← Chapters

အိပ်မက်ထဲကအစိမ်းရောင်အလင်း

Vol. 39 Ch. 582

အိပ်မက်ထဲကအစိမ်းရောင်အလင်း

Vol. 39 Ch. 582

ကမ္ဘာခြားဂိတ်တံခါး အတွင်းရှိ နတ်ဆိုးကမ္ဘာကို ဒေသ ၃ခုနှင့် နယ်မြေ ၁၀၈ခုအဖြစ် ခွဲခြားထားသည်။

တိတိကျကျ ပိုင်းခြားရလျှင် ပြင်ပနယ်မြေ ၉၆ခု အလယ်အလတ် နယ်မြေ ၈ခုနှင့် အတွင်းပိုင်းနယ်မြေ ၄ခုဟူ၍ ပိုင်းခြားထားသည်။

ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စု၏ အလုံးစုံစွမ်းအားကြောင့် ၎င်းတို့သည် အတွင်းပိုင်း နယ်မြေ၄ခုတွင် တည်ရှိသည်။

ထိုအတွင်းပိုင်း နယ်မြေ၄ခုအကြားရှိ ပဋိပက္ခသည် အလယ်အလတ်နယ်မြေနှင့် အပြင်ဘက်ရှိ နယ်မြေများထက်များစွာ ကွဲပြားသည်။

အတွင်းပိုင်းနယ်မြေ ၄ခုရှိ နတ်ဆိုးနတ်ဘုရား ၄ပါးတို့သည် စွမ်းအားအကြီးဆုံး နတ်ဆိုးနတ်ဘုရားများ ဖြစ်ကြသည်။

အရှေ့ပိုင်းနယ်မြေကို ကင်းမြီးကောက်ဘုရင်၊ အနောက်ပိုင်းနယ်မြေကို နွားအရှင်မြတ်၊ တောင်ပိုင်းနယ်မြေကို ဝိညာဥ်အင်ပါယာ နှင့် မြောက်ဘက်နယ်မြေကို လိပ်မိစ္ဆာတို့က အုပ်ချူပ်ပြီး ၎င်းတို့ကို ဒဏ္ဍာရီထဲမှ စစ်ပွဲနတ်ဘုရားလေးပါး ဟုလည်း ခေါ်ဆိုကြသည်။

ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စုမှ အဖွဲ့ဝင်များသည် အရှေ့ပိုင်းနယ်မြေ ဖြစ်သည့် ကင်းမြီးကောက်ဘုရင်၏ နယ်မြေတွင် နေထိုင်ခဲ့ကြသည်။

ဤတစ်ကြိမ်တိုက်ပွဲသည် အရှေ့ပိုင်းနယ်မြေမှကင်းမြီးကောက်ဘုရင်နှင့် အခြားနယ်မြေ၃ခုမှ နတ်ဆိုးနတ်ဘုရား ၃ပါးကြားရှိ ပဋိပက္ခ ဖြစ်သည်။

ဆံပင်ရော မုတ်ဆိတ်ပါ ဖွေးဆွတ်နေသော ဖားပြုပ်မျိုးနွယ်စုမှ အကြီးအကဲ တစ်ဦးသည် ချောက်ကမ်းပါး တစ်ခုပေါ်တွင်ရပ်နေပြီး နယ်စပ်စည်းမျဉ်းကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

ထိုအကြီးအကဲက လက်ရှိတွင် ဖားပြုပ်မျိုးနွယ်စုကို ဦးဆောင်ပေးနေသော အကြီးအကဲဝမ် ဖြစ်သည်။

နဂါးသွားတောင်တန်းသည် အရှေ့ပိုင်းနှင့် အနောက်ပိုင်းနယ်မြေအကြားရှိ နယ်စပ်မျဉ်း ဖြစ်ပြီး နယ်မြေ၄ခုကြား ပဋိပက္ခများကို ညှိနှိုင်းရန်အတွက် ထိုနေရာတွင် နယ်စပ်ကောင်စစ်ဝန်ရုံး (ဝါ) ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးကို တည်ထောင်ထားခဲ့သည်။

