ကြေးလိပ် လူ့အသွင်ပျောက်ကွယ်ခြင်း
Vol. 40 Ch. 590
ဖားမျိုးနွယ်စု၏ ဝါးမျိုခြင်းမှော်စွမ်းရည်သည် ရှုပ်ထွေးသော နည်းစနစ်တစ်ခု မဟုတ်ဘဲ နတ်ဆိုးလောကမှ သာမန်နတ်ဆိုး နည်းစနစ်တစ်ခုသာ ဖြစ်သည်။
၎င်းကို နတ်ဆိုးစွမ်းအင် သို့မဟုတ် စွမ်းအင်ရင်းမြစ် တစ်ခုဖြင့် လုပ်ဆောင်နိုင်သည်။
ဤကဲ့သို့ ဝါးမျိုခြင်းနည်းစနစ်က အနည်းငယ်သာရှိပြီး ဖားပြုပ် မျိုးနွယ်စု၏ ဝါးမျိုခြင်း မှော်စွမ်းရည်သည် ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။
ဝါးမျိုခြင်း မှော်နည်းစနစ်က သင်ယူရန် မရှုပ်ထွေးပေ။
ဂျူနီယာ မျိုးဆက် အများအပြားသည် ထိုနည်းစနစ်ကို ငယ်ရွယ်စဉ်ကတည်းက ကျွမ်းကျင်ပြီးသား ဖြစ်သည်။
သို့သော် ဤမှော်စွမ်းရည်သည် မျိုးနွယ်စုအတွင်းမှ ဆင်းသက်လာခဲ့သည့် လျှို့ဝှက် နည်းစနစ် ဖြစ်သည်။
ယခုအခါတွင် အပြင်လူ လက်ထဲသို့ ရှားရှားပါးပါး ကျရောက်သွားခဲ့သည်။
ထို့ကြောင့် ထွင်ထျန်းဟာက အရိုးဘုရင်ကို ထုတ်ယူလိုက်သောအခိုက်တွင် အကြီးအကဲဝမ်က ရုတ်ခြည်း မှင်တက်သွားခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းက သူသည် ဤအမွေးစိမ်းခွေးနှင့် ပတ်သတ်၍ ရင်းနှီးသလို ခံစားခဲ့ရသည်။
ဖြစ်နိုင်မလား…
ထွင်ထျန်းဟာ၏ နောက်ကျောကို မျက်လုံးများဖြင့် စိုက်ကြည့်ရင်း သူက ရုတ်တရက် အတင့်ရဲစွာ မှန်းဆလိုက်သည်။
…............
နယ်မြေသံတမန် တစ်ဦးအနေဖြင့် တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးသည် တောင်ဘက်နယ်မြေကို အုပ်စိုးသည့် ဝိညာဥ်အင်ပါယာ၏ လက်အောက်ငယ်သား ဖြစ်၍ ပုံမှန်နတ်ဆိုးဘုရင်ထက် အနည်းငယ် သာလွန်သည်။
အားလုံးပြီးနောက်တွင် သူသည် အတွင်းပိုင်း နယ်မြေလေးခုအနက်မှ နတ်ဆိုးမျိုးနွယ် သံတမန်တစ်ဦး ဖြစ်သောကြောင့် သူ၏ တိုက်ပွဲဝင်အင်အားမှာ အားနည်းမည်မဟုတ်ပေ။
ထို့အပြင် ဝိညာဥ်အင်ပါယာ၏ အဖွဲ့ဝင်တစ်ဦး အနေဖြင့် သူသည် ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုကို သဘာဝအလျောက် ခုခံနိုင်စွမ်းရှိသည်။
သာမန်ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများက သူ့အပေါ် သက်ရောက်မှု မရှိပေ။
ထိုအပိုင်းတွင် တာအိုကျင့်ကြံသူ ကြေးလိပ်က ပိုသာသည်။
လိပ်မျိုးနွယ်စု၏ မွေးရာပါ လိပ်ဒိုင်းကာသည် ရုပ်ပိုင်းဆိုင်ရာ အဖျက်စွမ်းအားကို ကြီးမားစွာ လျှော့ချနိုင်သည်။
ထွင်ထျန်းဟာက တိုက်ပွဲစကတည်းကပင် ဓားတာအိုစွမ်းအားကိုပါ ထုတ်သုံးလိုက်သည်။
သူ၏ ဘောက်ဆင်လက်အိတ်တွင် ဆူးချွန်များ ပြည့်နှက်သွားခဲ့သည်။
