လက်ဖက်ရည်ဧည့်ခံပွဲ စတင်ပြီ
Vol. 63 Ch. 931
နှစ်နှစ်ဆယ်အချိန်အတွင်းမှာပင် သီယင်းသည် အစောပိုင်းအဆင့်ကနေ ပကတိနိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့လေသည်။ ဤကျင့်ကြံမှု အမြန်နှုန်းက တကယ့်ကို အံ့မခန်း ကြောက်စရာကောင်းလွန်းလေသည်။
သူက ဘယ်လို ကံကြမ္မာအခွင့်အလမ်းမျိုးတွေကို ရရှိခဲ့သလဲ ဘယ်သူမှ မသိကြပေ။
တစ်ခါက သူ၏ဖိနှိမ်ခြင်းကို ခံခဲ့ရသော သီယင်းသည် ဒီရေလှိုင်းများကို ဆန်တက်ပြီး ဤမျှအတိုင်းအတာအထိ ရောက်ရှိသွားလိမ့်မည်ဟု ဆူဇီမိုပင် ထင်မှတ်မထားမိပေ။
ရုတ်တရက် ဆူဇီမိုက တစ်စုံတစ်ရာကို တွေးမိသွားပြီး မျက်မှောင်ကြုတ်လိုက်လေသည်။
“သီယင်းက လွန်ခဲ့တဲ့ နှစ် ၈၀ ကတည်းက ပကတိနိုးထဝိညာဉ်အဆင့်ကို ရောက်နေတာဆိုရင် အခု သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဘာလဲ”
“မူလနတ္ထိအဆင့်”
ကျိချန်းရှန်က ပြန်ပြောလိုက်လေသည်။
“လွန်ခဲ့တဲ့ နှစ် ၅၀လောက်က မူလနတ္ထိအဆင့်ကို သူ ချိုးဖျက်တက်လှမ်းသွားတယ်လို့ ငါကြားမိတယ်.. ဒါပေမဲ့လို့ သူက အခု ဘယ်အဆင့်မှာရှိနေမလဲ ငါမသေချာဘူး”
“ကောင်းတာပေါ့ကွာ.. မင်းက တကယ်ပဲ ငါ့ကို စိတ်မပျက်စေဘူးပဲ”
သီယင်းက အရမ်းကို သန်မာသည်ဟု ကြားရသောအခါ ဆူဇီမိုသည် ကြောက်ရွံ့မှုကို နည်းနည်းလေးမှ မခံစားရပေ။ ထိုအစား သူ၏ တိုက်ပွဲဝင်စိတ်က တဖွားဖွား ထွက်ပေါ်လာပြီး သူ၏မျက်လုံးများက သိပ်သည်းအားကောင်းသော အော်ရာတစ်ခုဖြင့် တောက်ပလာလေသည်။
သူက မူလနတ္ထိပညာရှင်များကို အရင်ကလည်း သတ်ဖြတ်ခဲ့ဖူးလေသည်။
သူ၏ မိတ်ဆွေဟောင်းကို ငေးကြည့်ရင်း ကျိချန်းရှန်က စိတ်ခံစားချက်များ ပြည့်နှက်လာလေသည်။
နှစ်တစ်ရာက ကုန်ဆုံးသွားခဲ့လေပြီ။
သူ၏မျိုးဆက်မှာ ပြိုင်ဘက်ကင်းပြီး ပြင်ပမျိုးနွယ်များကိုပင် ဖိနှိမ်ခဲ့သော.. သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စားမွန်းစတားက နည်းနည်းလေးမှ ပြောင်းလဲမသွားခဲ့ပေ။
သူက ခါတိုင်းလိုပင် အားမာန်တက်ကြွနေဆဲ..။
သူက ခါတိုင်းလိုပင် လွှမ်းမိုးခြယ်လှယ်နိုင်ဆဲ..။
သူက တူညီသော ဝံ့ကြွားမောက်မာမှုကို ပိုင်ဆိုင်ထားဆဲ ဖြစ်လေသည်။
ထိုကဲ့သို့သော တစ်စုံတစ်ရာကို ဆူဇီမိုတစ်ယောက်သာလျှင် ပြောဆိုရဲပေလိမ့်မည်။
“ဒါပေမဲ့လို့ ဒီကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ သီယင်းက ပေါ်မလာလောက်ဘူးလို့ ငါထင်တယ်”
