← Chapters

စတင်အမှောက်သိပ်ခြင်း

Vol. 40 Ch. 591

စတင်အမှောက်သိပ်ခြင်း

Vol. 40 Ch. 591

တကယ်တမ်းတွင် ထွင်ထျန်းဟာ အခြေခံခွေးနည်းစနစ်ကို ထုတ်ဖော်လိုက်သည့် အချိန်မှစ၍ တာအိုကျင့်ကြံသူ ကြေးလိပ်သည် ကောင်းကင်တာအို ဖြစ်ပုံရသည့် ထိုစွမ်းအားကိုသိရှိထားပြီ ဖြစ်သော်လည်း အတည်ပြုဝံ့ခြင်းမရှိပေ။

သူ၏ လိပ်ဒိုင်းကာပေါ်သို့ ရာနှင့်ချီသော လက်သီးချက်များကျဆင်းလာသောအခါမှသာ မယုံကြည်နိုင်သော အမူအယာများ ဖြစ်ပေါ်ခဲ့သည်။

ဤဘောက်ဆင်နည်းစနစ်မှ ကောင်းကင်တာအို၏ စွမ်းအားသည် လိပ်ဒိုင်းကာကို တိုက်ရိုက်ချိုးဖျက်ကာ သူ၏ခန္ဓာကိုယ်ကို ထိမှန်သွားသည်။

လက်ရှိတွင် ထွင်ထျန်းဟာသည် ဓားတာအို၏ စွမ်းအား၇၀%ကိုသာ အများဆုံး အသုံးချနိုင်ခဲ့သည်။

ထို့အတွက် သူ့အနေဖြင့် အရိုးဘုရင်ကို အားကိုးရန်လိုအပ်နေပါသေးသည်။

မိစ္ဆာဓားနတ်ဘုရား ကဲ့သို့သာ ဓားတာအို၏ အစွမ်းကို အပြည့်အစုံ ထုတ်ဖော်နိုင်ခဲ့လျှင် တာအိုကျင့်ကြံသူ ကြေးလိပ်သည် အစောကြီးကတည်းက သေသွားလိမ့်မည် ဖြစ်သည်။

''စုန်းနတ်ဆိုး.. ငါတို့အခုပဲ လက်လျှော့လိုက်ရအောင်.. ဒီအမွေးစိမ်းခွေးက တစ်ခုခုတော့ တစ်ခုခုပဲ"

တာအိုကျင့်ကြံသူကြေးလိပ်က တစ်စုံတစ်ရာ မူမမှန်​ကြောင်း သတိပြုမိခဲ့သည်။

ဤသည်က ဝိညာဉ်ခွေး တစ်ကောင်သာ ဖြစ်ကြောင်း ထင်ရှားသော်လည်း ထိုခွေး၏ ခန္ဓာကိုယ်ထဲတွင် ကောင်းကင်တာအို၏စွမ်းအား အမှန်တကယ် ရှိနေပါသလော။

ခွေးက ထူးခြားနေသည့်အတွက် ခွေးပိုင်ရှင်က မရိုးရှင်းသည်မှာ သိသာထင်ရှားနေ၏။

ထွင်ထျန်းဟာ၏ ကောင်းကင်တာအိုအစွမ်းဖြင့် သူ၏ လိပ်ဒိုင်းကာ ထိုးဖောက်ခံရပြီးနောက်တွင် တာအိုကျင့်ကြံသူ ကြေးလိပ်သည် ဖြစ်နိုင်ခြေနှစ်ခုကို တွေးမိခဲ့သည်။

သို့သော်လည်း တိုက်ပွဲဝင်ရန် လုံလောက်သော စွမ်းအားကို စုစည်းပြီးပြီ ဖြစ်သော တာအိုကျင့်ကြံသူ​ စုန်းနတ်ဆိုးက နောက်မဆုတ်ချင်ခဲ့ပေ။

"ဘာမှမကြောက်နဲ့ ရောင်းရင်းကြေးလိပ်.. ငါ့နောက်ကသာ အသာလိုက်လာခဲ့ပါ.. မင်းရဲ့ဒဏ်ရာတွေအတွက် ဒီအမွေးစိမ်းခွေးက အဆပေါင်းများစွာ ငါလက်စားချေပေးမယ်။

တာအိုကျင့်ကြံသူ​ စုန်းနတ်ဆိုးက လုံးဝ ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။

တာအိုကျင့်ကြံသူကြေးလိပ်က ထွင်ထျန်းဟာ၏ တိုက်ခိုက်မှုကို ပိတ်ဆို့ထားသည့် အခါတွင် သူက ဝိညာဥ်အလံများကို တပ်ဆင်ကာ ကြီးမားသော အစီအရင်တစ်ခုကို တည်ဆောက်ခဲ့သည်။