ဤသည်ကပင် နယ်မြေသံတမန် နှစ်ဦးကို လျော့မတွက်ထားကြောင်း သက်သေပြနေသည်။
ထွင်ထျန်းဟာက အရိုးဘုရင်ကို ပိုင်ဆိုင်ပြီးနောက်တွင် ဘောက်ဆင် စွမ်းရည်ကို ပိုမိုကျွမ်းကျင်လာခဲ့သည်။
အမွေးစိမ်းခွေးထံမှ တိုက်ပွဲစကတည်းက ဤကဲ့သို့ ပြင်းထန်သော အနီးကပ်တိုက်ခိုက်မှုကို မမျှော်လင့်ဘဲ မြင်လိုက်ရသဖြင့် တာအိုကျင့်ကြံသူ စုန်းနတ်ဆိုး နှင့်ကြေးလိပ်တို့က လန့်ဖျပ်သွားကြသည်။
တာအိုကျင့်ကြံသူစုန်းနတ်ဆိုး
"ရောင်းရင်းကြေးလိပ်.. အမွေးစိမ်းခွေးရဲ့ တိုက်ခိုက်မှုကို ခဏတားထားပေး.. ငါ ဝိညာဥ်စစ်တပ်ကို ဆင့်ခေါ်လိုက်မယ်"
ဝိညာဥ်စစ်တပ်ကို ဆင့်ခေါ်ခြင်းသည် အချိန်ယူရမည်ဖြစ်၍ စုန်းနတ်ဆိုးတွင် အနှောင့်အယှက် ဖြစ်၍မရချေ။
"ကိစ္စမရှိပါဘူး.. စုန်းနတ်ဆိုး.. ငါ ထိန်းထားလိုက်မယ်"
ကြေးလိပ်က အမွေးစိမ်းခွေး၏ တိုက်ခိုက်မှုကို ကာကွယ်ရန် ရှေ့သို့ တက်လှမ်းလာရင်း ပြောလိုက်သည်။
ထိုခဏတွင် ကြေးလိပ်က နတ်ဆိုးစွမ်းအား ပမာဏ များပြားစွာ ပါရှိသော အနက်နှင့် အပြာရောင် နတ်ဆိုးအလင်းကို ထုတ်လွှတ်လိုက်သည်။
ထိုမြင်ကွင်းကြောင့် ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံး အတွင်းရှိ အကြီးအကဲဝမ်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
၎င်းက လိပ်မျိုးနွယ်စု၏ လျှို့ဝှက်ကျင့်စဥ် ဖြစ်သည့် "လိပ်ဒိုင်းကာ မှော်စွမ်းရည်"ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာကို အထူးခံနိုင်ရည် ရှိစေသည်။
ယင်းက ရုပ်ပိုင်းဆိုင်ရာ စိတ်ဝိညာဉ် နည်းစနစ်မျှသာ ဖြစ်၍ အထူး တိုက်ခိုက်နိုင်စွမ်းမျိုးတော့ မရှိပေ။
ကြေးလိပ်က လိပ်ဒိုင်းကာ မှော်စွမ်းရည်ကို အသုံးပြု၍ စုန်းနတ်ဆိုးကို အကာအကွယ်ပေးထားခဲ့သည်။
ထိုအတောအတွင်း စုန်းနတ်ဆိုးက မှော်ပညာဖြင့် ဝိညာဥ်စစ်တပ်ကို ဆင့်ခေါ်ခဲ့သည်။
ကြေးလိပ်က ထွင်ထျန်းဟာ၏ ရွှေရောင်ဒိုင်းကာထံမှ တုံ့ပြန်မှုကို ခံရမည် စိုးသောကြောင့် မည်သည့် တိုက်ခိုက်မှုကိုမှ လုံးဝမပြုလုပ်ဝံ့ခဲ့ပေ။
ဤသည်က ထွင်ထျန်းဟာ မှန်းဆထားသည့်အတိုင်း ဖြစ်သည်။
ဓားတာအို၏ စွမ်းအားကို မြှင့်တင်လိုက်သည်နှင့် ၎င်းတို့တွင်ကာကွယ်ရုံကလွဲပြီး ဘာမျှ မတတ်နိုင်တော့ပေ။
"မိစ္ဆာခွေး.. သိပ်မောက်မာမနေနဲ့"
ကြေးလိပ်က ပြောလိုက်သည်။
သူက သူ၏ လိပ်ဒိုင်းကာကို အလွန်ယုံကြည်မှုရှိသည်။
လိပ်မျိုးနွယ်စုက ဤလိပ်ဒိုင်းကာဖြင့် တိုက်ပွဲများစွာကို အောင်နိုင်ခဲ့သည့် အချိန်တစ်ခု ရှိခဲ့ဖူးသည်။
