ကျွန်မလက်မခံဘူး
Vol. 63 Ch. 935
“သြော်... အဲ့ဒါမင်းတို့နှစ်ယောက်ကိုး...”
ယဲ့ထျန်းချန်က သူ၏ပလ္လင်ပေါ်တွင် ပြန်ထိုင်လိုက်ပြီး မကောင်းဆိုးဝါးဆန်ဆန် ပြုံး၍ပြောလိုက်လေသည်။
“ကောင်းတယ်ကွာ... သိပ်ကောင်းတယ်... မင်းတို့နှစ်ယောက် ကြိုးကြာတစ်ထောင်ဂိုဏ်းထဲမှာ ဘယ်လောက်ကြာကြာ ပုန်းနေနိုင်မလဲ ကြည့်ရသေးတာပေါ့”
“မမဂိုဏ်းချုပ်... ကြည့်စမ်းပါဦး”
ဖက်တီးလေးက ချက်ချင်းပင် စောဒကတက်လိုက်လေသည်။
“သူက ခင်ဗျားရှေ့မှာတောင် ဘယ်လိုလေသံနဲ့ပြောနေတာလဲ... သူက ခင်ဗျားကို အထင်သေးနေတာပဲ”
ထိုစကားကို ကြားသောအခါ ယဲ့ထျန်းချန်က ဒေါသထွက်လွန်းသောကြောင့် လူအုပ်ကြီးထဲသို့ ပြေးဝင်ပြီး ဖက်တီးလေးကို အပိုင်းပိုင်းဆုတ်ဖြဲချင်စိတ်ပင် ပေါက်လာလေသည်။
“ကဲ... တော်လောက်ပြီ...”
တာအိုအရှင်လန်ယွဲ့က လက်ကာပြ၍ ဖက်တီးလေးကို လျစ်လျူရှုကာ ကျယ်လောင်စွာဖြင့် ကြေညာလိုက်လေသည်။
“အားလုံးပဲ... ကြိုးကြာတစ်ထောင်ဂိုဏ်းရဲ့ လက်ဖက်ရည်ဧည့်ခံပွဲကို တက်ရောက်လာခဲ့တဲ့အတွက် အားလုံးကို ကြိုဆိုပါတယ်”
“လက်ဖက်ရည်ဧည့်ခံပွဲကို အဓိကအားဖြင့် အပိုင်းနှစ်ပိုင်းခွဲထားတယ်... အားလုံးပဲ အဲ့ဒါကို သိပြီးကြပြီဖြစ်လိမ့်မယ်လို့ ငါထင်ပါတယ်... အဲ့ဒါကြောင့်မလို့ ငါက အကျယ်တဝင့်တော့ ရှင်းပြမနေတော့ဘူး... ပထမပြိုင်ပွဲကတော့ ဝင်္ကပါပြိုင်ပွဲတစ်ခုပဲ... ဒုတိယကတော့ ဆေးလုံးဖော်စပ်ခြင်းပြိုင်ပွဲပဲ... တတိယကတော့ အဆောင်လက်ဖွဲ့ပြိုင်ပွဲပေါ့”
“စတုတ္ထကတော့ ဒီလက်ဖက်ရည်ဧည့်ခံပွဲရဲ့ အရေးကြီးဆုံးအပိုင်းဖြစ်တဲ့... အသွန်းတစ်ရာဂိုဏ်းနဲ့ ငရဲမီးစံအိမ်ကြားက လက်နက်သွန်းလုပ်ခြင်း ပြိုင်ပွဲပဲ”
အဲ့ဒါက လူတိုင်းမျှော်လင့်ထားသည့်အတိုင်းပင်...
