စိတ်ရင်းအမှန်
Vol. 63 Ch. 937
ဘယ်သူက ထရယ်နေတာပါလိမ့်...
ကျင့်ကြံသူများက တုန်လှုပ်သွားကြလေသည်။
တာအိုအရှင်လန်ယွဲ့က ယခုတင်စကားပြောလို့ပြီးစဥ်မှာပင် တစ်စုံတစ်ယောက်က ထိုကဲ့သို့သော ပုံစံဖြင့် အမှန်တစ်ကယ်ကို လှောင်ပြောင်ရယ်မောရဲတယ်ပေါ့...။ အဲ့ဒါက ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်နှင့် ဂိုဏ်းချုပ်တစ်ယောက်၏ ဂုဏ်သိက္ခာကို စိန်ခေါ်နေခြင်း ဖြစ်လေသည်။
ကျင့်ကြံသူများအားလုံးသည် အသွန်းတစ်ရာဂိုဏ်းဘက်သို့ လှည့်ကြည့်လိုက်ကြလေသည်။ ထိုအခိုက်အတန့်တွင် နန်းကုန်လင်းနှင့်အခြားနှစ်ယောက်သည် အလွန်တရာကြောက်လန့်သွားပြီး သူတို့၏နှလုံးများက အပြင်သို့ ခုန်ထွက်မတတ်ဖြစ်လာခဲ့လေသည်။
“ဆရာဘိုးလေးအသေးလေးက ဘာတွေလုပ်နေတာပါလိမ့်”
နန်းကုန်လင်းနှင့်အခြားနှစ်ယောက်သည် စောစောက လှောင်ပြောင်ရယ်မောသံက သူတို့၏ဘေးတွင်ထိုင်နေသော ဆူဇီမိုထံမှ ထွက်လာကြသည်ကို ပြောနိုင်ကြလေသည်။
“ဆရာဘိုးလေးအသေးလေး... ဒါက ကြိုးကြာတစ်ထောင်ဂိုဏ်းရဲ့ ကိစ္စပဲ... ရှင်က အဲ့ဒီမှာ.. ဝင်ပါမှာတော့မဟုတ်ပါဘူးနော် ဟုတ်တယ်မလား”
ရူရွှမ်က ဆူဇီမိုကို သတိပေးဖို့အတွက် အသံတစ်ခုကို အလောတကြီး ထုတ်လွှင့်ပို့လွှတ်လိုက်လေသည်။
နန်းကုန်လင်းကလည်း အတော်လေးကြောက်လန့်နေပြီး အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်လေသည်။
“ဆရာဘိုးလေးအသေးလေး.. တဇွတ်ထိုးလျှောက်မလုပ်ပါနဲ့... နတ်မိမယ်လမ့်ရိုက တစ်ကယ်ပဲ ရက်ရက်စက်စက် လှပါပေတယ် ဒါပေမယ့်လို့ ခင်ဗျား နိုးထစမ်းပါ... ခင်ဗျားက မဆင်မခြင်လျှောက်လုပ်လို့မရဘူးလေ”
တာအိုအရှင်လန်ယွဲ့က အလျှော့မပေးဘူးဆိုလျင် လမ့်ရိုကို မည်သူကမှ ကူညီနိုင်လိမ့်မည်မဟုတ်ကြောင်း သူတို့သုံးယောက်ကပြောနိုင်လေသည်။ ဒါ့အပြင် အဲ့ဒီမှာ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနှင့် နံပါတ်တစ် ပကတိအရှင်က ဘေးကနေစောင့်ကြည့်နေလေသည်။
