အောင်မြင်ပြီ
Vol. 63 Ch. 945
“ခွီ...”
မင်းဟန်က အေးစက်စွာရယ်မောလိုက်လေသည်။
ဆူဇီမိုသည် သူ၏လက်နက်သွန်းလုပ်ခြင်းအဆင့်များတွင် မည်သည့်အမှားအယွင်းကိုမှ မပြုခဲ့သော်လည်း မင်းဟန်ကဲ့သို့ အတွေ့အကြုံရှိသော မဟာနတ်ပန်းပဲဆရာတစ်ယောက်၏ မျက်လုံးထဲတွင် သူ၏ ပြုမူလှုပ်ရှားမှုများက အတော်လေးမကျွမ်းကျင်မှုကို ဖော်ပြနေလေသည်။
မင်းဟန်သည် ဘေးကနေ လက်ပိုက်၍ ရပ်နေလေသည်။ သူက အလောတကြီးရှိမနေပဲ ဆူဇီမိုအရှက်ကွဲမှာကို စောင့်ကြည့်နေလေသည်။
သူ၏ ကြိုတင်တွက်ဆမှုအရ ဆူဇီမိုသည် အလွန်ဆုံး ဓမ္မအင်းကွက်သုံးခုကိုသာ ဖန်တီးနိုင်ပေလိမ့်မည်။
သူက ကံဆိုးမည်ဆိုလျှင် မည်သည့်ဓမ္မအင်းကွက်ကိုမှ မစုဖွဲ့နိုင်တာပင် ဖြစ်ကောင်းဖြစ်နိုင်လေသည်။
ဆူဇီမိုက သူ့ဘေးတွင် မည်သူတစ်ဦးတစ်ယောက်မှ မရှိသည့်အလား သူ၏လက်နက်သွန်းလုပ်ခြင်းကို ဆက်လက်၍ ပြုလုပ်နေလေသည်။
ပုံမှန်အခြေအနေမှာဆိုလျှင် ပုံသွင်းခြင်းအဆင့်၌ အထဲမှာရှိသော စိတ်ဝိညာဥ်ပစ္စည်းများသည် အရည်ပျော်ကျသွားရမည်ဖြစ်ပြီး နီရဲနေသော ချော်ရည်ကဲ့သို့ရှိနေရပေမည်။
သို့သော်လည်း ဆူဇီမို၏ပန်းပဲမီးဖိုထဲတွင် မီးပဒေသာကျောက်တုံးက နဂိုပုံစံအတိုင်းရှိနေဆဲပင်။
ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် ထိန်းချုပ်လိုက်မှသာ မီးပဒေသာကျောက်တုံးသည် အလွန်သေးငယ်သော ကျောက်တုံးငယ် ၃၆ ခုအဖြစ် တဖြည်းဖြည်းကွဲထွက်သွားခဲ့လေသည်။
သူ၏စိတ်ဝိညာဥ်အသိစိတ်၏ ထိန်းချုပ်မှုဖြင့် ကျောက်တုံးငယ်လေးများသည် အလွန်တရာလက်ရာမြောက်သော သေးသွယ်သည့်ဓားပျံလေးများအဖြစ် တဖြည်းဖြည်းအသွင်ပြောင်းလဲသွားခဲ့လေသည်။
အဲ့ဒီနောက်... ဆူဇီမို၏နှုတ်ခမ်းက ကွေးညွတ်သွားပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုက ပေါ်ထွက်လာခဲ့လေသည်။
သူ့စိတ်ဝိညာဥ်အသိစိတ်၏ အတွေးတစ်ချက်နှင့်အတူ ဓားပျံတစ်လက်ပေါ်တွင် ဓမ္မအင်းကွက်တစ်ခုနှင့်ဆင်တူသော အင်းကွက်တစ်ခုက ပေါ်ထွက်လာခဲ့လေသည်။
သူ၏စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး နောက်ထပ်အင်းကွက်တစ်ကွက်က ဓားပျံပေါ်မှာ ပေါ်ထွက်လာခဲ့လေသည်။
ထိုအင်းကွက်များက ဓမ္မစွမ်းအားများကနေ စုဖွဲ့လာခြင်းမဟုတ်ပဲ ဓားပျံ၏ကိုယ်ထည်ပေါ်တွင် ဒီတိုင်းခတ်နှိပ်ထားခြင်းဖြစ်လေသည်။
အဲ့ဒါက အတုအယောင် ဓမ္မအင်းကွက်တစ်ခုဖြစ်သော်လည်း အစစ်အမှန်နှင့်လုံးဝမခြားနားပေ။
ရွှစ်...ရွှစ်.. ရွှစ်...
