ကောင်းကင်တာအိုဖြင့်ရင်ဆိုင်ရခြင်း
Vol. 40 Ch. 599
ထိုအချိန်တွင် နတ်ဆိုးအပေါင်းတို့၏ ချွေးများသည် ရေတံခွန်ကဲ့သို့ မရပ်မနား ကျဆင်းလာသည်။
ယနေ့ခေတ် လူသားကျင့်ကြံသူ အားလုံးတွင် တစ်ဦးတည်းသောအင်မော်တယ်အရှင်မြတ်ဟု ကျော်ကြားသူ အင်မော်တယ်ကျန်းရွမ် ကိုယ်တိုင်ကပင် သူတို့၏ မျက်လုံးရှေ့တွင် အမှန်တကယ် မတ်တပ်ရပ်နေပြီး အမည်မသိ အမွေးစိမ်းခွေးတစ်ကောင် အတွက် ကြေးစားလူမိုက် အဖြစ် လုပ်ဆောင်ရန် ဆန္ဒရှိနေသည်။
သူတော်စင်ကျောက်တိုင်ထိပ်မှ သူတော်စင်ဆရာကြီး၏ မျက်နှာတွင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
"ဒီခွေးကို ငါ အကြိမ်ကြိမ် စစ်ဆေးခဲ့ပြီးပြီ.. ဒီခွေးက ဒုတိယတန်းစား ဝိညာဉ်သားရဲပဲ.. ဒါပေမယ့် ဒဏ္ဍာရီလာ လူသားကျင့်ကြံသူကျန်းရွမ်က ဘာကြောင့် စီနီယာခွေးလို့ ပြောတာလဲ"
သူတော်စင် ဆရာကြီးက ထိုးထွင်းဉာဏ်နှင့် ကမ္ဘီရဉာဏ် စွမ်းရည်ရှိပြီး ပိုင်းခြားသိမြင်မှု၌ သူ့ကိုယ်သူ အလွန်ယုံကြည်မှု ရှိသည်။
ဝမ်လင်းကို သူခြေရာခံလိုက်သော်လည်း ခပ်ရေးရေး လေးထောင့်အကွက် အစက်အပြောက်များသာ တွေ့ခဲ့ရသည်။
သူတော်စင်ဆရာကြီးက အဆုံးသတ်တွင် ခွေးပိုင်ရှင်၏ အမည်ကို အတိအကျ မသိခဲ့ပေ။
ပုံမှန်လူတိုင်းသည် ခပ်ရေးရေး လေးထောင့်အကွက် အစက်အပြောက်များကိုပင် အာရုံခံ၍ ရမည်မဟုတ်ချေ။
သူတော်စင် ဆရာကြီးက လေကို ရှုရှိုက်လိုက်သည်။
"ဒီခွေးက တကယ်ကို သန်မာတာလား.. ငါ့အာရုံတွေများ မှားနေပြီလား"
အဓိကအချက်မှာ သူ၏ ပိုင်းခြားသိမြင်မှုသည် တစ်ကြိမ်တစ်ခါမျှ မအောင်မြင် မဖြစ်ခဲ့ခြင်းပင်။
မှော်ကျိုင်းကို ကိုင်ထားသည့် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်၏ မျက်နှာက လေးနက်နေသည်။
ခဏအကြာတွင် သူက သူတော်စင်ဆရာကြီးကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"စီနီယာခွေးဆိုလည်း စီနီယာခွေးလို့ပဲ အတည်ယူလိုက်ကြတာပေါ့"
သူတော်စင်အင်မော်တယ်"..........."