ထိုခဏတွင် သူက ဟစ်ကြွေးလိုက်ပြီး လက်ဟန်တစ်ခုကိုထုတ်ဖော်လိုက်ရာ အဆုံးမဲ့ တိမ်ိုက်မည်းများက တိမ်ပင်လယ်ကဲ့သို့ ကောင်းကင်မှ လွင့်ပျံလာပြီး ကြီးမားသောဖိနှိပ်ချုပ်ချယ်မှု စွမ်းအင်ကို သယ်ဆောင်လာခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် အကြီးအကဲဝမ်က ပြောမပြတတ်အောင် ထိတ်လန့်သွားသည်။

ဤကဲ့သို့ ဝိညာဥ် စစ်တပ်မျိုးက တာအိုကျင့်ကြံသူ စုန်းနတ်ဆိုး သူ့ဘာသာသူ ဆင့်ခေါ်နိုင်သော အရာမျိုးမဟုတ်ပေ။

အစောပိုင်းတွင် မြေပြင်၌စိုက်ထူထားသော ဝိညာဥ်အလံများသည် တောင်ပိုင်းနယ်မြေရှိ ဝိညာဥ်အင်ပါယာ၏ စွမ်းအားနှင့် ပေါင်းစပ်ထားနိုင်ဖွယ် ရှိသည်။

ဆင့်ခေါ်ထားသော ဝိညာဥ်စစ်သည်တစ်ဦးစီသည် အခြေတည်စိတ်ဝိညာဉ် အဆင့်နီးပါးရှိပြီး ဝိညာဥ်ဗိုလ်ချုပ်သည် နတ်ဆိုးဘုရင် အဆင့်တွင် ရှိလိမ့်မည်။

သို့သော်ပြဿနာမှာ ဝိညာဥ်စစ်သည်များနှင့် ဝိညာဥ်ဗိုလ်ချုပ်များ၏ အရေအတွက်က အလွန်များပြားနေခြင်းပင်။

၎င်းတို့က ၁၀ယောက် အယောက်၂၀ တင် မကဘဲ အမည်းရောင် တိမ်ပင်လယ်ထဲတွင် အရေအတွက်က ဆက်လက် တိုးပွားလာသည်။

"ညီနောင်ခွေး.. မင်းဒီဝိညာဥ် စုဝေးခြင်းအစီအရင်ကို ဖျက်ဆီးပစ်မှရမယ်"

အကြီးအကဲဝမ်က သတိပေးလိုက်သည်။

လက်ရှိတွင် တာအိုကျင့်ကြံသူ ကြေးလိပ်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိနေပြီဖြစ်သည်။

အကယ်၍ သူသာ ဤညီနောင်ခွေးကို ကူညီရန် ထွက်လာခဲ့လျှင် အခြေအနေက သူတို့ဘက်၌ သေချာပေါက် အသာစီးရလာလိမ့်မည်။

သို့သော် အကြီးအကဲဝမ်က သံတမန်၂ယောက်ထံတွင် အခြားသော လှည့်ကွက်များ ရှိနေမည်ကို စိုးရိမ်နေမိသည်။

ဖားပြုပ်မျိုးနွယ်စုတွင် တိုက်ခိုက်ရေးနည်းစနစ် များစွာရှိသော်လည်း အများစုမှာ အနီးကပ် တိုက်ခိုက်ရသည့် မှော်စွမ်းရည်များသာ ဖြစ်သည်။

ထို့ကြောင့် ဖားပြုတ်မျိုးနွယ်စုသည် အဝေးကနေ တိုက်ခိုက်သော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရလျှင် အားနည်းလေ့ရှိသည်။

မည်သို့ပင်ဖြစ်စေ လက်ရှိအခြေအနေတွင်မူ သူမရှိလျှင်ပင် အမွေးစိမ်းခွေးက အသာစီးရနေ၏။

အကြီးအကဲဝမ်က သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ထားခဲ့သည်။

အကယ်၍ ဤအမွေးစိမ်းခွေး အခြေအနေ မကောင်းလျှင် သူက ချက်ချင်း ငြိမ်းချမ်းရေးကောင်စစ်ဝန်ရုံးထဲမှ ထွက်၍ ညီနောင်ခွေး ထွက်ပြေးလွတ်မြောက်ရန် အတွက် စုန်းနတ်ဆိုး နှင့် ကြေးလိပ်ကို တားဆီးပိတ်ဆို့ကာ အချိန်ဆွဲပေးမည် ဖြစ်သည်။

