လူတိုင်းကို လှည့်စားခြင်း
Vol. 63 Ch. 944
“မိုလင်းက ဒီနေရာမှာ သူ့ကိုယ်သူ အရှက်ခွဲချင်နေတာလား”
“မင်းက ပန်းပဲမီးဖိုတစ်ခုတောင် မရှိဘဲနဲ့ မင်းဟန်ကို ယှဉ်ပြိုင်ချင်နေတာလား”
“ဘယ်ပြောလို့ ရမလဲ.. သူက ဖုံးကွယ်ထားတဲ့ ပညာရှင်တစ်ယောက် ဖြစ်ချင်ဖြစ်နေမှာ.. သူ့ရဲ့ မီးဖိုက သူ့ရဲ့ဝိညာဉ်ထဲမှာ တည်ရှိပြီးတော့ သူက ပြင်ပရုပ်ဝတ္ထုပစ္စည်းတွေကို မလိုအပ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့”
“ဟားဟားဟားဟား”
ကျင့်ကြံသူများက လှောင်ပြောင်ထေ့ငေါ့မှုများဖြင့် ဟားတိုက်ရယ်မောလိုက်ကြလေသည်။
ရူရွှမ်က မျက်လုံးစွေကြည့်ပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်လေသည်။
“ဆရာဘိုးလေး အသေးလေး.. ဒီလိုမျိုး အချိန်မှာတောင် ရှင်က ဘာလို့ ပြဿနာရှာနေသေးတာလဲ..ဟား”
ဆူဇီမိုသည် သူ့ဘေးပတ်လည်ရှိ ရယ်သံများကို အရေးလုပ်မနေဘဲ တည်ငြိမ်နေလေသည်။
ပြောရမည်ဆိုလျှင် ဤတစ်ခေါက် ရှေ့သို့ ထွက်ရပ်ရသည့်အတွက် သူ့ကိုယ်သူ ယုံကြည်မှု သိပ်မရှိပေ။
ဒါ့အပြင်.. သူ၏ အစစ်အမှန် ဓမ္မလက်နက်သွန်းလုပ်ခြင်းအပေါ် မှီခိုမည်ဆိုလျှင် မင်းဟန်နှင့် လျှိုဟန်ယန်ကို မပြောနှင့်.. အသွန်းတစ်ရာဂိုဏ်းမှ မည်သူမဆို သူ့ထက် သာလွန်နိုင်လေသည်။
အခြားသူများနှင့် မတူဘဲ.. လျှိုဟန်ယန်က တည်ငြိမ်နေလေသည်။
သူမသည် ဆူဇီမိုကို စတင်မြင်တွေ့ရသည့် အချိန်ကတည်းက ဤလူသည် လျှို့ဝှက်ချက်များစွာနှင့်အတူ သူ့ကို ဆန်းကြယ်သော အော်ရာတစ်ခုက လွှမ်းခြုံထားသည်ဟု သူမက ခံစားမိနေလေသည်။
နန်းကုန်လင်းကို မှီထားရင်း သူမက တိုးတိုးပြောလိုက်လေသည်။
“စီနီယာအစ်ကို ရှင့်ရဲ့ ပန်းပဲမီးဖိုကို ဆရာဘိုးလေးကို ငှားလိုက်ပါ”
သူမ၏ ပန်းပဲမီးဖိုက အဆင့်အမြင့်ဆုံး ဖြစ်လေသည်။ သို့သော်လည်း စောစောက ဓားပျံ၏ ပေါက်ကွဲမှုကြောင့် သူမ၏ ပန်းပဲမီးဖိုက ပျက်စီးထိခိုက်သွားပြီး အဲဒါကို မပြင်ဆင်ရသေးခင်အချိန်ထိ နောက်ထပ် လက်နက်သွန်းလုပ်ခြင်းကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။
