← Chapters

သူ့ကိုရှင်းလိုက်

Vol. 42 Ch. 622

သူ့ကိုရှင်းလိုက်

Vol. 42 Ch. 622

စုချင်းရွှယ် ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။ ဤသည်က သူမနှင့် သူမ မောင်နှမများကြားမှ ကွာခြားချက် လေလား။ သူမတို့သည် တိုက်ရိုက်မျိုးဆက်များမှ ဖြစ်သော်လည်း ဤနေရာ၌ အစ်ကိုကြီးနှင့် အစ်မကြီးတို့သာ ဖြစ်ပါက အစ်ကိုဟောင်က ယခုကဲ့သို့သော မထီလေးစား အပြုအမူမျိုး ပြုမူရဲပါမည်လော။

သူမ အံကြိတ်ထားမိပြီး အလွန် ကူကယ်ရာမဲ့သလို ခံစားနေရသဖြင့် မျက်နှာက အနည်းငယ် ဖြူရော်လာသည်။

“ငါ တောင်းပန်ပါတယ်၊ ငါ ခုနက နင့်ကို လိမ်ခဲ့မိတယ်၊ ငါ့ရဲ့ စုမိသားစုက တကယ်တော့ စီချွမ်မြို့ကပါ၊ ပြီးတော့ ငါက သူတို့ရဲ့ တတိယမြောက် သမီး၊ ငါ့မှာ ကျော်ကြားမှု သိပ်မရှိတာက ကံဆိုးသွားတယ်”

စုချင်းရွှယ်က ရဲ့လင်းချန်ကို ကြည့်ပြီး တောင်းပန်စကား ဆိုလိုက်သည်။

ရဲ့လင်းချန်က သူမကိုယ်စား ဝင်ပါပေးခဲ့ခြင်း ဖြစ်သော်လည်း နောက်ဆုံး၌ သူမသည် အကူအညီ ပြန်မပေးနိုင်ခဲ့ချေ။

“အစ်ကိုဟောင်၊ ကျုပ် ဒီကောင့်မျက်နှာကို ဝက်ခေါင်းဖြစ်အောင် ရိုက်နှက်ပစ်မယ်”

အစ်ကိုလီယိုက ပုံပျက်ပန်းပျက် မျက်နှာနှင့် ထရပ်ကာ ရဲ့လင်းချန်အား မုန်းတီးမှုအပြည့်နှင့် စိုက်ကြည့်နေသည်။

အခြားသူများသည် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလာပြီး ရဲ့လင်းချန်အား ခပ်မာမာ ပြန်ကြည့်လာ၏။ စုမိသားစုမှ လူတစ်ယောက်ဟု ကြားခဲ့စဉ်က သူတို့ ကြောက်လန့်လုနီးပါး ဖြစ်ခဲ့သည်။ သို့သော် သူမက သူတို့ စိုးရိမ်စရာ မလိုသည့် နောက်ခံအင်အား မရှိသော မိန်းကလေးတစ်ယောက်သာ ဖြစ်လိမ့်မည်ဟု ထင်မထား ခဲ့မိပေ။

အစ်ကိုဟောင်က ရဲ့လင်းချန်အား ငြိမ်၍ ကြည့်နေပြီးနောက် သရော်လိုက်သည်။

“ဟေ့ကောင်၊ မင်းက နယ်ခံတစ်ယောက်နဲ့ မတူဘူး၊ မင်း အခြား ဘယ်သူ့ကို သိသေးလဲ၊ ငါတို့ကို မင်း နာမည် ပြောစမ်း”

သူ ဘာကိုမှ မဆင်မခြင် မလုပ်ရဲပါ၊ အဘယ်ကြောင့်ဆိုသော် သူသည် လူကောင်းနှင့် လူဆိုးများ ရောနေသော နေရာ၌ ရှိနေခြင်းကြောင့်ပင်။ အကောင်ကြီးများထဲမှ တစ်ကောင်ကောင်ကို သူ မတော်တဆ ရန်လုပ်ခဲ့မိပါက ကပ်ဆိုက်ပေလိမ့်မည်။ ထို့ကြောင့် ဆုံးဖြတ်ချက် မချခင် တစ်ဖက်လူ၏ နောက်ခံကို နားလည်ခြင်းက အ‌ရေးအကြီးဆုံးပင်။

