ငါက အသက်ကြီးပြီဆိုတော့ နည်းနည်း ပင်ပန်းနေပြီ
Vol. 40 Ch. 592
ဆံပင်နီလူငယ်လေး ကောင်းကင်မှ ဆင်းသက်လာသည့်အခိုက်တွင် ဝိညာဥ်ဗိုလ်ချုပ်များနှင့် စစ်သည်များသည် သူတော်စင် အလင်းရောင်၏ စွမ်းအင်ကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် သန့်စင်သွားကြသည်။
ဤမြင်ကွင်းက တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူ ကြေးလိပ်တို့ကို ထိတ်လန့်စေခဲ့သည်။
ဤလူငယ်က အလွန် ကြောက်စရာကောင်းသည်။
ထိုလူငယ် သယ်ဆောင်လာသော သန့်စင်ခြင်း အကျိုးသက်ရောက်မှုက ကမ္ဘာကြီးကို တိုက်ရိုက် သန့်စင်စေနိုင်စွမ်းရှိပြီး သူ၏အော်ရာကပင် ဝိညာဥ်အစီအရင်ကို ထိခိုက်စေခဲ့သည်။
ပြောရလျှင် ဝိညာဥ်ဆင့်ခေါ်ခြင်း အစီအရင်က ချက်ချင်းပင်ရပ်တန့်သွားခဲ့သည်။
တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးက ၎င်းမြင်ကွင်းကို မယုံကြည်နိုင်စွာ ငေးကြည့်နေခဲ့သည်။
သူက အစီအရင်အထက်ရှိ တစ္ဆေအလံများကို ကြည့်လိုက်ရာ အလံတိုင်များတွင် အက်ကွဲကြောင်းများ အမှန်တကယ်ရှိနေသည်ကို သတိပြုမိခဲ့သည်။
အဆုံးသတ်တွင် အလံတိုင်များက တစ်လက်မချင်း ပြိုကျပျက်စီးသွားခဲ့သည်။
တာအိုကျင့်ကြံသူစုန်းနတ်ဆိုး “???”
သာမန်အားဖြင့် သူ၏ အစီအရင်အလံများကို စတီးလ်ဖြင့်ဖုံးအုပ်ထားသောကြောင့် ဖျက်ဆီးပစ်ရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် ဤလူငယ်က လုံးဝ မရိုးရှင်းသည်မှာသေချာသည်။
သို့သော် အစောပိုင်းက အမွှေးစိမ်းခွေး၏ လုပ်ရက်ကိုသုံးသပ်ကြည့်လိုက်လျှင် ဤလူသားကျင့်ကြံသူသည် အမွေးစိမ်းခွေး ဆင့်ခေါ်ထားသောာကြောင့် ဤနေရာသို့ ရောက်လာပုံရသည်ဟု တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးက ချက်ချင်းပင် မှန်းဆမိလိုက်သည်။
သူ့အထင်သာ အမှားအယွင်းမရှိခဲ့လျှင် ဤလူငယ်သည် အမွေးစိမ်းခွေး၏ ပိုင်ရှင်ဖြစ်နိုင်ပေသည်။
“စီနီယာ.. မင်းက လူသားကျင့်ကြံသူ တစ်ယောက် ဖြစ်တဲ့အတွက် ငါတို့ နတ်ဆိုးလောကနဲ့ ပတ်သက်ပြီး ဝင်စွက်ဖက်ဖို့ မကြိုးစားပါနဲ့”
တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးက အလွန်ယဉ်ကျေးသောလေသံဖြင့် ပြောလိုက်သည်။
ဤကဲ့သို့ ကောင်းကင်ဘုံကိုပင် အံတုနိုင်သော ကျင့်ကြံသူရောက်ရှိလာခြင်းသည် နတ်ဆိုးလောက၏ ချိန်ခွင်လျှာကို ပျက်စီးစေနိုင်၏။
နတ်ဆိုးသူတော်စင်ပင် ထိုကဲ့သို့ စွက်ဖက်စရာ အကြောင်းမရှိဟု သူခံစားမိသည်။
တာအိုကျင့်ကြံသူ စုန်းနတ်ဆိုး၏ စကားသည်လည်း မမှားပေ။
နတ်ဆိုးသူတော်စင်သည် နတ်ဆိုးလောက၏ အရှုပ်အထွေးများကို ညီးငွေ့နေခဲ့ပြီ ဖြစ်သည်။
မည်သို့ပင် ဖြစ်စေကာမူ နတ်ဆိုးသူတော်စင်သည် နတ်ဆိုးကမ္ဘာ၏ အနည်းငယ်သော လှုပ်ရှားမှုကိုပင် ချက်ချင်း သိနိုင်ပေလိမ့်မည်။
အင်မော်တယ်ကျန်းရွမ်၏ ရုပ်သွင်ကို နတ်ဆိုးသူတော်စင်အနေဖြင့် သတိမပြုမိရန်မှာ လုံးဝမဖြစ်နိုင်ပေ။
တာအိုကျင့်ကြံသူ စုန်းနတ်ဆိုး ထင်သည့်အတိုင်းပင် အင်မော်တယ်ကျန်းရွမ်၏ တည်ရှိမှုက နတ်ဆိုးသူတော်စင်ကိုချက်ချင်း သတိထားမိစေသည်။
သူတော်စင်ကျောက်တိုင်ပေါ်မှ နတ်ဆိုးဘုရင်က သူ့မျက်လုံးများကို မှိတ်ထားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာသို့ ဆင့်ခေါ်ခံရသောလူငယ်သည် ဝိညာဉ်ခွေး၏ ပိုင်ရှင် မဟုတ်သောကြောင့်ပင်။
အစောပိုင်းက ခွေးပိုင်ရှင်၏ အကြည့်များသည် နတ်ဆိုးသူတော်စင်၏ နှလုံးသားထဲတွင် နက်နဲသော အရိပ်တစ်ခုကို ချန်ထားရစ်ခဲ့သည်။
ထိုအချိန်က ခွေးပိုင်ရှင်၏ ကြောက်မက်ဖွယ်အကြည့်ကို သူမေ့မရနိုင်ခဲ့ပေ။
ခွေးပိုင်ရှင်၏ အေးစက်စက် မျက်လုံးများသည် နတ်ဆိုးသူတော်စင်၏ စိတ်ထဲတွင် အိပ်မက်ဆိုး တစ်ခုလိုပင်။
သူတော်စင်ရာထူးကို ဆက်ခံပြီးကတည်းက သူ့ကိုအကြည့်တစ်ချက် ကြည့်ရုံဖြင့် ဤသို့ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာဖိအားမျိုးကို ခံစားစေခဲ့သူ တစ်ယောက်မှမရှိခဲ့ပေ။
ဆံပင်နီ လူငယ်လေး၏ ခွန်အားက ဝိညာဉ်ခွေး၏ ပိုင်ရှင်ထက် အားနည်းပုံရသော်လည်း သူနှင့်မူ တန်းတူဖြစ်နိုင်ပေသည်။
နတ်ဆိုးသူတော်စင်က သူတော်စင်ကျောက်တိုင်ထိပ်မှ ငုံကြည့်ကာ စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
.............................