နန်းကုန်လင်းက ကြောင်အသွားပြီးနောက် အလိုလိုပြန်ဖြေလိုက်လေသည်။
“ငါ့ရဲ့ ပန်းပဲမီးဖိုက အဆင့်သိပ်မမြင့်ဘူး.. အဲဒါက သာလွန်အဆင့် ပကတိအရှင် ဓမ္မလက်နက်တစ်ခုပဲ”
မူလဓမ္မလက်နက်များကို သွန်းလုပ်ရာတွင် ပန်းပဲမီးဖိုများကလည်း အရမ်းကို အရေးပါလေသည်။
မင်းဟန်သည် အဲဒါကို အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ခြင်းမှာ သူ၏ ငရဲမီးဖိုကြောင့်လည်း ဖြစ်လေသည်။
မမျှော်လင့်ထားစွာပင်.. ဆူဇီမိုက လက်ကာပြလိုက်လေသည်။
“အဲဒါ ရတယ်.. မင်းရဲ့ဟာကိုသာ ငါ့ကို ငှားစမ်းပါ”
“ဟီးဟီး”
မင်းဟန်က ထိုစကားကို ကြားသောအခါ စိတ်သက်သာရာရသွားခဲ့လေသည်။
ဆူဇီမို စတင် ထွက်ရပ်လာတုန်းက သူက တကယ်ပင် မသေချာပေ။
ဒီ့အရင်က သူသည် ဆူဇီမိုနှင့် ပတ်သက်ဆက်နွယ်မှု သိပ်မရှိသည့်အတွက် ထိုသူ၏ အစွမ်းအစများကို နားမလည်နိုင်ပေ။
သို့သော်လည်း ဆူဇီမိုက သာလွန်အဆင့် ပန်းပဲမီးဖိုတစ်ခုကိုသာ သုံးတော့မည်ဟု တွေ့မြင်သောအခါ.. ဤလူက သေချာပေါက် ရှုံးနိမ့်တော့မည်ဆိုတာ သူက သိလိုက်လေသည်။
“မင်းက လက်နက်သွန်းလုပ်ခြင်းရဲ့ အခြေခံသဘောတရားကိုတောင် မသိဘဲနဲ့ ငါ့ကို ဘယ်လိုတောင် စိန်ခေါ်ရဲတာလဲ”
မင်းဟန်က သူ၏ခေါင်းကို ခါယမ်း၍ လှောင်ရယ်မောလိုက်လေသည်။
ဆူဇီမိုက အတည်အတံ့ဖြစ်နေပြီး နောက်ပြောင်ခြင်း မရှိသည်ကို နန်းကုန်လင်း မြင်သောအခါ.. သူက အံကိုကြိတ်ပြီး သူ၏ ပန်းပဲမီးဖိုကို ထုတ်ပေးလိုက်လေသည်။
ဆူဇီမိုက အဲဒါကို လက်ခံယူပြီး တစ်ချက်နှစ်ချက် ခေါက်၍ ချိန်ဆကြည့်လိုက်လေသည်။
တာအိုအရှင် လန်ယွဲ့က မျက်မှောင်ကြုတ်ပြီး လေးနက်သော အသံဖြင့် မေးလိုက်လေသည်။
“မိုလင်း နင်က အတည်ပြောနေတာလား.. ဒါက လက်နက်သွန်းလုပ်ခြင်း ပြိုင်ပွဲနော်.. နင်က ပြဿနာရှာဖို့ ကြိုးစားနေတာဆိုရင် နင့်ကို ဂိုဏ်းအပြင်ဘက်ကို မောင်းထုတ်ရလိမ့်မယ်”
“တကယ်ပေါ့.. ကျုပ်က အတည်ပြောနေတာ”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်လေသည်။
“စီနီယာ.. ကျေးဇူးပြုပြီးတော့ စိတ်ဝိညာဉ်အသိစိတ် အကာအရံအလွှာတစ်ခုကို ချခင်းပေးပါဦး”