ယခုအချိန်မှာ ထွက်၍ရပ်တည်လာသော မည်သူမဆို ကြိုးကြာတစ်ထောင် ဂိုဏ်းချုပ်ကိုသာမက ယဲ့ထျန်းချန်ကိုပါ ဖီဆန်ဆန့်ကျင်ရပေတော့မည်။ မည်သူက အဲ့ဒါကိုခံနိုင်ရည်ရှိပါ့မလဲ။
ထိုစဥ်မှာပင် တာအိုအရှင်လန်ယွဲ့က လှမ်းကြည့်လိုက်လေသည်။
နန်းကုန်လင်းနှင့်အခြားနှစ်ယောက်က ရင်ထဲမှာ ထိတ်ကနဲဖြစ်သွားပြီး သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို အလောတကြီး ပြန်ရုပ်သိမ်းကာ မည်သည့်အသံကိုမှ ပို့လွှတ်ရဲခြင်းမရှိတော့ပေ။
သူတို့သုံးယောက်သည် ဆူဇီမိုကို စိုးရိမ်ထိတ်လန့်စွာကြည့်ပြီး သူတို့၏ခေါင်းများကို ထပ်တလဲလဲ ခါပြလိုက်လေသည်။
ဆူဇီမိုက တည်ငြိမ်သောအမူအရာတစ်ခုရှိနေပြီး သူတို့သုံးယောက်ကို ပြုံးရုံသာပြုံးပြလိုက်လေသည်။ သို့သော်လည်း သူက နောက်ဆုတ်ဖို့စိတ်ကူးမရှိပေ။
ဓမ္မဝိသေသ တာအိုအရှင်များနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင် သူက ရှေ့သို့ ထွက်ရပ်ရပေမည်။
အကြောင်းမှာ လမ့်ရို ၊ ဖက်တီးလေးနှင့် အခြားသူများသည် ဂိုဏ်းချုပ်တစ်ယောက်နှင့် ယဲ့ထျန်းချန်ထံမှ ထပ်ဆင့်ဖိအားများကို ခံနိုင်ရည်မရှိတော့ပြီ ဖြစ်သောကြောင့်ပင်။
အဲ့ဒီအရာကို ပုခုံးဝင်ထမ်းပေးရမည့်သူက သူသာလျှင် ရှိတော့လေသည်။
“နင်က ဘာကိုရယ်နေတာလဲ...”
တာအိုအရှင်လန်ယွဲ့က ဖြည်းဖြည်းချင်းမေးလိုက်လေသည်။ သူမ၏ တည်ငြိမ်သောလေသံနောက်တွင် ပေါက်ကွဲတော့မည့် မီးတောင်တစ်လုံးရှိနေလေသည်။
ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်၏ စွမ်းအားနှင့်ရင်ဆိုင်ရချိန်တွင် ဆူဇီမိုက တည်ငြိမ်ဣန္ဒြေရစွာဖြင့် ပြုံးလိုက်လေသည်။
“ထိပ်တန်းအဆင့် နတ်ပန်းပဲဆရာတွေတောင် မူလဓမ္မလက်နက်တွေကို သွန်းလုပ်နိုင်မယ်လို့ အာမမခံနိုင်ဘူးဆိုတာ လူတိုင်းသိထားကြတာပဲ”
“တစ်စုံတစ်ယောက်က ဘာမှမသေချာမရေရာတဲ့အရာတစ်ခုအတွက် အလကားသက်သက် ကတိပေးနေတာပဲ... ဘယ်လောက်တောင်ကောင်းလိုက်တဲ့ အစီအစဥ်လဲ”
လူတိုင်းသည် ထိုစကားကိုကြားသောအခါ တဖြည်းဖြည်းသတိပြန်ဝင်လာကြလေသည်။
မင်းဟန်က မူလပကတိအရှင်ဓမ္မလက်နက်တစ်ခုကို သွန်းလုပ်နိုင်ပါ့မလားဆိုတာ မသေချာပေ။