ကျိချန်းရှန်က ဆန်းစစ်ပြလိုက်လေသည်။
“ပထမတစ်ချက်အနေနဲ့ ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲက နိုးထဝိညာဉ် ပြိုင်စံရှားတွေရဲ့ အစုအဝေးပဲ.. သူက မူလနတ္ထိအဆင့်ကို ရောက်နေပြီဆိုတော့ အဲဒါကို စိတ်ဝင်စားမှာ မဟုတ်ဘူး”
“ဒုတိယတစ်ချက်အနေနဲ့ ယဲ့ထန်းချန် တစ်ယောက်တည်းနဲ့တင် ကစဉ့်ကလျားအမြုတေဂိုဏ်းက ဒီလက်ဖက်ရည်ဧည့်ခံပွဲမှာ ရှိတဲ့ ကိစ္စအဝဝကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်.. သူက သီယင်းထက် အားမနည်းတဲ့ ပြန်ဝင်စားမွန်းစတားတစ်ယောက်ပဲ”
“တတိယတစ်ချက်အနေနဲ့ မင်းပြန်လာတာကို သီယင်းက သိမှာမဟုတ်ဘူး”
ဆူဇီမို၏အကြည့်က နက်ရှိုင်းလာပြီး သူက အေးတိအေးစက်ဖြင့် ပြောလိုက်လေသည်။
“ကောင်းပြီလေ.. သူက သေချာပေါက် ထွက်လာရမှာပါ”
ကျိချန်းရှန်က ရင်တစ်ချက်ထိတ်သွားလေသည်။ ဆူဇီမို၏လေသံမှ သတ်ဖြတ်လိုစိတ်ကို ခံစားမိပြီး သူက တိုးတိတ်စွာ မေးလိုက်လေသည်။
“မင်းက မင်းရဲ့သရုပ်မှန်ကို ဆက်ပြီးတော့ ဖုံးကွယ်မထားတော့ဘူးလား”
“အရှိ အရှိအတိုင်းပဲ ထားလိုက်တာပေါ့”
ဆူဇီမိုက ပြောလိုက်လေသည်။
“ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်က ဧည့်ခံကျင်းပပေးတဲ့ ဒီကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ အဖွဲ့အစည်းကြီးတွေ အများကြီးက စုဝေးနေကြတာ.. ကျုပ်က အဲဒါကို ဖုံးကွယ်ထားချင်ရင်တောင်မှ ကျုပ်ရဲ့ သရုပ်မှန်ကို ဖုံးကွယ်မထားနိုင်တော့ဖို့ အခွင့်များတယ်”
တာအိုအရှင်အဆုံးစွန်မီးကို အသွန်းတစ်ရာဂိုဏ်းသို့ ဘေးကင်းလုံခြုံစွာ ပြန်ပို့ပေးပြီးနောက် ဆူဇီမိုက သူ၏သရုပ်မှန်ကို ဖုံးကွယ်ထားသည်ဖြစ်စေ.. မဖုံးကွယ်ထားသည်ဖြစ်စေ.. သူ့အတွက် အရေးမကြီးတော့ပေ။
ဒါ့အပြင် သူက အဆိုးဆုံးရလဒ်များအတွက်လည်း ပြင်ဆင်ထားပြီးလေပြီ။
သူ၏သရုပ်မှန်ကို ဖော်ထုတ်ရပေတော့မည်။
ခဏမျှ စဉ်းစားတွေးတောပြီးနောက် ဆူဇီမိုက ထပ်မေးလိုက်လေသည်။
“လမ့်ရိုနဲ့ ယဲ့ထန်းချန်ရဲ့ မင်္ဂလာပွဲနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကိုရော ခင်ဗျားကြားပြီးပြီလား”
ကျိချန်းရှန်က ခေါင်းညိတ်လိုက်လေသည်။
“အစကတော့ လမ့်ရိုက ဒီလက်ထပ်မင်္ဂလာပွဲ ကျင်းပဖို့ အတင်းအကျပ် ဖိအားပေးခံရတာလားဆိုတာ ငါသိပ်မသေချာခဲ့ဘူး.. ဒါပေမဲ့လို့ လမ့်ရိုက အဲဒါအတွက် ရွေးချယ်စရာ မရှိခဲ့ဘူးဆိုတာ အခု ငါသေချာသလောက် ဖြစ်သွားပြီ”