ရဲ့လင်းချန်သည် မျက်တောင်ခတ်နေပြီးနောက် ရုတ်တရက် တစ်စုံတစ်ယောက်ကို တွေးမိသွားသည်။

“ငါ လူများများစားစားတော့ မသိဘူး၊ ဒါပေမဲ့ ဒါက ရှီဟိုင်ဆိုတော့ ငါ ဖေးထျန်းကျွင်းကို သိတယ်ဆိုရင် အကျုံး ဝင်လား”

သူသည် နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်း၏ စမ်းသပ်မှု၌ ပါဝင်ရန် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် နတ်ဆေးဆရာဝိုင် နာမည်ဖြင့် ဤနေရာသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူ၏ မျက်စိရှေ့မှ ပြဿနာကို အကြမ်းနည်းသုံး၍ ဖြေရှင်းပါက ပြဿနာများစွာ တက်နိုင်ချေ များပေသည်။

“ဖေးထျန်းကျွင်းတဲ့လား၊ သူက ဘယ်သူလဲ”

“ငါတို့ ဒီမှာ အဲ့လိုလူမျိုး တစ်ခါမှ မကြားဖူးဘူး”

“ကြားကိုမကြားဖူးဘူး”

ဘတ်စ်ကားပေါ်မှ လူများအပါအဝင် လူမိုက်များပါ ခေါင်းခါယမ်းကြလေသည်။ ဤနေရာ၌ သွားရှုပ်၍ မရသည့်လူ ဖြစ်ကြောင်း သက်သေပြပြီးပါက လူတိုင်း သိကြပေသည်။ သို့သော် ဖေးထျန်းကျွင်း၏ အမည်အား ယခင်က သူတို့ မကြားဖူးချေ။

“ဒီကောင် ကြုံရာနာမည်တစ်ခုကို ထုတ်ပြောလိုက်တာတော့ မဟုတ်ဘူးမလား”

လူမိုက်တစ်ယောက်က ရယ်ချင်စိတ်ကို ထိန်းမရတော့ချေ။

“ဒီကောင်က စကားလုံး ကစားပွဲတွေကို ကြိုက်တာပဲ”

အစ်ဟိုကောင်သည်လည်း ပထမ၌ မှင်တက်သွားလေသည်။ သို့သော် ထိုနာမည်အား တစ်နေရာရာ၌ ကြားဖူးနေသလို ခံစားနေရသည်။ ယင်းက သူ မကြားရသည်မှာ ကြာနေသောအရာတစ်ခုကဲ့သို့ ဖြစ်နေသော်လည်း နာမည်ကြီး လူတစ်ယောက်၏ နာမည်ဖြစ်ဟန်တူသော ခံစားချက်မျိုး ရနေသည်။

“နေဦး”

အစ်ကိုဟောင်က သူတို့ကို အလျင်အမြန် တားလိုက်သည်။ ထိုအခိုက်တွင် သူ့အတွေးထဲ၌ လူတစ်ယောက်ကို မြင်လာပြီး သူ့မျက်နှာက အသည်းအသန် ပြောင်းလဲသွားသည်။

“မင်း အပြာရောင် ဝံပုလွေရဲ့ နည်းပြချုပ် ဖေးထျန်းကျွင်းကို ပြောနေတာလား”

သူ့စကားက လူတိုင်း၏ မျက်နှာအမူအရာကို‌ အေးခဲသွားစေပြီး ဘေးလူများအား တိတ်ဆိတ် ငြိမ်သက် သွားစေ၏။

လူအများစုက သူ့ကို မကြားဖူးကြပါ။ အဘယ်ကြောင့်ဆိုသော် လူသည် ရာထူးအလွန်ကြီးသော လူဖြစ်နေ သောကြောင့် ဖြစ်ပြီး သာမန်လူများက ထိုနာမည်ကို မသိနိုင်ကြချေ။ သို့သော် အပြာရောင် ဝံပုလွေ၏ နည်းပြချုပ်ဟူသည်ကား လူတိုင်း သိသော အမည်နာမပင်တည်း။ သူသည် စီချွမ်-တိဘက် ဒေသတွင်သာမက ရှီဟိုင် တစ်ခွင်လုံး၌ အာဏာရှိသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လေသည်။

