မိတ်ဆွေငါးယောက် ပြန်လည်ဆုံစည်းခြင်း
Vol. 63 Ch. 934
လူအုပ်ကြီးက တုန်လှုပ်သွားကြလေသည်။
စောစောကတင် တစ်စုံတစ်ယောက်သည် ရယ်မောမိသည့်အတွက် ယဲ့ထန်းချန်၏ အစေခံလက်ချက်ဖြင့် နေရာမှာတင် အသတ်ခံခဲ့ရလေသည်။
ကြိုးကြာတစ်ထောင်ဂိုဏ်းကပင် အဲဒါကို ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ တိတ်တဆိတ် လက်ခံလိုက်လေသည်။
ဤအခိုက်အတန့်မှာ တစ်စုံတစ်ယောက်က စကားပြောဆိုလာရဲသည်ဆိုတော့..
ဒါ့အပြင် ဤတစ်ကြိမ်တွင် သူက ယဲ့ထန်းချန်ကို ပြောင်ပြောင်တင်းတင်း လှောင်ပြောင်နေပြီး ထိုသူ၏ အခွင့်အာဏာစက်ကို တိုက်ရိုက်စိန်ခေါ်လာလေသည်။
တစ်စုံတစ်ယောက်က သေရတော့မည်ဖြစ်ကြောင်းကို များစွာသော ကျင့်ကြံသူများက နားလည်လိုက်ကြလေသည်။
ဆူဇီမိုက ထိုအသံကို ကြားသောအခါ ရင်တစ်ချက်ထိတ်သွားပြီး မနေနိုင်ဘဲ ပြုံးလိုက်မိလေသည်။
သူကလည်း ဒီနေရာကို ရောက်လာခဲ့ပြီဆိုတော့…
ကျိချန်းရှန်ကလည်း တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်ပြီး ဝမ်းသာပျော်ရွှင်သွားခဲ့လေသည်။
အစကတော့ လမ့်ရိုသည် အေးစက်စက် အမူအရာတစ်ခု ရှိနေခဲ့လေသည်။ သို့သော်လည်း ထိုအသံကို ကြားသောအခါ သူမ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သူမ၏ အေးစက်စက် မျက်လုံးများက နွေးထွေးမှုဖြင့် တဖျတ်ဖျတ်လက်သွားလေသည်။
“ဟမ်”
ယဲ့ထန်းချန်က သူ၏မျက်လုံးကို မှေးကျဉ်းပြီး သူ၏ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်လေသည်။
သူ့ဘေးနားရှိ အစေခံ ၉ယောက်ကလည်း မျက်မှောင်ကြုတ်၍ လူအုပ်ကြီးထဲကို စစ်ဆေးကြည့်ရှုလိုက်လေသည်။ သို့သော်လည်း သူတို့က တွေဝေတုံ့ဆိုင်းနေပြီး အတန်ကြာသည်အထိ လှုပ်ရှားမှု မပြုလုပ်ကြပေ။
စောစောက အသံက ထွက်ပေါ်လာသောအခါ အဲဒါက တသတ်မတ်တည်း မဟုတ်ဘဲ ၎င်း၏တည်နေရာကို ဆုံးဖြတ်နိုင်ဖို့က ခက်ခဲလေသည်။ သူတို့ထဲ မည်သူကမှ ထိုအသံ ဘယ်နေရာကနေ ထွက်ပေါ်လာသလဲ မဆုံးဖြတ်နိုင်ကြပေ။
“ဟီးဟီး.. မင်းက ဘာတွေကို မျက်လုံးမှေးပြီး ကြည့်နေတာလဲ.. မင်းပုံစံက ဘယ်လောက်တောင် ရူးကြောင်ကြောင်နိုင်လဲ ကြည့်ပါဦး”
လှောင်ပြောင်ရယ်မောသံက တစ်ဖန်ထွက်ပေါ်လာခဲ့လေသည်။
ဒီတစ်ကြိမ်တွင်တော့ လှောင်ပြောင်ရန်စမှုက ပို၍ပြင်းထန်လာပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုပင် ပါလာလေသည်။
ထိုကဲ့သို့သော လှောင်ပြောင်ရန်စမှုမျိုးကို ယဲ့ထန်းချန် မပြောနှင့်၊ သာမန်ကျင့်ကြံသူများပင် သည်းခံနိုင်လိမ့်မည် မဟုတ်ပေ။
ရွှစ်
ယဲ့ထန်းချန်က သတ်ဖြတ်လိုသော အော်ရာတစ်ခုနှင့် မတ်တတ်ထရပ်လိုက်လေသည်။ သူ၏နှာရောင်က တောက်ပသွားပြီး သူ၏ ကြီးမားသည့် စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ကာ ခြံဝန်းတစ်ခုလုံးကို လွှမ်းခြုံလိုက်လေသည်။
ခဏကြာပြီးနောက်..
