နတ်ဆိုးသူတော်စင်သည် ပါးနပ်သူတစ်ဦး ဖြစ်သည်
Vol. 40 Ch. 587
ထွင်ထျန်းဟာ ထိုသို့ပြောလိုက်ရာ အခြားနယ်မြေသုံးခုမှ သံတမန်များနှင့် တစ်ဖက်မှ အကြီးအကဲဝမ် တို့က ထိတ်လန့်သွားကြသည်။
ဝိညာဥျသားရဲ...
သူတို့က ဤအချက်ကို အမှန်ပင် လျစ်လျူရှုခဲ့ကြသည် ။
"ဤထူးဆန်းသော အမွေးစိမ်းခွေးက တကယ်ပဲ ဝိညာဥ်သားရဲလား"
သံတမန်သုံးယောက်က ယုံရခက်ခက် ဖြစ်နေသည်။
တာအိုကျင့်ကြံသူ စုန်းနတ်ဆိုး နှင့် ကြေးလိပ်တို့က ဤခွေးကို ခံစားသိရှိနိုင်ရန် အတွက် ၎င်းတို့၏ အာရုံများကို အသုံးပြုလိုက်သောအခါ ခွေးတွင်ရှိသည့် ဝိညာဉ်စွမ်းအင်က အလွန် ကြောက်စရာ ကောင်းသည်ကို သိလိုက်ရသည်။
ဤနှစ်များအတွင်း စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ အများအပြားသည် နတ်ဆိုးလောကထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည်။
၎င်းတို့၏ စွမ်းအားက နတ်ဆိုးဘုရင်များနှင့် တန်းတူဖြစ်သည်။
သို့သော် ၎င်းတို့တွင် ဤခွေးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန့်စင်သော ဝိညာဉ်စွမ်းအင်များ ရှိမနေပေ။
ပို၍ ကြောက်စရာကောင်းသည်မှာ ခန္ဓာကိုယ်တစ်ဝိုက် ရစ်ပတ်နေသည့် ရွှေရောင်အလင်းတန်းပင်။
ဤရွှေရောင်ဒိုင်းကာက ဘယ်ကလာပါသနည်း။
အမွေးစိမ်းခွေးက ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်ပါသလော။
စင်စစ် သူတော်စင်ခန္ဓာကိုယ်တွင်သာ ဤကဲ့သို့ စွမ်းအားမျိုး ရှိသည်။
"ဒီခွေးက ဘယ်သူများလဲ"
တာအိုကျင့်ကြံသူ စုန်းနတ်ဆိုး နှင့် ကြေးလိပ်တို့က ဤမြင်ကွင်းကို ကြောက်ရွံ့ခဲ့ကြသည်။
သို့သော်လည်း ဤအရာသည် အဓိကပြဿနာ မဟုတ်ကြောင်း လျင်မြန်စွာ သိရှိသွားကြသည်။
အဓိက ပြဿနာမှာ နတ်ဆိုးသူတော်စင်၏ ကန့်သတ်ပြစ်ဒဏ် ဖြစ်သည်။
တာအိုကျင့်ကြံသူ မြင်းမျက်နှာက အစောပိုင်းတွင် စကားပြောနိုင်ဆဲ ဖြစ်သော်လည်း စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် မျက်နှာတစ်ခုလုံး ပုံသဏ္ဍာန် ပျက်စီးသွားပြီး ပါးစပ်ကိုပင် မဖွင့်နိုင်တော့ပေ။
နတ်ဆိုးသူတော်စင်က အခြားသူများအပေါ် ဖိအားများကို ရုပ်သိမ်းခဲ့ပြီး စည်းကမ်းဖောက်ဖျက်သူကိုသာ အပြစ်ပေးခဲ့သော်လည်း တာအိုကျင့်ကြံသူ စုန်းနတ်ဆိုး နှင့် ကြေးလိပ်တို့က လေထဲတွင် ကြီးကျယ်ခမ်းနားသော တန်ခိုးအာဏာ အရှိန်အဟုန်ကို ခံစားရဆဲ ဖြစ်သည်။
ယင်းမှာ အရာအားလုံးကို သုတ်သင်ရှင်းလင်းသွား သကဲ့သို့ မြင်ကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားသည့် အဆုံးမရှိ ဝိညာဉ်ရေး ဖိနှိပ်မှုတစ်ခု ဖြစ်သည်။
တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် ကြေးလိပ်တို့က ကူကယ်ရာမဲ့စွာ တုန်လှုပ်သွားကြသည်။
ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော တာအိုကျင့်ကြံသူ မြင်းမျက်နှာ၏ မျက်နှာက အကူအညီတောင်းရန် ငိုကြွေးနေသကဲ့သို့ မျက်လုံးထဲတွင် စိတ်ပျက် အားငယ်နေသည်ကို သူတို့ တွေ့မြင်နိုင်ခဲ့သည်။