ကြိုးကြာတစ်ထောင်ဂိုဏ်းသည် လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲကို မြင့်မြင့်မားမားသတ်မှတ်ထားပြီး နောက်ဆုံးမှကျင်းပဖို့ စီစဥ်ထားလေသည်။
ဆူဇီမိုက ငရဲမီးစံအိမ်မှ မင်းဟန်နှင့် လျှိုဟန်ယန်ကို တစ်လှည့်စီကြည့်ပြီး ခေါင်းခါလိုက်လေသည်။ သူတို့နှစ်ယောက်ကြား စိတ်ပိုင်းဆိုင်ရာကွာဟချက်က သိသာနေလေသည်။
မင်းဟန်နှင့် ယဲ့ထျန်းချန်က စိတ်လက်ပေါ့ပါးသည့် အမူအရာများဖြင့် ထွေရာလေးပါး စကားပြောဆိုနေကြလေသည်။
တစ်ဖက်မှာတော့ လျှိုဟန်ယန်သည် သူမ၏ခေါင်းကို အနည်းငယ်ငုံ့ထားပြီး သူမ၏ လက်သီးနှစ်ဖက်ကို တိတ်တဆိတ် ဆုပ်ထားလေသည်။
လျှိုဟန်ယန်က ဖိအားအောက်မှာ ကျရောက်နေပြီး စတင်၍စိုးရိမ်ထ်တ်လန့်လာသည်ကို ဆူဇီမိုက ပြောနိုင်လေသည်။
သို့သော်လည်း အဲ့ဒီမှာသူတတ်နိုင်တာ ဘာမှမရှိပေ။
သူက နတ်ပန်းပဲဆရာတစ်ယောက်ဖြစ်ခဲ့ဖူးပြီး စိတ်ဝိညာဥ်လက်နက်များကို သန့်စင်သွန်းလုပ်နိုင်လေသည်။
သို့သော် ယခုအခါမှာတော့ နှစ်ဖက်စလုံးက ဓမ္မလက်နက်များသွန်းလုပ်ခြင်းမှာ ပြိုင်ဆိုင်ရမည် ဖြစ်လေသည်။
စိတ်ဝိညာဥ်လက်နက်များနှင့် ဓမ္မလက်နက်များအကြား ကွာဟချက်က စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း ခက်ခဲမှုအတိုင်းအတာက မိုးနှင့်မြေလိုပင်။
တာအိုအရှင်အဆုံးစွန်မီးက သူ့အား များစွာသော လက်နက်သွန်းလုပ်ခြင်းနှင့်ပက်သက်သည့် လျှို့ဝှက်အတတ်များ သင်ကြားပေးခဲ့သော်လည်း ဆူဇီမိုက အဲ့ဒါတွေကို တစ်ခါမှကြိုးစားမကြည့်ခဲ့ဖူးပေ။
လက်နက်သွန်းလုပ်ခြင်းက နမူနာထား၍ လေ့လာလို့ရသော တစ်စုံတစ်ရာမဟုတ်ပေ။ အဲ့ဒါက ကြိမ်ဖန်များစွာသော ကြိုးစားအားထုတ်မှုနှင့် မီးဆေးခြင်းများကို လိုအပ်လေသည်။ အဲ့ဒီမှာ လုံလောက်သည့် ကြိုးစားအားထုတ်မှုရှိမှသာ အောင်မြင်မှုကို ရရှိနိုင်ပေမည်။
တာအိုအရှင်အဆုံးစွန်မီးက သူ့အား ဤအရာများကို သင်ကြားပေးခဲ့သည်မှာ အချိန်သုံးလသာ ရှိသေးပြီး သူက အဲ့ဒါတွေကို လေ့ကျင့်ဖို့အချိန်မရခဲ့ပေ။
လက်ဖက်ရည်ဧည့်ခံပွဲက စတင်နေခဲ့လေပြီ။
ပထမဆုံးပြိုင်ပွဲက ဝင်္ကပါများအကြား တိုက်ပွဲတစ်ပွဲဖြစ်လေသည်။
စည်းမျဥ်းစည်းကမ်းများက ရိုးရှင်းလေသည်။
ရှေးဟောင်းအစီအရင်ဂိုဏ်းက ကျင့်ကြံသူတစ်ယောက်ကို စေလွှတ်ပေးပေလိမ့်မည်။