သူက လှုပ်ရှားမှု မရှိသေးဘဲ သုန်မှုန်နေသော အမူအရာတစ်ခုဖြင့် ရပ်နေလေသည်။
သူက မည်သည့်အရာကိုမှ ရှာမတွေ့နိုင်ခဲ့ပေ။
သူ၏ စိတ်ဝိညာဉ်အသိစိတ်က ဆင်းသက်လာပြီးနောက်.. စောစောက အသံသည် လေထဲမှာ ပျောက်ကွယ်သွားသည့်အလား ထင်ရလေသည်။
ယဲ့ထန်းချန်ကို မပြောနှင့်၊ လက်ရှိ မူလနတ္ထိပညာရှင်များပင်လျှင် ထိုသူကို ရှာမတွေ့နိုင်ကြပေ။
ယဲ့ထန်းချန်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ မှုန်ကုပ်နေသော အကြည့်နှင့်အတူ သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းပြီး သူ့ထိုင်ခုံမှာ ပြန်ထိုင်လိုက်လေသည်။
“အားရား.. ငါဖြင့် လန့်သွားတာပဲ”
ယဲ့ထန်းချန်က သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ပြန်ရုတ်သိမ်းကာစဖြစ်ပြီး သူ၏တင်ပါးနှင့် သူ၏ထိုင်ခုံက မထိနိုင်သေးခင်မှာပင် လှောင်ပြောင်ရန်စသံက နောက်တစ်ဖန် ထွက်ပေါ်လာခဲ့လေသည်။
“ငါက အဲဒါကို ပြောချင်လို့တော့ မဟုတ်ပါဘူး.. ဒါပေမဲ့လို့ ကစဉ့်ကလျားအမြုတေဂိုဏ်းက တကယ့်ကို ထင်ရာစိုင်းနေတာပဲ.. မင်းက အခြားသူတွေကို ရယ်ခွင့်တောင် ပေးမထားဘူး.. အခု မင်းက ငါ့ကို ရှာမတွေ့နိုင်ဘူးဆိုတော့ မင်းက ဒေါသထွက်လွန်းလို့ ပေါက်ကွဲထွက်သွားတော့မှာလား”
ဆူဇီမိုက စိတ်ထဲကနေ ရယ်မောလိုက်လေသည်။
နှစ် ၁၀၀ ကြာပြီးနောက်.. ဖက်တီးလေးက ပို၍ပင် နောက်ပြောင်ကျီစယ်တတ်လာလေသည်။
ဒါ့အပြင် ဖက်တီးလေး၏ ပုန်းကွယ်ခြင်း နည်းစနစ်က အတော်လေးကို ပြောင်မြောက်သည်ဟု ဆိုရပေမည်။ ဆူဇီမိုပင်လျှင် သူ၏ စွမ်းအားကြီးသော အာရုံခြောက်ပါးနှင့် ဖက်တီးလေး၏ တည်နေရာကို အကြမ်းဖျင်းသာ ဆုံးဖြတ်နိုင်လေသည်။
ဖက်တီးလေးက လူအုပ်ကြီးထဲမှာ ဆက်လက်ရွေ့လျားနေလေသည်။
သို့သော်လည်း.. သူ၏ခန္ဓာကိုယ်ကို ရတနာတစ်ခုဖြင့် ဖုံးကွယ်ထားပုံရပြီး အဲဒါက သူ၏အော်ရာကို ဖျောက်ပေးကာ မည်သူမှ သူ့ကို ရှာမတွေ့နိုင်ပေ။
ဒါ့အပြင် သူက ဖြည်းဖြည်းချင်း သေချာဂရုစိုက်၍ လှုပ်ရှားနေလေသည်။
“အမှောင်ထဲမှာ ပုန်းကွယ်ပြီးတော့ သတ္တိကြောင်နေတာ ဘယ်ကောင်လဲ”
ယဲ့ထန်းချန်၏ အမူအရာက သုန်မှုန်ခက်ထန်လာပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“မင်းမှာ သတ္တိရှိတယ်ဆိုရင် မင်းကိုယ်မင်း ထွက်ပြလိုက်လေ”