အတွင်းပိုင်း နယ်မြေကြီး လေးခုတွင် မြောက်ဘက်ရှိ လိပ်မိစ္ဆာ၏ လိပ်ဒိုင်းကာ စွမ်းရည်သည် မဟာလိပ်ဒိုင်းကာ တာအို စွမ်းရည် ဖြစ်သောကြောင့် နာမည်ကြီးသည်။
ထိုမှော်စွမ်းရည်က ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုသာမက မှော်စွမ်းရည်တိုက်ခိုက်မှုများကိုပါ ခံနိုင်ရည်ရှိစေသည်။
လိပ်မိစ္ဆာက တိုက်ခိုက်ရေးတွင် အားကောင်းခြင်းမရှိသော်လည်း သူ၏ ကြောက်မက်ဖွယ်ကောင်းသော ခုခံမှုသည် တစ်ချိန်က သူ၏ရန်ဘက်များအား ကြီးမားသောဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့သည်။
ယခု သူက နတ်ဆိုးနတ်ဘုရား ဖြစ်ခဲ့ပြီ။
ဤအစွမ်းထက် လိပ်ဒိုင်းကာ အောက်တွင် သေဆုံးသွားခဲ့သော ပြိုင်ဘက်များစွာကို သူကြုံတွေ့ခဲ့ရသည်။
လိပ်မိစ္ဆာက နယ်မြေလေးခု အနက်မှ တောင်ဘက်နယ်မြေ၏ နတ်ဆိုးနတ်ဘုရား ရာထူးကို ဆက်ခံကတည်းက လိပ်မျိုးနွယ်စုရှိ မတူညီသော မျိုးစိတ်များ အားလုံးသည် လိပ်ဒိုင်းကာမှော်စွမ်းရည်၏ အလုပ်လုပ်ပုံကို စတင် လေ့လာခဲ့ကြရသည်။
ထိုမှော်စွမ်းရည်က လိပ်မျိုးနွယ်စုတွင် မွေးဖွားလာသည်နှင့် ပထမဆုံး သင်ယူရမည့်အရာ ဖြစ်သည်။
ဆိုရလျှင် လိပ်မျိုးနွယ်စုဝင်များသည် ငယ်ရွယ်စဉ်ကတည်းကပင် ဤမှော်စွမ်းရည်၏ အနှစ်သာရကို ကျွမ်းကျင်ပြီးသား ဖြစ်သည်။
တာအိုကျင့်ကြံသူ ကြေးလိပ်၏ လိပ်ဒိုင်းကာသည် လိပ်မိစ္ဆာလောက် ကြောက်မက်ဖွယ် မကောင်းသော်လည်း နယ်မြေသံတမန်တစ်ဦး အနေဖြင့် သူ၏ လိပ်ဒိုင်းကာ စွမ်းရည်က လျော့တွက်၍ မရပေ။
နောက်ထပ် အနှစ်တစ်ရာ ကျင့်ကြံပြီးလျှင် လိပ်ဒိုင်းကာကိုမဟာလိပ်ဒိုင်းကာ အဖြစ် ပြောင်းလဲရန် လုံးဝ ပြဿနာ မရှိချေ။
အရာအားလုံးက စက္ကန့်အနည်းငယ် အတွင်း ဖြစ်ပျက်ခဲ့သည်။
ကြေးလိပ်က လိပ်ဒိုင်းကာကို ဖန်တီးလိုက်သည့် အခိုက်တွင် ထွင်ထျန်းဟာ၏ အရိပ်ပမာ လက်သီးပေါင်း တစ်ရာကျော်က ကျည်ဆန်မိုးများ ကဲ့သို့ သူ့အပေါ် ရွာသွန်းခဲ့သည်။
သူက ထွင်ထျန်းဟာ၏ တိုက်ခိုက်မှုကို ခနဲ့လိုက်သည်။
ပုံမှန် တိုက်ခိုက်မှုများက သူ၏ လိပ်ဒိုင်းကာပေါ် လုံးဝသက်ရောက်မှုရှိမည် မဟုတ်ပေ။
သို့သော် ဤအခြေခံခွေးနည်းစနစ်၏ လက်သီးတစ်ရာကျော်က သူ့အပေါ် ဆက်တိုက် ကျလာသဖြင့် ကြေးလိပ်၏ အမူအရာက ပြောင်းလဲသွားသည်။
"ဘာတွေဖြစ်နေတာလဲ"
ဤလက်သီးများ၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် လိပ်ဒိုင်းကာက အက်ကြောင်းအချို့ မမျှော်လင့်ဘဲ ပေါ်လာသည်ကို သတိပြုမိသောအခါ သူ အံ့အားသင့်သွားသည်။
ဒါမျိုး အရင်က မဖြစ်ဖူးပေ။