၎င်းသည် ထူးချွန်သော စစ်သည်တော်များစွာ ပါဝင်သည့် အပြာရောင် ဝံပုလွေအဖွဲ့ ဖြစ်ပြီး အာဏာရှိသော မိသားစုများတောင်မှ သူတို့ကို မထိရဲပေ။ ယင်းကား လုပ်ပိုင်ခွင့် အာဏာ အမြင့်ဆုံးဖြစ်ကြောင်း ပြသနေ ပေသည်။

ကြေးစားလူမိုက်အဖွဲ့သည် ဥပဒေနှင့် မကင်းလွတ်သော လမ်းကြောင်းကို လျှောက်နေကြပြီး အများပြည်သူ အမြင်၌ မသင့်တော်ချေ။ သူတို့အတွက် စစ်သည်တော်များက ကြောက်စရာ ဖြစ်ပြီး အပြာရောင် ဝံပုလွေမှ စစ်သည်တော်များကို ပို၍ ကြောက်ရွံ့ကြသည်။

ယင်းကား ကျောင်းသား လူမိုက်များက ရဲ သို့မဟုတ် ရဲမူး၏ နာမည်ကို ကြားလိုက်ရသည်နှင့် အတူတူပင်။

“မင်းက နည်းပြဖေးကို သိတာလား”

အစ်ကိုဟောင် ကြက်သေ သေသွားပြီး ရဲ့လင်းချန်အား မယုံနိုင်စွာ ကြည့်နေသည်။

“မဖြစ်နိုင်ဘူး၊ အစ်ကိုဟောင် ခင်ဗျား ဒီကောင် ပြောတာကို ယုံလို့ မဖြစ်ဘူး၊ သူ မဟုတ်တမ်းတရားတွေ ပြောနေတယ်ဆိုတာ အသိသာကြီးပဲ”

“သူက လျှောက်ပြောနေတာ၊ နည်းပြဖေးက ဘယ်လိုပုံစံလဲဆိုတာကိုတောင် သူ သိမယ် မထင်ဘူး”

“ဟုတ်တယ်၊ ကျွန်တော်တို့ထဲက ဘယ်သူမှ နည်းပြဖေးကို မမြင်ဖူးတာ သူ့လို အပြင်လူက ဘယ်လိုလုပ် မြင်ဖူးမှာလဲ”

လူတိုင်း မယုံသင်္ကာ ဖြစ်နေကြသည်။ အစ်ကိုဟောင်သည်လည်း မယုံကြည်ပါ။ ဖေးထျန်းကျွင်း၏ အဆင့်အတန်းက မြင့်လွန်း၍ သာမန်လူတိုင်း သူ့ကို မသိနိုင်ပါ။ စီချွမ်-တိဘက် ဒေသတစ်ခုလုံး၌ ဖေးထျန်းကျွင်းနှင့် စကားပြောဆိုဖူးသည့်လူက တစ်ရာပင် မကျော်ချေ။

ဖေးထျန်းကျွင်းက ဘယ်သူလဲ ဆိုသည်ကို သိသည့် လူတစ်ယောက်နှင့် သူတို့ ကြုံနေလေသလား။ ဖြစ်နိုင်ချေက ထီငါးသန်း ပေါက်နိုင်ချေထက်ပင် နည်းပေသည်။

အထူးသဖြင့် သည်လူက ထူးဆန်းနေသည်။ သို့သော် သူ၏ အသံအရ သူသည် ငယ်သေးပုံပေါက်နေပြီး လေလုံးထွားနေခြင်းက ဖြစ်နိုင်ချေ ပိုများသည်။

“နင် ဖေးထျန်းကျွင်းကို သိတာလား”

စုချင်းရွှယ်က ရဲ့လင်းချန်အား တအံ့တဩ ကြည့်ကာ ယုံတစ်ဝက်၊ မယုံတစ်ဝက် ဖြစ်နေ၏။

ရဲ့လင်းချန်သည် ဘာမှမပြောဘဲ ဖုန်းကိုထုတ်၍ ဆက်လိုက်သည်။ ထို့နောက် သူသည် ဖုန်းတစ်ဖက်မှ လူနှင့် လိုရင်းတိုရှင်း ပြောလေသည်။