ဤခွေးက ဆန်းကြယ်သည်ဟုသာ ပြောနိုင်သည်။
အရာရာတိုင်းက သူတို့ စိတ်ကူးထားသလောက် မရိုးရှင်းတာလည်း ဖြစ်နိုင်၏။
မဟုတ်လျှင် လက်ရှိ အခြေအနေကို ရှင်းပြရန် နည်းလမ်းမရှိပေ။
ကျန်းရွမ်၏ ကိုယ်ရေးကိုယ်တာ အမှန်ကို မသိမီတွင် ခွေးပိုင်ရှင် ဌားရမ်းပေးထားသည့် ဤခွေး၏ ကြေးစားလူမိုက်ဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် ယခု သူဘယ်သူလဲဆိုတာ သိလိုက်ရသည့် အတွက် အခြေအနေတွေက မတူတော့ပေ။
အဘယ်ကြောင့်ဆိုသော် ကျန်းရွမ်၏ တာအိုအမည်သည် လူ့လောကတွင် သာမက နတ်ဆိုးလောကတွင်ပါ အလွန် ကျော်ကြားသောကြောင့် ဖြစ်သည်။
ကိုယ်ပိုင်မာနရှိသော ဤဒဏ္ဍာရီလာပုဂ္ဂိုလ်သည် အခြားတစ်ယောက်အတွက် ကြေးစားလူမိုက် အဖြစ် မည်ကဲ့သို့ လွယ်ကူစွာ ဖြစ်လာနိုင်ပါမည်နည်း။
ထို့အပြင် ဒဏ္ဍာရီလာ ကျင့်ကြံသူသည် ဤခွေးအပေါ်တွင် သူ့ ဖခင်ကဲ့သို့ အလွန်အမင်း လေးစားနေပြီး နာခံမှုရှိကြောင်းလည်း ထင်ရှားစွာ မြင်နိုင်သည်။
"မင်း အခု ဘယ်လိုလုပ်မှာလဲ"
သူတော်စင်ဆရာကြီးက မုတ်ဆိတ်ဖြူများကို ပွတ်သပ်ရင်း မေးလိုက်သည်။
နတ်ဆိုးသူတော်စင်၏ လက်ထောက်အနေဖြင့် သူတော်စင် ဆရာကြီးသည် နတ်ဆိုးသူတော်စင်၏ ဆုံးဖြတ်ချက်ကို ဟန့်တား စွက်ဖက်ပိုင်ခွင့်မျိုး မရှိပေ။
ဤတားမြစ်ချက်က သူတော်စင်ကျောက်တိုင် တွင်လည်း သက်ရောက်ခဲ့ပြီး လူယုံတော်များ၏ နှောင့်ယှက်မှုမှ လွတ်မြောက်ရန်နှင့် နတ်ဆိုးသူတော်စင် မျိုးဆက်များကို ကာကွယ်ရန်အတွက် မူလ နတ်ဆိုးသူတော်စင်က ချမှတ်ခဲ့သော စည်းမျဉ်း ဖြစ်သည်။
ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်
"သူတို့ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ကြရအောင်.. တကယ်တော့ ဒီဒဏ္ဍာရီလာ လူသား ကျင့်ကြံသူ ဘယ်လောက်တောင် သန်မာတာလဲဆိုတာ ငါလည်း သိချင်တယ်"
"အင်း"
သူတော်စင်ဆရာကြီးက ခေါင်းညိတ်လိုက်သည်။
"တကယ်တော့ ခွေးပိုင်ရှင်က ပိုကြောက်ဖို့ကောင်းတယ်လို့ ငါ ခံစားရတယ်.."
အစောပိုင်းက မြင်ခဲ့ရသည့် ခံစားချက်မဲ့ ငါးမသာမျက်လုံးက ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်ကို တစ်ကိုယ်လုံး တုန်လှုပ် ခြောက်ခြားစေခဲ့သည်။
"ငါ့အထင် သူက နဂါးငွေ့တန်းဂလက်ဆီ ပြင်ပက ဂြိုလ်သားတစ်ယောက်ပဲ ဖြစ်ရမယ်"
သူတော်စင်ဆရာကြီး "နောက်ကျရင် နဂါးငွေ့တန်း ဂလက်ဆီ ပြင်ပကို လေ့လာနိုင်ဖို့ ကြိုးစားရမယ်"
"တကယ်တော့ မူလနတ်ဆိုးသူတော်စင်က နဂါးငွေ့တန်းဂလက်ဆီပြင်ပက သားရဲနဲ့ ပတ်သက်ပြီး သိပ္ပံပညာပေးရုပ်ရှင်ကို အရင်ကရိုက်ကူးခဲ့တယ်.. ဂြိုဟ်သား လူဝံကြီးက သူတော်စင်ကျောက်တိုင်ကို ပြိုလဲလုနီးပါး ဖြစ်အောင် ပြုလုပ်မိတဲ့ ဖြစ်ရပ်မှန်ကို လိုက်လျောညီထွေဖြစ်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်း ဖြစ်တယ်"
ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က မှင်တက်သွားသည်။
"သိပ္ပံပညာပေး ဇာတ်ကားတစ်ကားရှိတယ်လား"
သူတော်စင်ဆရာကြီး "ဒါက ဂန္တဝင် USB စတစ်ထဲမှာရှိတယ်.. နောက်မှ ရှာကြည့်ပေါ့.. ဒီဇာတ်ကားကို 'ငါ့အချစ်လေး ဂြိုဟ်သားလူဝံ'လို့ ခေါ်တယ်"
ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်".............."