ဓားတာအို၏ စွမ်းအားက အလုပ်ဖြစ်နေသည်ကို မြင်လိုက်ရလျှင် ထွင်ထျန်းဟာက တိုက်ခိုက်မှုကို လုံးဝ မရပ်တန့်တော့ပေ။
အရိုးဘုရင် နှင့် ဓားတာအိုစွမ်းအား၏ ပေါင်းစပ်မှုကို အခြေခံခွေးနည်းစနစ်ဖြင့် အသုံးချလိုက်ခြင်းက အမိုက်စားတိုက်ခိုက်မှု တစ်ခုအဖြစ် စတင်နေပြီ ဖြစ်သည်။
ထွင်ထျန်းဟာ နီးကပ်လာသောအခါ ကြေးလိပ်သည် တစ်ခုခုကို ခံစားသိရှိနိုင်နေပြီ ဖြစ်သည်။
ဤထူးဆန်းသော အမွေးစိမ်းခွေး၏ ပတ်ပတ်လည်ရှိ နေရာလွတ်သည် ကြေးလိပ်ကို ဆွဲငင်နေသည့် ထူးဆန်းသည့် ဆွဲငင်အား တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူ့ခန္ဓာကိုယ်က ရှေ့ကို မညှာမတာ ဆွဲငင်ခံရသလို ခံစားရတယ်။
ထိုအချိန်တွင် သူက အလွန်ပြင်းထန်သော ဆွဲငင်အားတစ်ခုကြောင့် အဆက်မပြတ် ရွေ့သွားပြီး မြေပြင်၌ နက်နဲသော ခြေရာများ ကျန်ရစ်ခဲ့သည်။
သူ၏ရှေ့တွင် အမွေးစိမ်းခွေးက မြစိမ်းရောင် ဘောက်ဆင် လက်အိတ် တစ်စုံကို အရူးအမူး ဟန်ရေးပြ ဝှေ့ယမ်းနေသည်။
ယခင်ကနှင့် နှိုင်းယှဉ်လျှင် ဓားတာအို၏ စွမ်းအားကို ပိုမိုဆုပ်ကိုင်လာနိုင်ပြီဟု ထွင်ထျန်းဟာ ရှင်းရှင်းလင်းလင်း ခံစားခဲ့ရ၏။
သူက ယခုအခါ ခုနစ်ဆယ်ရာခိုင်နှုန်း ကျွမ်းကျင်သွားပြီဖြစ်သည်။
ယင်းမှာ ဆယ်မီတာဓားစက်ကွင်းကို ကျွမ်းကျင်နေပြီဟု ဆိုလိုခြင်း ဖြစ်သည်။
ဓားတာအို၏ စွမ်းအား ပါဝင်သော ထွင်ထျန်ဟာ၏ တိုက်ခိုက်မှုအောက်တွင် တာအိုကျင့်ကြံသူ ကြေးနတ်ဆိုး၏ လိပ်ဒိုင်းကာက အက်ကြောင်းများ တိုးလာခဲ့သည်။
"နောက်ဆုံးတိုက်ကွက်"
ထွင်ထျန်းဟာက ကြုံးဝါးလိုက်သည်။
သူက ခွန်အား အလုံးစုံကို နောက်ဆုံးလက်သီးချက်တွင် ဖြည့်သွင်းလိုက်ရာ လက်သီးချက်က ဒိုင်းကာကို တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။
မမြင်နိုင်သော ကောင်းကင်တာအို စွမ်းအားက တာအိုကျင့်ကြံသူ ကြေးလိပ်၏ ကိုယ်ခန္ဓာကို ကျူးကျော်ဝင်ရောက်လာသောအခါတွင် ကြေးလိပ်က သူ၏ လူသားပုံစံကို ကြာကြာမထိန်းနိုင်တော့ဘဲ သူ့မျက်နှာက လိပ်မျက်နှာ အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့သည်။
ထို့နောက် သူ့နှာခေါင်းကနေ သွေးများ စီးကျလာခဲ့သည်။
ယင်းက ထွင်ထျန်းဟာ၏ လက်သီးချက်ကြောင့်ဖြစ်သည်။
အကြီးအကဲဝမ်က အံသြသွားခဲ့သည်။
အမွေးစိမ်းခွေး၏ ခွန်အားက သူ့စိတ်ကူးထားသည်ထက် ကျော်လွန်နေသည် မဟုတ်ပါလော။
လိပ်ဒိုင်းကာ၏ ခံစစ်စွမ်းရည်ကို အပြည့်အဝ ယုံကြည်ထားသည့် လိပ်မျိုးနွယ်စု၏ နယ်မြေသံတမန်သည် အမှန်တကယ်ပင် အတွင်းဒဏ်ရာ ရရှိသွားခဲ့သည်။
အပိုင်း(၅၉၀) ပြီး၏။