တုနှိုင်းမဲ့ရေကျောက်စိမ်းချပ်ဝတ်........
Vol. 60 Ch. 834
ဝေါင်းးး
အေးစက်သော မရဏမြစ်ထဲတွင် နစ်မြုပ်နေသော နဂါးနက်ကြီးသည် ကျယ်လောင်စူးရှသော အော်ဟစ်သံဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားအောင် ဟိန်းဟောက်နေသည်။
ခဏကြာတော့ ခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
ဒါဟာ လီလော့၏ လက်ရှိ စွမ်းအားဖြင့် စီမံခန့်ခွဲနိုင်သည့် အဆင့်အမြင့်ဆုံး တိုက်ခိုက်မှုဟု ယူဆခဲ့သည်။ သူသည် ဆင်နတ်ဘုရားစွမ်းအားနှင့် မိုးကြိုးနတ်ဘုရားစွမ်းအားကို ဆင့်ခေါ်ခဲ့ရုံသာမက၊ သူသည် ပဲ့တင်ထပ်သံနှစ်ခု၏ တတိယနယ်ပယ်ကို ကောင်းကင်နဂါးပဲ့တင်ထပ်သံဉာဏ်အလင်းနှင့်အတူတွဲ၍ အသုံးပြုခဲ့သည်။
ကောင်းကင်နဂါးပဲ့တင်ထပ်သံဉာဏ်အလင်း အားကောင်းလာမှုနှင့်အတူ၊ မရမြစ်၏မဟူရာနဂါးအလံတော် ပညာရပ်သည်လည်း ယခင်ကထက်အားကောင်းလာသည်။
သူသည် အစောပိုင်း ပထမအဆင့် မြို့စားကဲ့သို့ သန်မာနေသော်လည်း၊ အဆိုပါ မြှင့်တင်မှုများ အားလုံးကြောင့် နှောင်းပိုင်း ပထမအဆင့် မြို့စားခွန်အားပိုင်ဆိုင်ထားသော ပြိုင်ဘက်ကိုပင် ပြင်းထန်စွာ ဒဏ်ရာ ရရှိစေမည်ဟု ယုံကြည်သည်။
အနက်ရောင် နဂါးကြီး၏ ကြီးမားသော အရိပ်က ချင်ရိ၏ သွယ်လျသော ရုပ်ပုံလွှာကို လွှမ်းခြုံထားသည်။ ဤမျှ အကွာအဝေးတွင် သူမ၏ ပဲ့တင်ထပ်သံ စွမ်းအားများ ချက်ချင်း ပျံ့ကြဲကုန်သည်။
သူမအကြည့်တွေ တုန်ခါသွားပြီးလက်ကို မြှောက်လိုက်သည်နှင့် အလင်းတန်းများစွာ ပေါ်လာပြီး သူမကို ကာကွယ်ပေးမည့်အလွှာတခုအဖြစ်ပေါင်းစည်းသွားသည်။
သို့သော်၊ ဤကဲ့သို့ အလျင်အမြန် ခုခံခြင်းသည် လီလော့၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် အကူအညီ အနည်းငယ်သာ ရရှိခဲ့သည်။
အလင်းအကာအကွယ် စက္ကန့်ပိုင်းအတွင်း အပိုင်းပိုင်းကွဲသွားသည်။
မဟူရာနဂါးကြီး တဖန်ဟိန်းဟောက်လိုက်သည်နှင့် အေးစက်သော အနက်ရောင်ရေများ ထွက်လာပြန်သည်။ ချင်ရိသည် မဟူရာနဂါး၏ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် အနီးအနားရှိ လေဟာနယ်ကိုပင် ပျက်စီးစေခဲ့သည်။
ဝုန်းးးးးးးးးးးးးးး
စွမ်းအင်လှိုင်းတံပိုးများကို သာမန်မျက်စိဖြင့် ရုတ်တရက်မြင်ရပြီး စုတ်ပြဲနေသော လေဟာနယ်ကိုပင် အတိုင်းသားမြင်နေရသည်။
ချင်ရိ ဒဏ်ရာပြင်းထန်စွာရသွားသလို နောက်ဆုတ်လိုက်ရပြီး လမ်းတစ်လျှောက်တွင် ကြီးမားသော သလင်းကျောက်တိုင်များအပိုင်းပိုင်းကျိုးပဲ့ကာ ပေထောင်ချီနက်နဲသော နဂါးခြေသည်းရာကြောင့် မြေပြင် ကွဲအက်သွားခဲ့သည်။
ဤသည်မှာ ခန်းမကြီးကို နှစ်ခြမ်းကွဲသွားစေသလိုပင်.....