…..................
တစ်ဖက်တွင်လည်း ထွင်ထျန်းဟာ နှင့် ကျန်းရွမ်သည် နတ်ဆိုးနတ်ဘုရားလေးပါး ဆင့်ခေါ်မည့် နတ်ဆိုး သူတော်စင်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
နတ်ဆိုးနတ်ဘုရား လေးပါးက လက်ချင်းတွဲကာ စက်ဝိုင်းပုံသဏ္ဍာန်ဖွဲ့၍ မျက်လုံးမှိတ် ဆုတောင်းနေခဲ့သည်။
ဤသည်မှာ နတ်ဆိုးကမ္ဘာ၏ သမိုင်းတွင်မည့် အရေးကြီးသော မြင်ကွင်းတစ်ခု ဖြစ်သည်။
လွန်ခဲ့သည့် ရာစုနှစ်များတွင် နတ်ဆိုးကမ္ဘာ၏ အတွင်းပိုင်းနယ်မြေများတွင် အဆက်မပြတ် ခိုက်ရန် ဖြစ်ပွားခဲ့သည်။
နတ်ဆိုးနတ်ဘုရား လေးပါးက အေးအေးဆေးဆေး စကားပြောရန် နောက်ဆုံးအတူ ထိုင်ခဲ့ကြသည်မှာ နှစ်ပေါင်း ခုနစ်ရှစ်ရာ ရှစ်ရာခန့် ရှိပြီ ဖြစ်သော်လည်း ယခုအခါတွင် နတ်ဆိုးသူတော်စင်ကို ဖိတ်ခေါ်ရန် လက်တွဲလုပ်ဆောင်နေကြပြီ ဖြစ်သည်။
စက္ကန့်များစွာကြာပြီးနောက်တွင် ကောင်းကင်၌ တိမ်တိုက်များ ကွဲထွက်သွားပြီး တောက်ပသော အပြာရောင် အလင်းတန်းကြီးက ကောင်းကင်မှ ကျဆင်းလာသည်။
နတ်ဆိုးများက အံ့သြတကြီးနှင့် ဒူးထောက်ကာ မော့ကြည့်လိုက်ကြသည်။
နတ်ဆိုးသူတော်စင်က အမှန်တကယ် တုံ့ပြန်ခဲ့သည်။
ထွင်ထျန်းဟာ နှင့် ကျန်းရွမ် တို့က အပြာရောင်အလင်းတန်းကြီးအတွင်းသို့ မှုန်ဝါးဝါး အရိပ်အယောင်များ ဆင်းသက်လာသည်ကို မြင်တွေ့ခဲ့ရသည်။
ထို့နောက်တွင် အပြာရောင်အလင်းက အပြင်ဘက်သို့ ပျံ့နှံ့သွားပြီး အလယ်ဗဟိုမှ မှုန်ဝါးဝါးအရိပ်အယောင်များကို ပုံရိပ်ယောင်တစ်ခုက အစားထိုးသွားခဲ့သည်။
"ဒါက ပုံရိပ်ယောင်ခန္ဓာကိုယ် တစ်ခုပဲလား"
ကျန်းရွမ်က နတ်ဆိုးသူတော်စင်၏ ပုံရိပ်ယောင်ကို စိုက်ကြည့်နေခဲ့သည်။
ရောက်ရှိလာသူက တကယ့်လူ မဟုတ်၍ ကျန်းရွမ် အနည်းငယ် မကျေမနပ် ဖြစ်ခဲ့ရသည်။
သို့သော် အဆုံးသတ်တွင် ဤအရာက လုပ်ရပ်တစ်ခုသာ ဖြစ်ပြီး သူအနေဖြင့် အရမ်းကြီး အလေးအနက်ထားနေဖို့ မလိုအပ်ပေ။
စင်စစ် နတ်ဆိုးသူတော်စင်က လျှို့ဝှက်ဆန်းကြယ်မှုကို ထိန်းသိမ်းရန် မျက်နှာကို တစ်ခါမျှ မပြဖူးသည်ကို သူနားမလည်သည်တော့ မဟုတ်ပေ။
ကျန်းရွမ်က နှလုံးသားထဲကနေ သက်ပြင်းချလိုက်သည်။
သူက လက်နှစ်ဖက်ကို နောက်ပစ်၍ ဟန်ပါပါရပ်ကာ ပို၍ပင် ကြောက်စရာကောင်းသည့် အလင်းရောင်ကို ထုတ်လွှတ်ရန် ပြင်လိုက်သည်။
ကျန်းရွမ်က ဝိညာဉ်စွမ်းအားများ စုစည်းနေသည်ကို ထွင်ထျန်းဟာ တွေ့လိုက်ရသည်။
ဤသည်က အင်မော်တယ်အရှင်မြတ်တစ်ပါး ဖြစ်သည်။