"အရှင် နတ်ဆိုးသူတော်စင် ကျေးဇူးပြုပြီး စိတ်လျှော့ပါ.. မြင်းမျက်နှာက ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးရဲ့ စည်းကမ်းကို ရည်ရွယ်ချက်ရှိရှိ ချိုးဖျက်ခဲ့တာ မဟုတ်တဲ့အတွက် သေဒဏ်နဲ့ မထိုက်တန်ပါဘူး"
တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးက နတ်ဆိုးသူတော်စင်ဆီ အသနားခံလိုက်သည်။
"တကယ်တော့ ဒီနိုင်ငံခြားခွေးရဲ့ အပြစ်ပဲ. အရှင်နတ်ဆိုးသူတော်စင် ကျေးဇူးပြုပြီး ပြန်စဉ်းစားတော့မူပါ"
နံဘေးရှိ ကြေးလိပ်ကလည်း တောင်းဆိုလိုက်သည်။
ရုတ်တရက်ဆိုသလိုပင် နတ်ဆိုးသူတော်စင်၏ အသံသည် အမည်မသိ ဦးတည်ရာတစ်ခုမှ ဆင်းသက်လာပြီး လေထဲတွင် တဝဲလည်လည် ပျံ့လွင့်ကာ ၎င်းတို့ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
"မနာခံသူ သေသင့်တယ်"
တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးက တုန်လှုပ်သွားသည်။
သူ၏ ပြင်းထန်သော အကြောက်တရားကို ဆုပ်ကိုင်ထားရင်း သက်ညှာမှုပေးရန် ဆက်လက် တောင်းဆိုခဲ့သည်။
"ဒီပြစ်ဒဏ်အတွက် အခြားရွေးချယ်စရာ ရှိပါသလား အရှင်"
"ရှိတယ်"
နတ်ဆိုးသူတော်စင်၏ အသံက သူတို့ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံ၍ နောက်တစ်ကြိမ်ထပ်ပြီး ထွက်ပေါ်လာသည်။
"မင်းတို့ နှစ်ယောက် သူ့အစား သေပေးမယ်ဆိုရင်ပေါ့"
ထိုစကားကိုကြားလျှင် တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် ကြေးလိပ်တို့က ချက်ချင်း နောက်ပြန်ဆုတ်သွားပြီး လက်နှစ်ဖက်ဖြင့် ကောင်းကင်ကို ဦးညွတ်လိုက်သည်။
"အရှင်နတ်ဆိုးသူတော်စင်.. ကျေးဇူးပြုပြီး မြင်းမျက်နှာ ဆိုတဲ့ ရာဇဝတ်သားကို တစ်ချက်တည်း သတ်လိုက်ပါ"
တာအိုကျင့်ကြံသူ မြင်းမျက်နှာ "???"
ထိုသို့ ပြောပြီးနောက်တွင် ကြမ်းပြင်ပေါ်တွင် လုံးဝ ပုံပျက်ပန်းပျက် လဲကျနေသော တာအိုကျင့်ကြံသူ မြင်းမျက်နှာ၏ ကိုယ်ပေါ်သို့ မမြင်နိုင်သည့် ခမ်းနားသော စွမ်းအားများ တိုက်ရိုက် ကျဆင်းသွားခဲ့သည်။
သူ့တစ်ကိုယ်လုံး လုံးလုံးလျားလျား တွန့်လိမ်သွားကာ ချက်ချင်းဆိုသလိုပင် နတ်ဆိုးသဲများ အဖြစ်သို့ ပြောင်းလဲသွားသည်။
နတ်ဆိုးသဲသည် နတ်ဆိုးအလောင်းကို မီးရှို့ပြီးမှသာ ဖြစ်ပေါ်လာသည့် အရိုးပြာကဲ့သို့ အရာဝတ္ထု ဖြစ်သည်။
နတ်ဆိုးသူတော်စင်၏ ကန့်သတ်ပြစ်ဒဏ်ကြောင့် နတ်ဆိုးဘုရင်နှင့် တန်းတူ အင်အားရှိသော နယ်မြေသံတမန် တစ်ဦးသည် ခန္ဓာကိုယ်ပင် မကျန်ရှိတော့ဘဲ သဲအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့သည်။
၎င်း၏ အစိတ်အပိုင်း အားလုံး ပျက်သုဉ်းသွားလိမ့်မည်ဟု မည်သူက စိတ်ကူးမိပါမည်နည်း။
ထွင်ထျန်းဟာ အပါအဝင် ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးရှိ ဤမြင်ကွင်းကို မြင်သူတိုင်းက အလွန် ထိတ်လန့်သွားသည်။
နတ်ဆိုးသူတော်စင်၏ ကန့်သတ်ပြစ်ဒဏ်က မည်သို့မည်ပုံဖြစ်သည်ကို ယခင်က မည်သူမျှ မမြင်ဖူးပေ။
အခုတော့ ကြုံတွေ့ဖူးသွားပြီ ဖြစ်၏။
ဤသည်မှာ သူတို့ လုံးဝ မခုခံနိုင်သော စွမ်းအား ဖြစ်သည်။
….................