လက်နက်သွန်းလုပ်ခြင်း ဖြစ်စဉ်ကို ပန်းပဲမီးဖိုအတွင်းမှာသာ လုပ်ဆောင်ရပေလိမ့်မည်။
သို့သော်လည်း စိတ်ဝိညာဉ်စုဆောင်းခြင်းအတွက် များစွာသော နည်းစနစ်များနှင့် လျှို့ဝှက်အတတ်များသည် လူသိခံလို့ မရပေ။ အပြင်လူများ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ထောက်လှမ်းခြင်းမှ ကာကွယ်တားဆီးရန် သူတို့က အကာအရံအလွှာတစ်ခုကို ခင်းကျင်းရလေသည်။
တာအိုအရှင်လန်ယွဲ့က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်ပြီး သူ၏နှာရောင်က တောက်ပသွားကာ အကာအရံအလွှာတစ်ခုကို ခင်းကျင်းပေးလိုက်လေသည်။
ထိုအကာအရံလွှာက စိတ်ဝိညာဉ်အသိစိတ်ကို ပိတ်ဆို့တားဆီးပေးနိုင်သော်လည်း.. အမြင်အာရုံကိုတော့ ပိတ်ဆို့တားဆီးပေးနိုင်ခြင်း မရှိပေ။
အဲဒါက ပုံမှန်သာဖြစ်လေသည်။
အမြင်အာရုံကိုပါ ပိတ်ဆို့တားဆီးထားမည်ဆိုလျှင် လက်နက်သွန်းလုပ်ခြင်း ပြိုင်ပွဲကို စောင့်ကြည့်ရခြင်းက အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပေ။
“စီနီယာအစ်ကိုနန်းကုန်.. ကျွန်မမှာ ဥက္ကာခဲအပိုင်းတစ်ပိုင်း ကျန်နေသေးတယ်.. အဲဒါကို ဆရာဘိုးလေးကို ပေးလိုက်ပါ”
လျှိုဟန်ယန်က သူမ၏ သိုလှောင်အိတ်ထဲကနေ ကျောက်တုံးပိုင်းလေးတစ်ပိုင်းကို ထုတ်ယူပြီး ကမ်းပေးလိုက်လေသည်။
လက်နက်သွန်းလုပ်ခြင်း၏ ပထမဆုံးအဆင့်က ပါဝင်ပစ္စည်း ရွေးချယ်ခြင်း ဖြစ်လေသည်။
မူလဓမ္မလက်နက်တစ်ခုကို သွန်းလုပ်ဖို့ရန်အတွက် ပါဝင်ပစ္စည်းများကလည်း အရေးပါလေသည်။
ဆူဇီမိုက လက်ကာပြလိုက်လေသည်။
“အဲဒါ မလိုဘူး.. ငါက အဲဒါအတွက် ပြင်ဆင်ထားပြီးပြီ”
ထိုသို့ပြောပြီးသည်နှင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်လေသည်။
လူတိုင်းသည် အာရုံစိုက်၍ ကြည့်လိုက်ကြပြီး ဆူဇီမို၏ လက်ဖဝါးပေါ်တွင် နို့နှစ်ဖြူရောင် ကျောက်တုံးတစ်တုံး ရှိနေသည်ကို တွေ့မြင်လိုက်ရလေသည်။
“အဲဒါက ဘာပစ္စည်းလဲ”
“ငါလည်း မသိဘူး.. ငါ အဲဒါကို အရင်က တစ်ခါမှ မမြင်ဖူးဘူး”
“သူက အဲ့လောက်ကြီးတဲ့ ပစ္စည်းနဲ့ ဘာကို သွန်းလုပ်နိုင်မှာလဲ.. မီးဆေးပြီးတော့ အညစ်အကြေးတွေကို ဖယ်ထုတ်လိုက်မယ်ဆိုရင် သူက ပန်းထိုးအပ်တစ်ချောင်းကို သန့်စင်နိုင်မှာလား”
