ငါက မဟာဘုရင်ကြီးရဲ့..
Vol. 40 Ch. 589
ဝမ်လင်းက နတ်ဆိုးသူတော်စင် ယခုလောက်ထိ ထိတ်လန့်တကြား ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း အလွန်ကျေနပ်နေခဲ့သည်။
အနည်းဆုံးတော့ ဤကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်ဖို့ မလိုတော့ပေ။
သူက နတ်ဆိုးလောက အရှုပ်အထွေးများ၌ မပါချင်ပေ။
လူသားများသည် ဤနှစ်များ တစ်လျှောက်လုံးတွင် နတ်ဆိုးကမ္ဘာကို လေ့လာခဲ့ပြီး သူတော်စင်ကျောက်တိုင် နှင့် နတ်ဆိုးသူတော်စင်နှင့် ပတ်သက်သည့် အချက်အလက်များကို ဖော်ထုတ်ရန် ကြိုးစားခဲ့သော်လည်း အချက်အလက် အများအပြား မရရှိခဲ့ပေ။
ဝမ်လင်းက နတ်ဆိုးလောက အကြောင်းကို ဟွာရှို့အစိုးရံထံ ပြန်လည် ဖောက်သည်ချခြင်းမျိုး ကဲ့သို့ မပြုလုပ်လိုချေ။
ယခင်က အင်မော်တယ် ကျန်းရွမ်ထံမှ ခွဲထွက်ခဲ့သော အတွင်းစိတ်ဝိညာဉ်ဆိုးကြောင့် ကမ္ဘာခြားဂိတ်တံခါးက လူ့လောကကြီး ထဲသို့ အကြိမ်ပေါင်းများစွာ အထိန်းအကွပ်မဲ့ ဆင်းသက်လာပြီး ကမ္ဘာနှစ်ရပ်အကြား နားလည်မှုလွဲမှားကာ စစ်ပွဲများ ဖြစ်ပွားခဲ့သည်။
သို့သော် နတ်ဆိုးသူတော်စင်ကို တွေ့ပြီးနောက်တွင် ဤနတ်ဆိုးလောက၏ ခေါင်းဆောင်က လူသားများ ဖော်ပြသလို ရက်စက်ကြမ်းကြုတ်သည့်ပုံ မပေါ်ကြောင်း ဝမ်လင်း ရုတ်တရက် သဘောပေါက်လာသည်။
ထိုအစား အတိအကျပင် ဆန့်ကျင်ဘက် ဖြစ်နေ၏။
ဤသူက စည်းမျဥ်းများကို လိုက်နာသူဖြစ်ပြီး စည်းမျဥ်းကို ချိုးဖောက်ခဲ့သည့် နတ်ဆိုးကမ္ဘာ၏ နယ်မြေသံတမန်တစ်ဦးကိုပင် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် မပေးခဲ့ပေ။
ရှင်းလင်းစွာပြောရလျှင် ဤနတ်ဆိုးသူတော်စင်သည်ကိုယ်ရေးကိုယ်တာနှင့် အများသူဌာကိစ္စကို ကောင်းစွာနားလည်သူ ဖြစ်သည်ဟု ဝမ်လင်း ခံစားရသည်။
နတ်ဆိုးသူတော်စင်က တာအိုကျင့်ကြံသူ ကြေးလိပ်၏ တောင်းဆိုမှုကို ငြင်းဆိုလိုက်ပြီးနောက်တွင် အစောပိုင်းက သူ့အပေါ် တွယ်ကပ်နေသော ဖိအားများက ပျောက်ကွယ်သွားသဖြင့် ခန္ဓာကိုယ် ပေါ့ပါးသွားသလို ခံစားရသည်။