သလင်းကျောက်တိုင်များ ပြိုကျနေသောအသံများ ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။
…….....
တိုက်ပွဲပုံရိပ်ကို ရေကန်အပြင်ဘက်မှ ကောင်းကင်ပြင်တွင်အတိုင်းသားမြင်နေရသည်။ ဒီမြင်ကွင်းက ဧည့်သည်တော်တော်များများကို အံ့သြထိတ်လန့်စေခဲ့သည်။
လီလော့က အလွန်ရက်စက်ကြမ်းကြုတ်ပြီး ချင်ရိလို ခပ်သေးသေး အမျိုးသမီးကိုပင် မညှာမတာတိုက်ခိုက်ခဲ့သည်။
တစ်ချိန်တည်းမှာပဲ လီလော့၏ တိုက်ခိုက်မှုကြောင့် သူတို့ တော်တော် တုန်လှုပ်သွားခဲ့ကြသည်။
သူ့တွင် ပထမအဆင့် မြို့စားခွန်အားသာ ရှိသော်လည်း၊ ထိုတိုက်ခိုက်မှုသည် နှောင်းပိုင်း ပထမအဆင့် မြို့စားကိုပင် ဒဏ်ရာရစေလောက်အောင် ပြင်းထန်သည်။
ထိုတိုက်ခိုက်မှုကြောင့် သတိမထားမိပါက ချင်ရိတောင် ဒုက္ခရောက်သွားခဲ့သည်မဟုတ်လော....
ထိုအခိုက်အတန့်တွင်၊ ကောင်းကင်နဂါးကလန်ငါးခုဘက်မှ ပျော်ရွှင်သော အသံအချို့ ထွက်ပေါ်လာသည်။ လီလော့၏ တန်ပြန်တိုက်စစ်သည် ၎င်းတို့၏မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ဤမျှကြီးမားပြီး သိသာထင်ရှားသော အင်အားကွာဟချက်ကြောင့် လီလော့ အရေးနိမ့်နိုင်သည်ဟုထင်ခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ၊ ချင်လျန်၏အနီးအနားပတ်ဝန်းကျင်ရှိ လေထု အနည်းငယ်အေးစက်လာခဲ့သည်။
နဂါးကလန်ငါးခုမှ အကြီးအကဲများကတော့ လေးနက်သောအကြည့်များဖြင့်သာ တိုက်ပွဲပုံရိပ်ကို အာရုံစိုက်နေဆဲပင်....
သို့သော် အကြီးအကဲများ၏ အကြည့်တွေက ယခင်ကထက်စာရင် ပိုပိုပြီး ကြည်လင်လာသည်။လီလော့ ၏တိုက်ခိုက်မှုသည် အမှန်တကယ်ပင် မျှော်လင့်ထားသည်ထက် ကျော်လွန်ခဲ့ပြီး သာမန် ပထမအဆင့်မြို့စားတောင် ၎င်းကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်သည်။
……..............
ချင်ရိ အပျက်အစီးများအောက်တွင် ပုန်းသောကြောင့် လီလော့ ပြိုကျနေသော သလင်းကျောက်တိုင်များရှိရာ နေရာကို ငေးကြည့်နေခဲ့သည်။
ယခင်တိုက်ခိုက်မှုအောင်မြင်ခဲ့သည့်တိုင် တုံ့ဆိုင်းမနေဘဲ သိမ်းငှက်မျက်လုံးလေးကိုဆင့်ခေါ်လိုက်လေသည်။
ဒိုင်း! ဒိုင်း!