စောစောက သူသည် သူမနှင့်တွေ့ဖို့ လာရောက်တုန်းက ထိုနေရာကို စောင့်ကြပ်နေသော ကျင့်ကြံသူနှစ်ယောက်သည် အထဲသို့ ဝင်ရောက်၍ပင် သတင်းပို့မပေးခဲ့ပေ။ သူတို့က ညွှန်ကြားမှု တစ်စုံတစ်ရာကို လက်ခံရရှိထားသည်မှာ သိသာလေသည်။
မဟုတ်ပါက.. သူနှင့် လမ့်ရို၏ ပတ်သက်ဆက်နွယ်မှုအရ သူမက သူ့ကို တစ်ကြိမ်ပင်တွေ့ဖို့ ငြင်းဆန်လိမ့်မည် မဟုတ်ပေ။
ကျိချန်းရှန်သည် ခဏမျှ တွေးတောပြီးနောက် ဆက်ပြောလိုက်လေသည်။
“ဇီမို.. မင်းက သိပ်ပြီးတော့ စိုးရိမ်မနေပါနဲ့.. ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ အဆောင်လက်ဖွဲ့ ပြိုင်ပွဲတစ်ခု ရှိနေသေးတယ်.. အဲ့တစ်ချိန်ကျရင် လမ့်ရိုက သေချာပေါက် ထွက်ပေါ်လာလိမ့်မယ်”
“သီယင်းက ကျုပ်ထွက်ပေါ်လာဖို့အတွက် အဲ့လိုမျိုး မသမာတဲ့ နည်းလမ်းတွေကို သုံးလာမှတော့ သူ့ဆန္ဒအတိုင်း ကျုပ်က ဖြည့်ဆည်းပေးရတာပေါ့”
ဆူဇီမိုထံမှ တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခုက ဖြာထွက်လာပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“အဲဒါက နှစ် ၁၀၀ ကြာသွားခဲ့ပြီ.. ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ပြိုင်စံရှား ဘယ်လောက်များများ ပေါ်ထွက်လာခဲ့သလဲ ကြည့်ရသေးတာပေါ့”
ခဏနေပြီးနောက်.. ဆူဇီမိုက သူ၏သတ်ဖြတ်လိုစိတ်ကို ပြန်ရုတ်ပြီး မေးလိုက်လေသည်။
“ဒါနဲ့ ရှောင်းနင်ရော.. ဒီနှစ်တွေထဲ သူမ ဘယ်လိုနေလဲ.. သူမကရော ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲကို မလာဘူးလား”
ရှောင်းနင်အကြောင်း ကြားရချိန်တွင် ကျိချန်းရှန်က ထူးဆန်းသော အမူအရာတစ်ခုကို ထုတ်ပြလာလေသည်။
သူက ခေါင်းခါလိုက်လေသည်။
“ရှောင်းနင်နဲ့ ညဝိညာဉ်က လွန်ခဲ့တဲ့ နှစ် ၁၀၀တုန်းက မြောက်ပိုင်းဒေသကို ထွက်ခွာသွားပြီးကတည်းက ဂိုဏ်းကို ပြန်မလာခဲ့ကြဘူး”
“ဒါပေမဲ့လို့ မကြာမကြာဆိုသလို.. သူမ ဘေးကင်းလုံခြုံကြောင်း ရှောင်းနင်က ဂိုဏ်းကို သတင်းစကား ပေးပို့ပါတယ်”
ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်လေသည်။
နှစ် ၁၀၀ ကြာပြီးနောက်.. သူက ရှောင်းနင်ကို အရမ်းလွမ်းနေပြီ ဖြစ်လေသည်။
နှစ် ၁၀၀ ကြာပြီးတာတောင် ရှောင်းနင်က ပြန်ရောက်မလာဘူးဆိုတော့..။
