သီးခြားနယ်မြေ......
Vol. 60 Ch. 830
လုချင်းမိန်က လီလော့အတွက်ရှေ့ထွက်လာသည်ကို မြင်သောအခါ ချင်ရိ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ အစပိုင်းတွင် လီလော့ကို သီးခြားဧရိယာသို့မဝင်မီတွင် အပြီးသတ်ရန်စီစဉ်ခဲ့ပြီး နောက်ပိုင်းတွင် နဂါးပတ်တိုင်များကို ရယူရန် အာရုံစိုက်နိုင်မည်ဟု ထင်ခဲ့သည်။
သို့သော်လည်း လီလော့ ဤမျှလောက် ကံကောင်းမည်ဟု မမျှော်လင့်ခဲ့ပေ။ သူမ သူ့တည်နေရာကို ခြေရာခံမိသော်လည်း သူသည် အကူအညီကို ရှာတွေ့နေပြီဖြစ်သည်။
တကယ်တော့ သူမအတွက် အံ့သြစရာအကောင်းဆုံးကတော့ လုချင်းမိန် က သူ့ကို ကူညီပေးဖို့ ဆန္ဒရှိနေခြင်းပင်.....
တံခွန်ကိုင် အယောက်နှစ်ဆယ်တွင် လုချင်းမိန် သည် လီချင်းဖုန်းပြီးလျှင် ဒုတိယအသန်မာဆုံးဖြစ်သည်။ ချင်ရိအနေဖြင့် သူမကို အနိုင်ရရန် ယုံကြည်မှုရှိသော်လည်း ယခုလို ကြီးမားသော ရုန်းရင်းဆန်ခတ်ဖြစ်မှုက အခြားတံခွန်ကိုင်များကို ဆွဲဆောင်နိုင်မည်ကို သူမကြောက်ရွံ့ခဲ့သည်။
ထိုအခြေအနေမျိုးတွင် သူမသည် ၎င်းတို့အားလုံး၏ ဘုံရန်သူဖြစ်လာနိုင်သည်။ ထိုအခြေအနေတွင် လုပ်စရာရှိသည်များကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်မည်မဟုတ်တော့ပေ။
ထို့ကြောင့် သူမ ခဏတာ ချီတုံချတုံ ဖြစ်နေသည်။
ထိုအခိုက်အတန့်တွင် ချင်ရိ ရှေ့မတိုးတော့သည်ကို လီလော့ သတိပြုမိခဲ့သဖြင့် လုချင်းမိန်နားသို့ ကပ်ကာ အသံခပ်တိုးတိုးဖြင့်.... မင်း သူ့ကို ဒီမှာ ခဏလောက် ထိန်းထားနိုင်မလား....ငါ တခြားသူတွေဆီက အကူအညီသွားတောင်းလိုက်မယ်...."
သို့သော်လည်း လုချင်းမိန်က လီလော့၏ အကြံပြုချက်ကို မယုံနိုင်သောအကြည့်ဖြင့်သာ တုံ့ပြန်လိုက်သည်။
“ဒီကောင်တကယ်ပါးနပ်တာပဲ.... သူငါ့ကို ဒုက္ခပေးပြီး ပြေးဖို့စဉ်းစားနေတာလား...."
"ငါနင့်ကို ချင်ရိနဲ့ နှစ်ယောက်တည်းထားခဲ့လိုက်ရမလား....."
ကံကောင်းစွာနဲ့ပဲ လီလော့က သူမရဲ့ အကြည့်နောက်ကွယ်က အဓိပ္ပါယ်ကို နားလည်ခဲ့သဖြင့် ကမန်းကတန်း ပြုံးလိုက်ပြီး......
"စိတ်မပူပါနဲ့....အဲဒါ အကြံပြုချက်တစ်ခုပဲလေ...သူ တိုက်ခိုက်ရဲရင် ငါတို့နှစ်ယောက် ပူးပေါင်းလိုက်ကြမယ်...."