နယ်မြေသံတမန် ၃ဦးထဲတွင် တာအိုကျင့်ကြံသူ​ စုန်းနတ်ဆိုးမှာ ဒုက္ခအပေးဆုံးနှင့် အကောက်ကျစ်ဆုံး ဖြစ်သည်။

"ဝိညာဥ်ဗိုလ်ချုပ်နဲ့ စစ်သည်တွေ အားလုံးနားထောင်.. ရှေ့တက်ပြီး အမွေးစိမ်းခွေးကို အပိုင်းပိုင်းဖြတ်ပစ်လိုက်"

တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးက သူတည်ဆောက်ထားသည့် ဝိညာဥ်စုဝေးခြင်း အစီအရင်ကို ထိန်းချုပ်နေခဲ့သည်။

သူ့လက်ထဲတွင် ဝိညာဥ်စစ်ဗိုလ်ချုပ်များ၊ စစ်သည်များကို အမိန့်ပေးရန်အတွက် အရေးကြီးသော သော့ချက်ဖြစ်သည့် သေးငယ်သော ဝိညာဥ်အလံကို ကိုင်ဆွဲထားသည်။

ကောင်းကင်ပေါ်ရှိ ဝိညာဥ်စစ်ဗိုလ်ချုပ်များနှင့် စစ်သည်များက ထွင်ထျန်းဟာနှင့် ပေပေါင်း သောင်းချီအကွာတွင် ရှိသော်လည်း ၎င်းတို့ထံမှ မကြေမချမ်း ခံစားချက် အော်ရာများက သူဝိညာဉ်ကို ပြင်းထန်စွာဖိနှိပ်နေသလို ခံစားရသည်။

ဤအရာက ဆရာလေးလင်း၏ ရွှေရောင်အလင်းဒိုင်းလွှာ မကာကွယ်နိုင်သောအရာ ဖြစ်သည်။

ရွှေရောင်အလင်းဒိုင်းကာက ခန္ဓာကိုယ်ပေါ် ကျူးကျော်လာခြင်းအား တားဆီးနိုင်သော်လည်း စိတ်ဝိညာဉ်ပေါ် သက်ရောက်သော ဖိအားမျိုးကိုမူ မတားဆီးနိုင်ပေ။

ထွင်ထျန်းဟာက အံတင်းတင်း ကြိတ်လိုက်သည်။

ဝိညာဥ်စစ်ဗိုလ်ချုပ်များနှင့် စစ်သည်များ၏ အရေအတွက်က ယခုအချိန်ထိ ဆက်လက် တိုးပွားနေဆဲ ဖြစ်သည်။

အကယ်၍ ဤတိုက်ပွဲကို ဆက်လက်အချိန်ဆွဲနေလျှင် ထောင်သောင်းချီသော ဝိညာဥ် စစ်ဗိုလ်ချုပ်များနှင့် စစ်သည်များတညီတညွတ်ထဲ ဆင်းသက်လာခဲ့ပါက သူ့အနေဖြင့် အားလုံးကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

ဝိညာဥ်ဆိုးများ၏ နားပေါက်ကွဲမတတ် အော်ဟစ်ငိုယိုသံက ကောင်းကင်နယ်မြေကြီးကိုပင် တုန်လှုပ်စေခဲ့သည်။

ထွင်ထျန်းဟာက သူ၏စွမ်းအားကို စုစည်းလိုက်သည်။

သူက လက်ဝှေ့အိတ်တွင် ဓားတာအို၏ အစွမ်းများကို ထုတ်သုံးလိုက်ရာ လက်ဝှေ့အိတ်၏ ပတ်လည်တွင် ရုတ်တရက် စူးချွန်များ ထွက်ပေါ်လာသည်။

"အသုံးဝင်မှာမဟုတ်ဘူး"

တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးက လှောင်ပြောင်လိုက်သည်။

"ဒီဝိညာဥ်စစ်ဗိုလ်ချုပ်တွေနဲ့ စစ်သည်တွေမှာ တောင်ပိုင်း ဝိညာဥ်အင်ပါယာရဲ့ စွမ်းအားတွေရှိနေတယ်.. မင်းရဲ့ခွန်အားလောက်နဲ့ နတ်ဆိုးနတ်ဘုရားရဲ့ စွမ်းအားကို မင်းဘယ်လိုမှတားဆီးဖို့ မဖြစ်နိုင်ဘူး.. မင်းရဲ့အကျည်းတန်တဲ့ ဘောက်ဆင်စွမ်းရည်တွေက ငါတို့ ဝိညာဥ်စစ်ဗိုလ်ချုပ်တွေနဲ့ စစ်သည်တွေအပေါ်မှာ ဘယ်လိုမှ သက်ရောက်မှာ မဟုတ်ဘူး"

