အညှာတာကင်းမဲ့ခြင်း
Vol. 63 Ch. 933
“ညီကိုမင်းဟန်... မင်းရောနေကောင်းရဲ့လား”
ယဲ့ထျန်းချန်က ထလာခြင်းမရှိပဲ သူ၏ပလ္လင်ပေါ်ကနေ နှုတ်ဆက်လိုက်လေသည်။
ပြောရမည်ဆိုလျှင် ခြံဝန်းထဲရှိမည်သူကမှ သူကိုယ်တိုင်ထ၍ နှုတ်ဆက်ရလောက်အောင် ထိုက်တန်ခြင်းမရှိဟု မှတ်ယူထားခြင်းလည်း ဖြစ်နိုင်လေသည်။
ယဲ့ထျန်းချန်က သူ၏လက်ကိုညင်သာစွာ ဝှေ့ယမ်းပြလိုက်ပြီး သူ့ရှေ့ရှိ မြွေနဂါးကိုးကောင်က နားလည်သဘော ပေါက်သွားခဲ့လေသည်။ သူတို့က လမ်းကြောင်းတစ်ခုကို ဖွင့်ဟပေးလိုက်ပြီး မင်းဟန်ကို အထဲသို့ဝင်ရောက်လာစေလေသည်။
ယဲ့ထျန်းချန်က သူ၏ ပလ္လင်ပေါ်မှာ မြင့်မားထည်ဝါစွာဖြင့် ထိုင်နေလေသည်။
မင်းဟန်က အောက်မှာရပ်နေလေသည်။
ထိုသို့ဆိုလျှင်တောင် အဲ့ဒါက များစွာသော ကျင့်ကြံသူများကို အားကျငေးမောသွားစေဖို့ လုံလောက်လေသည်။
ယဲ့ထျန်းချန်နှင့် ရင်းနှီးဖော်ရွေသော ဆက်ဆံရေးတစ်ခုရှိပြီး သူနှင့် ဤမျှနီးကပ်သောအကွာအဝေးကနေ အပြန်အလှန် ပြောဆိုနိုင်ခြင်းကပင် များစွာသော ကျင့်ကြံသူများအတွက် ကြီးမားသည့် ဂုဏ်ယူဖွယ်ရာတစ်ခု ဖြစ်နေခဲ့လေပြီ။
အသွန်းတစ်ရာဂိုဏ်းဘက်ရှိ လေထုက အနည်းငယ်ပို၍ ထိုင်းမှိုင်းလာခဲ့လေသည်။
မင်းဟန်နှင့် ယဲ့ထန်းချန်က ပို၍ရင်းနှီးမှုရှိလေလေ အသွန်းတစ်ရာဂိုဏ်း၏ အခြေအနေက ပို၍ ဆိုးရွားလာလေလေဖြစ်လေသည်။
ခဏနေပြီးနောက် တာအိုသက်ရှိယွီတင်းက ဘေးဘက်သို့လှည့်ပြီး လျှိုဟန်ယန်ကို နှစ်သိမ့်လိုက်လေသည်။
“ဂျူနီယာညီမလျှို နင်က ဘာမှစိတ်ပူနေစရာမလိုဘူး... နင်းက လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲမှာ အနိုင်ရတာနဲ့ ငါတို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ပြီးသား ဖြစ်သွားလိမ့်မယ်... မင်းဟန်နဲ့ ယဲ့ထျန်းချန်က ရင်းနှီးတဲ့မိတ်ဆွေတွေဆိုရင်တောင် အဲ့ဒါက ကိစ္စမရှိဘူး”
“အင်း...”