“ကျစ် … ဟန်ဆောင်နေလိုက်စမ်းပါ၊ မင်းက ဘယ်လိုလုပ် ဖေးထျန်းကျွင်းကို ကောင်းကောင်း သိနိုင်မှာလဲ”

အစ်ကိုဟောင် ခနဲ့လိုက်သည်။ ရဲ့လင်းချန် လေကျယ်နေခြင်းသာ ဖြစ်သည်ဟု သူ ထင်နေ၏။

သို့သော် တစ်ခဏ အကြာ၌ သူ့ဖုန်းက မြည်လာသည်။

ဖုန်းကိုထုတ်၍ ဖုန်းခေါ်သူကို ကြည့်လိုက်ပြီးနောက် သူ့မျက်နှာက ချက်ချင်း ဖြူရော်သွားသည်။ တစ်ခဏအတွင်းမှာပင် သူ့နဖူးမှ ချွေးစေးများ စီးကျလာ၏။ ဖုန်းခေါ်သူကား သူ၏ဘော့စ်မှလွဲ၍ အခြားသူ မရှိနိုင်တော့ပေ။

အတိအကျ ပြောရလျင် သူ့ဘော့စ်၏ ဘော့စ်၏ နောက်ကွယ်မှ ဘော့စ်ပင်။

သူသည် စီချွမ်-တိဘက် နယ်စပ်ကြား၌ နာမည်လေးတစ်ခု ရခဲ့ခြင်းသာ ဖြစ်ပြီး တကယ့် အကောင်ကြီး ဖြစ်ရန် အလှမ်းဝေးလွန်းပေသည်။ သူသည် ထိုပုဂ္ဂိုလ်ကြီးများ တစ်ခါမှ သတိမထားမိသော လက်ပါးစေ တစ်ကောင်သာ ဖြစ်သည်။

အဘယ်ကြောင် သူတို့က သူ့ကို ရုတ်တရက် ဖုန်းခေါ်လာရသနည်း။

အစ်ကိုဟောင်သည် ဖုန်းကိုင်လိုက်ပြီး ဖုန်းအား တုန်တုန်ယင်ယင်နှင့် နားနားကပ်၍ ရိုကျိုးစွာ ဖြေလိုက်သည်။

“မင်းက အစ်ကိုဟောင်လား၊ မင်း သခင်လေးရဲ့ကို ရန်စခဲ့သလား”

“သခင်လေးရဲ့ ကျေနပ်တဲ့အထိ တောင်းပန်စမ်း”

ဖုန်းကိုင်ပြီးနောက် အစ်ကိုဟောင်သည် ချွေးစေးများနှင့် ရွှဲနစ်နေပြီး နှုတ်ခမ်းများ ဖြူလာသည်။

သူသည် ချွေးစေးများကို သုတ်လိုက်ပြီးနောက် ရဲ့လင်းချန်အား တအံ့တဩ ကြည့်ကာ အလွန် ရိုသေသော အသံဖြင့် ပြောလိုက်သည်။

“ကျွန်တော် တောင်းပန်ပါတယ် … သခင်လေးရဲ့၊ ကျွန်တော် ကျွန်တော် သူ့ကို ကောင်းကောင်း မသင်ခဲ့မိဘူး …”

“အစ်ကိုဟောင် ဘာတွေ ဖြစ်နေတာလဲ၊ ဒီကောင်က အဲ့လို …”

အစ်ကိုလီယိုက ရဲ့လင်းချန်ကို လက်ညှိုးထိုးသည်။ သူ၏ ပေါ့ပြက်ပြက် အပြုအမူက အစ်ကိုဟောင်အား ချက်ချင်း ကျောချမ်းသွားစေသည်။ သူသည် ရုတ်တရက် နောက်လှည့်ကာ အစ်ကိုလီယိုအား ဖြတ်ရိုက်လိုက်သည်။

“သခင်လေးရဲ့က မင်း လက်ညှိုးထိုးလို့ရတဲ့သူလို့ ထင်နေလား”

အစ်ကိုဟောင်သည် ပျက်ယွင်းနေသော မျက်နှာအမူအရာနှင့် မာန်မဲလိုက်သည်။ သူသည် ရက်စက်သော လူတစ်ယောက် ဖြစ်သဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။

“အစ်ကိုလီယိုရဲ့ လက်ညှိုးကို ဖြတ်လိုက်”