အင်မော်တယ်ဂိုဏ်းနှင့် ဗုဒ္ဓဂိုဏ်းများအပါအဝင် အခြားသော ဂိုဏ်းများနှင့် အဖွဲ့အစည်းများသည် ရှေးဟောင်းအစီအရင်ဂိုဏ်းမှ ထိုကျင့်ကြံသူကို အနိုင်ယူဖို့အတွက် သူတို့၏ ဝင်္ကပါသခင်တစ်ယောက်ကို စေလွှတ်နိုင်သည်နှင့်အမျှ သူတို့က အဲ့ဒါကို အနိုင်ရရှိသည်ဟု သတ်မှတ်နိုင်လေသည်။
ရှေးဟောင်းအစီအရင်ဂိုဏ်းမှ ကျင့်ကြံသူကို မည်သူကမှ အနိုင်မယူနိုင်ဘူးဆိုရင် ရှေးဟောင်းအစီအရင်ဂိုဏ်းက အနိုင်ရရှိသည်ဟု သတ်မှတ်ရပေမည်။
စည်းမျဥ်စည်းကမ်းများက ရိုးရှင်းသော်လည်း အဲ့ဒါသည် တစ်သီးပုဂ္ဂလလေးအုပ်စုထဲမှ တစ်ခုအနေဖြင့် သူတို့ဂိုဏ်း၏ ယုံကြည်မှုနှင့် အခြေခံအုတ်မြစ်ကို ထုတ်ဖော်ပြသခြင်း ဖြစ်လေသည်။
ရှေးဟောင်းအစီအရင်ဂိုဏ်းမှ တပည့်ဂိုဏ်းသားများသည် ဝင်္ကပါအစီအရင်နှင့်ပက်သက်သည့် စိန်ခေါ်မှုမှန်သမျှကို လက်ခံပေးရမည်ဖြစ်လေသည်။
နောက်ဆုံးအနိုင်ရရှိသူကို တာအိုအရှင်လန်ယွဲ့ကိုယ်တိုင် မဟာသခင်ဘွဲ့များကို ပေးအပ်ချီးမြှင့်မည်ဖြစ်လေသည်။
ဥပမာအားဖြင့် ဝင်္ကပါတိုက်ပွဲ၏ နောက်ဆုံးအနိုင်ရရှိသူက မဟာဝင်္ကပါသခင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။
ဆေးဖော်စပ်ခြင်းပြိုင်ပွဲ၏ နောက်ဆုံးအနိုင်ရရှိသူက မဟာနတ်ဆေးဆရာတစ်ယောက် ဖြစ်လာပေလိမ့်မည်။
ပြိုင်ပွဲလေးခုအတွက် စုစုပေါင်း မဟာသခင်လေးယောက်ကို သတ်မှတ်ရွေးချယ်မည်ဖြစ်လေသည်။
သူတို့အားလုံးက ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်တစ်ခွက်ကို သောက်သုံးခွင့်ရကြပေလိမ့်မည်။
ဆူဇီမိုကလည်း ဝင်္ကပါပညာကိုအရင်က လေ့လာခဲ့ဖူးလေသည်။
တစ်ကယ်ဆို ဤနှစ်များအတွင်း သူက အဲ့ဒါကိုလုံးဝလက်မလွှတ်ခဲ့ပေ။ အကြောင်းရင်းမှာ မီးပဒေသာ ဓားဝင်္ကပါ၏အဆင့်က မြင့်မားလာသည်နှင်အမျှ အဲ့ဒါသည် ပိုမိုများပြားသော ဓားပျံများကို လိုအပ်လာရုံသာမက ဝင်္ကပါ၏ နက်နဲသိမ်မွေ့မှုကို နားလည်သဘောပေါက်ဖို့လည်း လိုအပ်လာလေသည်။
ယခုအခါ ဆူဇီမို၏ မီးပဒေသာဓားဝင်္ကပါက အဆင့်သုံးမှာ ရပ်တန့်နေပြီး ရှေ့ဆက်မတက်နိုင်ခဲ့ပေ။
သို့သော်လည်း သူက အဆင့်လေးဝင်္ကပါ၏ သဘောတရားကို နားလည်ခဲ့သည်မှာ ကြာခဲ့လေပြီ။
အဆင့်လေးဝင်္ကပါအတွက် သင့်လျော်သည့် ဓမ္မလက်နက်များ သူ့မှာမရှိလို့သာ ဖြစ်လေသည်။