တစ်နည်းအားဖြင့်ပြောရလျင် စောစောက ယဲ့ထျန်းချန်ပေးခဲ့သော ကတိသည် ခဏတာအိမ်မက်မက်ခွင့်ပေးခြင်းထက် များစွာမပိုပေ။
ဖက်တီးလေးက သူ၏နဖူးကိုရိုက်ပြီး နားလည်သဘောပေါက်ဟန်ဖြင့် ပြောလိုက်လေသည်။
“အစ်မလမ့်ရို... အဲ့ဒီယဲ့ထျန်းချန်က တော်တော်စဥ်းလဲတာပဲ... သူက လူကောင်းမဟုတ်ဘူး”
“အဲ့လိုဆိုမှတော့ ကျုပ်လည်းပြောနိုင်တာပေါ့”
ဖက်တီးလေးသည် နေရာတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်စေချင်နေလေသည်။ သူက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး ကျယ်လောင်စွာ ထုတ်ဖော်ပြောဆိုလိုက်လေသည်။
“အဲ့ဒါက ငါ့အတွက်ဖူးစာဖက်ရှာရမယ့်အချိန်ပဲ... ငါ့ရဲ့တာအိုလက်တွဲဖော်ဖြစ်ချင်တဲ့ ဘယ်သူမဆို ကြိုဆိုနှုတ်ဆက်လက်ဆောင် အဖြစ် မူလဓမ္မရတနာတစ်ခုကို ငါပေးမယ်... ငါက အဲ့ဒါကို နောင်တစ်ချိန် မဟာအုတ်ဂူတစ်ခုခုထဲမှာ ရှာတွေ့ခဲ့ရင်ပေါ့”
“ဟားဟားဟားဟား... “
လူတိုင်းက ဟားတိုက်ရယ်မောလိုက်ကြလေသည်။
ဖက်တီးလေးက ပို၍ပင်ရယ်စရာကောင်းလာလေသည်။ သူက မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသာ အသုံးပြုနိုင်သော ဓမ္မရတနာတစ်ခုကို ပေးမည်ဟုပင် ကတိပေးနေလေသည်။ ဒါ့အပြင် အဲ့ဒါက မူလဓမ္မရတနာတစ်ခု ဖြစ်လေသည်။
ယဲ့ထျန်းချန်၏ အကြည့်က သုန်မှုန်လာခဲ့လေသည်။ သူက ပြုံးနေဆဲဖြစ်သော်လည်း သူ၏ရင်ထဲမှာ သတ်ဖြတ်လိုစိတ်က ပြည့်နှက်လာခဲ့လေသည်။
သူက ဆူဇီမိုကို လှမ်းကြည့်လိုက်လေသည်။
စောစောက ထိုမေးခွန်းကြောင့်ပင် ဆူဇီမိုက သူသတ်ဖြတ်ရမည့်တစ်စုံတစ်ယောက်ဖြစ်လာခဲ့လေပြီ။
သူ့ဘေးပတ်လည်ရှိ သံသယမကင်းသော အကြည့်များကို ခံစားမိပြီး ယဲ့ထျန်းချန်က စိတ်လက်ပေါ့ပါးသည့်ပုံစံ ဟန်ဆောင်ကာ ရယ်မောလိုက်လေသည်။
“ဘာမှမပူပါနဲ့ လမ့်ရို...”
“မင်းဟန်က မူလပကတိဓမ္မလက်နက်ကို မသွန်းလုပ်နိုင်ခဲ့ဘူးဆိုရင် ငါက နောက်ကျရင် မင်းအတွက် မူလပကတိအရှင်ဓမ္မလက်နက်တစ်ခု သေချာပေါက်ရှာပြီး မင်းကိုပေးမှာပါ... ငါ့စကားကို ငါတည်ပါတယ်”
“အင်း...”