လျှိုဟန်ယန်ကခေါင်းညိတ်လိုက်ပြီး သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားလေသည်။
ဆူဇီမိုက စိတ်ထဲကနေသက်ပြင်းချလိုက်လေသည်။
တာအိုသက်ရှိယွီတင်းက သူမကို နှစ်သိမ့်ဖို့ကြိုးစားလိုက်သော်လည်း သူ၏စကားလုံးများက လျှိုဟန်ယန်ကိုပိုပြီး ဖိအားများသွားစေသည်မှာ သိသာလေသည်။
ထိုစဥ်မှာပင် ခြံဝန်းထဲရှိတံခါးက ပွင့်ဟသွားပြီး ချောမောလှပသော အမျိုးသမီးကျင့်ကြံသူတစ်အုပ်စုက လျှောက်လှမ်းဝင်ရောက်လာလေသည်။ သူမတို့၏ ပုံသဏ္ဌာန်များနှင့် ရုပ်ရည်သွင်ပြင်များက အမျိုးမျိုးကွဲပြားသော်လည်း သူမတို့ တစ်ယောက်ချင်းစီက သူမတို့ကိုယ်ပိုင်ထူးခြားမှုများရှိကြလေသည်။
ရှေ့ဆုံးရှိအမျိုးသမီးကျင့်ကြံသူက လေထဲတွင် တဖျပ်ဖျပ်လှုပ်ခါနေသော အဖြူရောင်ဝတ်ဆံကို ဝတ်ထားလေသည်။ သူမက အလွန်တရာချောမောလှပပြီး မှင်သေသေအမူအရာတစ်ခုရှိနေလေသည်။ သူမ၏ ဘေးပတ်လည်မှ အော်ရာက လူသားအော်ရာမဟုတ်ဘဲ မော်တယ်လောကသို့ ဆင်းသက်လာသော နတ်မိမယ်တစ်ပါးနှင့် တူနေလေသည်။ သို့သော်လည်း သူမ၏အကြည့်က အေးစက်နေပြီး ရေခဲတောင်တစ်ခုနှင့် ဆင်တူကာ များစွာသော ကျင့်ကြံသူများကို အေးစက်သွားစေလေသည်။
“ဝိုး.....”
“နတ်မိမယ်လမ့်ရိုက ရောက်လာပြီပဲ..”
“တစ်ကယ့်ကို ပြိုင်ဘက်ကင်းပြီးတော့ ရက်ရက်စက်စက် ချောမောလှပတာပဲ”
လူအုပ်ကြီးက ပင့်သက်ရှိုက်လိုက်ကြလေသည်။
သူမ၏ဝင်ရောက်လာပုံက ခမ်းနားထည်ဝါမှု မရှိသော်လည်း လမ့်ရို၏ ရုပ်ရည်သွင်ပြင်ကြောင့် ဖြစ်ပေါ်လာသော အုတ်အော်သောင်းနင်းက ယဲ့ထျန်းချန်ထက် မလျော့ကျပေ။
ဆူဇီမိုက သူ၏ခေါင်းကို မော့ပြီး ဖြည်းဖြည်းချင်းလျှောက်လှမ်းဝင်လာသော ထိုအမျိုးသမီးကို နွေးထွေးသော အကြည့်တစ်ခုဖြင့် ကြည့်နေပြီး စိတ်ပါလက်ပါဖြင့် ပြုံးလိုက်လေသည်။
သူမကို နှစ်တစ်ရာကြာအောင် မတွေ့ခဲ့ရပြီးနောက် လမ့်ရိုက အေစက်မှုနှင့် သီးခြားဆန်မှုမှာ ပို၍တိုးတက်လာခဲ့လေသည်။
ဆူဇီမိုက သူ့သူငယ်ချင်းအဆင်ပြေသည်ကိုမြင်ပြီး ကျေနပ်နှစ်ခြိုက်သွားခဲ့လေသည်။
လမ့်ရိုက လက်ရှိတွင် အကျပ်အတည်းတစ်ခုကို ရင်ဆိုင်နေရသော်လည်း သူက ဤနေရာကို ရောက်ရှိလာပြီဖြစ်တာကြောင့် သူ့သူငယ်ချင်းကို မည်သည့်ထိခိုက်ခံခွင့်မှ ပေးတော့မည်မဟုတ်ပေ။
ဆူဇီမိုက လမ်းရိုကို ကြည့်နေရင်း သူ့အတွေးထဲမှာ နစ်မျောသွားလေသည်။
ဘေးဘက်ကနေ ရူရွှမ်က မနှစ်မြို့သည့်ပုံပေါက်လာလေသည်။
“ဟွန့်...”