တစ်ခဏအတွင်းမှာပင် ဓားပျံပေါ်တွင် အင်းကွက် ၆ ခုကပေါ်ထွက်လာခဲ့လေသည်။
ဆူဇီမိုသာအလိုရှိသည်ဆိုလျှင် အင်းကွက် ၆ ကွက်ကိုမပြောနှင့် ၇ ကွက် သို့မဟုတ် ၈ ကွက်ပင်လျှင် ဖန်တီးနိုင်လေသည်။ အရာရာတိုင်းကို သူ၏အတွေးတစ်ချက်ဖြင့်ဆုံးဖြတ်နိုင်လေသည်။
တစ်ကယ်တော့သူက ဓမ္မအင်းကွက် ၇ ခု သို့မဟုတ် ၈ ခုကို ဖန်တီးလိုက်မည်ဆိုလျှင် သူ၏အလိမ်အညာက ချက်ချင်းပေါ်ပေါက်သွားပေလိမ့်မည်။
ပုံမှန်အားဖြင့်ဆိုလျှင် အလွန်တရာရှုပ်ထွေးပွေလီသော ပုံသဏ္ဌာန်တစ်ခုကို မဖန်တီးသရွေ့ ပုံသွင်းခြင်းဖြစ်စဥ်က အချိန်အနည်းငယ်အတွင်း ပြီးဆုံးသွားရပေမည်။
သို့သော်လည်း ဆူဇီမိုကတော့မတူပေ...
သူက ပုံသွင်းခြင်းအဆင့်မှာ အချိန်အတော်ကြာကြာယူရလေသည်။
သူက စုစုပေါင်း ဓားပျံ ၃၆ လက်ကို ဖန်တီးနေရရုံသာမက သူတို့၏ အရွယ်အစား ၊ ပုံပန်းသဏ္ဍာန်နှင့် ဓားပျံ ၃၆ လက်ပေါ်ရှိ အင်းကွက်များနှင့် တည်နေရာကို သွေဖယ်ခြင်းမရှိရအောင်လည်း သူက ဂရုစိုက်ရလေသည်။
အဲ့ဒါက အလွန်တရာလက်ဝင်သော အလုပ်တစ်ခုဖြစ်လေသည်။
“ဓားပျံတစ်ခုကို ပုံသွင်းတာတောင် အဲ့လောက်ကြာနေတယ်ဆိုတော့ အဲ့ဒီလူက သိပ်ပြီးတော့လည်း အစွမ်းအစရှိမယ့်ပုံမပေါ်ပါဘူး...”