တာအိုအရှင်လန်ယွဲ့က ခေါင်းညိတ်လိုက်လေသည်။
“မင်းက အဲ့လိုကတိစကားကိုပေးလိုက်တော့ ငါက စိတ်သက်သာရာရသွားပြီ”
သံသယဝင်နေအကြည့်များနှင့်အသံများက တဖြည်းဖြည်းဖျော့တော့သွားခဲ့လေသည်။
“ယဲ့ထျန်းချန်ရဲ့ ဂုဏ်သတင်း ၊ အဆင့်အတန်းနဲ့ အနေအထားအရဆို သူက ဒီလိုမျိုးကတိပေးပြီးရင် သူ့စကားကို ပြန်ရုပ်သိမ်းမှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်”
တာအိုအရှင်လန်ယွဲ့က သူမ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး နောက်ဆုံး ဆူဇီမိုအပေါ်တွင် သူမ၏ အကြည့်က ခဏမျှရပ်တန့်သွားပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
“နောက်ထပ်သံသယဝင်နေသေးတဲ့ ဘယ်သူမဆို သူတို့က သဘောထားသေးသိမ်နေတာပဲလို့ သတ်မှတ်ရတော့မယ်”
သူမ၏ လေးနက်ပြင်းထန်ပြီး ဆူဇီမိုကို သတိပေးနေသည်မှာသိသာလေသည်။
ဆူဇီမိုက ဟက်ကနဲရယ်မောလိုက်ပြီး မှင်သေသေဖြင့် မေးလိုက်လေသည်။
“မင်းက... မူလပကတိအရှင်ဓမ္မလက်နက်တစ်ခုကို ပေးချင်တယ်ဆိုမှတော့ ဘာလို့နောက်အနာဂတ်ထိ စောင့်နေမှာလဲ”
“ယဲ့ထျန်းချန်... မင်းရဲ့ဂုဏ်သတင်း ၊ အဆင့်အတန်းနဲ့ အနေအထားအရဆို မင်းက မူလပကတိအရှင်ဓမ္မလက်နက်တစ်ခုကိုတောင် မပိုင်ဆိုင်ထားတာတော့ မဟုတ်လောက်ဘူးမလား”
လူတိုင်းက တိတ်တဆိတ် အထင်ကြီးသွားကြလေသည်။
ထိုစကားက နတ်ဘုရားလက်နက်တစ်ခုထက် မလျော့ကျပေ။ အဲ့ဒါက တာအိုအရှင်လန်ယွဲ့၏ စကားလုံးများကို ယဲ့ထျန်းချန်ဘက်သို့ ပြန်၍မြှားဦးလှည့်ပေးလိုက်လေသည်။
ဒါ့အပြင် အဲ့ဒါက သူ၏ထွက်ပေါ်အားလုံးကို ပိတ်ဆို့ထားလေသည်။
ယဲ့ထျန်းချန်က အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ဖြစ်ပြီး နံပါတ်တစ်ပကတိအရှင်ဟု ကျော်ကြားသည်ကို လူတိုင်းသိထားကြလေသည်။ ကစဉ့်ကလျားအမြုတေဂိုဏ်းလို နောက်ခံတစ်ခုနှင့်ဆိုပါက သူ့မှာ မူလပကတိအရှင်ဓမ္မလက်နက်တစ်ခု မရှိစရာအကြောင်းမရှိပေ။
သို့သော်လည်း အဲ့ဒါကို ပိုင်ဆိုင်ခြင်းက သက်သက် အခြားတစ်ယောက်ကို ပေးပစ်ရမည်က သက်သက်ဖြစ်လေသည်။
အဲ့ဒီမှာ ပြိုင်စံရှားများစွာ ရှိကြလေသည်။ သူတို့မှာ ယခုအချိန် မူလပကတိအရှင်ဓမ္မလက်နက်တစ်ခုကို ပိုင်ဆိုင်ထားမည်ဆိုလျှင် မည်သူကများ အဲ့ဒါကို ချက်ချင်းလက်ငင်း အခြားတစ်ယောက်ကို ပေးပစ်ပါမည်လဲ။
ယဲ့ထျန်းချန်က ဆက်လက်၍ဟန်မဆောင်နိုင်တော့ပဲ သူ၏အမူအရာက ညိုမည်းလာခဲ့လေသည်။
ဆူဇီမိုက ပြုံး၍ထပ်မေးလိုက်လေသည်။
“ဘာလို့လဲ... မင်းက အဲ့ဒါကို မပေးနိုင်ဘူးလား...”
အဲ့ဒါက ရိုးရှင်းသောမေးခွန်းတစ်ခုသာဖြစ်သော်လည်း ယဲ့ထျန်းချန်က သွေးအန်လုမတက် ဆိုးဆိုးဝါးဝါး ခံစားလိုက်ရလေသည်။
သူ့မှာ အဲ့ဒါအတွက် အဖြေမရှိပေ...