အစောပိုင်းက မဟာဘုရင်ကြီး ကိုယ်တိုင် အမှန်တကယ်ကြွလာပုံရသည်။
"မဟာဘုရင်ကြီးက မင်းရဲ့လုပ်ရပ်ကို ကျေနပ်သွားတယ်.. မင်းအနေနဲ့ ဝင်မစွက်ဖက်သရွေ့ အဆင်ပြေတယ်"
ဝမ်လင်း၏ အတွေးများကို ပြောပြနေသည့် သခင်မာ၏ အသံက ရွှေရောင်တိမ်တိုက်ကနေ ထွက်ပေါ်လာပြန်သည်။
နတ်ဆိုးသူတော်စင် ဝင်မစွက်ဖက်သရွေ့ ဝမ်လင်းက တခြားဘာကိုမှ စိတ်မ၀င်စားပေ။
အကြောင်းရင်းမှာ နတ်ဆိုးသူတော်စင်က အစွမ်းထက်လွန်းသောကြောင့် ဖြစ်ပြီး ၎င်း၏ ကန့်သတ်စွမ်းအားသာ ထွင်ထျန်းဟာ ပေါ်သို့ ကျရောက်ခဲ့လျှင် အကာအရံ ရွှေရောင်အလင်းတန်းက ပတ်ဝန်းကျင်တွင် ဝမ်လင်း မရှိဘဲ အချိန်အကြာကြီး ထိန်းထားနိုင်မည် မဟုတ်ပေ။
ယခုမူ နတ်ဆိုးသူတော်စင်က အလွန်ပညာရှိစွာ လုပ်ဆောင်ခဲ့သောကြောင့် ဝမ်လင်းက အနှောင့်အယှက် မပေးချင်တော့ပေ။
"ကျန်တာကိုတော့ ထွင်ထျန်းဟာ သူ့ဘာသာသူ ကိုင်တွယ်ပါစေတော့"
ဝမ်လင်းက ထွင်ထျန်းဟာ၏ မိသားစု ပြဿနာကို အတင်းအကျပ် ဝင်မစွက်ဖက်လိုခဲ့ပေ။
စက်ဆုပ်ရွံရှာဖွယ် နတ်ဆိုးနတ်ဘုရားများကို အပြစ်ပေးရန်အတွက် နတ်ဆိုးသူတော်စင်ကို မတောင်းဆိုခဲ့ချေ။
အစကတည်းကပင် ထွင်ထျန်းဟာသည် အရာအားလုံးကို ကိုယ်တိုင် အဆုံးသတ်ရန် ရည်ရွယ်ချက်ဖြင့် နတ်ဆိုးကမ္ဘာသို့ ပြန်လာခဲ့ခြင်း မဟုတ်ပါလော။
အစရှိလျှင် အဆုံးရှိ၏။
ထွင်ထျန်းဟာက သူ့ဘာသာ မဖြေရှင်းခဲ့လျှင် သူ၏ ခွေးအစာများကို ဘယ်တော့မှ အရသာခံနိုင်မည် မဟုတ်တော့ပေ။
အခြားတစ်ဖက်တွင် နတ်ဆိုးသူတော်စင် ရေသူထီးသည် လေထဲမှ ရွှေရောင်တိမ်တိုက်ကို လှမ်းကြည့်လိုက်သည်။
"စီနီယာ ရွှေတိမ်တိုက်.. မင်းက ကောင်းကင်သူတော်စင်လား"
ဝမ်လင်း၏ အထောက်အထားနှင့် ပတ်သက်၍ မေးမြန်းရာတွင် အစောပိုင်းက တုံ့ပြန်မှု မရရှိခဲ့သောကြောင့် သူက ခြေတစ်လှမ်း နောက်ဆုတ်ကာ ရွှေတိမ်တိုက်၏ ဖြစ်တည်မှုကို မေးမြန်းခဲ့သည်။
တကယ်တမ်း နတ်ဆိုးသူတော်စင် ကိုယ်တိုင်ပင် ဤကမ္ဘာကြီး၌ စီနီယာ ရွှေတိမ်တိုက်လို ကြောက်မက်ဖွယ် တည်ရှိမှုမျိုး ရှိမည်ဟု မထင်ခဲ့မိပေ။
