← Chapters

အစိမ်းရောင်အလင်းရောက်ရှိလာခြင်း

Vol. 39 Ch. 585

အစိမ်းရောင်အလင်းရောက်ရှိလာခြင်း

Vol. 39 Ch. 585

ဝမ်ယွီက သူ့ရှေ့မှ အံ့ဩဖွယ်မြင်ကွင်းကြောင့် မယုံနိုင်လောက်အောင် ဖြစ်နေသည်။

ဒဿမမျိုးဆက် ခေါင်းဆောင်၏ အသံက သူ့နားထဲတွင်အမှန်တကယ်ပင် အဆက်မပြတ် ပဲ့တင်ထပ်နေသည်။

ဤအခြေအနေမျိုးကို သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ထိုအချိန်က အခြားသော နတ်ဆိုးဘုရင်များသည် ဒဿမမျိုးဆက် ခေါင်းဆောင်ကို ရန်သူများနှင့် တိုက်ခိုက်ရန် ကမ္ဘာခြား ဂိတ်တံခါးမှ တွန်းထုတ်ခဲ့သည်။

ယခုအခါ ဒဿမမျိုးဆက်ခေါင်းဆောင်က ဤပုံစံဖြင့် သူ့ရှေ့တွင် အမှန်တကယ် ပေါ်ထွက်လာခဲ့သည်။

"ဒဿမမျိုးဆက်ခေါင်းဆောင်.. တကယ်ကြီးမင်းပဲလား"

လူငယ်က မတ်မတ်ပင် မရပ်နိုင်တော့ဘဲ ခြေထောက်များ ပျော့ခွေလာသည်။

ဒဿမမျိုးဆက် ခေါင်းဆောင်က အသွင်အပြင် လုံးဝပြောင်းလဲသွားသော်လည်း အသံကမူ လုံးဝမပြောင်းလဲပေ။

ဤအသံက တကယ့်ကို ဒဿမမျိုးဆက် ခေါင်းဆောင်၏ အသံ ဖြစ်သည်။

ဝမ်ယွီ ငယ်စဉ်ကတည်းကပင် ဒဿမမျိုးဆက်ခေါင်းဆောင်၏ ခန့်ညားသော အသံကို နားထဲတွင် စွဲနေခဲ့သည်။

"ဟုတ်တယ်ကလေး.. ငါပြန်လာပြီ.. ငါမသေဘူး.. ဒါပေမဲ့ ဒီလိုပုံစံမျိုးနဲ့ ငါ့ဘဝကို ဆက်လျှောက်နေရတယ်"

ထွင်ထျန်းဟာက လူငယ်အနီးသို့ ရောက်သောအခါ လူငယ်ကသူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ဒူးထောက်ကာ ရှိုက်ကြီးတငင်ငိုချလိုက်သည်။

ထွင်ထျန်းဟာက ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စုတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို မသိသော်လည်း သူ၏ နိမိတ်ပြ အိပ်မက်အရ ထိုကိစ္စက ကြီးမားသောကိစ္စဖြစ်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။

ထွင်ထျန်းဟာက လူငယ်၏ပုခုံးကို သူ၏ ခွေးခြေတစ်ချောင်းဖြင့် ပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။

"ငါမရှိတဲ့အချိန်မှာ မင်းတို့အားလုံးအတွက် ခက်ခဲမှာပဲ"

ဆရာလေးလင်း၏ နောက်လိုက်ဖြစ်ပြီး နောက်တွင် ထွင်ထျန်းဟာအနေဖြင့် ခေါင်းဆောင်တစ်ဦး၏ လေသံကို အသုံးမပြုခဲ့သည်မှာ အတော်ကြာပြီ ဖြစ်သည်။

အကြောင်းရင်းမှာ လူသားကမ္ဘာတွင် နေထိုင်ရင်း သူ၏နတ်ဆိုးဘဝမှ လေသံများကို မေ့သွားခဲ့ခြင်းကြောင့်ဖြစ်သည်။

သို့သော် အရာအားလုံး အပြီးတိုင် အဆုံးသတ်ရန် အတွက် အချိန်ကျရောက်လာခဲ့သည်။

ထွင်ထျန်းဟာက သူ၏ နောက်ဆုံးတာဝန်ကို ကျေပွန်စေရန်အတွက် ဤအခန်းကဏ္ဍကို နောက်တစ်ကြိမ် လုပ်ဆောင်ရဦးမည် ဖြစ်၏။

သူ့အတွက် ဤတစ်ကြိမ်က နောက်ဆုံးအကြိမ် ဖြစ်လာလိမ့်မည်။

ထွင်ထျန်းဟာက လူငယ်လေး စိတ်တည်ငြိမ်သွားသည် အထိ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