ကံကောင်းထောက်မစွာဖြင့် သူမ၏ဘေးမှာ ညဝိညာဉ် ရှိနေသည့်အတွက် သူမက အန္တရာယ်တစ်စုံတစ်ရာ ရှိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဤအခွင့်အရေးကို လွဲချော်သွားပြီးလျှင် သူတို့က နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်တွေ့ရမလဲ သူမသိတော့ပေ။
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် နှစ် ၁၀၀ ကြာအောင် မတွေ့ရသည့်အတွက် အတန်ကြာသည်အထိ စကားပြောဆိုနေကြလေသည်။
အရုဏ်တက်ချိန်ရောက်မှာသာ ဆူဇီမိုသည် သူ၏ ကြမ်းတမ်းသော ရုပ်ရည်သွင်ပြင်သို့ ပြန်ပြောင်းပြီး သူ၏ဂေဟာသို့ ပြန်သွားခဲ့လေသည်။
နောက်သုံးရက်အတွင်း.. ဆူဇီမိုက သူ၏ဂေဟာထဲကနေ လုံးဝမထွက်ပေ။
အလယ်ပိုင်းတိုက်ရှိ ဂိုဏ်းကြီးများ၊ အဖွဲ့ကြီးများ၊ အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများ အားလုံးနီးပါးသည် ရောက်ရှိလာကြလေပြီ။
အလယ်ပိုင်းတိုက်ရှိ အင်မော်တယ်ဂိုဏ်း ၆ဂိုဏ်းဖြစ်သော ကောင်းကင်စင်ရော်ဂိုဏ်း၊ နှင်းပုံတောင်ကြား၊ ကစဉ့်ကလျားအမြုတေဂိုဏ်း၊ မိုးကြိုးလေပြေနန်းတော်၊ ဓားဂိုဏ်းနှင့် မိုးပျံငှက်မွှေးဂိုဏ်းတို့ကလည်း ရောက်ရှိလာကြလေသည်။
ပကတိအရှင် ဖန်းလန်နှင့် ဟန်ချိုးယွီတို့ ရောက်ရှိလာသောအခါ အတော်လေး အုံးအုံးကျက်ကျက် ဖြစ်သွားကြလေသည်။
သူတို့၏ ဂုဏ်ကျက်သရေ ထွန်းတောက်ပြောင်သော တည်ရှိမှုကို များစွာသော ကျင့်ကြံသူများက သွားရောက်ကြည့်ရှုကြလေသည်။
ကစဉ့်ကလျားအမြုတေဂိုဏ်းမှ ယဲ့ထန်းချန် ရောက်ရှိလာသောအခါ ပို၍ပင် ကြီးမားသည့် အုန်းအုန်းကျက်ကျက်က ဖြစ်သွားခဲ့လေသည်။ အဲဒါက ကြိုးကြာတစ်ထောင်ဂိုဏ်းသာလျှင်မဟုတ် ဂိုဏ်းကြီးများမှ ကျင့်ကြံသူများ အားလုံးနီးပါးပင် ထိုနေရာသို့ ပြေးသွားကြလေသည်။
ကျင့်ကြံရေးလောကတွင် ပြောကြသည်မှာ ယဲ့ထန်းချန်သည် နိုးထဝိညာဉ်အဆင့်သို့ ဝင်ရောက်ကာစဖြစ်ပြီး အစောပိုင်း နိုးထဝိညာဉ်အဆင့်မှာသာ ရှိသေးသော်လည်း သူ၏ တိုက်ခိုက်ရေးခွန်အားက အရမ်းကို သန်မာပြီး သူက နံပါတ်တစ် ပကတိအရှင်ဘွဲ့ကိုပင် ခံယူထားသည်ဟု ဆိုလေသည်။
အဲဒါက မဟာဘွဲ့ထူးတစ်ခု ဖြစ်လေသည်။
သူအနေဖြင့် အစောပိုင်း နိုးထဝိညာဉ်အဆင့်မှာပင် နံပါတ်တစ် ပကတိအရှင်ဟူသော ဘွဲ့ကို ခံယူနိုင်ခြင်းက တကယ့်ကို ထူးထူးခြားခြား အံ့မခန်း ဖြစ်လေသည်။