တစ်ဖက်လူက ပကတိအင်မော်တယ် အဆင့်ထက် သာလွန်ပြီး အင်မော်တယ်အရှင်မြတ် တစ်ယောက်ပင် ဖြစ်နိုင်သည်။
သူ၏ ကနဦး ခန့်မှန်းချက်အရ ဤစီနီယာက နဂါးငွေ့တန်းဂလက်ဆီ ပြင်ပမှ ဂြိုလ်သားတစ်ယောက် ဖြစ်ရပေမည်။
ယနေ့ခေတ် လူသား ကမ္ဘာတွင် ဤကဲ့သို့သော ခွန်အားမျိုး မည်သို့ ရှိနိုင်ပါမည်နည်း။
ဝမ်လင်း၏ ခွင့်ပြုချက်ကို ရယူပြီးနောက်တွင် သခင်မာကနတ်ဆိုးသူတော်စင်၏ မေးခွန်းကို အလွန်ယဉ်ကျေးစွာ ဖြေကြားခဲ့သည်။
"ငါက မဟာဘုရင်ကြီးရဲ့ အစေခံပါ.. ငါက မဟာဘုရင်ကြီးရဲ့..."
ထိုအချိန်တွင် နတ်ဆိုးသူတော်စင်က ကြည်ညိုလေးစားသောမျက်ဝန်းဖြင့် ကြည့်နေခဲ့သည်။
သခင်မာ "ငါက မဟာဘုရင်ကြီးရဲ့ အိမ်သာပါ"
နတ်ဆိုးသူတော်စင်"............."
….............
သူတို့ဘဝတစ်လျှောက်လုံးတွင် တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် ကြေးလိပ်တို့က ၎င်းတို့၏တောင်းဆိုမှုကို နတ်ဆိုးသူတော်စင် ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည့် အကြောင်းရင်းမှာ ဝမ်လင်း၏ အကြည့်တစ်ချက်ကြောင့်ဖြစ်ကြောင်း ဘယ်သောအခါမှ သိနိုင်မည်မဟုတ်ပေ။
နတ်ဆိုးသူတော်စင်က မမျှော်လင့်ဘဲ အရေးယူခြင်းမပြုခဲ့ပေ။
ယင်းက အကြီးအကဲဝမ် ကြိုမမြင်ခဲ့သောအရာ ဖြစ်သည်။
သို့သော် နောက်ဆုံးတွင် ဤနေရာရှိ လူတိုင်းသည် နတ်ဆိုးသူတော်စင် နှင့် ထိတွေ့ခွင့်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး ငြင်းပယ်ရသည့် အကြောင်းရင်းကို မည်သူမျှ မသိရှိကြပေ။
နတ်ဆိုးလောက၏ ထိပ်တန်း ခေါင်းဆောင် တစ်ဦး အနေဖြင့် ထိုဆုံးဖြတ်ချက် အတွက် အကြောင်းပြချက် ပေးစရာမလိုချေ။
အဆုံးစွန်သောအားဖြင့် တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့်ကြေးလိပ်တို့သည် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရမည် ဖြစ်သည်။
သူတို့က စိတ်အားထက်သန်သော လေသံကို မပြသနိုင်ခဲ့၍ နတ်ဆိုးသူတော်စင်က သူတို့၏ ရိုးသားမှုကို မခံစားနိုင်ခဲ့သဖြင့် ငြင်းဆိုခဲ့သည်ဟုသာ ထင်မြင်ခဲ့သည်။
အားလုံးပြီးနောက်တွင် အဆုံးသတ်၌ သူတို့ကိုယ်သူတို့ အားကိုးနေရဆဲ ဖြစ်သည်။