သို့သော် သူ့အမြင်တွင် ဤကောင်စစ်ဝန်ရုံးသည် အမည်ခံသာဖြစ်သည်။

“အဘိုးဝမ်.. အားလုံးပြင်ဆင်ပြီးပါပြီ.. မျိုးနွယ်စုထဲက လူကြီးရောလူငယ်ပါ အားလုံးကို ဘေးကင်းရာကို ရွှေ့ပြီးပြီ”

ထိုအခိုက်အတန့်တွင် အလင်းတန်းတစ်ခု ကျဆင်းလာပြီး ပါးရည်နပ်ရည် ရှိပုံရသော လူငယ်တစ်ဦးသည် အကြီးအကဲဝမ်၏ အနားသို့ ချဉ်းကပ်လာသည်။

အကြီးအကဲဝမ်က ခေါင်းညိမ့်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။

“ငါ့အသက်ကို စွန့်လွှတ်ပြီး မျိုးနွယ်စုကို လုံခြုံအောင် ထားနိုင်မယ်ဆိုရင် အရာအားလုံးက ထိုက်တန်ပါလိမ့်မယ်”

ထိုစကားကိုပြောပြီးနောက် အကြီးအကဲဝမ်က သူ၏နောက်မှ လူငယ်ကို လှည့်ကြည့်လိုက်သည်။

“ဝမ်ယွီ.. ငါသေပြီးရင် မင်းက မျိုးနွယ်စုကိစ္စတွေကို တာဝန်ယူရလိမ့်မယ်.. ဒါက နည်းနည်းတော့ ခက်ခဲလိမ့်မယ်”

“မဟုတ်ဘူး.. ကျွန်တော်အဘိုးနဲ့အတူ လိုက်ခဲ့မယ်.. ဒီတစ်ကြိမ် အစည်းအဝေးကလည်း အချိုးအကွေ့တစ်ခု ဖြစ်လာနိုင်ပါတယ် အဘိုး”

“အချိုးအကွေ့တစ်ခုလား.. အဲဒါက လုံးဝမဖြစ်နိုင်ဘူး..ဆွေးနွေးမှုဆိုတာက အပေါ်ယံ ဟန်ပြသက်သက်ပဲ.. မင်းကို ငါ အလဟဿ မသေဆုံးစေချင်ဘူး”

ထိုစကားကို ပြောပြီနောက် အကြီးအကဲဝမ်က သက်ပြင်းချလိုက်သည်။

“မင်းက အရမ်းငယ်သေးတော့ အခြေအနေကို သေချာနားမလည်သေးဘူး.. အခြား အတွင်းပိုင်းနယ်မြေ ၃ခုက ငါတို့ကိုတမင်သက်သက် စွပ်စွဲမှုတွေ ပြုလုပ်နေတာပဲ.. ငါတို့ဘယ်လောက်ပဲ ကာကွယ်ဖို့ ကြိုးစားနေပါစေ.. အသုံးဝင်မှာမဟုတ်ဘူး”

“ကျွန်တော်တို့မျိုးနွယ်စုက ဘယ်သူ့ကိုများ စော်ကားမိလို့လဲဗျာ”