မိနစ်အနည်းငယ် အကြာတွင် ဝမ်ယွီ ငြိမ်သက်သွားသည်ကို မြင်လျှင် ထွင်ထျန်းဟာက ပြောလိုက်သည်။

"ငါပျောက်ကွယ်သွားပြီးနောက်မှာ ဘုရင်အသစ် နန်းတင်လိုက်ပြီလား''

''မတင်ပါဘူး"

ဝမ်ယွီက မျက်ရည်များကို သုတ်၍ ပြန်ဖြေလိုက်သည်။

"အဘိုးဝမ်က ဒဿမခေါင်းဆောင် မသေသေးဘူးလို့ အမြဲ​ယုံကြည်ခဲ့ပြီး ဒဿမခေါင်းဆောင် ပြန်လာတာကိုပဲ အားလုံးက စောင့်နေခဲ့ကြတယ်"

ထွင်ထျန်းဟာ ထင်ထားသည့်အတိုင်းပင်။

အရာအားလုံးက နိမိတ်ပြ အိပ်မက်ထဲကအတိုင်း အတူတူပင်ဖြစ်၏။

ထွင်ထျန်းဟာက ခြေထောက်ကို ဆန့်ထုတ်လိုက်ပြီး ဝမ်ယွီ၏နဖူးကို ဖိကပ်လိုက်သည်။

"မလှုပ်နဲ့.. စိတ်ကိုလျှော့ထား.. ရွာမှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာငါသိချင်တယ်"

ထို့နောက် ထွင်ထျန်းဟာက ဝမ်ယွီ၏ မှတ်ဉာဏ်ကို ဖတ်လိုက်သည်။

သူက ရွာတွင် ကြီးကြီးမားမားကိစ္စ ဖြစ်ပျက်ခဲ့သည်ကို သိသော်လည်း စကားလုံး အနည်းငယ်ဖြင့် ဝမ်ယွီက ရှင်းပြရန် နည်းလမ်း မရှိပေ။

ထို့ကြောင့် မှတ်ဉာဏ်ဖတ်သည့် နည်းလမ်းဖြင့်သာ ကိုယ်တိုင်ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

ဝမ်ယွီ၏ မှတ်ဉာဏ်ကို ဖတ်ပြီးနောက် ရွာတွင်ဖြစ်ပျက်ခဲ့သည်များကို နားလည်သဘောပေါက်သွားပြီး ထွင်ထျန်းဟာက ဒေါသအိုး ပေါက်ကွဲသွားသည်။

သူက အံတင်းတင်းကြိတ်ကာ ရေရွတ်လိုက်သည်။

"ဒီနတ်ဆိုးနတ်ဘုရား ၃ပါးက တကယ်ကို လွန်လွန်းတယ်.. "

ယခုအချိန်တွင် ထွင်ထျန်းဟာသည် ဓားတာအို၏ စွမ်းအားကို လုံးလုံးလျားလျား အမွေမဆက်ခံရသေးပေ။

ဓားတာအိုကို အပြည့်အဝ စုပ်ယူနိုင်ခဲ့လျှင် ပထမတန်းစား ဝိညာဉ်သားရဲ မဖြစ်သေးသည့်တိုင် နတ်ဆိုးနတ်ဘုရားကို လက်ရည်တူ တိုက်ခိုက်နိုင်မည်ဟု ခံစားခဲ့ရသည်။

အကြီးအကဲဝမ်က ယခုအခါ အန္တရာယ် ကျရောက်နေပြီး ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးတွင် ထိန်းသိမ်းခံထားရဖွယ် ရှိသည်။

ထွင်ထျန်းဟာက ထိုနေရာသို့ ချက်ချင်းပင် အပြေးအလွှားသွားသင့်သည်ဟု တွေးမိသည်။

"ဝမ်ယွီ.. ငါအကြီးအကဲဝမ်ကို သွားကယ်လိုက်ဦးမယ်.. သူကငါတို့မျိုးနွယ်စုရဲ့ အရေးပါတဲ့ဝန်ကြီးပဲ.. သူ့ကို သေချာပေါက် ကာကွယ်ပေးရမယ်"

"ဒဿမမျိုးဆက်ခေါင်းဆောင်.. မင်းဘာလုပ်မလို့လဲ"

"ဟားဟား.. မင်းဘာမှစိတ်မပူနဲ့.. ဘယ်သူပဲလာလာ ငါကြိုးတုတ်ပြီး ရိုက်သတ်ပစ်မယ်"

ထွင်ထျန်းဟာက အလွန်ယုံကြည်မှုရှိသော အသံဖြင့် ရယ်မောလိုက်သည်။

သူ့လေသံတွင် ရက်စက်ခြင်း အရိပ်အမြွက်များ ပါဝင်နေသည်။

၎င်းတို့က သံတမန်၃ဦး မျှသာဖြစ်၍ ထွင်ထျန်းဟာက စာရင်းထဲပင် မထည့်ခဲ့ပေ။

"ဝမ်ယွီ.. ဒီကိစ္စကို မဖြေရှင်းခင်မှာ ကျန်ရှိတဲ့ မျိုးနွယ်စုတွေကို ကျေးဇူးပြုပြီး မင်းကာကွယ်ပေးထားပါ"