ပင်မတံဆိပ်မှ မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက်တွင် အင်မော်တယ်ကျန်းရွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဤနေရာသို့တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
သူက မိုးခေါင်ခြင်းကြယ်ကို ပြုပြင်နေသောအချိန်တွင် ဤနေရာသို့ ရုတ်တရက် ရောက်ရှိလာခြင်း ဖြစ်သည်။
ယင်းက အနည်းငယ် ရုတ်ခြည်း ဆန်နေသော်လည်း အင်မော်တယ်ကျန်းရွမ်က ပျော်ရွှင်နေခဲ့သည်။
စီနီယာခွေးက သူ့ကို မေ့မသွားသေးပုံရသည် မဟုတ်လော။
သူက ခေါင်းလှည့်၍ကြည့်လိုက်ရာ ယနေ့ခေတ်တွင် အတော်လေး ခေတ်စားနေသော အဝါရောင် အသားကပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် စီနီယာခွေးကို တွေ့လိုက်ရသည်။
ထို့ပြင် စီနီယာခွေး၏ လက်ထဲတွင် မြစိမ်းရောင်တုတ် တစ်ခုကို တွေ့လိုက်ရသေးသည်။
ထိုအရိုးတုတ်က ဖော်ပြရန် ခက်ခဲသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကို ထုတ်လွှတ်နေသေး၏။
သူမျှော်လင့်ထားသည့် အတိုင်းပင် စီနီယာခွေးသည် စီနီယာခွေးသာ ဖြစ်သည်။
စီနီယာခွေးက ကောင်းကင်တာအို၏ မှော်စွမ်းအားကိုပင် မှော်လက်နက်တစ်ခုနှင့် ပေါင်းစပ်နိုင်ခဲ့သည်။
အင်မော်တယ်ကျန်းရွမ်က နှလုံးသားထဲကနေ လေးလေးနက်နက် အံ့ဩသွားခဲ့သည်။
ဒါမျိုးလုပ်လို့ရတယ်လို့ သူဘာလို့ မစဉ်းစားခဲ့မိပါသနည်း။
ဤသည်ကပင် သူနှင့် စီနီယာခွေးတို့၏ ကွာခြားချက် ဖြစ်နိုင်ပေသည်။
သူက စိတ်ထဲမှ သက်ပြင်းချလိုက်သော အချိန်တွင် ဝိညာဥ်စုဝေးခြင်း အစီအရင်ရှေ့မှ သံတမန်က သူ့ကို စကားပြောလာခဲ့သည်။
"မင်းဘယ်သူပဲဖြစ်ဖြစ် ဒါက နတ်ဆိုးသူတော်စင်အုပ်ချုပ်တဲ့ နတ်ဆိုးကမ္ဘာပဲ.. အခုချက်ချင်း ထွက်သွားစမ်း"
အင်မော်တယ်ကျန်းရွမ်က တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးကိုရွံရှာစွာကြည့်၍ ပြောလိုက်သည်။
“ငါက စီနီယာခွေးရဲ့စကားကိုပဲနားထောင်တယ်.. “
ထိုစကားကြောင့် တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူ ကြေးလိပ်တို့၏ မျက်နှာများက ဖြူဖျော့သွားကြသည်။
“စီ.. စီနီယာခွေးလား”
ထိုအချိန်တွင် ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးတွင် ပုန်းအောင်းနေသော အကြီးအကဲဝမ်သည် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။
ဤဆံပင်နီလူငယ်က အမွေးစိမ်းခွေး၏ ပိုင်ရှင် မဟုတ်ကြောင်း သူသိခဲ့ရသည်။
“ဘာလဲဟ.. ပိုင်ရှင်မဟုတ်ဘဲ ဂျူနီယာတဲ့လား.. ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလိုက်လဲ”
“ကျန်းရွမ်.. မင်းဒီကို မလာခင်က ဘာတွေလုပ်နေလဲ”
ထွင်ထျန်းဟာ၏ လေသံက အစောပိုင်းကနှင့် ခြားနားသွားပြီး အနည်းငယ် ပို၍နက်ရှိုင်းလာသည်။