ဝမ်ယွီက လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားမိသည်။

သူက အလွန်အမင်း ဒေါသထွက်နေပုံရ၏။

“ဒီအတွင်းပိုင်း နယ်မြေတွေရဲ့ ပဋိပက္ခတွေမှာ ငါတို့ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စုက အမြဲတမ်းပါဝင်ပတ်သက်နေခဲ့တယ်.. လွန်ခဲ့တဲ့နှစ်တွေက ငါတို့ရဲ့ ဒသမမြောက် ခေါင်းဆောင်ကို ရန်သူတွေကို တိုက်ဖို့အတွက် အခြားသောနတ်ဘုရားခေါင်းဆောင်တွေက ကမ္ဘာခြားဂိတ်တံခါးကနေတွန်းထုတ်ခဲ့တယ်.. အဲဒီနောက်မှာ ငါတို့ရဲ့ ဒသမမြောက်ခေါင်းဆောင်က ကြေကွဲဖွယ် သေဆုံးသွားခဲ့ရတယ်.. အခုလည်း အရှေ့ပိုင်း ကင်းမြီးကောက်ဘုရင်ကို အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ မှော်လက်နက်ကို သိမ်းထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တခြားနတ်ဆိုးနတ်ဘုရား၃ပါးက စွပ်စွဲနေကြပြန်ပြီ.. အဲဒါ ဘာကြောင့်လို့ထင်လဲ.. မင်းသိထားဖို့က ဒါက အကြောင်းပြချက်ရှာတာပဲ.. ဘာပဲဖြစ်ဖြစ် အဆုံးသတ်မှာ အရာအားလုံးက အလကားဖြစ်သွားလိမ့်မယ်.. မင်းက ငယ်ရွယ်သေးတော့ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ အချိန်တွေ ရှိသေးတယ်.. ဒါပေမဲ့ အဘိုးကတော့ အသက်ကြီးနေပြီ.. ပြောရရင် ငါတို့မျိုးနွယ်စုက နတ်ဆိုးနတ်ဘုရားတွေ အချိန်မရွေး စတေးပစ်နိုင်တဲ့ စစ်တုရင်တစ်ခုလောက်ပဲ..ဒီတစ်ကြိမ်မှာ ကျန်တဲ့ အတွင်းပိုင်းနယ်မြေ၃ခုက သံတမန်တွေ စေလွှတ်ပြီး ငါတို့ဆီမှာ မှော်လက်နက်တွေရှိမရှိသေချာအောင် စစ်ဆေးချင်တယ်လို့ ပြောနေကြတယ်.. ငါတို့မှာမရှိဘူးလို့ အတည်ပြုပြီးရင်လည်း စစ်မကြေညာဘဲ နေမှာမဟုတ်ဘူး.. သူတို့နယ်မြေ၃ခုက မဟာမိတ်ဖွဲ့ထားပြီး ငါတို့အရှေ့ပိုင်းနယ်မြေကို နှိမ်နှင်းဖို့အတွက် ကောင်းကောင်းပြင်ဆင်ထားကြတယ်.. ကင်းမြီးကောက်ဘုရင်က တခြားနယ်မြေ၃ခုကို ဝင်ရောက် ရှာဖွေခွင့်မပြုဘူးလို့ သံတမန်ဖြစ်တဲ့ငါ့ကို မှာထားတယ်”

အကြီးအကဲဝမ်ထံမှ ထိုစကားကိုကြားလျှင် လူငယ်လေးကလုံးလုံးလျားလျား နားလည်သွားသည်။

အရှေ့ပိုင်းနယ်မြေတွင် အစုလိုက်အပြုံလိုက် သေစေနိုင်သောမှော်လက်နက် ရှိသည်ဟူသော အချက်သည် ကောလာဟလသာ ဖြစ်သော်လည်း အခြား နတ်ဆိုးနတ်ဘုရား၃ပါးက ရှာဖွေမှု ပြုလုပ်မည်ဟု အခိုင်အမာပြောဆိုကာ အရှေ့ပိုင်းနယ်မြေအား နှိမ်နှင်းရန် အတူတကွ ပူးပေါင်းခဲ့ကြသည်။

အကယ်၍ သူတို့ကို ဝင်ရှာခွင့်မပေးလျှင် ချက်ချင်း တိုက်ခိုက်မည်ဟု အကြောင်းကြားခဲ့သည်။

ဤသည်က မည်မျှအရှက်မဲ့လိုက်သည့် အပြုအမူနည်း။

“ကင်းမြီးကောက်ဘုရင်က ခွင့်ပြုပေးခဲ့ရင်တောင် စစ်ပွဲကကျိန်းသေ ဖြစ်လာမှာပဲ.. အခုအချိန်မှာ အလယ်အလတ်နယ်မြေ၈ခုကလည်း အတွင်းပိုင်းနယ်မြေ ၄ခုရဲ့အနေအထားကို လိုချင်တောင့်တနေကြပြီ.. ကင်းမြီးကောက်ဘုရင်သာ အားနည်းတဲ့လက္ခဏာကို ပြသမိရင် သူတို့တွေက ပူးပေါင်းပြီး အရှေ့ပိုင်းနယ်မြေကို ကျူးကျော်ကြလိမ့်မယ်.. ပြောရရင် ဒီအလယ်အလတ် နယ်မြေ၈ခုက အရှေ့ပိုင်းနယ်မြေကို မောင်းထုတ်ပြီး နယ်မြေသစ် ထူထောင်ဖို့ ကြံစည်နေကြတယ်”