ထွင်ထျန်းဟာက လူငယ်ကို ကြည့်၍ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ ခေါင်းဆောင်''

လူငယ်က ခေါင်းညိမ့်လိုက်သည်။

"အင်း.. ဒါနဲ့ ကျေးဇူးပြုပြီး ဒီတစ်ခေါက် ငါပြန်လာတာကို လျှို့ဝှက်ထားပေးပါ.. မင်းအဘိုး အပါအဝင် ဘယ်သူ့ကိုမှလျှောက်မပြောနဲ့.. ငါပြောတာ နားလည်လား"

ထွင်ထျန်းဟာ၏ စကားကြောင့် ဝမ်ယွီ အံ့ဩသွားခဲ့သည်။

"ဘာကြောင့်လဲ"

"ငါက နတ်ဆိုးဘုရင် မဟုတ်တော့ဘူးလေ"

ထိုသို့ ပြောပြီးနောက် ထွင်ထျန်းဟာက သူ့ရွာလေးကို ကြည့်လိုက်သည်။

ခဏအကြာတွင် သူက ဝမ်ယွီကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"လက်ရှိ ငါ့ရဲ့တာအိုနာမည်က အင်မောတယ်2 ပဲ"

ဝမျယှီ ".........."

တစ်ဖက်တွင်လည်း အကြီးအကဲဝမ် အွန်လိုင်းမှ မှာယူထားသော သားလောင်း ပေါက်ဖွားစေသော နတ်ဆိုးဆေးရည်ကို နတ်ဆိုးငယ်လေး တစ်ကောင်က ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးထံ လာရောက်ပေးပို့ခဲ့သည်။

နတ်ဆိုးလေးက ကောင်စစ်ဝန်ရုံး၏ ဝင်ပေါက်သို့ ရောက်လျှင် အံ့အားသင့်သွားခဲ့သည်။

ဤနေရာက အတော်လေး သပ်ရပ်လွန်းနေသည်။

သူကဲ့သို့ အဆင့်နိမ့် နတ်ဆိုးတစ်ယောက် အနေဖြင့် ဤနေရာမျိုးတွင် တစ်သက်တာလုံး ခြေချနိုင်မည်မဟုတ်ပေ။

ကောင်စစ်ဝန်ရုံး အပြင်ဘက်တွင် ရပ်နေသည့် နတ်ဆိုးလေးက မေးလိုက်သည်။

"တစ်ခုလောက် မေးခွင့်ပြုပါ.. အွန်လိုင်းကနေ ပစ္စည်းမှာထားတဲ့ မစ္စတာဝမ်က ဒီမှာနေတာလား"

ကောင်စစ်ဝန်ရုံး အတွင်း၌ ထိုင်နေသော အကြီးအကဲဝမ်က နတ်ဆိုးလေး၏ စကားကိုကြားလျှင် ဝမ်းသာအားရ ချက်ချင်း ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်.. ဝင်ခဲ့လေ"

ထိုစကားကြောင့် သားလောင်းပေါက်ဖွားစေသော နတ်ဆိုးဆေးရည်ကို ကိုင်ဆောင်ထားသည့် နတ်ဆိုးလေး၏ နှလုံးသားက တုန်လှုပ်သွားသည်။

"လခွမ်း.. တကယ်ကြီး ဝင်လို့ရတယ်လား.. ဒါက ငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံးလေ"

နတ်ဆိုးလေးက တုန်တုန်ယင်ယင်ဖြင့် ဝင်လာခဲ့သည်။

သူ့ဘောင်းဘီက စိုစွတ်လုနီးပါး ဖြစ်နေ၏။

အဘယ်ကြောင့် ဆိုသော် ငြိမ်းချမ်းရေးကောင်စစ်ရုံး အတွင်းတွင် အကြီးအကဲဝမ်မှလွဲ၍ အခြားနယ်မြေ၃ခုမှ သံတမန်များက သူ့ကို ရက်စက်လိုသော အကြည့်ဖြင့် အံတကြိတ်ကြိတ် ကြည့်နေကြသောကြောင့် ဖြစ်သည်။

နတ်ဆိုးလေးက ကူကယ်ရာမဲ့စွာဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။

"မစ်.. မစ္စတာဝမ်.. ဒါ.. ဒါက မင်းမှာထားတဲ့ ပစ္စည်းပါ"

"မင်းဘာမှမကြောက်ပါနဲ့.. ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးမှာ နတ်ဆိုးသူတော်စင်ရဲ့ ကန့်သတ်ချက် စည်းမျဉ်းရှိတယ်.. ဒီ၃ကောင်က ဦးနှောက် မပျက်ဘူးဆိုရင် သူတို့ မင်းကိုထိခိုက်အောင် လုပ်ရဲမှာမဟုတ်ဘူး"

အကြီးအကဲဝမ်က ပြုံး၍ ပြောလိုက်သည်။

အခြားနယ်မြေများမှ သံတမန်၃ဦး ".........."