လုချင်းမိန်က လျှို့ဝှက်ဆန်းကြယ်သော ပုံစံများဖြင့် ပြည့်နှက်နေသော ဖန်သားကျိုင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း တိုးညှင်းစွာ ဟစ်အော်လိုက်သည်။ အမှန်တိုင်းပြောရလျှင် တိုက်ခိုက်လိုစိတ်ပြင်းပြသော လုချင်းမိန်အတွက် ချင်ရိက ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်နေသည်။
အဆင့်ကိုးပဲ့တင်ထပ်သံရှိတဲ့ ပြိုင်ဘက်မျိုးက ရှာရခက်တယ်.....
ချင်ရိသာ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူမ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေမည်မှာ သေချာသည်။
သို့သော် လုချင်းမိန် ၏မျှော်လင့်ချက်များ အကောင်အထည်မပေါ်ခဲ့ပေ။ ချင်ရိ ခဏမျှ တုံ့ဆိုင်းနေပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်ကာ.....
"အခု တိုက်ပွဲဝင်ဖို့ အချိန်ဖြုန်းနေမယ်ဆို သီးခြားနယ်မြေထဲ ဝင်ဖို့ အခွင့်အရေးကို လက်လွှတ်ရလိမ့်မယ်.... တံခွန်ကိုင်လု... နောက်ပိုင်း တိုက်ခိုက်ဖို့အခွင့်အရေးရှိလာမှာပါ....."
စကားဆုံးသည်နှင့် လီလော့ကို ထပ်မံစိုက်ကြည့်ကာ ဘာမှဆက်မပြောတော့ဘဲ လှည့်ထွက်သွားသည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူမ၏ သိမ်မွေ့သောရုပ်သွင်သည် မြူခိုးများထဲတွင် ပျောက်ကွယ်သွားသည်။
"ထွက်သွားပြီ..."
လုချင်းမိန် စိတ်ပျက်အားငယ်နေလေ၏။
"အံ့သြစရာကောင်းလိုက်တာ.. ကောင်းကင်ဘုံဧကရာဇ်ချင် သွေးမျိုးဆက်ရဲ့ နတ်သမီးချင်ရိကတောင် မင်းရဲ့လွှမ်းမိုးမှုကို ကြောက်လန့်သွားတယ်...တကယ်တော့ မင်းရဲ့နာမည်က ထျန်းယွမ်မှတ်တမ်းထဲမှာရှိသင့်တာ...."
လီလော့က သူမကို လက်မထောင်ပြပြီး ချီးကျူးခဲ့သည်။
ဒါကိုကြားတော့ လုချင်းမိန်က မျက်လုံးပြူးပြီး.....
"နင်ကသာ သူ့ရဲ့ ပစ်မှတ်အစစ်ပါ..... နင် အခုချက်ချင်း ပြေးရင်ပြေး မဟုတ်ရင် သီးခြာဧရိယာမှာ ပုန်းဖို့ နေရာရှိမှာမဟုတ်ဘူး....."
လီလော့က "ငါ သူ့ကို မကြောက်ပါဘူး.....အခုနေတိုက်ခိုက်ရင် အချိန်နှောင့်နှေးပြီး နဂါးပတ်တိုင်အတွက် အခွင့်အရေးကို လက်လွတ်သွားလိမ့်မယ်....."
"အခုထိ လေကျယ်နေတုန်းပဲ..."
လုချင်းမိန် ခေါင်းယမ်းလိုက်သည်။ လီလော့က မျက်နှာမပျက်ချင်သောကြောင့် သတ္တိရှိရှိ ရှေ့တန်းတင်နေသည်ဟု သူမယုံကြည်ခဲ့သည်။
"ဒါဆိုလည်း ငါ့နောက်လိုက်မလာနဲ့....ငါတို့နှစ်ယောက်က ကလန်မတူဘူး.... ပြိုင်ဖက်တွေ ဖြစ်နေတုန်းပဲ" ဟု လုချင်းမိန် က ထွက်ခွာရန် ပြင်ဆင်နေစဉ် သူ့ကို သတိပေးခဲ့သည်။
ဒါကိုကြားတော့ လီလော က စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပြီး "ငါတို့တွေ ရဲဘော်ရဲဘက်တွေ ဖြစ်နေပြီထင်နေတာ......."