နောက်အခိုက်အတန့်တွင် ပြိုကျနေသော သလင်းကျောက်တိုင်အပျက်အစီးများဆီသို့ တိုက်ရိုက်ရည်ရွယ်၍ စီးဆင်းနေသော မိုးကြိုးနဂါးအစွယ်မျှား ဒါဇင်များစွာ ပစ်ခတ်ခဲ့သည်။
သို့သော် နဂါးအစွယ်မျှားများရိုက်ခတ်ခါနီးတွင် အပြာဖျော့ဖျော့ ပါးလွှာသော အကာကွယ်တစ်ခုပေါ်လာပြီး မျှားချက်များကြောင့် ၎င်း၏မျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်များ ထွက်လာပေါ်လာသည်။
လီလော့ သက်ပြင်းချလိုက်မိသည်။ ချင်ရိက တကယ်ကို သန်မာလှသည်။ ဤမျှ ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည့်တိုင် ပြင်းပြင်းထန်ထန်ဒဏ်ရာမရသေးပေ။
ခဏအကြာတွင် ချင်ရိကို ပြန်တွေ့လိုက်ရသည်။
ဤအချိန်တွင် သူမ အနည်းငယ် စိတ်ရှုပ်နေပုံပေါ်သည်။ သူမ၏ စကတ်ရှည် အနည်းငယ်စုတ်ပြဲနေပြီး ဝမ်းဗိုက်တွင် နက်နဲသော ဒဏ်ရာတစ်ခုရှိနေသည်။
လီလော့ထံမှ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ထိုးနှက်ချက်ကိုရင်ဆိုင်ရချိန်တွင် ချင်ရိပင် ကြီးလေးသော အဖိုးအခကို ပေးခဲ့ရသည်မှာ ထင်ရှားနေသည်။
သို့သော် ဒဏ်ရာက လီလော့ မျှော်လင့်ထားသလောက် မပြင်းထန်ပေ။
ဖြူဖွေးလှသော အသားစိုင်များက တော်ရုံပုရိသယောက်ကျားသားများကို ပူလောင်ပြင်းပြစေနိုင်သော်လည်း လီလော့ကတော့ မထူးမခြားနားသောအကြည့်ဖြင့်ကြည့်နေသည်။
ချင်ရိ၏ နူးညံ့သိမ်မွေ့သော အသားအရေပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သောမှော် စကားလုံးများစွာ ပေါ်လာသည်ကို သတိပြုမိလိုက်သည်။၎င်းတို့သည် သူမ၏ အသွေးအသားထဲတွင် ရေးထွင်းထားသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်စွာ စီးဆင်းနေသည်။ တဖြည်းဖြည်းနှင့် ချင်ရိ၏ဝမ်းဗိုက်ရှိ ဆိုးရွားသောဒဏ်ရာသည် အံ့သြဖွယ်အရှိန်အဟုန်ဖြင့် ပျောက်ကင်းလာသည်။ တခဏအကြာမှာတော့ လုံးဝပျောက်ကင်းသွားပြီး သူမ၏ နူးညံ့သော အသားအရေသည် ကျောက်စိမ်းကဲ့သို့ အပြစ်ကင်းစင်စွာ ချောမွေ့နေသည်။
လီလော့ ဤမြင်ကွင်းကြောင့် အံသြသွားသည်။ သူ့ရဲ့တိုက်ခိုက်မှုကြောင့်ရခဲ့တဲ့ ဒဏ်ရာအားလုံး သက်သာပျောက်ကင်းသွားပြီလား......
အစောပိုင်းက တိုက်ခိုက်မှုတွင် ပဲ့တင်ထပ်သံနှစ်ခု၏ တတိယနယ်ပယ်စွမ်းအားအပြင် မရဏမြစ်ရေ၏ တိုက်စားနိုင်စွမ်းကို ပေါင်းစပ်ထားသည်။ ဒီလို ဒဏ်ရာမျိုးကို လွယ်လွယ်နဲ့ ကုစားဖို့မဖြစ်နိုင်ပေ။
သို့သော် ချင်ရိကတော့ လုပ်နိုင်ခဲ့သည်။
သူမရဲ့ အပြစ်ကင်းစင်ပြီး လက်ရာမြောက်တဲ့ ကျောက်စိမ်းပန်းပုလို ခန္ဓာကိုယ်ကို ကြည့်လိုက်တော့ရင်း....
