ကြိုဆိုနှုတ်ဆက်လက်ဆောင်
Vol. 63 Ch. 936
ကျွန်မက အဲ့ဒါကိုလက်မခံနိုင်ဘူး...
လမ့်ရိုသည် ဘယ်လောက်တောင်ကြီးမားသည့်ဖိအားကို ကြိတ်မှိတ်ခံစားနေရသလဲ သို့မဟုတ် အမျိုးမျိုးဂိုဏ်းများနှင့် အဖွဲ့အစည်းကြီးများ၏ မရေမတွက်နိုင်သော ပြိုင်စံရှားများရှေ့တွင် ထိုစကားကို ပြောဖို့အတွက် သူမက ဘယ်လောက်တောင်ခက်ခဲလိုက်မလဲ မည်သူကမှ စဥ်းစားမကြည့်နိုင်ပေ။
တိုတောင်းသောထိုစကားက သံကုန်ခြစ်၍အော်ဟစ်လိုက်ခြင်းထက် များစွာပို၍ စွမ်းအားကြီးလေသည်။
သူမက အမိန့်အာဏာကို ဆန့်ကျင်တိုက်ခိုက်နေရခြင်း ဖြစ်လေသည်။
သူမက သူမဆရာ၏ အမိန့်ကို ဖီဆန်နေရခြင်း ဖြစ်လေသည်။
တာအိုအရှင်လန်ယွဲ့၏ အမူအရာက ပျက်ယွင်းလာပြီး သူမက လမ့်ရိုကို တိတ်တဆိတ်စိုက်ကြည့်ကာ သူမ၏ အမျက်ဒေါသကို ဖိနှိမ်ထားရလေသည်။
ထိုတိတ်ဆိတ်မှုက ခက်ထန်စွာ ဆူပူကြိမ်းမောင်းခြင်းထက် များစွာပို၍ ကြောက်စရာကောင်းပေသည်။ နောက်ပိုင်းဘာတွေဖြစ်လာမလဲ ဘယ်သူကမှ မသိကြပေ။
ဤကဲ့သို့သော အရေးပါသော အခမ်းနားပွဲတစ်ခုတွင် ဂိုဏ်းချုပ်တစ်ယောက်ကို ဆန့်ကျင်ခြင်းဖြင့် လမ့်ရိုသည် ကြိုးကြာတစ်ထောင်ဂိုဏ်းကို ဆန့်ကျင်နေရုံသာမက တာအိုအရှင်လန်ယွဲ့၏ ဂုဏ်သိက္ခာကိုပါ ဆန့်ကျင်နေရခြင်းဖြစ်လေသည်။
တာအိုအရှင်လန်ယွဲ့က အမျက်ဒေါသဖြင့် လမ့်ရိုကို ဒုက္ခိတဖြစ်စေပြီး သူမ၏ တပည့်အဖြစ်ကနေ စွန့်လွှတ်လိုက်ဖို့က မဖြစ်နိုင်တာတော့မဟုတ်ပေ။
အခြားတစ်ဖက်မှာတော့ သူ၏မျက်လုံးကို မှေးကျဥ်းပြီး လမ့်ရို၏ နောက်ကျောကို သုန်မှုန်ခက်ထန်သော အမူအရာတစ်ခုဖြင့် စိုက်ကြည့်နေလေသည်။
ယခု လမ့်ရိုက သူ၏ရှေ့မှောက်မှာပင် လက်ထပ်မင်္ဂလာပွဲကို ငြင်းပယ်လိုက်လေသည်။ သူမက တစ်ကယ့်ကို အရှက်ရသွားခဲ့လေသည်။
ထိုအခိုက်အတန့်တွင် များစွာသော ကျင့်ကြံသူများက စိတ်ထဲကနေ တိတ်တဆိတ် အူမြူးအားရနေပြီး သူ့ကို ဟာသလုပ်ချင်နေကြလေသည်။
ဂမ္ဘီရခြံဝန်းက တိတ်ဆိတ်မှုဖြင့် ပြည့်နှက်လာခဲ့လေသည်။
လေတိုးသံကပင် ပျောက်ကွယ်သွားသည်ဟု ထင်ရလေသည်။
တာအိုအရှင်လန်ယွဲ့၏ မျက်စိရှေ့မှာပင် လမ့်ရိုက မြေပြင်ပေါ်မှာ ဒူးထောက်၍ အံကိုကြိတ်နေလေသည်။
သိပ်သည်းပြင်းထန်သည့်ဖိအားကို ကြိတ်မှိတ်ခံ၍ သူမက ခေါင်းကိုမော့ကာ တာအိုအရှင်လန်ယွဲ့၏ မျက်လုံးကိုကြည့်လိုက်လေသည်။
ထိုဖိအားအောက်တွင် သူမ၏ လှပသောခန္ဓာကိုယ်ကပင် အနည်းငယ်တုန်ယင်နေလေသည်။
အတန်ကြာပြီးနောက် တာအိုအရှင်လန်ယွဲ့က အမူအရာကင်းမဲ့စွာဖြင့် ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