“ဟင့်အင်း.. ငါက သတ္တိမရှိပါဘူး.. ငါက ကြောက်တတ်တယ်ကွ”
ဖက်တီးလေးက ပြန်ပြောလိုက်လေသည်။
“မကြောက်လို့ရမလား.. မင်းက မယ်မယ်ရရ အကြောင်းရင်းမရှိဘဲနဲ့ လူတွေကို သတ်ဖြတ်နေတာ.. ကြိုးကြာတစ်ထောင်ဂိုဏ်းကိုတောင် မျက်လုံးထဲ ထည့်ထားတာ မဟုတ်ဘူး.. ဘယ်သူက အဲဒါကို မကြောက်ဘဲနေပါ့မလဲ”
သူက ယဲ့ထန်းချန်ကို လှောင်ပြောင်သရော်နေရုံသာမက.. သူက ကြိုးကြာတစ်ထောင်ဂိုဏ်းကိုပါ ထေ့ငေါ့လှောင်ပြောင်လာခဲ့လေသည်။
ကြိုးကြာတစ်ထောင်ဂိုဏ်းရှိ များစွာသော မူလနတ္ထိများ၏ မျက်နှာများက နီမြန်းသွားကြလေသည်။
ယဲ့ထန်းချန်က သူ၏မျက်လုံးကို မှိတ်ချလိုက်ပြီး ရှာဖွေခြင်းကို လက်လျှော့လိုက်သည့်အလား သူ၏ပါးစပ်ကို ရုတ်တရက် ပိတ်ထားလိုက်လေသည်။
ခဏနေပြီးနောက်.. ဖက်တီးလေးက တစ်ဖန်ထပ်မေးလိုက်လေသည်။
“မင်းက အဲဒါ ဘာလုပ်နေတာလဲ.. ဒီအချိန်ကြီးမှာ အိပ်မလို့လား”
ရုတ်တရက်ဆိုသလို..
ယဲ့ထန်းချန်က သူ၏မျက်လုံးကို ဖွင့်လိုက်ပြီး သတ်ဖြတ်လိုစိတ်က ထောင်းခနဲ ထလာလေသည်။ ဖျတ်ခနဲဆို သူက လူအုပ်ကြီးထဲသို့ ခုန်ဝင်ပြီး အေးစက်စွာဖြင့် ငေါက်ငမ်းလိုက်လေသည်။
“လခွမ်းပဲ.. ထွက်လာခဲ့တော့”
လူအုပ်ကြီးက တုန်လှုပ်စွာဖြင့် နောက်သို့ဆုတ်လိုက်ကြလေသည်။
အဲဒီမှာ လိပ်ပြာလွင့်မတတ် ကြောက်ရွံ့နေပုံရသော အနက်ရောင်ဝတ် လူတစ်ယောက်က နေရာမှာပင် မတ်တတ်ရပ်နေလေသည်။
ဘုန်း
ယဲ့ထန်းချန်၏ လက်သီးက ထိုသူ၏ရင်အုပ်ပေါ်သို့ ပြင်းထန်စွာ ဆင်းသက်သွားခဲ့လေသည်။
ထိုလူ၏ အဝတ်အစားများက စုတ်ပြဲသွားပြီး သူက လွင့်စင်ထွက်သွားလေသည်။ သူ၏ရင်ဘတ်က ပွင့်ထွက်သွားပြီး ထူးဆန်းစွာပင် သွေးများက စီးထွက်မလာခဲ့ပေ။
ဘန်း
ထိုသူက မြေပြင်ပေါ်သို့ ပစ်လဲကျသွားပြီး နှစ်ပတ်သုံးပတ် လိမ့်ပြီးမှ ရပ်တန့်သွားခဲ့လေသည်။
လူတိုင်းက အာရုံစိုက်၍ ကြည့်ရှုလိုက်ကြလေသည်။
အဲဒါက လူတစ်ယောက် လုံးဝမဟုတ်ပေ။ အဲဒါက သာလွန်အဆင့် သံနက်ဖြင့် ပြုလုပ်ထားသော ရုပ်သေးရုပ်တစ်ရုပ် ဖြစ်လေသည်။
ရုပ်သေးရုပ်က မြေပြင်ပေါ်မှာ ဝမ်းလျားမှောက်နေပြီး လူတိုင်းကို ကျောပေးထားလေသည်။ ၎င်း၏ကျောပေါ်တွင် စကားလုံးအချို့ကို ရေးထားလေသည်။ - ငါ့ကို ရိုက်တဲ့သူက သောက်ရူးပဲ -
“ဟားဟားဟားဟား”
ဒီတစ်ကြိမ်တွင်တော့ လက်ရှိကျင့်ကြံသူ အတော်များများသည် မချုပ်တည်းနိုင်တော့ဘဲ ဟားတိုက်ရယ်မောလိုက်ကြလေသည်။