ငရဲမီးစံအိမ်မှ လူတိုင်းက ဟားတိုက်ရယ်မောလိုက်ကြလေသည်။
မင်းဟန်က မျက်မှောင်ကြုတ်လိုက်လေသည်။ သူသည်လည်းပဲ ထိုပစ္စည်းကို မမှတ်မိပေ။
သို့သော်လည်း သူက အဲဒါကို အရေးလုပ်မနေပေ။
နိုးထဝိညာဉ်တစ်ယောက်၏ မီးတောက်များက ကောင်းကင်ကိုပင် ဖီဆန်နိုင်သော ပစ္စည်းများကို အရည်ကျိုနိုင်လိမ့်မည် မဟုတ်ပေ။
တကယ်တော့.. မင်းဟန်နှင့် အခြားသူများကို မပြောနှင့်၊ ဓမ္မဝိသေသ တာအိုအရှင်သုံးယောက်ပင်လျှင် ထိုကျောက်တုံးကို မှတ်မိနိုင်ခြင်း မရှိကြပေ။
ဆူဇီမိုသည် လူအုပ်ကြီးထဲရှိ မျက်နှာအမူအရာများကို တစ်ချက်ကြည့်လိုက်လေသည်။
ဂမ္ဘီရခြံဝန်းထဲမှ လူများကို မပြောနှင့်၊ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာပင် ဤကျောက်တုံး၏ မူလဇစ်မြစ်ကို မှတ်မိနိုင်သောသူက အနည်းအကျဉ်းမျှသာ ရှိလေသည်။
ထိုကျောက်တုံးက ဆူဇီမို၏ ညာဘက်မျက်လုံးထဲတွင် တစ်ချိန်လုံး ပုန်းကွယ်နေခဲ့သော မီးပဒေသာကျောက်တုံး ဖြစ်လေသည်။
မီးပဒေသာကျောက်တုံးကို တာအိုအရှင်အဆုံးစွန်မီးသည် ကမ္ဘာဦးအပျက်အစီးနယ်မြေတစ်ခုကနေ ရရှိလာခဲ့ခြင်း ဖြစ်လေသည်။ သို့သော်လည်း သူပင်လျှင် ထိုကျောက်တုံး၏ မူလဇစ်မြစ်ကို မသိပေ။
နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှ မွှေးနီတစ္ဆေကတော့ ဖြစ်နိုင်ခြေအချို့ကို ပြောပြခဲ့ဖူးပြီး အဲဒါကလည်း သိပ်ပြီး မသေချာပေ။
မည်သို့ပင်ဆိုစေ.. မီးပဒေသာကျောက်တုံးက အရမ်းကို သန်မာလေသည်။
နဂါးမျိုးနွယ်၏ မီးပဒေသာနဂါးမျက်လုံး လျှို့ဝှက်အတတ်ကို မီးပဒေသာကျောက်တုံးမှတစ်ဆင့် နားလည်ဆင်ခြင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
မီးပဒေသာ ဓားဝင်္ကပါကိုလည်း မီးပဒေသာကျောက်တုံးနေတစ်ဆင့် နားလည်ဆင်ခြင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
ထိုကျောက်တုံးသည် ဆူဇီမို၏ ညာဘက်မျက်လုံးထဲတွင် ပြီးခဲ့သည့် နှစ်များအတွင်း မည်သည့်လှုပ်ရှားမှုမှ မရှိဘဲ ပုန်းကွယ်နေခဲ့လေသည်။