“စောစောက နင်ပြောတဲ့စကားကို ပြန်ရုပ်သိမ်းလိုက်... ငါက အဲ့ဒါကို မကြားခဲ့ဘူးလို့ ဟန်ဆောင်ပေးလိုက်မယ်”
သိပ်သည်းပြင်းထန်သော ဖိအားက လမ့်ရိုကို ဖျက်ဆီးပစ်လုနီးပါးပင်။
ကျိချန်းရှန်က ထွက်ရပ်လာခဲ့လေသည်။
ဖက်တီးလေးနှင့်ရှစ်ကျန့်ကလည်း ထွက်ရပ်လာခဲ့လေသည်။
သူတို့သုံးယောက်က လမ့်ရို၏ဘေးသို့ တိတ်တဆိတ်ရောက်လာပြီး သူမနှင့် ရင်ဘောင်တန်း၍ ရပ်လိုက်ကြလေသည်။
သူမသည် အားအင်တစ်ခုကို ရရှိသွားသည့်အလား လမ့်ရိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး တာအိုအရှင်လန်ယွဲ့ကို ကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
“ကျွန်မ... အဲ့ဒါကို လက်မခံနိုင်ဘူး”
သူမက ထပ်မံ၍ ငြင်းဆန်လိုက်လေသည်။
“ငါ့ကို ဒေါသထွက်အောင် လာလုပ်မနေနဲ့...”
တာအိုအရှင်လန်ယွဲ့က ဒေါသူပုန်ထသွားပြီး စားပွဲခုံကိုရိုက်၍ ဝုန်းကနဲထရပ်လိုက်လေသည်။
ဓမ္မဝိသေသ တာအိုပညာရှင်၏ တလိပ်လိပ်တက်လာသော အမျက်ဒေါသက လမ့်ရိုကိုသာမက ဘေးနားမှာ မတ်တတ်ရပ်နေသော သူများကိုပါ ခံစားသွားရစေလေသည်။
ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေပြီး ဘေးကနေ အေးစက်စွာဖြင့် စောင့်ကြည့်နေလေသည်။
ဤနေရာက ကြိုးကြာတစ်ထောင်ဂိုဏ်းဖြစ်ပြီး အဲ့ဒီမှာ ဓမ္မဝိသေသ တာအိုအရှင်သုံးယောက် ရှိနေလေသည်။ သူက တိုက်ရိုက်တိုက်ခိုက်၍ သတ်ဖြတ်မှုကို မစတင်ရဲပေ။
မဟုတ်ပါက သူသာလျှင် ဤနေရာမှာ သေရမည်မဟုတ်ဘဲ သူက လမ့်ရိုနှင့်အခြားသူများကိုပါ ဆွဲခေါ်မိနေလိမ့်မည်။
“ကျေးဇူးပြုပြီး စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ ဂိုဏ်းချုပ်...ရိုအာက ခဏတာစိတ်ရှုပ်ထွေးသွားလို့ဖြစ်မှာပါ”
တာအိုအရှင်လန်ယွဲ့၏ ဘေးမှာရပ်နေသော အကြီးအကဲတစ်ယောက်က ညင်သာစွာပြောလိုက်လေသည်။ သူမက လမ့်ရိုကို ကြည့်ပြီး ဂိုဏ်းချုပ်ကို မဆန့်ကျင်ဖို့အချက်ပြသည့်အနေဖြင့် သူမ၏ခေါင်းကို ခါယမ်းပြနေလေသည်။
တာအိုအရှင်လန်ယွဲ့က လမ့်ရိုကို ကြည့်ရင်း ဤနှစ်များအတွင်း သူမနှင့် သူမ၏တပည့်တို့ အတူရှိခဲ့သည့်အချိန်များကို ပြန်လည်အမှတ်ရလာလေသည်။ တဖြည်းဖြည်းနှင့် သူမ၏အကြည့်က နူးညံ့ပျော့ပြောင်းလာခဲ့လေသည်။
မည်သို့ပင်ဆိုစေ လမ့်ရိုက သူမ ဂုဏ်အယူရဆုံး တပည့်တစ်ယောက်ဖြစ်လေသည်။
တာအိုအရှင်လန်ယွဲ့က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်လေသည်။
“လမ့်ရို... နင်က အဲ့ဒါကိုလက်မခံနိုင်ဘူးဆိုတာ ငါသိပါတယ် ဒါပေမယ့်လို့ ငါက အဲ့ဒါကို နင်ကောင်းဖို့အတွက် လုပ်ပေးနေတယ်ဆိုတာကို နင်ကသိထားရမယ်လေ...”