ဆူဇီမိုကလည်း ရယ်လိုက်လေသည်။
အဲဒါက ဖက်တီးလေး တစ်ယောက်တည်းသာလျှင် မဟုတ်.. ရုပ်သေးဂိုဏ်းသို့ ဝင်ရောက်ခဲ့သော အရူးရှစ်ကျန့်ပင် ပါလာခဲ့လေသည်။
သူတို့အားလုံးက ဒီနေရာကို ရောက်ရှိလာခဲ့ကြလေသည်။
လမ့်ရိုက အဲဒါကို မြင်သောအခါ သူမ၏နှုတ်ခမ်းက စိတ်ခံစားချက်ဖြင့် ဆတ်ခနဲ လှုပ်သွားလေသည်။
သူမက ယဲ့ထန်းချန်နှင့် လက်ထပ်တော့မည်ဆိုတာကို သူ၏မိတ်ဆွေဟောင်းများ ကြားသိရသောအခါ.. သူတို့သည် အဲဒါက ထောင်ချောက်တစ်ခု ဖြစ်နိုင်သည်ဆိုတာကို သိရှိသော်လည်း တွေဝေတုံ့ဆိုင်းခြင်းမရှိ ရောက်လာခဲ့ကြလေသည်။
အဲဒါက ကျိချန်းရှန်အတွက်လည်း ထို့အတူပင်။
အဲဒါက ဖက်တီးလေးနှင့် ရှစ်ကျန့်အတွက်လည်း ထို့အတူပင်။
လမ့်ရိုသည် အစကတည်းက သံယောဇဉ်တွယ်တာတတ်သော လူမျိုးမဟုတ်ပေ။ သို့သော်လည်း ထိုအခိုက်အတန့်တွင် သူမ၏နှုတ်ခေါင်းက စပ်ဖျဉ်းဖျဉ်းဖြစ်လာပြီး သူမ၏မျက်လုံးများက နီရဲလာခဲ့လေသည်။
ယဲ့ထန်းချန်၏ အမူအရာက အလွန်တရာ သုန်မှုန်လာခဲ့လေသည်။
တကယ်ဆို သူက ထိုအခိုက်အတန့်တွင် ရယ်မောနေသော ကျင့်ကြံသူများ အားလုံးကို သတ်ဖြတ်ဖို့ပင် စိတ်ကူးရှိလာခဲ့လေသည်။
သို့သော်လည်း အဲဒါက ယုတ္တိမတန်ကြောင်းကို သူက သိထားလေသည်။
သူက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာတွင် ရပ်တည်ပြီး နံပါတ်တစ် ပကတိအရှင်ဘွဲ့ကို ခံယူထားသည်ဆိုလျှင်တောင် သူက အဲဒါကို မလုပ်နိုင်ပေ။
“အဲဒီမှာ လျှောက်ပြီးတော့ အရူးလုပ်မနေနဲ့တော့”
ထိုစဉ်မှာပင် နူးညံ့ညင်သာသော အော်သံတစ်သံက ခပ်လှမ်းလှမ်းကနေ ထွက်ပေါ်လာခဲ့လေသည်။
ကျက်သရေရှိသော ပုံရိပ်သုံးခုက စွမ်းအားကြီးသော အော်ရာများနှင့်အတူ လေထဲမှာ ထွက်ပေါ်လာခဲ့လေသည်။
ဓမ္မဝိသေသ တာအိုအရှင် သုံးယောက်..။
အမျိုးသမီးကျင့်ကြံသူ သုံးယောက်က သူတို့၏ သတ်လတ်ပိုင်းအရွယ်မှာ ရောက်ရှိနေသည်ဟု ထင်ရသော်လည်း သူတို့က ချောမောလှပနေဆဲဖြစ်ပြီး အမျိုးသမီးငယ်များ မပိုင်ဆိုင်သော တည်ငြိမ်ရင့်ကျက်သည့် အော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။
ဦးဆောင်လာသော အမျိုးသမီးကျင့်ကြံသူက ကြိုးကြာတစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ် တာအိုအရှင် လန်ယွဲ့ ဖြစ်လေသည်။