“ဟီးဟီး... နောက်လာမယ့်မီးဆေးခြင်းနဲ့ စိတ်ဝိညာဥ်စုဆောင်းခြင်းတွေမှာဆိုရင်သူက ဘယ်လိုအံ့ဩဖွယ်ရာတွေကိုလုပ်ပြမလဲ စောင့်ကြည့်ရသေးတာပေါ့”
များစွာသောကျင့်ကြံသူများသည် သူတို့၏အမြင်အာရုံဖြင့် ပန်းပဲမီးဖိုကို ထိုးဖောက်၍မမြင်နိုင်ပေ။ထို့အပြင် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်ကိုလည်း ပိတ်ဆို့တားဆီးထားလေသည်။ ထို့ကြောင့် သူတို့က အထဲတွင်ဖြစ်ပျက်နေသည့်အရာများကို သိနိုင်လိမ့်မည်မဟုတ်ပေ။
တစ်စုံတစ်ယောက်က ပန်းပဲမီးဖိုအတွင်းရှိ အခြေအနေကို တွေ့မြင်နိုင်မည်ဆိုလျင် သူတို့၏ မျက်လုံးများက ပြူးကျယ်၍ ပြုတ်ကျသွားနိုင်လေသည်။
အချိန်အတန်ကြာပြီးမှ ဆူဇီမိုသည် နောက်ဆုံးသူ၏ ပုံသွင်းခြင်းအဆင့်ကို ပြီးဆုံးသွားခဲ့လေသည်။
လက်နက်သွန်းလုပ်ခြင်းဖြစ်စဥ်၏ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းမှာ မီးဆေးခြင်းနှင့် စိတ်ဝိညာဥ်စုဆောင်းခြင်းဖြစ်လေသည်။ များစွာသောကျင့်ကြံသူများသည် ပုံသွင်းခြင်းဖြစ်စဥ်ကို အချိန်နှစ်နာရီနီးပါးထိ စောင့်ကြည့်ခဲ့ရပြီးနောက် အတော်လေးစိတ်မရှည်ဖြစ်လာကြလေသည်။
နောက်တစ်ဆင့်က မီးဆေးခြင်းဖြစ်လေသည်။
အသွန်းတစ်ရာဂိုဏ်းသည် လက်ညိုးတစ်ထောင်မီးဆေးခြင်းဟူသော လျှို့ဝှက်မီးဆေးခြင်း နည်းစနစ်တစ်ခုကို အထူးသီးသန့်လေ့ကျင့်ထားကြလေသည်။
ယခင်တုန်းက တာအိုအရှင်အဆုံးစွန်မီးသည် ထိုနည်းစနစ်၏ အနည်းငယ်ကို သူ့အားသင်ကြားပေးခဲ့ဖူးလေသည်။ လွန်ခဲ့သည့် သုံးလကမှသာလျှင် သူက လက်ညိုးတစ်ထောင်မီးဆေးခြင်း၏ နက်နဲသိမ်မွေ့မှုများအားလုံးကို သင်ယူခဲ့ရခြင်းဖြစ်လေသည်။
ဆူဇီမိုက ဤလျှို့ဝှက်နည်းစနစ်ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသရတော့မည် ဖြစ်လေသည်။
တစ်ကယ်တော့ သူ၏ မီးဆေးခြင်းဖြစ်စဥ်က အတော်လေးကို မသေမသပ်ဖြစ်နေလေသည်။ အသွန်းတစ်ရာဂိုဏ်းမှလူတိုင်းသည် အဲ့ဒါကိုကြည့်ရသည်မှာ ရှက်သဖြင့် မျက်နှာလွှဲလိုက်ကြလေသည်။
သူ၏မီးဆေးခြင်းနည်းလမ်းက အတော်လေးကိုအရိုင်းဆန်နေလေသည်။
ဆူဇီမိုသည် အဲ့ဒါကို စိတ်ထဲမှာလုံးဝမထားပေ။ သူက အချိန်အတန်ကြာသည့်အထိ မီးဆေးချင်ယောင်ဟန်ဆောင်နေပြီးမှ စိတ်ဝိညာဥ်စုဆောင်းခြင်းကို စတင်လိုက်လေသည်။
များစွာသော ကျင့်ကြံသူများသည် ခေါင်းထောင်လာပြီး အာရုံစိုက်၍ စောင့်ကြည့်လိုက်ကြလေသည်။
စိတ်ဝိညာဥ်စုဆောင်းခြင်းအဆင့်တွင် ပြဿနာတစ်စုံတစ်ရာဖြစ်ပွားလာဖို့က လွယ်ကူလေသည်။
စိတ်ဝိညာဥ်စုဆောင်းခြင်းက ကျရှုံးသွားမည်ဆိုလျှင် နတ်ပန်းပဲဆရာ သွန်းလုပ်သောလက်နက်က ပေါက်ကွဲသွားမည်ဖြစ်ပြီး အဲ့ဒါက နတ်ပန်းပဲဆရာ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေပေါ် ကြီးမားစွာရိုက်ခတ်မှုရှိနိုင်လေသည်။ အခန့်မသင့်ပါက နေရာမှာပင် သတိလစ်သွားနိုင်လေသည်။
သူတို့ထဲမှ အတော်များများသည် အပြင်းအထန်ဒဏ်ရာရှိတတ်ပြီး စောစောက လျှိုဟန်ယန်၏ ဖြစ်ရပ်က နမူနာပင်ဖြစ်လေသည်။
ရူရွှမ်က တိတ်တဆိတ်ဖြင့်ဆုတောင်းနေလေသည်။
“ဓားပျံက ကြိမ်းသေပေါက်ကွဲထွက်မှာပဲ... ဆရာဘိုးလေးအသေးလေးက အဆင်ပြေပါစေလို့ပဲ ငါဆုတောင်းပေးလို့ရမယ်”
ဝှစ်...