ထိုစကားကိုကြားသောအခါ ဖက်တီးလေး၏ မျက်နှာအမူအရာက သိသာစွာ ပြောင်းလဲသွားခြင်းမရှိပေ။ သို့သော်လည်း သူက စိတ်ထဲကနေလှောင်ရယ်လိုက်လေသည်။
‘သူမကကောင်းဖို့အတွက် ဟုတ်လား... ဟဟ အားလုံးကိုခြုံပြီး ပြောရရင် အဲ့ဒါက ခင်ဗျားနဲ့ ခင်ဗျားဂိုဏ်းကောင်းဖို့အတွက်ပဲမလား’
“ငါက နှစ်ပေါင်ထောင်နဲ့ချီပြီး ရှင်သန်နေထိုင်လာခဲ့တာ.. အဲ့လိုမျိုး တူညီတဲ့အခြေအနေကို ငါလည်း တွေ့ကြုံခဲ့ဖူးတာပဲ... ငါအဲ့ဒါကိုမသိပဲ နေပါ့မလား”
တာအိုအရှင်လန်ယွဲ့က ဆက်ပြောလိုက်လေသည်။
“နင်က အခုချိန်မှာတော့ ယဲ့ထျန်းချန်အပေါ် ခံစားချက်များများစားစား မရှိသေးပေမယ့်လို့ နင်တို့က တာအိုလက်တွဲဖော်တွေဖြစ်လာပြီး အတူတူနေထိုင်ကြတာနဲ့ ခံစားချက်တွေက သေချာပေါက် ဖူးပွင့်ဝေဆာလာလိမ့်မယ်”
“ကျင့်ကြံရေးလမ်းကြောင်းက ရှည်လျားပြီးတော့ ခက်ခဲကြမ်းတမ်းတယ် နင့်ရဲ့ လက်ကျန်ဘဝတစ်လျှောက်လုံးမှာတောင် သင့်လျော်တဲ့ တာအိုကြင်ဖက်တစ်ယောက်ကို ရှာတွေ့ဖို့က မလွယ်ဘူး... နင်က မျက်စိရှေ့ကို ရောက်လာတဲ့အခွင့်အရေးကို ဖမ်းဆုပ်တတ်ရမယ်”
ဖက်တီးလေးက ညင်သာစွာချောင်းဟန့်လိုက်လေသည်။
“ဂိုဏ်းချုပ်မမ အဲ့လိုပြောဖို့တော့ ဘယ်ရပါ့မလဲ... သူတို့က တစ်ယောက်ပေါ်တစ်ယောက်က ခံစားချက်မရှိဘူးဆိုရင် ဘယ်လိုလုပ်ပြီးတော့ အတူတူနေလို့ရပါ့မလဲ”
သူက ရယ်မော၍ ဆက်ပြောလိုက်လေသည်။
“ဂိုဏ်းချုပ်မမ... ခင်ဗျားက ကျုပ်ကို အပြစ်မတင်ပါစေနဲ့ မျှော်လင့်ရင်းနဲ့ ဒီစကားကိုပြောရမှာပဲ... ခင်ဗျားဆိုရင်ရော ကျုပ်ရဲ့ဘေးမှာ အခုချိန်အတူနေပေးဖို့ ဆန္ဒရှိမှာလား...”