တာအိုကျင့်ကြံသူ စုန်းနတ်ဆိုး နှင့် ကြေးလိပ်တို့က ဤအခြေအနေကို မမျှော်လင့်ထားပေ။
နတ်ဆိုးသူတော်စင်၏ ကန့်သတ်ပြစ်ဒဏ်က ပြင်းထန်လွန်းနေသည်။
အကယ်၍ ၎င်းတို့က နတ်ဆိုးသူတော်စင်၏ အလိုကို မလိုက်နာခဲ့လျှင် တာအိုကျင့်ကြံသူ မြင်းမျက်နှာ ကဲ့သို့ပင် ပြီးဆုံးသွားပေလိမ့်မည်။
သို့သော် သူတို့ အကြောက်ဆုံးအရာမှာ ပြတ်သားပြီး သွေးအေးသော နတ်ဆိုးသူတော်စင်၏ စိတ်ဓာတ် ဖြစ်သည်။
ဤသည်က နတ်ဆိုးလောက၏ အကြွင်းမဲ့ အာဏာရှင်ထံမှ ခွန်အား ဖြစ်သည်။
မည်သူ့ကိုမှ သူ့ဆန္ဒကို ဆန့်ကျင်ရန် ခွင့်ပြုမည်မဟုတ်ပေ။
နယ်မြေသံတမန် တစ်ဦး ဖြစ်နေပါစေ၊ ဤကန့်သတ်ချက်ကို မကျော်လွှားနိုင်ပေ။
တာအိုကျင့်ကြံသူ မြင်းမျက်နှာက စိတ်မချမ်းမြေ့ဖွယ်ရာကောင်းသော သေခြင်းမျိုးဖြင့် သေဆုံးသွားခဲ့သည်။
ထွင်ထျန်းဟာက နတ်ဆိုးသဲကို စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။
နတ်ဆိုးလောက၏ ကျေးကျွန်တစ်ဦး အနေဖြင့် တာအိုကျင့်ကြံသူ မြင်းမျက်နှာ၏ တစ်သက်တာလုံး ကြိုးပမ်းခဲ့သမျှသည် အချည်းနှီး ဖြစ်ရပေတော့မည်။
ဤကဲ့သို့ သေရခြင်းသည် ဆိုးရွားသောအဆုံးသတ် မဟုတ်သေးပေ။
အနည်းဆုံး သူ့နာမည်က နတ်ဆိုးကမ္ဘာ၏ သမိုင်းတွင် နာမည်ဆိုးဖြင့် ကျန်ရစ်ပေလိမ့်မည်။
တစ်လ သို့မဟုတ် နှစ်လအတွင်း တာအိုကျင့်ကြံသူ မြင်းမျက်နှာ၏ ပုံတူကို နတ်ဆိုးကမ္ဘာ၏ သမိုင်းဝင်စာအုပ်များတွင် ပုံနှိပ်ထုတ်ဝေလိမ့်မည် ဖြစ်သည်။
ဟုတ်ပါသည်။ နတ်ဆိုးကမ္ဘာသမိုင်းတွင် ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံး၌ နတ်ဆိုးသူတော်စင်၏ ကန့်သတ်စည်းမျဥ်းကို သိလျက်နှင့် ဖောက်ဖျက်သော ငမိုက်သား ဟူသောခေါင်းစဥ်နှင့် တွဲ၍ဖြစ်သည်။
"စုန်းနတ်ဆိုး နဲ့ ကြေးလိပ်.. ငါတို့ ဒီနေ့ ဒီမှာပဲ ရပ်လိုက်ရင် ဘယ်လိုလဲ.. မင်းတို့နှစ်ယောက်က တာအိုကျင့်ကြံသူ မြင်းမျက်နှာရဲ့ နတ်ဆိုးသဲကို အရင် ပြန်ယူသွားသင့်တယ်.. အခု နတ်ဆိုးသဲက ပူပူနွေးနွေး ရှိနေတုန်းပဲ.. အေးသွားတဲ့အထိ စောင့်ရင် မကောင်းဘူးနော်"
ထွင်ထျန်းဟာက အကြီးအကဲဝမ်၏ "ကြင်နာသောသတိပေးချက်"ကြောင့် ရှက်စိတ်ဖြင့် မျက်နှာ နီရဲသွားသည်။
သူယခင်က အမြဲလိုလို သနားညှာတာမှု ကင်းမဲ့ခဲ့သည် မဟုတ်လော။
အကြီးအကဲဝမ် စကားကြောင့် တာအိုကျင့်ကြံသူ စုန်းနတ်ဆိုး နှင့် ကြေးလိပ်တို့က ဒေါသဖြစ်ခဲ့သော်လည်း ထိုစကားက မှန်ကန်သောစကား ဖြစ်မှန်းသိသည်။