အစ်ကိုလီယို အံ့ဩသွားသည်။ လူမိုက်များလည်း အံ့ဩကုန်သည်။

စုချင်းရွှယ်သည်လည်း အံ့အားသင့်နေ၏။ ဘတ်စ်ကားပေါ်မှ လူများ ကြက်သေ သေနေကြသည်။

“ငါ ပြောတာကို မကြားဘူးလား”

အစ်ကိုဟောင်၏အသံက ပြာအက်လာသည်။

ထိုအခါတွင်မှ လူတိုင်း တုံ့ပြန်လာသည်။ သူတို့၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး ယခုမှ သူတို့ ဘယ်လောက် ပြဿနာ တက်နေပြီလဲ ဆိုသည်ကို သတိပြုမိသွားကြသည်။

လူမိုက်တစ်ယောက်သည် သူ့ခါးမှ ဓားမြောင်တစ်လက်ကို ထုတ်ကာ အစ်ကိုလီယိုနားသို့ ဘာမှ မပြောဘဲ လျှောက်သွားသည်။

“ဒုန်း”

အစ်ကိုဟောင်က ချက်ချင်း ရဲ့လင်းချန်ရှေ့၌ ဒူးထောက်လေသည်။ အခြား လူမိုက်များအားလုံးသည်လည်း သူတို့လက်ထဲမှ ဘေ့စ်ဘောတုတ်ကို ချ၍ မြေကြီးပေါ် ဒူးထောက်ကာ အသက် ပြင်းပြင်းရှူရမည်ကိုပင် ကြောက်နေကြသည်။

“သခင်လေးရဲ့၊ ကျွန်တော်တို့လို နိမ့်ကျတဲ့သူတွေကို ဗွေမယူပါနဲ့၊ ကျွန်တော် အစ်ကိုလီယိုကို အပြစ်ပေးပြီးပါပြီ၊ ကျွန်တော်တို့ကို ချမ်းသာပေးပါ”

အစ်ကိုဟောင်က ရိုကျိုးစွာ ခေါင်းငုံ့၍ တောင်းပန်လေသည်။

“အလီ၊ မင်း လက်ဝှေ့သမားတွေရဲ့ စည်းကမ်းအတိုင်း ကြိုက်သလိုလုပ်”

ရဲ့လင်းချန်က အလီကို ကြည့်လိုက်သည်။

“လက်ဝှေ့စည်းကမ်းတွေအရ၊ သူ ငါ့ဆီက အထိုးခံမှ ဒီကိစ္စကို ကြေအေးပေးနိုင်မယ်”

အလီက ပြုံး၍ ရှေ့သို့ တက်သွားသည်။ လူတိုင်း မြေကြီးပေါ် ဒူးထောက်ကာ လမ်းဖယ်ပေးကြသည်။

အလီ၏ လက်သီးသည် အစ်ကိုလီယို၏ ဝမ်းဗိုက်တစ်ဝက်နီးပါး အရွယ်အစား ရှိသည်။ လက်သီး တစ်ချက်ကပင် အစ်ကိုလီယိုအား မြက်ပင်အလား လွင့်သွားစေပြီး အနည်းဆုံး နံရိုးတစ်ဝက်မှ ကျိုးသွားစေသည်။

အစ်ကိုလီယိုသည် မြေကြီးပေါ်သို့ ပုံပျက်ပန်းပျက် ပြုတ်ကျလာပြီး အော်ပင် မအော်နိုင်ချေ။

အစ်ကိုဟောင်နှင့် အခြားသူများ တုန်လှုပ်သွားသော်လည်း ခိုးမကြည့်ရဲပေ။

“တော်လောက်ပြီ၊ သွားကြမယ်”

ရဲ့လင်းချန်က အေးအေးလူလူ ပြော၍ နောက်လှည့်ကာ ဘတ်စ်ကားပေါ် ပြန်တက်လိုက်သည်။ သူ့အတွက် ဤကိစ္စတွင် ဝင်ပါစရာ မလိုတော့ချေ။ စစ်သည်တော်ဌာနက အစ်ကိုဟောင်ကဲ့သို့သော လူမျိုးကို လာရှင်း လိမ့်မည်ဟု သူ ယုံကြည်နေသည်။

All Chapters