“ခင်ဗျားက မြင်းတစ်ကောင်ကို ရေစပ်ဆီခေါ်သွားလို့ရတယ်... ဒါပေမယ့်လို့ သူ့ကိုအတင်းအကြပ် ရေသောက်ခိုင်းလို့တော့မရဘူး”
ရှစ်ကျန့်က အချိန်အတန်ကြာထိ ချုပ်တည်းလာခဲ့ပြီးမှ နောက်ဆုံးမှာ ထိုစကားကို လွှတ်ခနဲ ပြောလိုက်လေသည်။
“ဟားဟားဟားဟား...”
လူအုပ်ကြီးထဲရှိ များစွာသောကျင့်ကြံသူများက မနေနိုင်တော့ပဲ ရယ်မောလိုက်ကြလေသည်။
ရူရွှမ်က အဆက်မပြတ် တခစ်ခစ်ရယ်မောနေလေသည်။
“သူတို့နှစ်ယောက်က တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ..”
“မိုက်ရိုင်းလိုက်တာ...”
တာအိုအရှင်လန်ယွဲ့က ဖက်တီးလေးကို စိမ်းစိမ်းဝါးဝါး တစ်ချက်စိုက်ကြည့်ပြီးနောက် သူ့ကိုအရေးမလုပ်တော့ပေ။
ထို့နောက်သူမက လမ့်ရိုဘက်ကိုလှည့်ပြီး ပြောလိုက်လေသည်။
“ယဲ့ထျန်းချန်နဲ့ လက်ထပ်မယ့်ကိစ္စနဲ့ပက်သက်ပြီး ကောလဟာလအချို့ကို နင်ကြားထားမယ်ဆိုတာ ငါသိပါတယ်... အဲ့ဒါက တစ်စုံတစ်ယောက်ကို မျှားခေါ်ထုတ်ဖို့အတွက် အကြံအစည်တစ်ခုဆိုတာမျိုးပေါ့”
“ဒါပေမယ့်လို့ ငါနင့်ကို ပြောပါရစေ... အဲ့ဒါတွေက ကောလဟာလတွေပဲ.. အဲ့ဒါတွေက မနာလိုမုန်းတီးတဲ့သူတွေ အသရေဖျက် စွတ်စွဲပြောဆိုတဲ့ဟာတွေပဲ”
“အဲ့လိုတော့လည်း မဟုတ်လောက်ပါဘူး...”
ဖက်တီးလေးက တီးတိုးပြောဆိုလိုက်သည်။
“မီးမရှိပဲနဲ့ မီးခိုးထွက်လာမှာမဟုတ်ဘူး... ယဲ့ထျန်းချန်က အညှာတာကင်းမဲ့ပြီးတော့ ဘာမဆိုလုပ်နိုင်တဲ့သူပဲ”
တာအိုအရှင်လန်ယွဲ့၏ အကြည့်က ရွေ့လျားသွားပြီး သူမ၏အမူအရာကသုန်မှုန်ခက်ထန်လာလေသည်။ သူမက သူတို့သုံးယောက်ကိုစိုက်ကြည့်ပြီး အေးစက်စွာဖြင့် ပြောလိုက်လေသည်။
“နင်တို့ကို ပြဿနာမရှာဖို့ ငါသတိပေးထားပြီးပြီနော်...”