သူက အဲ့ဒါကို ပေးနိုင်သည်ဟု ပြောလျှင် သူက အဲ့ဒါကို ချက်ချင်းလက်ငင်း ထုတ်ပေးရတော့ပေမည်။
သူက အဲ့ဒါကို မပေးနိုင်ဘူးဟုဆိုလျင်လည်း သူ၏ စိတ်ရင်းစစ်မှန်မှုက ဘယ်နားကိုရောက်သွားမလဲ။
စောစောက ပေးခဲ့သော ထိုကတိသည် ရယ်စရာဟာသတစ်ခုထက် ပိုမလာနိုင်တော့ပေ။
ယဲ့ထျန်းချန်သည် ဖြည်းဖြည်းချင်းထရပ်ပြီး သူ၏ရင်ထဲရှိ သတ်ဖြတ်လိုစိတ်ကို ဆက်လက်၍ ဖုံးကွယ်မထားတော့ပေ။ သူက အလွန်ကြီးမားသည့် စွမ်းပကားတစ်ခုကို ထုတ်ဖော်ပြီး အေးစက်စွာဖြင့်မေးလိုက်လေသည်။
“မင်းက ဘယ်သူလဲ...”
ယဲ့ထျန်းချန်က သူ၏ဣန္ဒြေကို စတင်ဆုံးရှုံးလာပြီဆိုတာ လူတိုင်းက ပြောနိုင်ကြလေသည်။
တစ်ကယ်တော့ ယဲ့ထျန်းချန်သာလျှင်မဟုတ် တာအိုအရှင်လန်ယွဲ့ပင်လျင် စိတ်ထဲမှာ ယောက်ယက်ခက်လာခဲ့လေပြီ။
ယခုအချိန်တွင် သူမက အသွန်းတစ်ရာဂိုဏ်းမှ အစိမ်းရောင်ဝတ်ကျင့်ကြံသူကို ဂိုဏ်းအပြင်ဘက်သို့ အမှန်တစ်ကယ်ပင် မောင်းထုတ်ချင်နေလေသည်။
သို့သော်လည်း အစိမ်းရောင်ဝတ်ကျင့်ကြံသူက တစ်ချိန်လုံး စည်းဘောင်အတွင်းမှာပင် ရှိနေပြီး သူမက အကြောင်းပြချက်ကောင်းတစ်ခုကို ရှာမရပေ။
ဆူဇီမိုက ယဲ့ထျန်းချန်၏ ခြိမ်းခြောက်မှုကိုလျစ်လျူရှုပြီး တာအိုအရှင်လန်ယွဲ့ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်လေသည်။
“ခြေတစ်လှမ်းလောက် နောက်ဆုတ်ကြည့်ရအောင်.. သူက မူလပကတိအရှင်ဓမ္မလက်နက်တစ်ခုကို ထုတ်ပေးနိုင်တယ်ဆိုရင်တောင် အဲ့ဒါက ဘာကိုသက်သေပြပေးနိုင်မလဲ..”
“သူက လမ့်ရိုအပေါ်စစ်မှန်မှုကို သက်သေပြပေးနိုင်မှာလား... ဒါမှမဟုတ် သူက ရိုးသားမှုရှိပြီးတော့ တခြားပုန်းကွယ်ထားတဲ့ ရည်ရွယ်ချက်မရှိဘူးဆိုတာကို သက်သေပြပေးနိုင်မှာလား”
တာအိုအရှင်လန်ယွဲ့က ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
“အနည်းဆုံးတော့ အဲ့ဒါက ယဲ့ထျန်းချန်ရဲ့ စိတ်ရင်းမှန်ကန်မှုကို သက်သေပြပေးနိုင်တယ်... အဲ့ဒါက သူက အဆင့်မီပြီးတော့ ငါ့တပည့်နဲ့ထိုက်တန်တယ်ဆိုတာကို သက်သေပြပေးနိုင်တယ်”
“ဟားဟားဟားဟား.... “
ဆူဇီမိုက ဟားတိုက်ရယ်မောလိုက်ပြီး သူ၏သိုလှောင်အိတ်ကို ပုတ်ကာ အေးစက်စက်ဓားရှည်တစ်လက်ကို ထုတ်ယူလိုက်လေသည်။
ဇီ....