ထိုစကားကိုကြားလျှင် လူငယ်က အတွေးထဲတွင် နစ်မြုပ်သွားသည်။

နတ်ဆိုးနယ်မြေများကြားမှ နယ်မြေလု စစ်ပွဲများသည် နာကျင်မှုမှလွဲ၍ ဘာမှအကျိုးသက်ရောက်မှု မရှိခဲ့ပေ။

အမှန်တကယ် ခံစားခဲ့ရသူများသည် စစ်ပွဲအလယ်တွင် ကြားညှပ်မည့် အပြစ်မဲ့နတ်ဆိုးများသာ ဖြစ်သည်။

နတ်ဆိုးသားရဲ အများစုက ငြိမ်းချမ်းခြင်းကို နှစ်သက်ကြသည်။

သို့သော်လည်း နတ်ဆိုးနယ်မြေများအကြား ပြိုင်ဆိုင်မှုသည် အကျည်းတန်သော အရာတစ်ခု ဖြစ်သည်။

ဤတစ်ကြိမ်တွင် အရှေ့ပိုင်းနယ်မြေ၏ ကင်းမြီးကောက်ဘုရင်သည် အခြားနယ်မြေ၃ခုနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရှောင်လွှဲ၍ မရတော့ပေ။

ဝမ်ယွီက ငိုရှိုက်ရင်း မျက်ရည်များကို တိတ်တဆိတ်သုတ်နေသည်။

ဝမ်ယွီ၏ ငိုသံကို အကြီးအကဲဝမ်က ရှင်းရှင်းလင်းလင်း ကြားနေရသည်။

ဤနေရာမှ ထွက်သွားပြီးသည်နှင့် ပြန်လာနိုင်မည်လားဆိုသည်ကို သူကိုယ်တိုင်လည်း မသိပေ။

သူ့အမြင်တွင် ဝမ်ယွီက ငယ်ရွယ်သေးသော်လည်း မျိုးနွယ်စု၏ ကြီးလေးသောတာဝန်ကို ထမ်းဆောင်ရန် မျိုးဆက်သစ်များထဲမှ အကောင်းဆုံး ကိုယ်စားလှယ်လောင်း ဖြစ်သည်။

“ဝမ်ယွီ.. သိပ်ဝမ်းနည်းမနေပါနဲ့.. အဘိုးအနေနဲ့ ဒီအရွယ်အထိ အသက်ရှင်နေတာကပဲ လုံလောက်နေပါပြီ”

အကြီးအကဲဝမ်က နယ်စပ်မျဉ်းဆီသို့ ဦးတည်၍ စိုက်ကြည့်လိုက်သည်။

လူငယ်လေးက မျက်လွှာကို ချထားရင်း အလွန်အမင်း ကြေကွဲနေခဲ့သည်။

“အဘိုးဝမ်.. တခြားနည်းလမ်း မရှိတော့ဘူးလား”

“လက်ရှိအခြေအနေအရတော့ လုံးဝ မရှိတော့ဘူး”

အကြီးအကဲဝမ်က ခေါင်းခါလိုက်သည်။

“ငါဆုတောင်းပွဲတွေ လုပ်ခဲ့သေးတယ်.. ငါတို့ရဲ့ ဘိုးဘေးသခင်ကျန်းကို နိုးထအောင် မလုပ်နိုင်သ၍ ငါတို့မှာ မျှော်လင့်ချက်လုံးဝမရှိတော့ဘူး”

ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စုတွင် နတ်ဆိုးနတ်ဘုရားတစ်ပါး ပေါ်ပေါက်လာခဲ့သည့် အချိန်တစ်ခု ရှိခဲ့ဖူးသည်။

ထိုနတ်ဆိုးနတ်ဘုရားမှာ ကျန်းလျှို ဖြစ်ပြီး ဖားပြုပ်မျိုးနွယ်စု၏ ဘိုးဘေးလည်းဖြစ်သည်။