"ညီနောင်ခွေးအနေနဲ့ အနေသာကြီး ဖြစ်တဲ့အတွက် ငါ့ကို ဒီလောက်အထိ ကူညီပေးစရာမလိုပါဘူး"
အကြီးအကဲဝမ်၏ စကားထဲတွင် ထွင်ထျန်းဟာ၏ ဇစ်မြစ်အမှန်ကို သိရှိလိုသော ခံစားချက်များ ပါဝင်သည်။
ဤအစိမ်းရင့်ရောင် ခွေးလေးကို တစ်ခါမှ မမြင်ဖူးသော်လည်း တစ်နည်းနည်းဖြင့် ရင်းနှီးနေသလို ခံစားခဲ့ရသည်။
မတရားတာမြင်၍ ဖြတ်သွားဖြတ်လာ ခွေးတစ်ကောင်က အကူအညီပေးခြင်းမှာ လွန်လွန်းနေသည် မဟုတ်လော။
ထို့အပြင် ဤသည်က လမ်းဘေးနေရာလည်း မဟုတ်ပေ။
ဤသည်မှာ နယ်မြေနှစ်ခုကြားရှိ နယ်စပ်တွင်ရှိသော ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံး ဖြစ်သည်။
ထိုထက် အရေးကြီးသည်မှာ ဤခွေးက နတ်ဆိုးမျိုးနွယ်မဟုတ်ဘဲ ဝိညာဥ်ခွေးဖြစ်နေခြင်း ဖြစ်၏။
ထို့ကြောင့် ထွင်ထျန်းဟာ၏ လုပ်ဆောင်ချက်များသည် အကြီးအကဲဝမ်ကို ပို၍ပင် နားမလည်နိုင် ဖြစ်စေသည်။
….............
"အပြင်ထွက်ပြီး တိုက်ကြစို့"
ထွင်ထျန်းဟာက သံတမန်နှစ်ဦးကို စိုက်ကြည့်၍ ပြောလိုက်သည်။
"မင်းလို ဝိညာဥ်ခွေးတစ်ကောင်က ငါတို့ကို တိုက်ခိုက်မလို့လား"
ထွင်ထျန်းဟာ "ဝိညာဥ်ခွေးက မင်းတို့ကို ဆုံးမဖို့ လုံလောက်တယ်"
အကြီးအကဲဝမ်"..........."
ထို့နောက် ထွင်ထျန်းဟာက တံခါးကို သူ့ဘာသာသူ ဖွင့်ကာ ထွက်မသွားမီ အကြီးအကဲဝမ်ကို လှည့်ကြည့်လိုက်သည်။
"ဒီမှာ ခဏစောင့်.. ဒီနှစ်ယောက်ကို ရှင်းပြီးရင် အားလုံးရှင်းပြမယ်"
အကြီးအကဲဝမ်".............."
ဤငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးက ဘေးကင်းသောဇုန် ဖြစ်နေ၍ ထွင်ထျန်းဟာ အလွန်ဝမ်းမြောက်မိသည်။
သို့မဟုတ်လျှင် အကြီးအကဲဝမ်ကို ကာကွယ်ရန် လိုအပ်ခြင်းကြောင့် ဗျာများနေရမည် ဖြစ်သည်။
"မင်း သေချင်နေပြီလား"
သံတမန် နှစ်ယောက်က အံကြိတ်လိုက်သည်။
ဤခွေးက အတော်လေး ယုံကြည်မှု လွန်ကဲလွန်းနေသည်။
သူတို့က နယ်မြေနှစ်ခု၏ သံတမန်များဖြစ်၍ နတ်ဆိုးဘုရင်ထက်ပင် အဆင့်မြင့်သည်။
၎င်းက လူသား အသွင်သဏ္ဍာန် မရရှိသေးတဲ့ ဝိညာဥ်ခွေးမျှသာ ဖြစ်သည်။