တကယ်တော့ ထိုသတင်းက ပျံ့နှံ့သွားသည့်အခါ အဲဒါကို လက်မခံနိုင်သော နိုးထဝိညာဉ် ပြိုင်စံရှားများစွာက ယဲ့ထန်းချန်ကို လာရောက်စိန်ခေါ်ခဲ့ကြလေသည်။ သို့သော်လည်း သူတို့အားလုံးက တစ်ယောက်ပြီးတစ်ယောက် အသတ်ခံခဲ့ရလေသည်။
ထိုအချိန်ကတည်းက ဆန့်ကျင်ကန့်ကွက်သော အသံများက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။
ယဲ့ထန်းချန် ရောက်ရှိလာသောအခါ နန်းကုန်လင်းနှင့် အခြားနှစ်ယောက်ပင်လျှင် မနေနိုင်တော့ဘဲ တစ်ချက်သွားကြည့်ကြလေသည်။
ဆူဇီမိုသာလျှင် သူ၏ဂေဟာထဲမှာ မျက်လုံးနှစ်ဖက်မှိတ်၍ ကျန်ရှိနေခဲ့လေသည်။ သူက ပြိုင်စံရှားဟုခေါ်သော ထိုလူများကို နည်းနည်းလေးမှ စိတ်ဝင်စားပုံမရပေ။
ဗုဒ္ဓကျောင်းတော်များကြားတွင် ကျောင်းတော်သုံးကျောင်းဖြစ်သော လှိုဏ်ခေါင်းကျောင်းတော်၊ ပုံသဏ္ဍာန်မဲ့ကျောင်းတော်နှင့် ပညာဉာဏ်အလင်းကျောင်းတော်တို့က ကြိုးကြာတစ်ထောင်ဂိုဏ်းသို့ ရောက်ရှိလာကြလေသည်။
မင်းကျန်၏ ဒီပင်္ကရာကျောင်းတော်က တောင်ပိုင်းဒေသမှာ တည်ရှိပြီး ဤနေရာနှင့် အလှမ်းကွာဝေးသည့်အတွက် သူတို့က ပါဝင်တက်ရောက်ကြလိမ့်မည် မဟုတ်ပေ။
အလယ်ပိုင်းတိုက်တွင် အဆင့်မြင့်ဂိုဏ်း အတော်များများရှိပြီး သူတို့အားလုံးကလည်း ရောက်ရှိလာကြလေသည်။
မက်မွန်ပွင့်တောင်ထွတ်၊ အာဏာရှင်ဧကရာဇ်တောင်တန်း၊ ဒြပ်စင်ငါးမျိုးဂိုဏ်း၊ ကောင်းကင်ဘုံပင်လယ်နတ်ဘုရားဂိုဏ်း၊ နေလဂေဟာ၊ ကြယ်ပျံဂိုဏ်း၊ ကောင်းကင်ကွန်ရက်ဆိပ်ကမ်း၊ ခိုလှုံရာမဏ္ဍပ်၊ မဟူရာနှင်းခဲဂိုဏ်း၊ ပြိုင်ဘက်ကင်းဓားဂိုဏ်း၊ မဟာအပြောင်းအလဲ အကယ်ဒမီ၊ ခြေရာမဲ့ဂူကျောင်း၊ မဟူရာယင်ဂူကျောင်း၊ အဇူရာမိုးတိမ်ကျောင်းတော်၊ အကျာ်အမော်ခုနှစ်ဖော်ခန်းမ စသည်ဖြင့်…။
ဤနေ့တွင် ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲကို တရားဝင် စတင်လေပြီ။
များစွာသော ဂိုဏ်းများနှင့် ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာလာကြလေသည်။ ကြိုးကြာတစ်ထောင်ဂိုဏ်း ကျင့်ကြံသူများ၏ ဦးဆောင်မှုဖြင့် သူတို့သည် ဂမ္ဘီရလက်ဖက်ပင် တည်ရှိရာ ဂမ္ဘီရခြံဝန်းထဲသို့ ဦးတည်သွားကြလေသည်။
လမ်းတစ်လျှောက်တွင် တာအိုအရှင်ယွီတင်းက ရှင်းပြလေသည်။
“အဲဒီမှာ ဂမ္ဘီရလက်ဖက်ရည်ခွက် စုစုပေါင်း ၅၂၇ခွက် ရှိတယ်လို့ ငါကြားတယ်.. ထိပ်တန်းအဆင့် လက်ဖက်ရည်ကတော့ ၅ခွက်ပဲ ရှိတယ်”