ယခင်ကလည်း ကမ္ဘာကြီးကို ကယ်တင်မည့် ကယ်တင်ရှင်ခွေးအဖြစ် သရုပ်ဆောင်ခဲ့ဖူး၍ ဤကဲ့သို့ အခန်းကဏ္ဍနှင့်ပတ်သက်လျှင် ပိုင်နိုင်သည်ဟု ဆိုရမည်။
ကျန်းရွမ် ရှိနေသရွေ့ သူ့အနေဖြင့် စီနီယာဟူသောအနေအထားကို ထိန်းသိမ်းထားရန် လိုအပ်သည် မဟုတ်လော။
အင်မော်တယ်ကျန်းရွမ်က လက်သီးဆုပ်၍ ဂါရဝပြုကာ ပြန်ဖြေလိုက်သည်။
“စီနီယာခွေး ဆင့်ခေါ်တဲ့အချိန်မှာ ဒီဂျူနီယာက မိုးခေါင်ခြင်းကြယ်ကို ပြုပြင်နေတာပါ.. လောလောဆယ်တော့ ပြုပြင်မှုက တစ်ဝက်လောက် ပြီးစီးသွားခဲ့ပါပြီ”
ထွင်ထျန်းဟာ “အိမ်း.. မင်းကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ.. ငါဆင့်ခေါ်လိုက်တာက မင်းကို အနှောင့်အယှက်ပေးသလိုများ ဖြစ်သွားသေးလား”
“အနှောင့်အယှက်.. ဟုတ်လား.. စီနီယာရဲ့ ဆင့်ခေါ်မှုက ဘယ်လိုလုပ် အနှောင့်အယှက် ဖြစ်နိုင်မှာလဲ.. ဒါက စီနီယာဆီကနေ သင်ယူနိုင်မယ့် ရှားရှားပါးပါး အခွင့်အရေးပဲလေ”
ဆံပင်နီလူငယ်က ထွင်ထျန်းဟာကို ဦးညွတ်၍ပြောလိုက်သည်။
“အဆင့်၁၀ မှော်စွမ်းအားက မိုးခေါင်ခြင်းကြယ်ရဲ့ မျက်နှာပြင်ကို ပေါက်ကွဲစေခဲ့တယ်.. ကျွန်တော်က အဲဒီမျက်နှာပြင်ကို ပြုပြင်ရင်း အများကြီးသင်ယူခဲ့ရတယ်.. ကျွန်တော့်အနေနဲ့ Minecraft ဂိမ်းကို ကစားနေသလိုမျိုးကို ခံစားခဲ့ရတယ်”
အင်မော်တယ်ကျန်းရွမ်၏ စကားကိုကြားလျှင် တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူ ကြေးလိပ်တို့က တဖန်အံ့အားသင့်သွားပြန်သည်။
“ကမ္ဘာ့မြေမျက်နှာပြင်ကို ပေါက်ကွဲစေတဲ့ အဆင့်၁၀ မှော်စွမ်းရည်လား”
“ဒီခွေးက ဘယ်လိုတောင် အစွမ်းထက်နေရတာလဲ.. အဲလောက်ထိ အစွမ်းထက်တဲ့သူက ဘာလို့ ငါတို့ကို ဘောက်ဆင် လာထိုးနေရတာလဲ.. ကြည့်ရတာ အမွေးစိမ်းခွေးက သူ့ရဲ့စွမ်းအားတွေကို အကုန်အသုံးမချဘဲ ငါတို့ကို ကစားနေတာပဲဖြစ်ရမယ်”
ဖော်မပြနိုင်သော စွမ်းအားများကို ပိုင်ဆိုင်သည့် ဆံပင်နီလူငယ်နှင့် အမွှေးစိမ်းခွေးတို့၏ စကားစမြည် ပြောဆိုမှုက ပတ်ဝန်းကျင်ကို တစ်ခဏအတွင်း အေးခဲသွားစေသည်။
နယ်မြေသံတမန်နှစ်ဦး၏ အတွေးများကလည်း အေးခဲသွားပြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်နေခဲ့သည်။
“ဒီဂျူနီယာက ဉာဏ်နည်းတော့ စီနီယာခွေး ဘာလို့ဆင့်ခေါ်လိုက်လဲ ဆိုတာနားမလည်ဘူး.. ဒီဂျူနီယာကို ညွှန်ကြားချက်ပေးပါဦး”
အင်မော်တယ်ကျန်းရွမ်က ခပ်တိုးတိုး ပြောလိုက်သည်။
“အင်း.. ငါက အခုလေးတင်ပဲ ဒီဂျူနီယာနှစ်ယောက်နဲ့ ဘောက်ဆင် ကစားနေတာလေ.. ငါနည်းနည်း ပင်ပန်းသွားလို့ မင်းကိုဆင့်ခေါ်လိုက်တာပဲ”
ထွင်ထျန်းဟာက ပြောလိုက်သည်။
တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူ ကြေးလိပ် “???”