အဆင့်လေးမီးပဒေသာဓားဝင်္ကပါက ဓမ္မဓားပျံ ၃၆ လက်ကို လိုအပ်လေသည်။
ဒါ့အပြင် သူက ဝင်္ကပါကို ပြီးပြည့်စုံစွာ ခင်းကျင်းချင်သည်ဆိုလျှင် ဓမ္မဓားပျံ ၃၆ လက်၏ အလေးချိန် ၊ အရှည်နှင့် အရွယ်အစားတို့က ဆင်တူနေရပေမည်။
ဆူဇီမိုက ထိုကဲ့သို့သော ဓမ္မလက်နက်များကို ဘယ်လိုသွန်းလုပ်ရမလဲမသိပေ။ သူ့အနေဖြင့် ဆင်တူသော ဓမ္မဓားပျံ ၃၆ လက်ကို စုစည်းနိုင်ဖို့ကလည်း မဖြစ်နိုင်သလောက်ပင်။
အဲ့ဒါကြောင့် နိုးထဝိညာဥ်အဆင့်သို့တက်လှမ်းပြီးနောက် သူ၏ မီးပဒေသာဓားဝင်္ကပါကို ဘေးချိတ်ထားရခြင်းဖြစ်လေသည်။
ဓားဝင်္ကပါက အဆင့်တိုးလာသည်နှင့်အမျှ ပိုမိုများပြားသော ဓားပျံများကို လိုအပ်လာလေသည်။
အဆင့်ကိုးမှာဆိုလျှင် စုစုပေါင်းဓားပျံ ၈၁ လက်ကို လိုအပ်လေသည်။
မီးပဒေသာဓားဝင်္ကပါ၏ စွမ်းအားက တုန်လှုပ်ဖွယ်ရာကောင်းသော်လည်း အဲ့ဒါကို လက်ဆင့်ကမ်းအမွေခံခဲ့နိုင်ခြင်း မရှိခဲ့ကြပေ။ ရှေးဟောင်းအစီအရင်ဂိုဏ်းမှ ကျင့်ကြံသူများကြားမှာတောင် အဲ့ဒါကို မှတ်မိနိုင်သောသူက အနည်းအကျဥ်းမျှသာ ရှိလေသည်။
ယခုသူက ဘာမှလုပ်စရာမရှိသောကြောင့် ဝင်္ကပါတိုက်ပွဲကို ဆူဇီမိုက စောင့်ကြည့်မည်ဖြစ်လေသည်။
လေးနာရီခန့်ကုန်ဆုံးသွားပြီးနောက်...
ရလဒ်က ထွက်ပေါ်လာခဲ့လေသည်။
အဆုံးသတ်မှာတော့ ရှေးဟောင်းအစီအရင်ဂိုဏ်း၏ ပကတိအရှင် ယန်ပိုင်က အနိုင်ရရှိခဲ့လေသည်။
ပကတိအရှင်ယန်ပိုင်က အလွန်ကြီးမားသည့် ဝင်္ကပါတစ်ခုကို ခင်းကျင်းပြီး ဝင်္ကပါသခင်တစ်ရာကျော်ကို အောင်မြင်စွာချုပ်နှောင်ထားနိုင်ခဲ့လေသည်။ သူတို့ထဲ မည်သူကမှ မလွတ်မြောက်နိုင်ခဲ့ပေ။ အဲ့ဒါက ထူးချွန်ပြောင်မြောက်သော အနိုင်ရလဒ်တစ်ခုဖြစ်လေသည်။
“လက်ဖက်ရည်ကို သုံးဆောင်ပါဦး...”
တာအိုအရှင်လန်ယွဲ့က ပြုံး၍ သူ့မလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်လေသည်။ ဂမ္ဘီရလက်ဖက်ပင်ထိပ်ဖျားရှိ အစိမ်းနုရောင် လက်ဖက်ရွက်တစ်ရွက်က လွင့်မျောကျဆင်းလာပြီး လက်ဖက်ရည်ခွက်ထဲသို့ ဆင်းသက်သွားခဲ့လေသည်။
သူမ၏ ဘေးရှိ အကြီးအကဲတစ်ယောက်က လတ်ဆတ်သော စိမ့်စမ်းရေကိုထုတ်ယူပြီး ဓမ္မစွမ်းအားများဖြင့် ကြိုချက်၍ ရေလုံးတစ်လုံးအသွင်ပြောင်းကာ လက်ဖက်ရည်ခွက်ထဲသို့ လိမ့်ဆင်းသွားစေလေသည်။
ရှဲ...