သူမ၏ ဘေးဘက်ရှိ နှစ်ယောက်ကတော့ ကြိုးကြာတစ်ထောင်ဂိုဏ်း၏ အကြီးအကဲများ ဖြစ်လေသည်။
တာအိုအရှင် လန်ယွဲ့က လူအုပ်ကြီးထဲသို့ တစ်ချက်ဝေ့ကြည့်ပြီးနောက်.. မှင်သေသေဖြင့် ပြောလိုက်လေသည်။
“နင်တို့နှစ်ယောက်က ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲကို တက်ရောက်ဖို့ လာတာဆိုရင် ကြိုးကြာတစ်ထောင်ဂိုဏ်းက နင်တို့ကို ကြိုဆိုတယ်.. ဒါပေမဲ့လို့ နင်တို့က ဒီကို ပြဿနာရှာဖို့ ရောက်လာတာဆိုရင်တော့ နင်တို့ကို မောင်းထုတ်ရမယ့်အတွက် ငါ့ကို အပြစ်မတင်ကြနဲ့”
ဖက်တီးလေးနှင့် ရှစ်ကျန့်၏ နည်းလမ်းများက ဘယ်လိုပင် ပြောင်မြောက်ပါစေ.. သူတို့သည် ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ထောက်လှမ်းခြင်းကနေ ပုန်းကွယ်နိုင်လိမ့်မည် မဟုတ်ပေ။
ဖက်တီးလေးနှင့် ရှစ်ကျန့်က ကြိုးကြာတစ်ထောင်ဂိုဏ်းဘက်သို့ တိတ်တဆိတ် ချဉ်းကပ်သွားပြီးနောက်.. သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြသလိုက်လေသည်။
သူတို့နှစ်ယောက်က ယဲ့ထန်းချန်နှင့် မျက်နှာချင်းဆိုင်နေလေသည်။
ထိုအခိုက်အတန့်တွင် ကြိုးကြာတစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း ရောက်ရှိလာခဲ့လေပြီ။
ယဲ့ထန်းချန်က ဘယ်လိုပင် သန်မာပါစေ.. သူက ကြိုးကြာတစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ရှေ့မှောက်တွင် သတ်ဖြတ်မှုကို စတင်ရဲလိမ့်မည် မဟုတ်ပေ။
“ချောမောလှပတဲ့ မမဂိုဏ်းချုပ်.. ကျေးဇူးပြုပြီး ကျုပ်တို့ကို မောင်းမထုတ်ပါနဲ့”
ဖက်တီးလေးက တာအိုအရှင် လန်ယွဲ့ကို သွားဖြီး၍ နှုတ်ဆက်လိုက်လေသည်။
တာအိုအရှင် လန်ယွဲ့က မှင်သေသေ အမူအရာဖြင့် ရှိနေသော်လည်း သူမကို ချောမောလှပတဲ့ မမဂိုဏ်းချုပ်ဟု ခေါ်ဆိုလိုက်သည့်အတွက် သူမက ကျေနပ်နှစ်ခြိုက်သွားခဲ့လေသည်။
သူမက သတ်လတ်ပိုင်းအရွယ်မှာ ရှိနေသည့်ပုံပေါက်သော်လည်း သူမက နှစ်ပေါင်းထောင်ချီ၍ ရှင်သန်နေထိုင်လာခဲ့ပြီးလေပြီ။ အသက် ၁၀၀ ကျော်အရွယ် ကလေးတစ်ယောက်က သူ့ကို ချောမောလှပတဲ့ မမဟု ခေါ်ဆိုသည့်အခါ သူမက သဘောမကျဘဲ ဘယ်နေပါ့မလဲ။
ဖက်တီးလေးက ပြောလိုက်လေသည်။
“ချောမောလှပတဲ့ မမဂိုဏ်းချုပ်.. ယဲ့ထန်းချန်က ခင်ဗျားရဲ့ ပိုင်နက်ထဲမှာတောင် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ရဲတယ်.. ကျုပ်တို့ကိုသာ အပြင်ကို မောင်းထုတ်လိုက်မယ်ဆိုရင် သူက ကျုပ်တို့ကို သေချာပေါက် သတ်ပစ်မှာပဲ”