ရူရွှမ်က သူမ၏နှုတ်ခမ်းကိုဆူပြီး ဆူဇီမိုကိုစိုက်ကြည့်ကာ ခပ်ပြတ်ပြတ်ပြောလိုက်လေသည်။
“ရှင်က အရမ်းကိုတည်ငြိမ်ရင့်ကျက်တယ်လို့ကျွန်မက တွေးထားတာ.. ဒါပေမယ့်လို့ အချောအလှလေးတစ်ယောက်ကို မြင်ရတော့ ရှင်က တခြားသူတွေနဲ့ ဘာထူးလို့လဲ... ဟေး သတိထားပါဦး... ရှင့်သွားရည်တွေက ထွက်ကျလာတော့မယ်”
လျှိုဟန်ယန်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး အံ့အားသင့်သွားခဲ့လေသည်။
သူမ၏ ထင်မြင်ချက်အရ ဆူဇီမိုသည် စိတ်ကစားတတ်သော လူတစ်ယောက်မဟုတ်ပေ။
သူမကိုယ်တိုင်ကလည်း အချောအလှတစ်ယောက်ဖြစ်လေသည်။ သူမတို့ ပထမဆုံးတွေ့ဆုံခဲ့ချိန်မှစ၍ ဆူဇီမိုသည် ထိုကဲ့သို့သောအကြည့်နှင့်အပြုံးမျိုးကို တစ်ခါမှမထုတ်ဖော်ခဲ့ဖူးပေ။
ဒါ့အပြင် ယဲ့ထျန်းချန်ကတောင် ဆူဇီိမို၏စိတ်ကို လှုပ်ခတ်စေခြင်းမရှိလျင် ဤနတ်မိမယ်လမ့်ရိုက ဘယ်လိုလုပ်ဤမျှလောက်ထိ ညို့ငင်ဖမ်းစားနိုင်ပါ့မလဲ။
လျှိုဟန်ယန်က နားမလည်နိုင်ပေ။
ဒါ့အပြင် ဆူဇီမိုက နတ်မိမယ်လမ့်ရိုကို ကြည့်နေသောအကြည့်တွင် အရူးအမူးစွဲမက်ခြင်း သို့မဟုတ် တဏှာရာဂထက်သန်ခြင်းတို့မရှိသည်ကို သတိထားမိလေသည်။
ဆူဇီမိုက နတ်မိမယ်လမ့်ရိုကို ကြည်လင်၍ သိမ့်မွေ့သောအကြည့်တစ်ခုဖြင့် ကြည့်နေလေသည်။
လျှိုဟန်ယန်က မလှမ်းမကမ်းတွင်ရှိသော ယဲ့ထျန်းချန်ကို ဘေးတိုက်တစ်ချက်လှမ်းကြည့်လိုက်လေသည်။
ထိုအခိုက်အတန့်တွင် ယဲ့ထန်းချန်ကလည်း လမ့်ရိုကို ကြည့်နေလေသည်။ သို့သော်လည်း ယဲ့ထျန်းချန်၏ အကြည့်က အထက်စီးဆန်ပြီး လွှမ်းမိုးခြယ်လှယ်မှုဖြင့် ပြည့်နှက်နေကာ လျှိုဟန်ယန်ကို မသက်မသာခံစားရစေလေသည်။
“လမ့်ရို... ငါဒီမှာလေ”
ယဲ့ထျန်းချန်က ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး လမ့်ရိုကို အပြုံးတစ်ခုဖြင့် စိုက်ကြည့်လိုက်လေသည်။
သူက လမ့်ရိုထံမှ ပြန်ဖြေစကားတစ်ခုကို စောင့်ဆိုင်းနေသည့်အလား မောက်မာသောအမူအရာတစ်ခုရှိနေလေသည်။
ကံမကောင်းစွာနှင့်ပင် လမ့်ရိုက သူ့ကိုလှည့်ပင်မကြည့်ပေ။
အခြေအနေက အိုးတိုးအမ်းတမ်း ဖြစ်သွားခဲ့လေသည်။
လူအုပ်ကြီးထဲမှ ဆူညံဆူညံအသံများက တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။
ယဲ့ထျန်းချန်၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ချက်က လက်သွားပြီး သူက စိတ်လက်ပေါ့ပါးဟန်ဖြင့် ရယ်မောလိုက်လေသည်။ သူက ဘာကိုမှ ပူပန်နေခြင်းမရှိပုံဖြင့် ပြန်ထိုင်ချလိုက်လေသည်။
“ခွိခွိ...”