“နင်တို့က နောက်ထပ်စကားထပ်ပြောရင် နင်တို့ကို ကြိုးကြာတစ်ထောင်ဂိုဏ်းကနေ ကန်ထုတ်ရတဲ့အတွက် ငါ့ကိုအပြစ်မတင်ကြနဲ့”
ယဲ့ထျန်းချန်၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်က တဖျတ်ဖျတ်လက်လာလေသည်။
တာအိုအရှင်လန်ယွဲ့ ဘေးမှာရှိနေသည့်အတွက် သူ့အနေဖြင့် သူတို့သုံးယောက်ကို သတ်ဖြတ်ဖို့က မသင့်လျော်ပေ။
သို့သော်လည်း သူတို့သုံးယောက်က ကြိုးကြာတစ်ထောင်ဂိုဏ်း အပြင်ဘက်ရောက်ရှိသွားသည်နှင့် သူက မည်သည့်အရာကိုမှ ချင့်ချိန်တွက်ဆနေတော့မည်မဟုတ်ပေ။
ထိုသို့အတွေးဖြင့် ယဲ့ထျန်းချန်က မတ်တတ်ထရပ်ပြီး ထုတ်ဖော်ပြောဆိုလိုက်လေသည်။
“စီနီယာလန်ယွဲ့... သူတို့သုံးယောက်က မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ပြဿနာလာရှာနေတယ်ဆိုတာ သိသာနေတာပဲ... သူတို့သုံးယောက်ကို ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲကနေ ကန်ထုတ်လိုက်မယ်ဆိုရင် ဘယ်သူကမှ ကန့်ကွက်မှာမဟုတ်ဘူးလို့ ကျုပ်ထင်တယ်”
ယဲ့ထျန်းချန်က သူ၏ရင်ထဲမှ သတ်ဖြတ်လိုစိတ်ကို ဖိနှိမ်မထားတော့ပေ။
ကြိုးကြာတစ်ထောင်ဧည့်ပွဲသို့ ရောက်ရှိလာပြီးနောက် သူ၏ ဂုဏ်သိက္ခာက ထပ်တလဲလဲ ထိခိုက်စော်ကားခံနေရလေသည်။ သူက ယခုအခါ ဒေါသူပုန်ထနေလေပြီ။
ဖက်တီးလေးနှင့် အခြားနှစ်ယောက်က ကြိုးကြာတစ်ထောင်ဂိုဏ်းကနေ ထွက်ခွာသွားသည်နှင့်အမျှ သူက ယာယီအားဖြင့် ခြံဝန်းထဲကနေ ထွက်ခွာဖို့ အကြောင်းပြချက်တစ်ခုပေးပြီး သူတို့နောက်သို့ ကိုယ်တိုင်အမဲလိုက်မည်ဖြစ်လေသည်။
“မမဂိုဏ်းချုပ် ကြည့်စမ်းပါဦး... ယဲ့ထျန်းချန်က ကျုပ်တို့အပေါ်မှာ လှုပ်ရှားမှုပြုလုပ်ဖို့ စောင့်တောင်မစောင့်နိုင်တော့ဘူး... ကျုပ်တို့က ဒီနေရာကနေ ထွက်ခွာတာနဲ့ ယဲ့ထျန်းချန်က ကျုပ်တို့နောက် သေချာပေါက်လိုက်လာမယ်ဆိုတာ ကျုပ်အာမခံရဲတယ်”
ဖက်တီးလေးက လိမ္မာပါးနပ်ပြီး ယဲ့ထျန်းချန်၏စိတ်ကို ဖတ်နိုင်လေသည်။
တာအိုအရှင်လန်ယွဲ့ က မျက်မှောင်အနည်းငယ်ကြုတ်လိုက်လေသည်။
သူတို့သုံးယောက်ကို ကြိုးကြာတစ်ထောင်ဂိုဏ်းကနေ မောင်းထုတ်လိုက်ခြင်းက သူတို့ကို သတ်ဖြတ်လိုက်ခြင်းနှင့် မခြားနားကြောင်း သူမကလည်း နားလည်လေသည်။
သို့သော်လည်း သူတို့သုံးယောက်က သူမကို အမှန်ပင် ခေါင်းကိုက်စေလေသည်။
ထိုအခိုက်အတန့်တွင် ယဲ့ထျန်းချန်၏အကြည့်က ညိုမည်းလာပြီး သူက လမ့်ရို၏နောက်ကျောကို မကျေမချမ်းဖြင့် စိုက်ကြည့်လိုက်လေသည်။
လက်ထပ်မင်္ဂလာပွဲအပေါ် လမ့်ရို၏ ငြင်းပယ်မှုက သူ၏မျက်နှာကို အကြီးကြီးဖြတ်ရိုက်လိုက်ခြင်းပင်။