လုချင်းမိန် မနေနိုင်တော့ဘဲ ရယ်လိုက်မိသည်။
ဒီကောင် အတော်အရေထူတာပဲ.....
"ငါ့နောက်မလိုက်နဲ့!"
သူမ ဖန်သားကျိုင်းကို တင်းတင်းဆုပ်ကိုင်ကာ ဒေါသထွက်နေသလိုဟန်ဆောင်၍ လီလော့ဆီသို့ ဝှေ့ယမ်းလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ရှားရှားပါးပါး ချစ်စရာကောင်းသော သူမ၏ သရုပ်ဆောင်မှုမျိုးဖြစ်သည်။
ယင်းနောက် သူမ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကာ လီလော့၏ တုံ့ပြန်မှုကို မစောင့်ဘဲ ရှေ့သို့ တိုးသွားခဲ့သည်။ မကြာခင်မှာပင် သူမ၏ ပုံသဏ္ဌန် ပျောက်ကွယ်သွားခဲ့သည်။
လီလော့ သူမထွက်သွားတာကို လှမ်းကြည့်ရင်း ပြုံးလိုက်မိသည်။ လုချင်းမိန် သည် အလွန်ကောင်းမွန်သော ကိုယ်ရည်ကိုယ်သွေးရှိသည်။ သူမသည် ကိုယ်ခံပညာကို ဝါသနာပါသော်လည်း အလွန်သစ္စာရှိသူဖြစ်သည်။ ချင်ရိကို တားဆီးရန် ကူညီပေးခဲ့သောကြောင့် အနာဂတ်မှာ အခွင့်အရေးရရင် ဒီအကြွေးကို သေချာပေါက် ပြန်ဆပ်ရမည်။
ဒီအကြောင်းကို စိတ်ထဲမှာ တွေးနေရင်းနဲ့ အချိန်မဖြုန်းတော့ဘဲ ရေကန်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ဦးတည်သွားခဲ့သည်။
နောက်အခိုက်အတန့်မှာတော့ လီလော့ ရှေ့ကို အရှိန်အပြည့်နဲ့ ခရီးနှင်ခဲ့သည်။ သို့သော်၊ ရေကန်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဦးတည်လာသောအခါ အရိပ်နဂါးများ ပိုများလာသည်။ ဒါက သူ့ကို အကြိမ်ပေါင်းများစွာ လမ်းလွှဲစေခဲ့သည်။ အမှန်တော့၊ သူသည် အစောပိုင်း
ပထမအဆင့်မြို့စားခွန်အားပိုင်ဆိုင်ထားသော အရိပ်နဂါးအနည်းငယ်ကို အနိူင်ယူ၍ မိမိလုံခြုံရေးကို အာမခံနိုင်သော်လည်း၊ ၎င်းတို့ကြောင့် နှေးကွေးမည်မှာ သေချာပါသည်။ ဒါက ရေကူးကန်ရဲ့ အနက်ရှိုင်းဆုံးနေရာကို အချိန်မီရောက်ဖို့ သူ့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာပေမည်။
ဤအတောအတွင်းတွင်၊ အရိပ်နဂါးနှင့် တိုက်ခိုက်ရာတွင် ကံမကောင်းသည့် တံခွန်ကိုင်အချို့ကို သူတွေ့မြင်ခဲ့ပြီးဖြစ်သည်။
သို့သော်၊ လီလော့သည် မရင်းနှီးသော တံခွန်ကိုင်များကို ကူညီမပေးခဲ့ပေ။ သီးခြားဧရိယာက ဝေးလွန်းလှသည်မဟုတ်ဟု ခံစားမိသောကြောင့် သူသည် ရှေ့သို့ အရှိန်အပြည့်နှင့် ဆက်သွားခဲ့သည်။
ဒီလိုနဲ့ မိနစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။
ရုတ်တရက်၊ လီလော့ ရှေ့က မြူမှုန်တွေ ရှင်းလင်းသွားသည်။အဝေးကို လှမ်းကြည့်လိုက်တော့ အရိပ်နဂါး ဒါဇင်ပေါင်းများစွာရှိနေပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကနေ ကြီးမားတဲ့ စွမ်းအင်တွေ ထွက်လာတာကို သတိပြုမိလိုက်သည်။