သူတို့ရှေ့မှ မြင်ကွင်းကြောင့် နတ်ဆိုးများအားလုံး ထိတ်လန့်သွားကြ၏
နတ်ဆိုးသူတော်စင်၏ အော်ရာနှင့် အင်မော်တယ်အရှင်မြတ်တို့၏ အော်ရာများက ကြောက်မက်ဖွယ်ရာပင်။
ဤသည်က လူနှစ်ဦးကြား တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မှု မဟုတ်သော်လည်း ပုံရိပ်ယောင် ခန္ဓာကိုယ်သာ ဒဏ်ရာရခဲ့လျှင် ထိုဒဏ်ရာသည် အဆုံးသတ်တွင် မူလခန္ဓာကိုယ်ပေါ်၌ ထင်ဟပ်နေမည် ဖြစ်သည်။
တိုက်ပွဲစတင်ပေတော့မည်။
"ဒဏ္ဍာရီလာ ကျင့်ကြံသူက ဘယ်လောက်အထိ စွမ်းဆောင်နိုင်တယ်ဆိုတာ ပြပေးပါ"
သူတော်စင်ကျောက်တိုင်ထိပ်မှ နတ်ဆိုးသူတော်စင်သည် အင်မော်တယ် ကျန်းရွမ်ကို စူးစိုက်ကြည့်နေစဉ် သူ၏ ပုံရိပ်ယောင်ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် မှော်ကျိုင်းကို အသုံးပြုခဲ့သည်။
နောက်ထပ် အခိုက်အတန့်တွင် သူက မြေပြင်ကို မှော်ကျိုင်းဖြင့် ရိုက်နှက်လိုက်ပြီး နတ်ဆိုးကမ္ဘာ တစ်ခုလုံးကို ထိခိုက်စေသည့် စွမ်းအားတစ်မျိုးကို ထုတ်လွှတ်လိုက်သည်။
တခဏချင်းမှာပင် နတ်ဆိုးကမ္ဘာရှိ အပင်များအားလုံး ညှိုးနွမ်းစ ပြုလာသည်။
ဤစွမ်းအား၏ အတိုင်းအတာသည် အလွန်ကျယ်ပြန့်သည်။
အော်ရာစွမ်းအား မျှသာ ဖြစ်သော်လည်း လီတစ်သောင်းပတ်လည်မှ သက်ရှိအပင်တိုင်းသည် တစ်ကမ္ဘာလုံး အရောင်ဖျော့သွား သကဲ့သို့ ညှိုးနွမ်းစပြုလာသည်။
"ဒါနတ်ဆိုးသူတော်စင်ရဲ့ စွမ်းအားလား"
နတ်ဆိုးများအားလုံး ထိတ်လန့် တုန်လှုပ်သွားကြသည်။
နတ်ဆိုးသူတော်စင်၏ စွမ်းအားကို နတ်ဆိုးနတ်ဘုရားများအပြင်၊ နတ်ဆိုးဘုရင်များနှင့် နတ်ဆိုးသားရဲများက ကိုယ်တွေ့မဗကြုံဖူးကြပေ။
"အသက်ပြန်ရှင်စေ"
ကျန်းရွမ်က ရေရွတ်လိုက်ရာ သူ၏ နောက်ကျောကနေ သန့်စင်သော ရွှေရောင် သူတော်စင် အလင်းစက်ဝန်းက ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို နေရောင်အောက်တွင် တောက်ပစေသည်။
ဤသည်မှာ မှော်အတတ် မဟုတ်သော်လည်း ညှိုးနွမ်းနေသော အပင်များကို ပြန်လည်ရှင်သန်ရန် အမည်ခံဥပဒေသ တစ်ရပ်ကို နှုတ်ဖြင့် သုံးနိုင်သော စွမ်းအား ဖြစ်သည်။
နတ်ဆိုးများက မြေပြင်ပေါ်ရှိ အပင်များကို စိုက်ကြည့်နေကြသည်။
စွမ်းအားနှစ်ခု ထိပ်တိုက်ရင်ဆိုင်မှုကြောင့် အပင်များက ညိုးနွမ်းပြီး ပြန်လည်ရှင်သန်လာ၊ ပြန်လည်ရှင်သန်လာပြီးနောက် ညှိုးနွမ်း၊ ညိုးနွမ်းပြီး ပြန်လည်ရှင်သန်လာ စသည်ဖြင့် သံသရာလည်နေခဲ့သည်။
"............."
