခြား နည်းလမ်းတစ်ခုခုနဲ့ အမွေဆက်ခံတယ်လို့ ငါတို့တွေ ယုံကြည်ဆဲ ဖြစ်တယ်"

"တခြားနည်းလမ်းနဲ့လား.."

ထွင်ထျန်းဟာ အံ့အားသင့်သွားသည်။

ဤအချက်ကို နတ်ဆိုးလောက ဇာတိ ဖြစ်သည့် ထွင်ထျန်းဟာပင် မသိခဲ့ပေ။

နတ်ဆိုးလောကတွင် နတ်ဆိုးသူတော်စင်၏ တည်ရှိမှုသည် ဆန်းကြယ်သည်။

နတ်ဆိုးလောကတွင် နတ်ဆိုးနတ်ဘုရား တစ်ရာကျော် ရှိသော်လည်း ထိပ်ပိုင်းမှ နတ်ဆိုး အနည်းငယ်သာ နတ်ဆိုးသူတော်စင်ကို အမှန်တကယ် မြင်ဖူးကြသည်။

သို့သော် ၎င်းတို့အနက်မှ တစ်ဦးတစ်ယောက်မျှ နတ်ဆိုးသူတော်စင်၏ အသွင်အပြင်ကို တိတိကျကျ ဖော်ပြနိုင်ခြင်း မရှိပေ။

ထွင်ထျန်းဟာ အပါအဝင် နတ်ဆိုးများစွာသည် နတ်ဆိုးသူတော်စင်၏ တည်ရှိမှုကို သိသော်လည်း "နတ်ဆိုးသူတော်စင်" ရာထူးအား မည်ကဲ့သို့ အမွေဆက်ခံခဲ့သည်ကို မသိမခဲ့ကြပေ။

နတ်ဆိုးဘုရင်များ၊ နတ်ဆိုးနတ်ဘုရားများ အပါအဝင် နတ်ဆိုးများသည် နတ်ဆိုးသူတော်စင် အကြောင်းကိုသာ ကြားဖူးကြသည်။

သို့သော် နတ်ဆိုးသူတော်စင် ဖြစ်လာရန် သတ်မှတ်ထားသော စံသတ်မှတ်ချက်များကို မည်သူမျှ မသိခဲ့ကြပေ။

ထွင်ထျန်းဟာက ဝေ့ကျစ် ရှေ့တွင်ထိုင်ကာ တောက်ပသော မျက်လုံးများဖြင့် အမဲသားကို ဝါးနေခဲ့သည်။

အမဲသားက မထင်မှတ်ဘဲ အရသာ အတော်လေး ရှိနေသည်။

ထွင်ထျန်းဟာ "မင်းက တကယ့်အိမ်ရှင်မပဲ"

ဝေ့ကျစ်က ပြန်ဖြေလိုက်သည်။

"ငါက သားရဲတွေရဲ့ အိမ်ရှင်မပဲလေ”

ထွင်ထျန်းဟာ "........…"

"ဒီနေ့ မင်းက အင်အားနည်းနည်း သုံးလိုက်ရတယ်.. အမဲသားကို များများစား.. ဒီအမဲသားက မင်းရဲ့ စွမ်းအင်ကို အများကြီး ဖြည့်ဆည်းပေးနိုင်တယ်"

ဝေ့ကျစ်က အမဲသား အပိုင်းအစ တစ်ခုကို ခက်ရင်းဖြင့် ထိုး၍ သူ့ပါးစပ်ထဲသို့ ထည့်ရင်း ပြောလိုက်သည်။

"ဒါနဲ့ မေးရဦးမယ်.. ညီနောင်ခွေးက ဒီဘောက်ဆင်နည်းစနစ်ကို ဘယ်ကနေ သင်ယူခဲ့တာလဲ”

"သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးတာပါ.. သူက အဲဒီနည်းစနစ် မလိုအပ်ဘူးလေ"

ထွင်ထျန်းဟာက ဆိုလိုက်သည်။

"အင်း ဘောက်ဆင်နည်းစနစ်က အရမ်း ကြောက်စရာကောင်းတယ်.. အဆင့်ကုန် ကျင့်ကြံနိုင်ရင် မင်းအတွက် အကျိုးအများကြီး ရှိမှာအမှန်ပဲ"

"ဒါပေမယ့် ဒီနေ့ မင်းဒီဘောက်ဆင် နည်းစနစ်ကို သုံးတာတွေ့တော့ တစ်ခုခုလွဲနေသလို ငါ ခံစားရတယ်.. မင်းသူငယ်ချင်းက မင်းကို တစ်အုပ်လုံး မပေးဘူးလား"

ဝေ့ကျစ်က မေးလိုက်သည်။

"အပြည့်အစုံပါပဲ.. ဒါပေမဲ့ ဒါက ငါ့သူငယ်ချင်း အဆင့်မြှင့်ထားတဲ့ဗားရှင်းပါ"

"အဲဒီလိုလား"

ဝေ့ကျစ်က ရုတ်တရက် လေးနက်စွာ ကြည့်လိုက်သည်။

"တကယ်တော့ ကျင့်စဥ်တိုင်းက လူတိုင်းနဲ့ သင့်တော်မှာ မဟုတ်ဘူး.. ကျင့်စဥ်ရဲ့ မူရင်းဗားရှင်းကို ကျင့်ကြံတာက ပိုကောင်းတယ်.. မဟုတ်ရင် ဝိညာဥ်စွမ်းအင်က မှားယွင်းတဲ့ သွေးကြောတွေကို ဖြတ်သန်းသွားခဲ့ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်ပေါ်လာဖို့ အရမ်းလွယ်ကူတယ်"

ထွင်ထျန်းဟာ ထိတ်လန့်သွားသည်။

"တကယ်ကြီး အဲဒီလောက် ဆိုးရွားတာလား"

"အင်း"

ဝေ့ကျစ် ရယ်မောလိုက်သည်။

"ဒါပေမယ့် အခုအချိန်မှာတော့ ဒီကျင့်စဥ်က မင်းနဲ့တော်တော်လိုက်ဖက်ပုံရတယ်"

ထွင်ထျန်းဟာ "အခုထိတော့ အဆင်ပြေနေဆဲပါပဲ"

ဝေ့ကျစ် "ဒါပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေ ထွက်ပေါ်လာဖို့ ဖြစ်နိုင်ခြေကိုတော့ ငါတို့ ဖယ်ထားလို့မရဘူး"

ထွင်ထျန်းဟာ "…........."

အပိုင်း(၅၈၀) ပြီး၏

All Chapters