သို့သော်လည်း သူက မီးပဒေသာနဂါးမျက်လုံးကို ကျင့်ကြံထားသောကြောင့်လား မပြောတတ်ပေ။ လွန်ခဲ့သည့် တစ်လက သူသည် မီးပဒေသာကျောက်တုံးနှင့် ဆက်သွယ်မှုတစ်ခု ရရှိလာသည်ဟု စတင်ခံစားခဲ့ရလေသည်။
မီးပဒေသာကျောက်တုံးက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပုံရပြီး သူက ၎င်း၏ ပုံသဏ္ဍာန်ကို အလိုရှိသလို ပြောင်းလဲနိုင်လေသည်။
တကယ်တော့ အဲဒါက ဆူဇီမို၏ ကျင့်ကြံမှုအပေါ် ထိတွေ့တိုက်ခိုက်မှု များစွာမရှိဘဲ ပြောင်းလဲမှု တစ်စုံတစ်ရာလည်း ရှိမလာခဲ့ပေ။
စောစောက ဂမ္ဘီရလက်ဖက်ပင်အောက်မှာ သူသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးတောမိခဲ့လေသည်။
သူက မီးပဒေသာကျောက်တုံးကို တူညီသော အစိတ်အပိုင်းများအဖြစ် ခွဲခြမ်းပြီး ဓားပျံပုံစံများအဖြစ် သန့်စင်သွန်းလုပ်နိုင်မည်ဆိုလျှင်.. ထိုသို့ဖြင့် သူသည် ဓားပျံတစ်စုံကို အလွယ်တကူ ဖန်တီးနိုင်လိမ့်မည် ဖြစ်လေသည်။
ထိုကဲ့သို့သော ဓားပျံတစ်ခုကို ဓမ္မလက်နက်တစ်ခုအဖြစ် သတ်မှတ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ၎င်း၏ဇစ်မြစ်က မရေမတွက်နိုင်သော လျှို့ဝှက်ချက်များစွာ ပါရှိသည့် မီးပဒေသာကျောက်တုံး ဖြစ်လေသည်။ အဲဒါက ဖျက်ဆီး၍ မရနိုင်ဘဲ ဓမ္မလက်နက်များထက် သေချာပေါက် အားနည်းလိမ့်မည် မဟုတ်ပေ။
ဤလောကတွင် များစွာသော ဂမ္ဘီရ ရတနာများနှင့် သဘာဝကို ဆန့်ကျင်သည့် ပစ္စည်းများစွာ ရှိလေသည်။ မည်သည့် ဓမ္မအင်းကွက်မှ မရှိဘဲနှင့်တောင် သူတို့သည် အလွန်တရာ စွမ်းအားကြီးပြီး ဖျက်ဆီး၍ မရနိုင်ပေ။
ဥပမာအားဖြင့် အတုမရှိ ရတနာ ၇မျိုး ဖြစ်လေသည်။
အဲဒီမှာ မျောက်၏ အကျော်ဇေယျလည်း ပါဝင်လေသည်။
အဲဒီမှာ ဖန်တီးခြင်း ကြာပဒုမ္မာလည်း ပါဝင်လေသည်။
အဲဒီမှာ အာသောကပန်းလည်း ပါဝင်လေသည်။
မီးပဒေသာကျောက်တုံးသည်လည်း သူတို့ထဲမှ တစ်ခုဖြစ်လေသည်။
ဆူဇီမို၏ အစီအစဉ်က ရိုးရှင်းလေသည်။ သူက မီးပဒေသာကျောက်တုံးနှင့် လက်နက်သွန်းလုပ်ခြင်း၏ လူသိမခံနိုင်သည့် အချက်များကို အသုံးချပြီး လူတိုင်းကို သူတို့၏ မျက်စိရှေ့မှောက်မှာပင် လှည့်စားချင်လေသည်။