ဤလူနှစ်ဦး၏ ရင်ဆိုင်မှုက "လက်မောင်းအားလှဲခြင်း"ကဲ့သို့ ဖြစ်နေသည်။
ဤသည်က အတော်လေး ငြိမ်းချမ်းသည့် တိုက်ပွဲ ဖြစ်ခဲ့သည်။
သူတို့၏ အော်ရာနှင့်သာ တိုက်ရိုက် ထိတွေ့မိလျှင် နတ်ဆိုးလောက တစ်ခုလုံး ဒုက္ခရောက်မည် ဖြစ်သည်။
သို့သော် အပင်များအတွက်မူ အနည်းငယ် သနားစရာ ကောင်း၏။
"စိတ်ဝင်စားစရာပဲ"
နတ်ဆိုးသူတော်စင်က ရေရွတ်လိုက်သည်။
သူက မှော်ကျိုင်းဖြင့် မြေကြီးကို ထပ်မံ ရိုက်ပုတ်၍ အရာဝတ္ထုများအား ဖျက်ဆီးနိုင်သည့် စွမ်းအားကို တိုးမြှင့်လိုက်သည်။
သို့တိုင် အင်မော်တယ်ကျန်းရွမ်က အပင်များကို ပြန်လည်ရှင်သန်အောင် လုပ်ဆောင်နိုင်မြဲပင်။
နတ်ဆိုးသူတော်စင်က သူ၏ စွမ်းအားကို ပိုမို အားကောင်းလာစေရန် အတွက် ကောင်းကင်တာအို စွမ်းအားကိုပါ ပေါင်းထည့်ခဲ့သည်။
ကျန်းရွမ်က မျက်ခုံးပင့်ကာ နတ်ဆိုးသူတော်စင်၏ ကောင်းကင်တာအို စွမ်းအားကို တွန်းလှန်ရန် ပြင်လိုက်သည်။
"မင်းမှာ ကောင်းကင်တာအို ဘယ်လောက်ရှိလဲ"
ဤအခိုက်အတန့်တွင် နတ်ဆိုးသူတော်စင်၏အသံက ပုံရိပ်ယောင် ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည်။
ကျန်းရွန်တွင် ကောင်းကင်တာအို သုံးခုသာ အများဆုံးရှိမည်ဟု သူခံစားမိသည်။
အင်မော်တယ်ကျန်းရွမ် "မှန်းကြည့်လေ"
"ငါ အဲဒီလို မခန့်မှန်းတတ်ဘူး.. ဒါကြောင့် မင်းကို တိုက်ရိုက်ပဲ စမ်းသပ်ကြည့်တော့မယ်"
ပုံရိပ်ယောင်ခန္ဓာကိုယ်က ပြုံးလိုက်ပြီး ချက်ချင်းပင် အော်ဟစ်လိုက်သည်။
"သူတော်စင်ကျောက်တိုင်.. ငါ့ကို ခွန်အားပေးပါ"
သူ့စကားဆုံးသည်နှင့် သူ၏ ဖျက်ဆီးနိုင်သော စွမ်းအားက တစ်ဖန် တိုးလာပြန်သည်။
ထိုခဏတွင် သူ၏စွမ်းအား၌ ရောစပ်ထားသည့် ကောင်းကင်တာအို အရေအတွက်က တစ်ခုကနေ ခြောက်ခုအထိ တိုးလာသည်။
ကျန်းရွမ် နှင့် ထွင်ထျန်းဟာ တို့က အံ့အားသင့်သွားကြသည်။
"ကောင်းကင်တာအိုကို အဲဒီလို အကူအညီတောင်းပြီး ယူလို့ရတယ်လား"
အပိုင်း(၅၉၉) ပြီး၏