"အဲဒီလိုလား"

ထိုစကားကိုကြားလျှင် နတ်ဆိုးလေးက သက်ပြင်းကိုချပြီး သံတမန်၃ယောက်ကို ဒေါသတကြီး ကြည့်လိုက်သည်။

နတ်ဆိုးသူတော်စင်၏ ကန့်သတ်ချက် ရှိနေ၍ သူက ၎င်းတို့ကို ကြောက်ရွံ့ခြင်း မရှိတော့ပေ။

"မင်းတို့ကိုယ် မင်းတို့ကြည့်စမ်း.. မင်းတို့ အမူအရာက ငြိမ်းချမ်းရေး သံတမန်တွေမှာ ရှိသင့်တဲ့ အမူအရာလား.. ဘာကိစ္စပဲရှိရှိ မင်းတို့က နတ်ဆိုးကမ္ဘာမှာရှိတဲ့ အရာရှိတွေချည်းပဲ.. ဒါပေမဲ့ မင်းတို့ကိုကြည့်ရတာ ရန်သူတွေလိုပဲ.. မျက်စောင်းတချိတ်ချိတ် ဖြစ်နေတယ်.. မင်းတို့ရဲ့ အမူအရာကို ဆင်ခြင်ပါ.. ငါမင်းတို့ရဲ့ အပြုအမူကို လုံးဝ သဘောမကျဘူး"

အခြားနယ်မြေများမှ သံတမန်၃ဦး ".........."

ထိုသို့ စိတ်ရှိလက်ရှိ ပြောဆိုပြီးနောက်တွင် နတ်ဆိုးလေးက ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးမှ ထွက်ခွာသွားသည်။

ထိုအခိုက်အတန့်တွင် သံတမန်၃ဦးက ဒေါသကို မထိန်းနိုင်တော့ပေ။

တာအိုကျင့်ကြံသူ မြင်းမျက်နှာက ဒေါသကြောင့် တုန်ယင်နေသည်။

"ဝမ်ဟဲ.. သတ္တိရှိရင် အပြင်ထွက်ပြီး တစ်ယောက်ချင်း တိုက်ခိုက်ကြစို့.. ငါတို့တိုက်ပွဲမှာ တာအိုကျင့်ကြံသူစုန်းနတ်ဆိုးနဲ့ တာအိုကျင့်ကြံသူ ကြေးလိပ်တို့ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူးလို့ ငါက နတ်ဆိုးတစ်ယောက် အနေနဲ့ ငါ့ ဂုဏ်သိက္ခာကို ရင်းပြီးအာမခံတယ်"

သို့သော် တာအိုကျင့်ကြံသူ မြင်းမျက်နှာ ထိုသို့ပြောပြီးနောက်တွင် ငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံး ပြတင်းပေါက်၌ လျှို့ဝှက်ဆန်းကြယ်သော အစိမ်းရောင်အလင်းတန်း တစ်ခုကို အားလုံး မြင်လိုက်ရသည်။

အကြီးအကဲဝမ် "???"

အခြားနယ်မြေ၃ခုမှသံတမန်များ "???"

"ဘာတွေဖြစ်နေတာလဲ"

ထိုအချိန်တွင် ရုတ်တရက် "ဝုန်း"ဟူသော ပေါက်ကွဲသံနှင့်အတူ ဝိညာဉ် အလင်းတန်း တစ်ခုက ပြတင်းပေါက်မှ တိုက်ရိုက် ဖြတ်သန်းလာခဲ့သည်။

ထိုအလင်းတန်းက တာအိုကျင့်ကြံသူ မြင်းမျက်နှာ၏ မျက်နှာကို တိုက်ရိုက် ထိမှန်သွားပြီး သွားအများအပြားကိုပင် ကြေမွသွားစေခဲ့သည်။

လူတိုင်း၏ မျက်နှာက ဖြူဖျော့သွားပြီး ဤမြင်ကွင်းကို အံ့ဩတကြီး စိုက်ကြည့်နေခဲ့ကြသည်။

ဤသည်မှာ တစ်ကိုယ်လုံး စိမ်းစိုနေသော ခွေးတစ်ကောင်၏ ဒေါသတကြီး ကန်ထည့်လိုက်သော ခြေပျံကန်ချက် ဖြစ်သည်။

အပိုင်း(၅၈၅) ပြီး၏

All Chapters