"ဒါ...ခန္ဓာကိုယ်ကြံခိုင်စေတဲ့ မြို့စားအဆင့်ပညာရပ်ကြောင့်လား...."
ချင်ရိ၏ နူးညံ့သော ခန္ဓာကိုယ်တစ်ဝိုက်တွင် ရေအလင်းများ ဆက်လက်စီးဆင်းနေချိန်တွင် သူမ၏စုတ်ပြဲနေသော ၀တ်စုံပင် သူ့အလိုလို ပြန်လည်ပြုပြင်လာခဲ့သည်။
"ဒါက ကောင်းကင်ဧကရာဇ်ချင် သွေးမျိုးဆက်ရဲ့ ဝိဉာဉ်တက်လှမ်းခြင်းအဆင့် မြို့စားပညာရပ်ပါ.... တကယ်တော့ တုနှိုင်းမဲ့ရေကျောက်စိမ်းချပ်ဝတ်က ခန္ဓာကိုယ်ကြံခိုင်ဖို့အတွက် အသားပေးတဲ့
မြို့စားအဆင့်ပညာရပ်........."
လီလော့ မချိပြုံး ပြုံးပြီး ခေါင်းယမ်းလိုက်သည်။
ချင်ရိသည် အမှန်တကယ်ပင် ကောင်းကင်ဧကရာဇ်ချင်သွေးမျိုးဆက်တွင် နံပါတ်တစ် အရည်အချင်းရှိသူဖြစ်သည်။ ရှင်းရှင်းပြောရရင်၊ သူမလို နူးညံ့သိမ်မွေ့တဲ့ သူတစ်ယောက်ဟာ ခန္ဓာကိုယ်ကြံခိုင်စေသော မြို့စားအဆင့်ပညာရပ်ကို ကျွမ်းကျင်နေမည်ဟု ဘယ်သူမျှ ထင်ထားမည်မဟုတ်ပေ။
အစောပိုင်းဒဏ်ရာများ ပြန်လည်ကောင်းမွန်လာမှုကိုကြည့်ချင်းအားဖြင့် တုနှိုင်းမဲ့ရေကျောက်စိမ်းချပ်ဝတ်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် လျင်မြန်စွာ ကုသနိုင်စွမ်းရှိသည်။ ဒါကို ရေပဲ့တင်ထပ်သံရှိတဲ့ လီလော့က အခြားသူများထက် ကောင်းကောင်းသိနေသည်။ သူသည် ရေသံပဲ့တင်ထပ်သံစွမ်းအား၏ ကြောက်မက်ဖွယ်ကောင်းသော ပြန်လည်ကုသနိုင်စွမ်းဖြင့် သူ၏ပြိုင်ဘက်များထက် နှာတဖျားသာခဲ့သည်။ တူညီသောစွမ်းရည်ကြောင့် တစ်နေ့တွင် အလားတူ တုန်လှုပ်ရလိမ့်မည်ဟု မည်သူက မျှော်လင့်မည်နည်း။
ထိုအချိန်တွင် လီလော့ သိသိသာသာ မျက်မှောင်ကြုတ်လိုက်မိသည်။ ချင်ရိသည် မိုးကြိုးစွမ်းအားကြောင့် သိသိသာသာ ထိခိုက်ဒဏ်ရာ ရနိုင်ခြင်းမရှိပါက မည်မျှပင်တိုက်ခိုက်စေနေပါစေ အကျိုးထူးမည်မဟုတ်ပေ။
"တကယ်ကို အမြင်ကျယ်စေခဲ့တာပဲ...တုနှိုင်းမဲ့ရေကျောက်စိမ်းချပ်ဝတ်ကြောင့်သာမဟုတ်ရင် အရင်တိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားလောက်ပြီ" ဟု ချင်ရိက အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။
သို့သော် တည်ငြိမ်နေသော လေသံတွင် အေးစက်သောအငွေ့အသက်များ ထုံမွှမ်းနေသည်။
ထင်ရှားသည်မှာ သူမ ဒေါသထွက်နေပြီဖြစ်သည်။