"ဒီခွေးက ဘယ်ကနေ သတ္တိတွေ ရလာတာလဲ"
လူနှစ်ယောက် နှင့် ခွေးက အပြင်သို့ ထွက်သွားပြီးနောက်တွင် တာအိုကျင့်ကြံသူ စုန်းနတ်ဆိုး နှင့် ကြေးလိပ်တို့က သူတို့၏ နှလုံးသားထဲမှ ဒေါသမီးတောက်များကို မထိန်းထားနိုင်တော့ပေ။
"ရောင်းရင်းကြေးလိပ်.. ဒီခွေးရဲ့ ရွှေရောင်အလင်းဒိုင်းလွှာကို ချိုးဖျက်ဖို့ အဝေးရောက် မှော်အတတ်ကို အတူတူ လုပ်ဆောင်ကြရအောင်"
တိုက်ပွဲနှင့်ပတ်သက်၍ သူတို့၏ တွေးခေါ်ပုံက အလွန်ရှင်းလင်းသည်။
သူတို့က ရွှေရောင်အလင်းဒိုင်းလွှာ၏ အလုပ်လုပ်ပုံကို ရှင်းရှင်းလင်းလင်း သိသည့် အတွေ့အကြုံရင့် စစ်ပြန်များဖြစ်ကြသည်မှာ ထင်ရှားသည်။
တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် ကြေးလိပ်တို့က ကောင်းမွန်သော ရွေးချယ်မှုအဖြစ် ရွှေရောင်အလင်းဒိုင်းလွှာ၏ စွမ်းအား တုံ့ပြန်မှုကို မခံရစေရန် အဝေးရောက် မှော်အတတ်ကို အသုံးပြုခဲ့သည်။
သို့သော် ပြဿနာမှာ ၎င်းက ဆရာလေးလင်း၏ ရွှေရောင်အလင်းဒိုင်းလွှာ ဖြစ်သည်။
လွယ်လွယ်နှင့် မည်ကဲ့သို့ ဖျက်ဆီးနိုင်ပါမည်နည်း။
ထွင်ထျန်းဟာက ဤလူနှစ်ယောက် အသုံးပြုမည့် နည်းဗျူဟာကို လုံးဝဂရုမစိုက်ပေ။
သူ့အနေဖြင့် ၎င်းတို့ကို အနီးကပ် ရိုက်နှက်ရန်သာ လိုအပ်သည် မဟုတ်ပါလော။
ထိုအတွေးဖြင့် ထွင်ထျန်းဟာက လေထဲသို့ ခုန်တက်လိုက်ပြီး အရိုးဘုရင်ကို သူ့ပါးစပ်ထဲက တိုက်ရိုက်ဆွဲထုတ်ကာ ဘောက်ဆင် လက်အိတ်အဖြစ် ပြောင်းလဲ၍ ခွေးခြေသည်းပေါ်တွင် ဝတ်ဆင်လိုက်သည်။
ထို့နောက် အခြေခံခွေးနည်းစနစ်၏ ပထမနှင့် ဒုတိယနည်းစနစ်များကို ထုတ်လွှတ်ခဲ့သည်။
အကြီးအကဲဝမ်က ကောင်စစ်ဝန်ရုံးထဲကနေ ဤမြင်ကွင်းကို ကြည့်ရှုနေခဲ့သည်။
အကြီးအကဲဝမ်၏ အာရုံကို ဖမ်းစားခဲ့သည့်အရာမှာ အခြေခံ ခွေးနည်းစနစ် မဟုတ်ဘဲ မြစိမ်းရောင်တုတ်ကို ပါးစပ်မှ ယူထုတ်ရန် အသုံးပြုခဲ့သည့် မှော်စွမ်းရည် ဖြစ်သည်။
သူအမြင်မှားခြင်း မရှိပေ။
ဤသည်က ဖားပြုပ်မျိုးနွယ်စု၏ အာကာပြင်ဝါးမျိုခြင်း စွမ်းရည် ဖြစ်သည် မဟုတ်ပါလား။
အပိုင်း(၅၈၉) ပြီး၏