အပြုံးတစ်ခုက လူတစ်ယောက်၏ ဒေါသကို ပြေလျှော့စေနိုင်လေသည်။ ဒါ့အပြင် ဖက်တီးလေးက နှုတ်ရေး အတော်ထက်လေသည်။
နောက်ပြီး ဖက်တီးလေးနှင့် ရှစ်ကျန့်သည် အုတ်ဂူဂိုဏ်းနှင့် ရုပ်သေးဂိုဏ်း၏ အရိုက်အရာဆက်ခံသူများလည်း ဖြစ်ကြလေသည်။ တာအိုအရှင် လန်ယွဲ့က ထိုအချက်ကိုလည်း ထည့်သွင်းစဉ်းစားရပေလိမ့်မည်။
သူမက ပြောလိုက်လေသည်။
“နင်တို့တွေက အခြေအနေကို နားလည်သဘောပေါက်တယ်ဆိုရင် ကောင်းတာပေါ့.. နင်တို့ရဲ့ နာမည်ဂုဏ်သတင်းအရဆို ဂမ္ဘီရလက်ဖက်ရည်တစ်ခွက်ကို သောက်ဖို့ နင်တို့ကလည်း အဆင့်မီပါတယ်”
ခဏမျှ ရပ်တန့်ပြီးနောက်.. တာအိုအရှင် လန်ယွဲ့က သူတို့နှစ်ယောက်ကိုကြည့်ပြီး သတိပေးသည့်ပုံစံဖြင့် တစ်ခွန်းချင်း ပြောလိုက်လေသည်။
“ဒါပေမဲ့ မှတ်ထားနော်.. ငါ့ကိုတော့ အခက်တွေ့အောင် လာမလုပ်နဲ့”
ရှစ်ကျန့်က ရူးကြောင်ကြောင်ဖြင့် ငေးကြည့်နေပြီး တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေဆဲ ဖြစ်လေသည်။
ဖက်တီးလေးက ဟက်ခနဲ ရယ်မော၍ အဲဒါကို ကျော်ဖြတ်လိုက်လေသည်။
လမ့်ရိုက အပြုံးတစ်ခုနှင့်အတူ သူတို့နှစ်ယောက်ကို လှမ်းခေါ်လိုက်လေသည်။
“ဒီကို လာကြလေ.. အစ်ကိုကျိကိုလည်း ခေါ်လာခဲ့ဦး”
“ဟားဟား.. ငါကလည်း အဲဒါကိုပဲ စောင့်နေတာ”
ကျိချန်းရှန်က ဟားတိုက်ရယ်မောလိုက်ပြီး လူအုပ်ကြီးထဲကနေ လျှောက်လှမ်းထွက်လာခဲ့လေသည်။
နှစ် ၁၀၀ ကြာပြီးနောက်.. သူတို့လေးယောက်က နောက်ဆုံးမှာ ပြန်လည်ဆုံစည်းခဲ့ရလေပြီ။
အတိအကျပြောရလျှင်.. သူတို့ငါးယောက် ဖြစ်လေသည်။
ဆူဇီမိုက အသွန်းတစ်ရာဂိုဏ်းဘက်တွင် ထိုင်နေပြီး လှုပ်ရှားမှု မပြုလုပ်သလို.. လမ့်ရိုနှင့် အခြားသူများကို သတိပေးခြင်းလည်း မရှိပေ။
စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်လွှင့်ပို့လွှတ်ခြင်းက စိတ်ဝိညာဉ်အသိစိတ် စွမ်းအင်အတက်အကျများကို ဖြစ်ပေါ်လာစေလိမ့်မည်။
ထိုအခိုက်အတန့်တွင် သူက အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်မည်ဆိုလျှင် အဲဒါက အခြားသူများကို သေချာပေါက် ဆွဲဆောင်မိမည်ဖြစ်ပြီး သူက အဲဒါကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။