"ကျေးဇူးကို ပြန်ဆပ်ရတာက အခြေခံကျင့်ဝတ်မို့ ရှင့်အတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်ကို လက်ခံလိုက်ပါဉီး... "
လီလော့ ထိုစကားကိုကြားသည်နှင့် ချက်ချင်းပင် နောက်ပြန်ဆုတ်သွားပြီး သူ၏ ပဲ့တင်ထပ်သံစွမ်းအားများ သူ့ခန္ဓာကိုယ်အတွင်း တိုးဝင်လာသည်။
သို့သော် သူနောက်ဆုတ်လိုက်စဉ်တွင် အပြာရောင်အလင်းတန်းများစွာသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာတော့သည်။ ဤအလင်းများသည် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်ဖြင့် တောက်ပနေသည်။
"ရှင် စောစောက တိုက်ခိုက်ခဲ့တုန်းက ကျွန်မ အချိန်မီ မကာကွယ်နိုင်ခဲ့ဘူး....အဲ့တုန်းက ရှင့်အတွက် တန်ပြန်လက်ဆောင်ပေးဖို့ ပြင်ဆင်နေလို့ပဲ" ဟု ချင်ရိက တည်ငြိမ်စွာ ရှင်းပြခဲ့သည်။
နောက်အခိုက်အတန့်တွင် လီလော့၏ ခန္ဓာကိုယ်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများမှအလင်းရောင်များ ထွက်ပေါ်လာသည်။ ရုတ်ချည်းဆိုသလိုပင် သူ့အပေါ် ပြင်းထန်သော ဖိအားတစ်ခု ကျဆင်းလာသည်ကို ခံစားလိုက်ရပြီး သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးအောက်ခြေသို့ နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။
ခေါင်းမော့ကြည့်လိုက်သောအခါ လျှို့ဝှက်ဆန်းကြယ်သောမှော်စာလုံးများမှ အလင်းတန်းများ ပေါင်းစည်းသွားသောအခါတွင် ဖြစ်ပေါ်လာသည့် သဏ္ဌန်ရုပ်သဏ္ဍာန်တစ်ခုကိုမြင်လိုက်ရသည်။
ဒါဟာမှုန်ဝါးဝါး မိန်းမတစ်ယောက်ရဲ့ အသွင်သဏ္ဍာန်ဖြစ်ပြီး လီလော့ဟာ သူ့သားအိမ်ထဲက သန္ဓေသားလို ပိတ်မိနေခြင်းဖြစ်သည်။
"ဒါ ရှင့်အတွက် ကျွန်မ ပြင်ဆင်ပေးထားတဲ့လက်ဆောင်ပါ...ဒီလျှို့ဝှက်ပညာရပ်ကို သန္ဓေသားအဖြစ် အသွင်ပြောင်းခြင်းလို့ခေါ်တယ်....."
ချင်ရိ၏စကားကြောင့် လီလော့ ရုတ်တရက် ထိတ်လန့်သွားသလို ခံစားလိုက်ရပြီး သူ၏ ပဲ့တင်ထပ်သံစွမ်းအားများ အရှိန်အဟုန်ဖြင့် ထွက်လာတော့သည်။
သို့သော် သူ့ကိုလွှမ်းခြုံထားသော မှုန်ဝါးသော အသွင်သဏ္ဌန်ကြောင့် အရာအားလုံး ကြေမွသွားခဲ့သည်။ ချင်ရိက သူ့ခန္ဓာကိုယ်အတွင်း ပဲ့တင်ထပ်သံစွမ်းအားကို အရင်ဆုံး စုပ်ထုတ်ရန် စီစဉ်နေသည်။
ပဲ့တင်ထပ်သံစွမ်းအားတွေ မရှိတော့တဲ့အခါ စဉ့်တီတုံးပေါ် တင်ထားနဲ့ငါးတစ်ကောင်ဘဝရောက်သွားပေလိမ့်မည်။