တစ်နေရာမှ ကျင့်ကြံသူတစ်ယောက်က မချုပ်တည်းနိုင်ပဲရယ်မိလိုက်လေသည်။
ယဲ့ထျန်းချန်၏ အမူအရာက အေးစက်လာခဲ့လေသည်။
အစက သူ့ဘေးတွင်ရပ်နေသော နိုးထဝိညာဥ်အမျိုးသမီးအစေခံက လူအုပ်ကြီးထဲသို့ ခုန်ဝင်သွားခဲ့လေသည်။ သူမ၏ အင်္ကျီလက်စက တဖျပ်ဖျပ်လှုပ်ခါသွားပြီး အေးစက်စက်အလင်းဖြင့် တောက်ပနေသော ဓားမြှောင်တစ်လက်နှင့်အတူ ရှေ့သို့ ပစ်သွင်းလိုက်လေသည်။
ထိုကျင့်ကြံသူက ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး အငိုက်မိသွားခဲ့လေသည်။
ကြိုးကြာတစ်ထောင်ဂိုဏ်းမှ များစွာသောမူလနတ္ထိပညာရှင်များ၏ ရှေ့မှောက်တွင် တစ်စုံတစ်ယောက်က အခြားတစ်စုံတစ်ယောက်ကို တိုက်ခိုက်ရဲလိမ့်မည်ဟု သူထင်မှတ်မထားပေ။
ဒါ့အပြင် နိုးထဝိညာဥ်အဆင့် အမျိုးသမီးက အားနည်းပုံပေါ်သော်လည်း သူမ၏တိုက်ခိုက်မှုက အလွန်တရာတိကျပြီး အညှာတာကင်းမဲ့လေသည်။ သူမက လုံးဝထိန်ချန်ထားခြင်းမရှိပဲ ဓားမြှောင်ကို သူ၏နဖူးဆီသို့ ပစ်သွင်းလိုက်ခြင်းဖြစ်လေသည်။
လက်ဖက်ရည်ဧည့်ခံပွဲသို့ တက်ရောက်လာသော ကျင့်ကြံသူများက သာမန်သူများမဟုတ်ကြပေ။
ရွှမ်း...
သူ၏သိုလှောင်အိတ်ကိုပုတ်ပြီး ထိုသူက ဆေဘာရှည်တစ်လက်ကို ဆွဲထုတ်ကာ ဝင်ရောက်လာသောဓားမြှောင်ကို ခုတ်ပိုင်းချလိုက်လေသည်။
ရွှမ်း...
ဆေဘာနှင့်ဓားမြှောင်က ထိတွေ့ရိုက်ခတ်သွားလေသည်။
ထိုလူက ဆတ်ကနဲတုန်ယင်သွားလေသည်။
နိုးထဝိညာဥ်အဆင့်အမျိုးသမီးက ပိန်ပါးသော်လည်း သူမ,ထုတ်ဖော်လိုက်သော စွမ်းအားက အလွန်ကို တုန်လှုပ်ဖွယ်ရာကောင်းလေသည်။ သူက ဆေဘာကိုပင် ကောင်းကောင်းမဆုပ်ကိုင်နိုင်တော့ပေ။
ရုတ်တရက်ဆိုသလို...
နိုးထဝိညာဥ်အဆင့်အမျိုးသမီး၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းက ဖျတ်ကနဲလက်သွားပြီး သူမ၏ လှုပ်ရှားကွက်ကို အလွန်တရာလျင်မြန်စွာ ပြောင်းလဲလိုက်လေသည်။
သူမ၏ လက်ကောက်ဝတ်ကို လှည့်ခါမှုနှင့်အတူ ဓားမြှောင်၏ ထက်ရှသော အနားစောင်းက ဆေဘာပေါ်မှာ လျှောတိုက်သွားပြီး ထိုကျင့်ကြံသူ၏ လက်ချောင်းလေးချောင်းကို လှီးဖြတ်လိုက်လေသည်။
“အား....”