သူတို့အနေဖြင့် နတ်ဆိုးသဲကို ကောင်စစ်ဝန်ရုံး၌ ချန်ရစ်ထား၍ မရပေ။
သူတို့က အရေးကြီးသော ဗိုလ်ချုပ်တစ်ဦးကို ဆုံးရှုံးခဲ့ရသည်။
ယခင် သုံးယောက်တစ်ယောက် အခြေအနေတွင် သူတို့သည် အကြီးအကဲဝမ်ကို ဖမ်းမိနိုင်မည်ဟု အမှန်တကယ် ယုံကြည်ခဲ့ကြသည်။
သို့သော် ဤအမွေးစိမ်းခွေးက အကြီးအကဲဝမ်ဘက်က ပေါ်လာမည်ဟု မည်သူ သိနိုင်ပါမည်နည်း။
ထို့အပြင် မြင်းမျက်နှာက နတ်ဆိုးသူတော်စင်၏ ကန့်သတ်ချက်ကြောင့် သေဆုံးခဲ့ရသည့် အတွက် အခြေအနေက ပိုမိုရှုပ်ထွေးလာခဲ့သည်။
ယခုထိ သူတို့က နတ်ဆိုးသူတော်စင်၏ ဖိအားကို မမေ့နိုင်ကြသေးပေ။
ဖြစ်နိုင်ရင် သူတို့က အခြေအနေကို စောင့်ကြည့်ချင်သေးသည်။
ကန့်သတ်ချုပ်ချယ်မှုများ အမှန်တကယ်ရှိသဖြင့် ငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံး၌ တိုက်ပွဲစတင်ရန် နည်းလမ်းမရှိပေ။
ထိုအချိန်တွင် တာအိုကျင့်ကြံသူ ကြေးလိပ်က ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိလိုက်သည်။
ယင်းမှာ နတ်ဆိုးသူတော်စင် မှတဆင့် ဤအမွေးစိမ်းခွေးကို သုတ်သင်ခိုင်းရန် ဖြစ်သည်။
ထိုအတွေးဖြင့် သူက ကောင်းကင်ကို မျှော်ကြည့်ကာ "အရှင်နတ်ဆိုးသူတော်စင်.. အရှင် ဒီမှာရှိနေသေးလား.. အရှေ့ဘက်နယ်မြေက ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စုက ဝိညာဉ်သားရဲနဲ့ ပူးပေါင်းနေတယ်.. ကျနော်မျိုးတို့က တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို ဆောင်ကျဥ်းဖို့ ဒီကို လာခဲ့တာပါ.. ရန်ပွဲစဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး.. အရှင်နတ်ဆိုးသူတော်စင်.. ဒီနိုင်ငံခြားက ဝိညာဉ်ခွေးကို မောင်းထုတ်ပေးပါ"
ထွင်ထျန်းဟာ နှင့် အကြီးအကဲဝမ်၏ ပါးစပ်ထောင့်များ တုန်လှုပ်သွားသည် ။
"တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို ဆောင်ကျဥ်းဖို့ လာခဲ့ကြတာလား"
{ဒီကောင်တွေကတော့ မုန်လာဥလုပ်နေပြန်ပြီ}
ကြေးလိပ်၏ စကားဆုံးသည်နှင့် နတ်ဆိုးသူတော်စင်၏ အသံက ထွက်ပေါ်လာသည်။
“ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ကိုယ်တိုင်ဖြေရှင်းပါ"
နှစ်မိနစ်လောက် အကြာတွင် နောက်ထပ်စကားသံက ထပ်ပြီးထွက်ပေါ်လာသည်။
"ဒါက ငါ့ရဲ့ကိစ္စမဟုတ်ဘူး"
ထွင်ထျန်းဟာ နှင့် အကြီးအကဲဝမ်တို့ နှစ်ယောက်စလုံးက အံ့အားသင့်သွားသည်။
ဤ နတ်ဆိုးသူတော်စင်သည် လိမ္မာပါးနပ်သူ ဖြစ်သည်။
အပိုင်း(၅၈၇) ပြီး၏