တစ်စုံတစ်ယောက်က လုံလောက်အောင် ချဉ်းကပ်သွားမည်ဆိုလျှင် သူတို့သည် ဂမ္ဘီရလက်ဖက်ပင်၏ ထိပ်ဖျားကို ရှင်းလင်းစွာ မြင်ရပေလိမ့်မည်။ အဲဒီမှာ တဖျတ်ဖျတ် တလက်လက် တောက်ပနေသော အစိမ်းရောင် လက်ဖက်ရွက် ၅ရွက် ရှိနေလေသည်။
လက်ဖက်ရွက်တစ်ရွက်ချင်းစီက ထိပ်တန်းအဆင့် လက်ဖက်ရည်တစ်ခွက်ကိုသာ ကျိုချက်နိုင်ပေလိမ့်မည်။
“ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲကို အပိုင်းနှစ်ပိုင်း ခွဲထားတယ်”
တာအိုသက်ရှိ ယွီတင်းက ဆက်ပြောလိုက်လေသည်။
“ပထမပိုင်းကတော့ တစ်သီးပုဂ္ဂလ လေးအုပ်စုအကြား ပြိုင်ပွဲတွေပဲ.. အဲဒါတွေက အစီအရင်ဝင်္ကပါပြိုင်ပွဲ၊ အဆောင်လက်ဖွဲ့ပြိုင်ပွဲ၊ ဆေးဖော်စပ်ခြင်းပြိုင်ပွဲနဲ့ လက်နက်သွန်းလုပ်ခြင်း ပြိုင်ပွဲတွေပဲ”
အသွန်းတစ်ရာဂိုဏ်းမှ ကျင့်ကြံသူများက စိတ်လှုပ်ရှားသွားကြလေသည်။
သူတို့ဂိုဏ်း၏ ဂုဏ်သိက္ခာက ပထမပိုင်းတွင်ရှိသော လက်နက်သွန်းလုပ်ခြင်း ပြိုင်ပွဲအပေါ် မူတည်နေလေသည်။
တာအိုသက်ရှိ ယွီတင်းက ပြောလိုက်လေသည်။
“အမှားအယွင်း တစ်စုံတစ်ရာ မရှိဘူးဆိုရင် လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲကို ပြိုင်ပွဲစဉ်လေးခုရဲ့ နောက်ဆုံးမှာ ကျင်းပလိမ့်မယ်.. ဂျူနီယာညီမလျှို.. အတတ်နိုင်ဆုံး စိတ်ကိုဖြေလျှော့ထားပြီးတော့ အကောင်းဆုံးလုပ်ဆောင်ပါ”
“ကျွန်မ လုပ်နိုင်သမျှ အကောင်းဆုံးလုပ်ပါ့မယ်”
လျှိုဟန်ယန်က ခေါင်းညိတ်လိုက်လေသည်။
တာအိုသက်ရှိ ယွီတင်းက ဆက်ပြောလိုက်လေသည်။
“ပထမပိုင်းက ငါတို့ တစ်သီးပုဂ္ဂလ လေးအုပ်စုကို ပစားပေးထားတယ်လို့ သတ်မှတ်နိုင်တယ်.. အဲဒီ ပြိုင်ပွဲတစ်ခုချင်းစီမှာ အနိုင်ရရှိတဲ့သူက ထိပ်တန်းအဆင့် လက်ဖက်ရည်တစ်ခွက်ကို သောက်ခွင့်ရလိမ့်မယ်”
“အဲဒါက ငါတို့အတွက် တကယ့် မဟာအခွင့်အရေးပဲ”
ရူရွှမ်က လက်ခုပ်လက်ဝါး တီးလိုက်လေသည်။
“အစ်မဟန်ယန်.. နင်နိုင်မယ်ဆိုရင် နင်က ထိပ်တန်းအဆင့် လက်ဖက်ရည်တစ်ခွက်ကိုတောင် သောက်ရမှာနော်”
လျှိုဟန်ယန်က တစ်စုံတစ်ရာ ပြန်ပြောခြင်းမရှိဘဲ ပြုံးရုံသာ ပြုံးနေလေသည်။
ဤလက်နက်သွန်းလုပ်ခြင်း ပြိုင်ပွဲတွင် သူမ အနိုင်ရရှိဖို့ အခွင့်အရေးက ၃၀ ရာခိုင်နှုန်းပင် မပြည့်ကြောင်း သူမက ကောင်းကောင်းသိထားလေသည်။
သရေကျသွားလျှင်တောင် အဲဒါက အကောင်းဆုံးရလဒ်ဟု ဆိုနိုင်လေသည်။