စူးစူးဝါးဝါး အော်သံနှင့်အတူ ထိုသူက နောက်သို့ ဒယီးဒယိုင်ဆုတ်ခွာသွားလေသည်။ သူ၏လက်ဝါးက သွေးသံရဲရဲဖြစ်နေခဲ့လေသည်။
မမျှော်လင့်ထားစွာပင် နိုးထဝိညာဥ်အဆင့်အမျိုးသမီးက လုံးဝအလျှော့ပေးခြင်းမရှိပေ။ အေးစက်စက်အမူအရာတစ်ခုနှင့်အတူ သူမက လိုက်ပါချည်းကပ်သွားပြီး သူမ၏ဓားမြှောင်ကို ထပ်မံပစ်သွင်းလိုက်လေသည်။
ထိုဓားမြှောင်က ထိုလူ၏ လည်ပင်းပတ်ချာလည်ကို ပေါ့ပါးစွာလှည့်ပတ်သွားပြီးနောက် သူမ၏ လက်ထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့လေသည်။
ဦးခေါင်းပြတ်တစ်လုံးက ပြုတ်ကျလာခဲ့လေသည်။။
တုန်လှုပ်ချောက်ချားစွာဖြင့် ထိုနိုးထဝိညာဥ်၏ အမြုတေစိတ်ဝိညာဥ်က သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာလာခဲ့လေသည်။
သို့သော်လည်း အမြုတေစိတ်ဝိညာဥ်က သိပ်ဝေးဝေးမသွားနိုင်ခင်မှာပင် အေးစက်စက်လေတစ်ချက်အဝှေ့မှာ တဆတ်ဆတ် လှုပ်ခါသွားခဲ့လေသည်။ ၎င်း၏ အလင်းရောင်က လျင်မြန်စွာ မှိန်ဖျော့သွားပြီး လေဟာနယ်ထဲတွင် ပျက်ပြယ်ကာ နေရာမှာပင် သေဆုံးသွားခဲ့လေသည်။
နိုးထဝိညာဥ်များ၏ အမြုတေစိတ်ဝိညာဥ်က အလွန်တရာအားနည်းပြီး သူတို့၏ခန္ဓာကိုယ်ထဲကနေ ထွက်ခွာပြီးနောက် သိပ်မကြာခင် သေဆုံးရပေလိမ့်မည်။
ခြံဝန်းက အလွန်တရာကြီးမားသော်လည်း တိတ်ဆိတ်ငြိမ်သက်သွားပြီး အပ်ကျသံကိုပင် ကြားရလာနိုင်လေသည်။
နိုးထဝိညာဥ်တစ်ယောက်က ရယ်သံတစ်ချက်ထွက်မိသောကြောင့် နေရာမှာပင် အသက်ခံရလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
ဒါ့အပြင် အဲ့ဒါကို တိုက်ခိုက်လိုက်သူက ယဲ့ထျန်းချန်ကိုယ်တိုင်မဟုတ်ပေ။
ထိုအစား သူ၏အစေခံအမျိုးသမီးက ထိုသူ၏ဦးခေါင်းကို လှုပ်ရှားကွက်နှစ်ကွက်ဖြင့် လှီးဖြတ်ခဲ့ခြင်းဖြစ်လေသည်။
ပုံမှန်အားဖြင့် ကြိုးကြာတစ်ထောင်ဂိုဏ်းအတွင်းမှာ ကျင့်ကြံသူများကြား တိုက်ခိုက်သတ်ဖြတ်ခြင်းကို တားမြစ်ပိတ်ပင်ထားလေသည်။
အဲ့ဒါက လက်ဖက်ရည်ဧည့်ခံပွဲ၏ ပြိုင်စံရှားများအကြား ပြိုင်ပွဲဖြစ်လျင်တောင် အနိုင်အရှုံးရလဒ်က ထွက်ပေါ်လာသည်နှင့် သူတို့က ရပ်တန့်ရမည်ဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် သတ်ခွင့်ပေးမထားပေ။
ယဲ့ထျန်းချန်က ဤမျှလောက်ထိ စီးပိုးခြယ်လှယ်လာလိမ့်မည်ဟု မည်သူက တွေးထင်ထားပါမည်နည်း။
ကြိုးကြာတစ်ထောင်လက်ဖက်ရည်ဧည့်ခံပွဲက မစတင်ခင်မှာပင် အဲ့ဒါက သွေးဖြင့် စွန်းထင်းသွားခဲ့လေပြီ။