တာအိုကျင့်ကြံသူ စုန်းနတ်ဆိုး၏ စကားဆုံးသည်နှင့် တစ္ဆေစစ်သည်၂ယောက်က ထွင်ထျန်းဟာ ဆီသို့ တစ်ချိန်တည်းတွင် ပြေးတက်လာကြသည်။

ထွင်ထျန်းဟာ၏ လှုပ်ရှားမှုများက အလွန်ပင် လျင်မြန်သည်။

သူက ဝိညာဥ်စစ်သည်၂ဦး၏ လှည့်စားမှုများပါသော တိုက်ခိုက်မှုကို လွယ်လင့်တကူ ရှောင်တိမ်းနိုင်ခဲ့သည်။

သူ့အနေဖြင့် ဤသို့လျင်မြန်စွာ တုံ့ပြန်နိုင်ခြင်းမှာ သုံးဘီးဆိုင်ကယ် ကလေးမလေးနှင့် ကျင့်ခယ် တို့နှင့်အတူ လေ့ကျင့်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ထွင်ထျန်းဟာ၏ အမြင်တွင် ဤဝိညာဥ်စစ်သည်များသည် အမှန်တကယ် သုံးစားမရသူများ ဖြစ်သည်။

၎င်းတို့က သုံးဘီးဆိုင်ကယ် ကလေးမလေးထက် နှေးကွေးပြီး ကျင့်ခယ်ထက် အဆပေါင်းများစွာ အားနည်းသည်။

ထွင်ထျန်းဟာက အသက်ကို ခပ်ပြင်းပြင်းရှုရင်း ပါးစပ်ကနေ ဓာတ်စက်ကို ယူထုတ်လိုက်ကာ နဂါးလက်သီး သီချင်းကို စတင် ဖွင့်လိုက်သည်။

"ငါက ခွေးတစ်ကောင်ဖြစ်သွားပြီးနောက်မှာ ညာဖက်ခြေဖဝါးနဲ့ ကောင်းကင်ကို ဖွင့်လိုက်တယ်.. တောင်တွေနဲ့ မြစ်တွေကို ရွှေ့ပြီး ချောက်တွေကို တစ်ညီတည်းဖြစ်အောင် မြေဖို့ပစ်မယ်.. တစ်နေ့ကျရင် အရှေ့ကနေ ထွက်လာတဲ့ နေမင်းကြီးက နေရာလွတ် နှင့် အချိန်တို့ကို တုန်လှုပ်စေလိမ့်မယ်.. သိမ်းပိုက်စိုးမိုး ထိန်းချုပ်ပြီးရင် ရှေးဦးခေတ်ကာလကို ပြန်သွားမယ်"

သီချင်းသံကို ဖွင့်လိုက်သည်နှင့် ထွင်ထျန်းဟာ၏ အခြေခံခွေးနည်းစနစ်များ ထုတ်ဖော်မှုက ပိုမို လျင်မြန်လာသည်။

ကောင်းကင်မှ ဆင်းသက်လာသော ဝိညာဥ်စစ်သည်များက ထိုအရိပ် လက်သီးများနှင့် ထိလိုက်သည်နှင့် ချက်ချင်းပင်ကြောက်လန့်တကြား အော်ဟစ်ပြီး ကွဲကြေသွားကြသည်။

"ဒါကဘယ်လိုဖြစ်ရတာလဲ"

တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးက သူ့ရှေ့မှမြင်ကွင်းကို မယုံနိုင် ဖြစ်နေသည်။

"ရောင်းရင်းစုန်းနတ်ဆိုး.. ဒီခွေးရဲ့ ခန္ဓာကိုယ်ထဲမှာ ကောင်းကင်တာအို စွမ်းအားတွေရှိနေတယ်"

တာအိုကျင့်ကြံသူ ကြေးလိပ်က သူ့ကိုယ်သူ ကုသနေရင်း သတိလှမ်းပေးလိုက်သည်။

သူက အစောပိုင်းက ဒဏ်ရာကြောင့် ကုသခြင်းနှင့် သက်ဆိုင်သည့် မှော်စွမ်းရည်များစွာကို ဆက်တိုက် အသုံးပြုခဲ့၏။

သို့သော်လည်း ကောင်းကင်တာအို၏ စွမ်းအား ဖြစ်ကြောင်း လုံလောက်သော သက်သေအဖြစ် သူ၏ အတွင်းဒဏ်ရာက အနည်းငယ်မျှပင် သက်ရောက်မှုမရှိခဲ့ပေ။