အရိပ်နဂါး အများအပြားကို မြင်လိုက်ရသောကြောင့် အံ့အားသင့်သွားသည်။ သို့သော် မကြာမီမှာပင် ၎င်းတို့သည် ရွေ့လျားနေမည့်အစား ၎င်းတို့၏ မူလနေရာတွင်သာ ရှိနေကြောင်း သတိပြုမိခဲ့သည်။
ထို့အပြင်၊ ဧရာမနံရံကြီးတစ်ခုကဲ့သို့ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည့် ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုစီမှ အလင်းရောင်ဖျော့ဖျော့ ထွက်ပေါ်လာသည်။
နောက်ဆုံးတော့ လီလော့ ဘာတွေဖြစ်နေတာလဲ နားလည်သွားခဲ့သည်။သီးခြားနယ်မြေလို့ ခေါ်တဲ့ နေရာဟာ တကယ်တော့ ဒီ အရိပ်နဂါးတွေရဲ့ အလောင်းတွေကနေ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်တော့ တခြားလူတွေလည်း ရောက်လာတာကို သတိထားမိလိုက်သည်။
လီချင်းဖုန်း၊လီဟုန်လိ၊ လုချင်းမိန် ၊တျန့်ဖုန်းရှန်နှင့် အခြားသော တံခွန်ကိုင်များ........
အခြားတစ်နေရာတွင် ချင်ရိကိုပင် တွေ့လိုက်ရသည်။
သို့သော် လူတိုင်းသည် တယောက်နှင့်တယောက် ကွဲပြားစွာ ပျံဝဲနေကြပါသည်။ သူတို့သည် အချင်းချင်းတိုက်ခိုက်ခြင်းမပြုဘဲ အလင်းနံရံအဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲလာသော အရိပ်နဂါးများကို စူးစူးစိုက်စိုက်စိုက်ကြည့်နေကြသည်။
သူတို့အားလုံးသည် အရိပ်နဂါးများ အသွင်ပြောင်းရန် စိတ်ရှည်ရှည်ဖြင့် စောင့်နေကြသည်။ အချိန်တန်သောအခါတွင် သူတို့သည် အက်ကြောင်းရာကိုဖြတ်ကျော်၍ ရေကန်၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။
အကယ်၍ သူတို့ ယခုနေ အတင်းအကြပ်ဝင်ရောက်ရန် ကြိုးစားခဲ့ပါက၊ အစောင့်အကြပ်နေသော အရိပ်နဂါး အားလုံးကို မလိုအပ်ဘဲ ဆွဲဆောင် နိုင်လိမ့်မည် ။ တစ်ချိန်တည်းတွင် များစွာသော အရိပ်နဂါးများကို မည်သူမျှ မတိုက်ခိုက်နိုင်ပေ။
ထို့ကြောင့် ယခု သူတို့လုပ်နိုင်သမျှသည် စောင့်ဆိုင်းနေခြင်းပင်ဖြစ်သည်။
တံခွန်ကိုင်အချို့က လီလော့ ရောက်ရှိလာသည်ကို သတိထားမိသည်။ သို့သော် သူရောက်လာသည့် အရှိန်ကြောင့် အံ့အားသင့်ရုံမျှသာဖြစ်ပြီး ထွေထွေထူးထူး အံ့သြမနေခဲ့ပေ။
ဆယ်မိနစ်ခန့်အကြာတွင်......
ဤအခိုက်အတန့်တွင်၊ အရှေ့ရှိ အရိပ်နဂါးများ အသွင်ကူးပြောင်းမှု ရပ်တန့်သွားခဲ့သည်။ နဂါးပတ်တိုင်များရှိရာဆီသို့ အခြားမည်သူ့ကိုမျှ မဝင်နိုင်အောင် တားဆီးမည့် အတားအဆီးတစ်ခုအဖြစ် အလင်းနံရံများ မကြာမီ ပေါင်းစပ်သွားမည်ဖြစ်သည်။
"သွားကြရအောင်!"