ခြံဝန်းက သတ်ဖြတ်လိုသော အော်ရာတစ်ခုနှင့် ပြည့်နှက်လာပြီး ကျင့်ကြံသူများအားလုံးက တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။
ယဲ့ထျန်းချန်က နောက်ဆုံးမှာ သူ၏ပါးစပ်ကို ဖွင့်ပြီး ပျင်းရိလေးတွဲစွာပြောလိုက်လေသည်။
“ယဲ့ချီကသူ့ကို သင်ခန်းစာတစ်ခုပေးချင်ရုံပဲ.. သူမက ထိန်ချန်ထားသေးတယ် သူကသာ သေချင်နေပြီးတော့ သူ့ရဲ့အမြုတေစိတ်ဝိညာဥ်ကို ထုတ်ဖော်ဖို့ရွေးချယ်ခဲ့တာပဲ... အဲ့ဒီကိစ္စအတွက် သူမကို အပစ်တင်လို့တော့ ဘယ်ရပါ့မလဲ”
ယဲ့ချီက ထိုနိုးထဝိညာဥ်အစေခံအမျိုးသမီး၏ အမည်ဖြစ်လေသည်။ အတိကျပြောရလျင် အစေခံအမျိုးသမီးကိုးယောက်က သူမတို့၏ ကိုယ်ပိုင်နာမည်များမရှိပဲ နံပါတ်စဥ်များသာ ရှိကြလေသည်။
ကြိုးကြာတစ်ထောင်ဂိုဏ်းမှ မူလနတ္ထိများက ထိုဖြေရှင်းချက်ကို ကြားသောအခါ သူတို့သည် မျက်မှောင်အနည်းငယ်ကြုတ်၍ ဘာကိုမှမပြောကြပေ။ သူတို့က သူ၏အကြောင်းပြချက်ကို တိတ်တဆိတ်ဖြင့် သဘောတူလက်ခံလိုက်ကြလေသည်။
ကျင့်ကြံသူများ၏ စိတ်နှလုံးက အေးစက်လာခဲ့လေသည်။
ယဲ့ထျန်းချန်၏ စကားလုံးများက လုံးဝကိုကျိုးကြောင်းဆီလျော်မှုမရှိပေ။
နိုးထဝိညာဥ်တစ်ယောက်၏ ဦးခေါင်းကို လှီးဖြတ်လိုက်ခြင်းဖြင့် ယဲ့ချီက ထိုနိုးထဝိညာဥ်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ခဲ့လေပြီ။
သူ၏ ဦးခေါင်းက ဖြတ်တောက်ခြင်းခံရသည့်အခါ သူ၏သွေးချီက သိပ်မကြာမီ ခမ်းခြောက်သွားပေလိမ့်မည်။
ထိုသူ၏အမြုတေစိတ်ဝိညာဥ်က သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာခြင်းမရှိလျင် သူ၏ ညိုးခြောက်လာသော ဦးခေါင်းထဲတွင် နေရမည်ဖြစ်ပြီး အဲ့ဒါက သိပ်ကြာကြာမတောင့်ခံနိုင်ပဲ သေဆုံးရပေလိမ့်မည်။
ယဲ့ချီ၏တိုက်ခိုက်မှုက ထိုလူကို သတ်ဖြတ်လိုက်ခြင်းနှင့် ဘာမှမခြားနားပေ။
လူတိုင်းက ထိုသဘောတရားကို နားလည်နိုင်ကြလေသည်။ သို့သော်လည်း ကြိုးကြာတစ်ထောင်ဂိုဏ်း၏ မူလနတ္ထိများက ထိုအကြောင်းပြချက်ကို အသိအမှတ်ပြုလက်ခံလိုက်လေသည်။
ထိုဖြစ်ရပ်ကို ကြည့်ခြင်းဖြင့် ယဲ့ထျန်းချန်အပေါ် ကြိုးကြာတစ်ထောင်ဂိုဏ်း၏ စိတ်သဘောထားကို သိသာစွာ မြင်နိုင်လေသည်။
“ကျွတ်ကျွတ်ကျွတ်... အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်က နံပါတ်တစ်ပုဂ္ဂိုလ်ကြီးက တစ်ကယ့်ကိုအထင်ကြီးလောက်စရာပဲ”
ထိုစဥ်မှာပင် ခြံဝန်းထဲကနေ နောက်ထပ်လှောင်ပြောင်ရယ်မောသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။