ထို့နောက် အကြီးအကဲဝမ်က ရုတ်တရက် ပြောလိုက်သည်။

“တကယ်တော့ ငါတို့စိတ်ကူးထားသလို ဖြစ်ချင်မှလည်း ဖြစ်မှာပါလေ .. အစိမ်းရောင်အလင်းရဲ့ အကာအကွယ်အောက်မှာ ငါတို့မျိုးနွယ် ကြီးပွားချမ်းသာလာမယ် ဆိုတဲ့ နိမိတ်ပြုချက် အိပ်မက်တစ်ခုကို မကြာသေးခင်က မက်ခဲ့တယ်.. ဒါပေမဲ့ အခုအချိန်ထိ အဲဒီ အစိမ်းရောင်အလင်းက ဘာလဲဆိုတာ ငါလုံးဝနားမလည်ဘူး”

အကြီးအကဲဝမ်၏ စကားက နှစ်သိမ့်စကားလို ဖြစ်နေသော်လည်း ဝမ်ယွီက စိတ်သက်သာရာရခြင်း မရှိခဲ့ပေ။

ဖားပြုပ်မျိုးနွယ်စု၏ နိမိတ်ပြအိပ်မက်များ…

အိပ်မက်တစ်ခုက လက်တွေ့တွင် တကယ်ဖြစ်လာနိုင်သော်လည်း ယင်းမှာ ဖြစ်နိုင်ချေတစ်ခုသာဖြစ်သည်။

ထို့ပြင် ဝမ်ယွီက အဘိုးဝမ်၏ ဤနိမိတ်ပြုချက် အိပ်မက်ကို ယခင်က မကြားခဲ့ဖူးသောကြောင့် နှစ်သိမ့်စကား အဖြစ်သာ သဘောထားခဲ့သည်။

တကယ်တမ်းတွင် အကြီးအကဲဝမ်က ထိုအိပ်မက်ကို အမှန်တကယ် မက်ခဲ့ခြင်းဖြစ်သည်။

ဤအခိုက်အတန့်တွင် အဘိုးအိုနှင့် မြေးတို့သည်ချောက်ကမ်းပါး အစွန်းတွင် ရပ်နေကြသည်။

အကြီးအကဲဝမ်၏ အပြာရောင် တာအိုဝတ်စုံက လေတိုက်၍ တဖျပ်ဖျပ် လူးလွင့်နေ၏။

အကြီးအကဲဝမ်က မထွက်သွားခင် သူ့မြေးကို တစ်ချက် လှည့်ကြည့်လိုက်သည်။

“ဝမ်ယွီ.. မင်းခေါင်းမော့ထားစမ်း.. ဖားပြုပ် အထီးတွေက ကျားကျားလျားလျားပဲ ဖြစ်သင့်တယ်”

ထိုစကားကြောင့် ဝမ်ယွီက ခေါင်းမော့ရင်ကော့လိုက်သည်။

သို့သော် သူ့ခံစားချက်များကို ထိန်းချုပ်ရန် ရုန်းကန်နေရဆဲပင်။

“ငါတို့မျိုးနွယ်စုက နတ်ဆိုးနတ်ဘုရား ရှိခဲ့ဖူးတဲ့ မျိုးနွယ်စုပဲ.. အခုအချိန်မှာ မျှော်လင့်ချက် ကင်းမဲ့နေရင်တောင် အဲဒါကိုသတိရနေဖို့ လိုတယ်.. ငါတို့မျိုးနွယ်စုရဲ့ ကြီးကျယ်ခမ်းနားတဲ့တာဝန်ကို ထမ်းဆောင်ဖို့အတွက် ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ မင်းခေါင်းမငုံ့သင့်ဘူး”

ထို့နောက် ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးကို လှမ်းကြည့်ရင်း အကြီးအကဲဝမ်က အံကြိတ်လိုက်သည်။

“ဒီတစ်ခါ ငါပြန်မလာရင် ဘယ်တော့မှ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး”

အပိုင်း(၅၈၂) ပြီး၏

All Chapters