စောစောက အသွန်းတစ်ရာဂိုဏ်းကို များစွာသော ဂိုဏ်းများက စွပ်စွဲပြောဆိုနေချိန်တွင် သူက ထွက်ပေါ်မလာရခြင်းမှာ လက်ဖက်ပင်အောက်တွင် သူက ဤအစီအစဉ်ကို စဉ်းစားတွေးတောနေသောကြောင့် ဖြစ်လေသည်။
သူက ဖြစ်စဉ်တစ်ခုလုံးကို ကောက်ချက်ချပြီးမှသာလျှင် ထွက်လာခဲ့ခြင်းဖြစ်လေသည်။
တကယ်တော့ ထိုအစီအစဉ်နှင့် ပတ်သက်၍ မသေချာ မရေရာမှု များစွာကလည်း ရှိနေလေသည်။ ဆူဇီမိုပင်လျှင် အဲဒါက အလုပ်ဖြစ်ပါ့မလား.. သူ့ကိုယ်သူ ယုံကြည်မှု ကောင်းကောင်းမရှိပေ။
သူက သူ့ကိုယ်သူ အကောင်းဆုံး ဣန္ဒြေဆည်ပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်လေသည်။ သူ၏ အင်္ကျီလက်နှစ်ဖက်ကို လှုပ်ခါပြီး မြေပြင်ပေါ်ရှိ ပန်းပဲမီးဖိုကို အပေါ်သို့ ကြွတက်စေကာ သူ၏ရှေ့မှာ လွင့်မျောစေလိုက်လေသည်။
အဲဒီနောက်.. သူက မီးပဒေသာကျောက်တုံးကို ပန်းပဲမီးဖိုထဲသို့ ထည့်လိုက်လေသည်။
ရွှစ်
ဆူဇီမိုက ဓမ္မအတတ်တစ်ခုကို ထုတ်ဖော်ပြီး သူ၏လက်ဖဝါးပေါ်တွင် သွေးနီရောင်မီးတောက်တစ်ခုကို ဖြစ်ပေါ်လာစေလေသည်။ အဲဒါက အင်မော်တယ်တာအိုမီး ဖြစ်လေသည်။ သူက အဲဒါကို ပန်းပဲမီးဖို၏အောက်မှာ ထားပြီး အဲဒါကို စတင်၍ အရည်ကျိုလိုက်လေသည်။
ဖြစ်စဉ်တစ်ခုလုံးက လုပ်ရိုးလုပ်စဉ်အတိုင်း သွားနေသည့်ပုံပင်။
တကယ်တော့ ဆူဇီမိုသည် အဲဒါကို ဟန်ဆောင်ပန်ဆောင် လုပ်ပြနေခြင်းသာ ဖြစ်လေသည်။
တစ်နာရီကြာပြီးနောက်.. အင်မော်တယ်တာအိုမီးသည် ပန်းပဲမီးဖိုတစ်ခုလုံးကို လောင်ကျွမ်းလုနီးပါး ဖြစ်လာသော်လည်း မီးပဒေသာကျောက်တုံးထံမှ မည်သည့်တုံ့ပြန်မှုမှ ရှိမလာသေးပေ။
တကယ်တော့ အဲဒါကိုကြည့်ပြီး ဆူဇီမိုက စိတ်သက်သာရာရသွားခဲ့လေသည်။
အနည်းဆုံးတော့.. မီးပဒေသာကျောက်တုံးက ဖျက်ဆီးလို့ မရနိုင်ဟု သက်သေပြပြီးသား ဖြစ်သွားလေသည်။
ထုံးစံအတိုင်းဆိုလျှင်.. ပါဝင်ပစ္စည်း ရွေးချယ်ခြင်းနှင့် အရည်ကျိုခြင်း ဖြစ်စဉ်ပြီးနောက် ပုံသွင်းခြင်းဖြစ်စဉ်ကို စတင်ရပေမည်။
သူက လက်ရှိလူတိုင်းကို လှည့်စားချင်သည်ဆိုလျှင်.. ပုံသွင်းခြင်းဖြစ်စဉ်မှာ အမှားအယွင်းမရှိရအောင် သေချာဂရုစိုက်ရပေလိမ့်မည်။