ယဲ့ထျန်းချန်သည် ထိုကဲ့သို့သော အရှက်ခွဲခံရမှုကို တစ်ခါမှ တွေ့ကြုံခံစားဖူးခြင်းမရှိပေ။
အစကတော့ သူသည် လမ့်ရိုကို လက်ထပ်ပြီး သူ၏အစေခံတစ်ယောက်အဖြစ် ထားရှိချင်လေသည်။
သို့သော်အခုအခါမှာတော့ ယဲ့ထျန်းချန်က သူ၏စိတ်ကိုပြောင်းလဲလိုက်လေသည်။ သူက လမ့်ရိုကို လက်ထပ်ပြီး သူမကို အညှာတာကင်းမဲ့စွာ နှိပ်စက်ညင်းပန်း၍ သူမကို သေချင်စိတ်ပေါက်လာသည်အထိ ထိခိုက်ခံစားစေချင်လေသည်။
ထိုအခိုက်အတန့်တွင် ယဲ့ထျန်းချန်က ရုတ်တရက်ရယ်မော၍ ထုတ်ဖော်ပြောဆိုလိုက်လေသည်။
“ဂျူနီယာညီမလမ့်ရို... ကောလဟာလတွေကို နားမယောင်ပါနဲ့ မင်းအပေါ်မှာ ကျုပ်က စိတ်ရင်းမှန်ကန်မှုရှိတယ်ဆိုတာကို ကောင်းကင်နဲ့မြေကြီးက သက်သေပြပေးနိုင်ပါတယ်”
ထိုစကားကိုကြားရသောအခါ တာအိုအရှင်လန်ယွဲ့က အလွန်တရာကျေနပ်သွားပြီး အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
ယဲ့ထျန်းချန်က ဆက်ပြောလိုက်လေသည်။
“ကျုပ်က ငရဲမီးစံအိမ်က မင်းဟန်နဲ့ အတော်အတန်ရင်းနှီးမှုရှိတယ်... သူက လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲမှာ မူလပကတိအရှင်ဓမ္မလက်နက်တစ်ခုကို သွန်းလုပ်နိုင်ခဲ့မယ်ဆိုရင် အဲ့ဒါကို ကျုပ်ကိုပေးမယ်လို့ ကတိပေးထားတယ်”
“အဲ့ဒီမူလပကတိဓမ္မလက်နက်ကိုတော့ ကျုပ်ရဲ့ စိတ်ရင်းမှန်ကန်မှုကိုဖော်ပြဖို့အတွက် မင်းကို ပေးပါမယ်... တစ်ကယ်တော့ အဲ့ဒါက ကြိုဆိုနှုတ်ဆက်လက်ဆောင်ငယ်လေးတစ်ခုပါပဲ”
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။
မူလဓမ္မလက်နက်တစ်ခုကို လက်ဆောင်အဖြစ်ပေးခြင်းက တုန်လှုပ်စရာကောင်းသော ရက်ရောမှုဖြစ်လေသည်။
အမျိုးသမီးကျင့်ကြံသူအများစုက အားကျငေးမောသွားကြလေသည်။
ယဲ့ထျန်းချန်သည် အစကတည်းက အကန့်သတ်မဲ့သော အနာဂတ်အလားအလာနှင့် ရုပ်ရည်သွင်ပြင်ချောမောသော အံ့မခန်းပြိုင်စံရှားတစ်ယောက်ဖြစ်လေသည်။ ယခုအခါသူက မူလဓမ္မလက်နက်တစ်ခုကို ကြိုဆိုနှုတ်ဆက်လက်ဆောင်အဖြစ် ပေးမည်ဆိုတော့ မည်သူက သူ့ကို ငြင်းဆန်နိုင်ပါမည်နည်း။
တာအိုအရှင်လန်ယွဲ့က ယဲ့ထျန်းချန်ကိုကြည့်ပြီး ကျေနပ်နှစ်ခြိုက်စွာ ခေါင်းညိတ်၍ လမ့်ရိုကို ထပ်မံဖြောင်းဖြလိုက်လေသည်။
“ကဲ... နင်ကြားတဲ့အတိုင်းပဲ ယဲ့ထျန်းချန်က ကောင်းမွန်တဲ့ကလေးတစ်ယောက်ပဲ... သူက နင့်အပေါ်မှာတစ်ကယ့်ကို စိတ်ရင်းမှန်ကန်မှုရှိတယ်... သူက မူလဓမ္မလက်နက်တစ်ခုကိုတောင် ဒီတိုင်းပေးပစ်မှာ”
“ဟဟား...”
ထိုစဥ်မှာပင် လှောင်ပြောင်သရော်လိုမှုဖြင့် ပြည့်နှက်နေသော နောက်ထပ်ရယ်သံတစ်သံက လူအုပ်ကြီးထဲကနေ ထွက်ပေါ်လာခဲ့လေသည်။