ဓားက တုန်ယင်သွားပြီး လွှမ်းမိုးခြယ်လှယ်နိုင်မှုရှိသော ဓားချီတစ်ခုနှင့်အတူ တဖျတ်ဖျတ်တလက်လက် အလင်းရောင်ခြောက်ခုကို ထုတ်ပေးလာလေသည်။
စိတ်ဝိညာဥ်အင်းကွက်ခြောက်ခု မူလပကတိအရှင်ဓမ္မလက်နက်တစ်ခု...
“မူလပကတိအရှင်ဓမ္မလက်နက်တွေက ဘယ်လောက်တောင်ရှားပါးနေလို့လဲ”
ဆူဇီမိုက ဓားကို သူ့ဘေးရှိ လက်ဖက်ရည်စားပွဲပေါ်သို့ ဒီတိုင်းပစ်တင်ပြီး ထူးမခြားနားပုံစုံဖြင့် ပြောလိုက်လေသည်။
“ကျုပ်က ဒီဓားကို လမ့်ရိုကို အခုချက်ချင်းပေးနိုင်တယ်... အဲ့ဒါဆိုရင် ကျုပ်ရဲ့ စိတ်ရင်းမှန်ကန်မှုနဲ့ ကျုပ်က အဆင့်မီတယ်ဆိုတာကို သက်သေပြပြီးသား ဖြစ်သွားမှာလား”
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ပြပွဲကို စောင့်ကြည့်ရင်း လူတိုင်းကစိတ်လှုပ်ရှားတက်ကြွလာကြလေသည်။
ဘာတွေဖြစ်နေတာပါလိမ့်... တစ်စုံတစ်ယောက်က ယဲ့ထျန်းချန်နဲ့အတူ မင်္ဂလာပွဲအတွက် တိုက်ခိုက်နေလေသည်။
ဒါ့အပြင် သူ၏အပြုအမူက ယဲ့ထျန်းချန်၏မျက်နှာကို အညာအတာမဲ့စွာ ဖြတ်ရိုက်လိုက်ခြင်းနှင့် တူလေသည်။
အခြေအနေက ပို၍ရှုပ်ထွေးလာနေလေပြီ...
ဖက်တီးလေးသည် အစိမ်းရောင်ဝတ်လူက မည်သူဆိုတာကိုမသိလျင်တောင် သူက ပါးစပ်နားရွက်ချိတ်မတက် သွားဖြီးလိုက်ပြီး အလောတကြီးပြောလိုက်လေသည်။
“ဒါမှ ယောက်ျားကွ.. ခင်ဗျားကအရမ်းကို စိတ်ရင်းမှန်ကန်မှုရှိတာပဲ”
“တစ်စုံတစ်ယောက်ကတော့ တစ်ချိန်လုံးကတိတွေပေးနေပေမယ့်လို့ အဲ့ဒါကို ထုတ်တောင်ထုတ်ပြနိုင်တာ မဟုတ်ဘူး... ခင်ဗျားကတော့မတူဘူး... ခင်ဗျားက အမှန်တစ်ကယ်ကို ဖြောင့်မှတ်မှန်ကန်မှုရှိတာပဲ... ကျုပ်က ခင်ဗျားနဲ့ မိတ်ဆွေဖြစ်ချင်တယ်ဗျို့”
ဖက်တီးလေးက ဆူဇီမိုကို လက်မထောင်ပြရင်း ယဲ့ထျန်းချန်ကို လှောင်ပြောင်ထေ့ငေါ့ဖို့လည်းမမေ့လျော့ခဲ့ပေ။
ယဲ့ထျန်းချန်က ဘေးမှာရပ်နေရင်း သူ၏မျက်နှာက အစိမ်းရောင်နှင့်ခရမ်းရောင် တစ်လှည့်စီသန်းလာခဲ့လေသည်။