ထွင်ထျန်းဟာ “ငါက အသက်ကြီးပြီလေ.. တစ်ခါတလေမှာ တက်ကြွတဲ့လူငယ်တွေကို လိုက်မမီနိုင်တော့ဘူး.. အထူးသဖြင့် ဒီလိုတိုက်ပွဲမျိုးက ပျင်းစရာကောင်းတယ်.. ဒါကအိပ်ငိုက်စေတဲ့အပြင် ငါ့ကို စိတ်လှုပ်ရှားမှုလည်း မပေးစွမ်းနိုင်ဘူး”
တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူ ကြေးလိပ် “???”
ထိုစကားကြောင့် အင်မော်တယ်ကျန်းရွမ်၏ မျက်နှာက အပြုံးများဖြင့် ပြည့်နှက်နေသည်။
“စီနီယာက စီနီယာကိုယ်စား ကျွန်တော့်ကို တိုက်ခိုက်စေချင်လို့လား”
တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူ ကြေးလိပ် “???”
ထွင်ထျန်းဟာ “မင်းစိတ်ကြိုက် ကိုင်တွယ်လို့ရပါတယ်.. ဒါပေမဲ့ သူတို့ကို မသတ်ပါနဲ့.. သူတို့ကို အသက်ဆက်ရှင်ခွင့် ပေးဖို့ လုံးဝမမေ့ပါနဲ့.. ငါသူတို့ကို မေးချင်တာတစ်ခု ရှိသေးတယ်”
“ကောင်းပါပြီ စီနီယာကြီး’’
စကားအဆုံးတွင် အင်မော်တယ်ကျန်းရွမ်က သူ၏အော်ရာကိုထုတ်လွှတ်လိုက်ရာ ကောင်းကင်နှင့်မြေကြီးက လှုပ်ခါသွားခဲ့သည်။
ကမ္ဘာဦးချီဖြင့် ရောစပ်ထားသည့် စွမ်းအင်တစ်ခုက ဆံပင်နီလူငယ်၏ ခြေဖဝါး အောက်ကနေ နယ်မြေသံတမန် နှစ်ဦးဆီသို့ ပြေးထွက်လာသည်။
တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးနှင့် တာအိုကျင့်ကြံသူ ကြေးလိပ်တို့က တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။
ဤအချိန်တွင် သူတို့၌ အတွေးတစ်ခုသာ ရှိတော့သည်။
ယင်းမှာ တတ်နိုင်သမျှ ဝေးဝေးသို့ ထွက်ပြေးရန်ဖြစ်၏။
ဤလူငယ်၏ခွန်အားက အလွန်ကြောက်စရာကောင်းပြီး သူတို့ထက် အဆများစွာ သာလွန်နေသည် မဟုတ်လော။
ဤအခိုက်အတန့်တွင် နယ်မြေသံတမန်နှစ်ဦးသည် သေခါနီးစိုးရိမ်ရသည့် ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
၎င်းတို့နှစ်ဦးလုံးက မီးအလင်းနှစ်စင်းအဖြစ် ပြောင်းလဲသွားကြပြီး အရူးအမူး ပြေးလွှားရင်း လျှို့ဝှက်နည်းစနစ်များကိုပင် အသုံးပြုခဲ့ကြသည်။
တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးက မြေပြင်ပေါ်တွင် ကျိုးပဲ့နေသော တစ္ဆေအလံများကိုပင် ကောက်ယူရန် အချိန်မရှိတော့ပေ။
“ပြေးချင်တာလား”
အင်မော်တယ်ကျန်းရွမ်က မဲ့ပြုံးပြုံးလိုက်သည်။
“မင်းတို့အတွက်တော့ စိတ်မကောင်းပါဘူး.. ဒါက စီနီယာခွေးရဲ့ရှေ့မှာ ငါ့ရဲ့အစွမ်းအစကို ပြသဖို့ အခွင့်အရေးကောင်းပဲ.. ငါက ဘယ်လိုလုပ် လက်လွှတ်ခံနိုင်မှာလဲ.. ဟားဟား.. မင်းတို့နှစ်ယောက်သာ လွတ်သွားခဲ့ရင် ဘယ်လောက်တောင် ပျင်းဖို့ကောင်းလိုက်မလဲ”
အပိုင်း(၅၉၂) ပြီး၏