ကောင်းကင်တာအို အစွမ်းဖြင့် တိုက်ခိုက်ခံရပြီး နောက်တွင် အချိန်တိုအတွင်း မိမိကိုယ်ကို ကုသရန် မှော်စွမ်းရည်များကို အားကိုးနေခြင်းမှာ အဓိပ္ပါယ်မဲ့သည်။

"ရောကျော်ခွေး တစ်ကောင်က ကောင်းကင်တာအိုရဲ့ စွမ်းအားကို ဘယ်လိုလုပ်ရသွားတာလဲ"

တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးက သူ့ကိုယ်သူ အားနည်းသလို ခံစားလိုက်ရသည်။

တာအိုကျင့်ကြံသူ ကြေးလိပ် "ဒါက ထူးဆန်းတဲ့အချက်ပဲ.. ရောင်းရင်းစုန်းနတ်ဆိုး.. ငါတို့ ပြန်ဆုတ်ရင် ကောင်းမယ်ထင်တယ်''

''ပြန်ဆုတ်မလို့လား"

တကယ်တမ်းတွင် တာအိုကျင့်ကြံသူ စုန်းနတ်ဆိုး အနေဖြင့် ဆုတ်ခွာရန် လုံးဝမစဉ်းစားခဲ့ဖူးပေ။

သူတို့က အတွင်းပိုင်းနယ်မြေ ၂ခု၏ နတ်ဆိုးသံတမန်များ ဖြစ်ကြပြီး နတ်ဆိုးများ၏ လေးစားမှုကို အတိုင်းအတာ တစ်ခုအထိ ခံရသူများ ဖြစ်ကြသည်။

သို့သော် သူတို့သည် ဤအမွေးစိမ်းခွေး၏ ရှေ့မှောက်တွင် ကူကယ်ရာမဲ့နေခဲ့သည်။

တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးက အံတင်းတင်း ကြိတ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် အနည်းဆုံး ငါတို့အနေနဲ့ သူ့ရဲ့ ရွှေရောင်အလင်းဒိုင်းလွှာကို ဖျက်ဆီးပြီး တစ်ချက်နှစ်ချက်လောက်တော့ ထိအောင် ချသင့်တယ်"

တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးက ဝိညာဥ်ဗိုလ်ချုပ်များနှင့် စစ်သည်များကို ထွင်ထျန်းဟာအား နောက်တစ်ကြိမ် တိုက်ခိုက်ရန် အမိန့်ပေးတော့မည့် အချိန်တွင် ထွင်ထျန်းဟာက သူ၏ တိုက်ခိုက်မှုအားလုံးကို ရုတ်တရက် ရပ်တန့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူ့အနေဖြင့် ဤအရာအားလုံးကို သူကိုယ်တိုင် လုပ်စရာမလိုဟု ရုတ်တရက် တွေးမိလိုက်၍ ဖြစ်သည်။

ကျန်းရွမ်က သူ့ကို အင်မော်တယ်တံဆိပ်တစ်ခု ပေးခဲ့သည်မဟုတ်လော။

ထိုတံဆိပ်ကို ထွင်ထျန်းဟာ တစ်ကြိမ်မှ မသုံးဖူးသေးပေ။

သူက စမ်းကြည့်မည်ဟု စဥ်းစားရင်း ကျန်းရွမ် ပေးခဲ့သောအင်မော်တယ်တံဆိပ်ကို ပါးစပ်ထဲမှ ယူထုတ်လိုက်သည်။

ထို့နောက် အင်မော်တယ်တံဆိပ်ထဲသို့ ဝိညာဉ် စွမ်းအင်ကိုသွန်းလောင်းလိုက်ရာ ကောင်းကင်၌ နှစ်လိုဖွယ်ရှိသည့် သန့်ရှင်းသော သူတော်စင်အလင်းတန်း တစ်ခု ပေါ်ပေါက်လာသည်။

ယင်းနောက်တွင် ကောင်းကင်ယံ၌ ပြည့်နှက်နေသော ဝိညာဥ်ဗိုလ်ချုပ်များ နှင့် စစ်သည်များသည် လူစုခွဲသွားကြ၏။

တစ်ချိန်တည်းမှာပင် ထိုသူတော်စင် အလင်းတန်းနှင့်အတူ ဆံပင်နီ လူငယ်လေး၏ ရုပ်ပုံလွှာက ဆင်းသက်လာသည်။

အပိုင်း(၅၉၁) ပြီး၏

All Chapters