မွှေးပျံ့သော လက်ဖက်ရည်ရနံ့က လျင်မြန်စွာ ဖြန့်ကြက်သွားပြီး လူတိုင်းကို စိတ်လက်ပေါ့ပါးသွားစေလေသည်။
ခပ်လှမ်းလှမ်းကနေ လက်ဖက်ရည်ရနံ့ကို ရရှိခြင်းဖြင့်ပင် ဤကဲ့သို့ အကျိုးသက်ရောက်မှုရှိလျှင် ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်က ဘယ်လောက်တောင်တန်ဖိုးရှိသလဲ လူတိုင်းက ပြောနိုင်လေသည်။
ကြိုးကြာတစ်ထောင်ဂိုဏ်းအကြီးအကဲက လက်ဖက်ရည်ကို ကိုယ်တိုင်ဖျော်ပြီး အဲ့ဒါကို ပို့ပေးလိုက်လေသည်။
ပကတိအရှင်ယန်ပိုင်က ထိပ်တန်းအဆင့်ဂမ္ဘီရလက်ဖက်ရည်ကို လက်ခံယူလိုက်လေသည်။ သူက အငွေ့ တထောင်းထောင်းထနေသော ကျောက်စိမ်းရောင်လက်ဖက်ရည်ကိုကြည့်ကာ အပူလောင်မည်ကို မစိုးရိမ်ပဲ တစ်ကျိုက်တည်းမော့သောက်လိုက်လေသည်။
လက်ဖက်ရည်က သူ၏ဝမ်းဗိုက်ထဲသို့ ဝင်ရောက်သွားသည့်ခဏမှာပင် ပကတိအရှင်ယန်ပိုင်သည် ဆတ်ကနဲတုန်ယင်သွားပြီး ခြေချိတ်ထိုင်ချလိုက်လေသည်။ သူသည် မျက်လုံးနှစ်ဖက်ကိုမှိတ်ထားပြီး စတင်၍ ကျင့်ကြံလိုက်လေသည်။
ရှေးဟောင်းအစီအရင်ဂိုဏ်းမှ ကျင့်ကြံသူများသည် အလောသုံးဆယ်လျှောက်လှမ်းလာပြီး ပြင်ပနှောင့်ယှက်မှုတစ်စုံတစ်ရာမရှိစေရန် သူ့ကို ကာကွယ်ပေးထားလိုက်လေသည်။
နောက်ထပ်လာမည့်ပြိုင်ပွဲက ဆေးလုံးဖော်စပ်ခြင်းပြိုင်ပွဲဖြစ်လေသည်။
အလယ်ပိုင်းတိုက်ရှိ နတ်ဆေးဆရာတိုင်းက ဤစိန်ခေါ်မှုမှာ ပါဝင်ယှဥ်ပြိုင်နိုင်လေသည်။
ယန်ဆေးဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်က ထိုစိန်ခေါ်မှုများကို လက်ခံကြိုဆိုပေးရပေမည်။
ယန်ဆေးဂိုဏ်းကနေ စေလွှတ်ပေးသော နတ်ဆေးဆရာသည် ယောက်ျားလေးတစ်ယောက်ကဲ့သို့ ဝတ်စားဆင်ယင်ထားသော ထန်ယုပင်ဖြစ်လေသည်။
သူမက ရှေးဟောင်းတိုက်ပွဲမြေမှာ ဆူဇီမိုတို့အုပ်စုနှင့် တွေ့ဆုံခဲ့ဖူးလေသည်။
ထန်ယု၏ အားပေးထောက်ခံမှုကြောင့်ပင် ရှောင်းနင်နှင့် ကျိချန်းရှန်က ယန်ဆေးဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်လေသည်။
နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက် ထန်ယုက ယခင်ကအတိုင်း တူညီစွာရှိနေဆဲပင်။ သူမက ဖြူဖပ်ဖြူရော်မျက်နှာနှင့် စာပေသမားတစ်ယောက်ကဲ့ ဝတ်ဆင်ထားပြီး ခပ်လှမ်းလှမ်းကကြည့်လျှင် သူမက ရုပ်ရည်ချောမောလှပသော သခင်လေးတစ်ယောက်နှင့် တူနေလေသည်။
ဆူဇီမိုက ရှောင်းနင်အကြောင်းကို တွေးမိသွားလေသည်။
“ရှောင်းနင်သာ ဒီနေရာမှာရှိရင် သူမရဲ့ ပါရမီအရည်အချင်းနဲ့ဆို မဟာနတ်ဆေးဆရာဘွဲ့ကို ခံယူနိုင်မှာပဲ”
ဆူဇီမိုက သူ့ဘာသာ တိတ်တဆိတ် ပြောလိုက်လေသည်။
ဆေးလုံးဖော်စပ်ခြင်းပြိုင်ပွဲ၏ အချိန်အတိုင်းအတာက ပို၍တိုတောင်းပြီး တစ်နာရီအတွင်း ရလဒ်က ထွက်ပေါ်လာခဲ့လေသည်။
မျှော်လင့်းထားသည့်အတိုင်းပင် ထန်ယုက မဟာနတ်ဆေးဆရာဘွဲ့ကို ခံယူနိုင်ခဲ့လေသည်။
“လက်ဖက်ရည်ကို သုံးဆောင်ပါဦး...”
တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ တာအိုအရှင်လန်ယွဲ့က လက်ဖက်ပင်ထိပ်ဖျားမှ နောက်ထပ်လက်ဖက်ရွက်တစ်ရွက်ကို ခူးယူလိုက်လေသည်။
ကြိုးကြာတစ်ထောင်ဂိုဏ်း အကြီးအကဲက ထိပ်တန်းအဆင့်လက်ဖက်ရည်ကို ဖျော်စပ်ပြီး အဲ့ဒါကို ပို့ပေးလိုက်လေသည်။
တစ်ခဏအတွင်းမှာပင် တတိယပြိုင်ပွဲဖြစ်သော အဆောင်လက်ဖွဲ့ပြိုင်ပွဲက စတင်တော့ပေမည်။
ဤတစ်ကြိမ်တွင်တော့ ကြိုးကြာတစ်ထောင်ဂိုဏ်းက ဧည့်ခဲကျင်းပပေးရမည်ဖြစ်ပြီး ရှုံးနိမ့်လို့မရပေ။ သူတို့စေလွှတ်သော ကျင့်ကြံသူက လမ့်ရိုပင်ဖြစ်လေသည်။
“သွားပါ... နင့်ရဲ့ခွန်အားနဲ့ ပါရမီအရဆို မဟာအဆောင်သခင်ဘွဲ့ကို ခံယူဖို့က နင့်အတွက်အလွယ်လေးပဲ”
တာအိုအရှင်လန်ယွဲ့က လမ့်ရိုကို ကြည့်ပြီး အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်ပြကာ သူမ၏တပည့်အပေါ် ကျေနပ်နေလေသည်။
လမ့်ရိုက သူမ၏လက်သီးနှစ်ဖက်ကို အနည်းငယ်ဆုပ်ပြီး ကျိချန်းရှန် ၊ ဖက်တီးလေးနှင့် ရှစ်ကျန့်တို့ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ သူမက သူတို့၏ အားပေးအားမြှောက်ပြုနေသော အကြည့်များကို မြင်ရသည့်အခါ သူမက နောက်ဆုံးမှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေသည်။
“ဆရာ..”
လမ့်ရိုက တာအိုအရှင်လန်ယွဲ့ရှေ့သို့ ရောက်လာပြီး ဒူးထောက်ချလိုက်လေသည်။
တာအိုအရှင်လန်ယွဲ့က မျက်မှောင်အနည်းငယ်ကြုတ်လိုက်လေသည်။
“ဘာဖြစ်လို့လဲ... ထပြီးပြောစမ်းပါ”
“ဆရာ... ကျွန်မက မဟာအဆောင်သခင်ဘွဲ့ကို ရရှိခဲ့မယ်ဆိုရင် တခြားဘာမှမလိုချင်ဘူး... ကျွန်မမှာ တောင်းဆိုစရာတစ်ခုပဲရှိတယ် အဲ့ဒါကို ဆရာက သဘောတူလိမ့်မယ်လို့ မျှော်လင့်ပါတယ်...”
မြေပြင်ပေါ်မှာ ဒူးထောက်နေဆဲဖြစ်ပြီး လမ့်ရိုက ပြတ်သားသော အကြည့်တစ်ခုဖြင့် ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
တာအိုအရှင်လန်ယွဲ့က တစ်စုံတစ်ရာကို နားလည်သွားပုံရပြီး သူမ၏ မျက်နှာအမူအရာက ညိုမည်းလာခဲ့လေသည်။ ခဏမျှတုံ့ဆိုင်းပြီးနောက် သူမကပြောလိုက်လေသည်။
“ငါ့ကိုပြောစမ်းပါ...”
“ကျွန်မက ယဲ့ထျန်းချန်နဲ့ တာအိုလက်တွဲဖော် ဖြစ်မလာချင်ဘူး... ကျမ အဲ့ဒါကို လက်မခံဘူး”
လမ့်ရိုက ယုံကြည်ပြတ်သားခိုင်မာစွာဖြင့် ထိုစကားကို တစ်လုံးခြင်းပြောလိုက်လေသည်။
သူမ ထိုသို့ပြောလိုက်သည့်ခဏမှာပင် လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့လေသည်။