တံခွန်ကိုင် အသီးသီးက ပဲ့တင်ထပ်သံစွမ်းအားများ ကိုယ်စီထုတ်ဖော်၍ ရှေ့သို့ပြေးသွားကြသည်။
အလင်းရောင် တံတိုင်းကြီး အပြည့်အဝ မဖွဲ့စည်းမီ အက်ကြောင်းများ အတွင်းသို့ ခိုးဝင်ရန်မှာ၎င်းတို့၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။
လီလော့လည်း တွန့်ဆုတ်မနေတော့ပေ။ချက်ချင်းပဲ လျင်မြန်စွာဖွဲ့စည်းနေသော အလင်းနံရံရဲ့ သေးငယ်တဲ့ ကွာဟချက်တစ်ခုကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့လေသည်။
သို့သော် သူရည်မှန်းထားသည့်နေရာသို့ မရောက်မီ မီတာတစ်ရာခန့်အကွာတွင် ရပ်တန့်သွားခဲ့သည်။ ပဲ့တင်ထပ်သံ စွမ်းအားများဖြင့် ပြည့်နှက်နေသော တိုက်ခိုက်မှုတစ်ခု လေထဲသို့ လွင့်ပျံသွားပြီး ရုတ်တရက် သူ့ဆီသို့ တည့်တည့်တိုးဝင်လာသည်။
လီလော့ ဤရုတ်တရက်တိုက်ခိုက်မှုကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဓားကိုလွှဲယမ်း၍ ခုခံတုံ့ပြန်ခဲ့ပြီး ပြိုးပြိုးပြက်ပြက်လင်းလက်နေသော ဓားချက်ဖြင့် တိုက်ခိုက်မှုကို ချေမှုန်းပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် တိုက်ခိုက်မှုကို မည်သူပြုလုပ်ခဲ့သည်ကို သိရှိရန် လှည့်ပတ်ကြည့်ရှုခဲ့သည်။
ခပ်ဝေးဝေးတွင် နှာတံရှည်ရှည်နှင့် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦး လေထဲတွင် ပျံဝဲကာ အငြိုးကြီးသော အကြည့်များဖြင့်သူ့ကို စိုက်ကြည့်နေသည်။
လီလော့ ထိုသူကို ချက်ချင်းမှတ်မိလိုက်သည်။
သူသည် နဂါးသွေးကလန်၏ မဟူရာသွေးတံခွန်ကိုင် လီလုဖြစ်သည်။
"လီလု....သီးခြားနယ်မြေကိုမြင်နေရပြီ.... ခိုးဝင်ဖို့ အခွင့်အရေးကို အမိအရဖမ်းဆုပ်ရမယ့်အစား ဘာလို့တိုက်ခိုက်နေတာလဲ......"
"နဂါးပတ်တိုင်က ခြောက်ခုပဲရှိတယ်..... ငါ ဝင်သွားရင်တောင် ရအောင်ယူနိုင်မှာ မဟုတ်ဘူး..... ဒါကြောင့် တခြားသူတွေ မဝင်နိုင်အောင် တားဆီးမလို့.....မင်း မဟူရာရာသွေးတံခွန်အဖွဲ့က လီတုံးကို အနိုင်ယူခဲ့ဖူးတယ်မလား...အဲ့တော့ မင်းရဲ့ အရည်အချင်းကို သိချင်လို့......တခြားသူတွေ အထဲဝင်လို့ရပေမယ့်...မင်း အဲဒီကို ဝင်လို့မရဘူး........"
ဒါကိုကြားတော့ လီလော့ရဲ့မျက်လုံးထဲမှာ အေးစက်တဲ့အလင်းရောင်တစ်ခု ပေါ်လာသည်။
လီလုက အချိန်ကိုက်ကို တားဆီးနေတာပဲ...နည်းနည်းနောက်ကျသွားရင် နဂါးပတ်တိုင်ရဖို့ အခွင့်အရေးမရှိနိုင်တော့ဘူး........
သူ လက်တုံ့ပြန်မည်ဆိုပါက လီလုကို အတတ်နိုင်ဆုံး အချိန်တိုအတွင်း အပြီးသတ်ရန် လိုအပ်မည်ဖြစ်သည်။
လီလော့ အတွေးပေါင်းစုံတွေးတောနေချိန်တွင် လီလုက အချိန်မဖြုန်းတော့ဘဲ စတင်တိုက်ခိုက်ခဲ့သည်။
လီလော့ကလည်း တန်ပြန်တိုက်စစ်အတွက် ပြင်ဆင်ခဲ့သည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် အလင်းတန်းတစ်ခု လေထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ စိုးမိုးနေသော ရောင်ဝါဖြင့် ပြည့်နေသော ချယ်ရီရောင်လှံရှည်တလက် လေဟာနယ်ကို ဖြတ်ကျော်လာသည်။
လှံရှည်နှင့် လီလုဖန်တီးထားသော လက်ဝါးရိုက်ချက်တို့ ထိပ်တိုက်တွေ့ကာ ဆူညံသော အသံများထွက်ပေါ်လာသည်။ စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံမှု၏ နောက်ဆက်တွဲရလဒ်သည် မုန်တိုင်းကဲ့သို့ ပြင်းထန်လာသည်။
စွမ်းအင်မုန်တိုင်း ကွင်းပြင်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်တွင် လီလု၏ရှေ့တွင် အကျွမ်းတဝင်ရှိသော အသွင်အပြင်တစ်ခု ထွက်ပေါ်လာသည်။
"မောင်လေး...နင် အရင်ဝင်နှင့်...ဒီကောင်ကို ငါထိန်းထားလိုက်မယ်......"
လီဖန်းရိပင်ဖြစ်သည်..........
သူမ၏ ကျောက်စိမ်းသဖွယ် လက်ချောင်းများကို ဆုပ်ကိုင်လိုက်သောအခါ လှံရှည် သူ့လက်ထဲသို့ ပြန်ရောက်လာသည်။
လီလော့ ထိတိလန့်သွားသည်။ လီဖန်းရိ သူ့ကို ကူညီပေးချင်နေမှန်းသိသည်။ သို့သော်၊ သီးခြားနယ်မြေထဲသို့ သူမ၏တစ်ခုတည်းသောအခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်သည်။
လီလော့ သူ့နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားခဲ့ရသော်လည်း ယခုအချိန်သည် ကျေးဇူးတရားကို မှန်ကန်စွာဖော်ပြရန် အချိန်မဟုတ်ပေ။ သူက ပြုံးရုံသာပြုံးပြီး.....
"ကျေးဇူးတင်ပါတယ် ဒုတိယအစ်မ"
ထို့နောက် အလင်းရောင်နံရံရှိ ကွာဟချက်ဆီသို့ ပြေးသွားခဲ့သည်။
ခဏအကြာတွင် သူ့နောက်တွင် ပြင်းထန်သော စွမ်းအင်များ ထပ်မံတိုက်ခတ်လာခဲ့သည်။
လီလော့ အလင်းနံရံကို ဖြတ်ကျော်ကာ ရေကန်၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဝင်ရောက်သွားခဲ့သည်။
အလင်းနံရံကို ဖြတ်သွားပြီးနောက် အဝေးကို လှမ်းကြည့်သောအခါ မြူခိုးများ၏ အနက်ရှိုင်းဆုံးတွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်များဖြင့် တောက်ပနေသော တိုင်ကြီးများကို ဖျတ်ခနဲ မြင်လိုက်ရသည်။
တိုင်တစ်တိုင်စီတွင်
ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို ဝါးမျိုလိုက်ပုံရသော သက်ဝင်နေသော နဂါးပုံများရှိသည်။
နဂါးပတ်တိုင်များကို နောက်ဆုံးတွင် သူမြင်နိုင်ခဲ့ချေပြီ.......