သိပ်မကြာမီ ပန်းပဲမီးဖိုထဲကနေ အလင်းတန်းတစ်ခုက တောက်ပလာခဲ့လေသည်။
လူတိုင်းက မှင်တက်သွားကြလေသည်။
ဓမ္မအင်းကွက်တစ်ခုက ဖြစ်ပေါ်လာခဲ့လေပြီ...
မင်းဟန်၏အမူအရာက တည်ငြိမ်နေလေသည်။
ဓမ္မအင်းကွက်တစ်ခုကို စုဖွဲ့နိုင်ခြင်းက သာမန်သာဖြစ်လေသည်။ အဲ့ဒါက ဘာမှစိုးရိမ်ထိတ်လန့်နေစရာမရှိပေ။
သိပ်မကြာမီ ဒုတိယအလင်းရောင်က ဖြာကနဲ လက်လာလေသည်။
ဆိုလိုသည်မှာ ဓမ္မအင်းကွက်နှစ်ခုက ဖွဲ့တည်ပြီးသွားလေပြီ။ ပန်းပဲမီးဖိုအတွင်းတွင် ဖြစ်ပျက်နေသည့်အရာကို မည်သူကမှမမြင်နိုင်ပေ။
တကယ်တော့... ပန်းပဲမီးဖိုအတွင်းမှာ အဲ့ဒါက တိတ်ဆိတ်ငြိမ်သက်နေပြီး ဆူဇီမိုသည် မည်သည့်ဓမ္မအင်းကွက်ကိုမှ စုဆောင်းနေခြင်းမရှိပေ။
သူ၏ နိုးထဝိညာဥ်အဆင့်ကျင့်ကြံမှုအရ ပန်းပဲမီးဖိုအတွင်းမှာ လှည့်စားမှုအလင်းတစ်ချို့ကို ဖန်တီးဖို့က အရမ်းကိုလွယ်ကူလေသည်။
တာအိုအရှင်လန်ယွဲ့က မျက်မှောင်အနည်းငယ်ကြုတ်လိုက်လေသည်။
တစ်ခုခုလွဲမှားနေသည်ဟု သူမက ခံစားမိလေသည်။
သို့သော်လည်း ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် အခြားသူများ လက်နက်သွန်းလုပ်နေခြင်းကို သူမက ခိုးကြည့်ဖို့မသင့်လျော်ပေ။
အဲ့ဒါက လက်နက်သွန်းလုပ်ခြင်းတွင် တားမြစ်ချက်တစ်ခု ဖြစ်လေသည်။
တကယ်တော့ အဲ့ဒီမှာ သမ္ဘာရင့်ဝါရင့်ဘိုးဘေးနတ်ပန်းပဲဆရာတစ်ယောက်ရှိမည်ဆိုလျှင် ဆူဇီမို၏ လှည့်ကွက်များကို ချက်ချင်းဖော်ထုတ်နိုင်ပေလိမ့်မည်။
ကံမကောင်းစွာနှင့်ပင် ကြိုးကြာတစ်ထောင်လက်ဖက်ရည်ဧည့်ခံပွဲမှာ မည်သည့်ဘိုးဘေးနတ်ပန်းပဲဆရာမှ ရှိမနေပေ။
ဝှစ်...
သိပ်မကြာမီ တတိယအလင်းရောင်က ဖြာထွက်လာခဲလေသည်။
“အား....”
ဒီတစ်ကြိမ်တွင်တော့ မင်းဟန်ပင်လျှင် အံ့အားတသင့် ရေရွတ်လိုက်လေသည်။
တကယ်တော့ သူက စိုးရိမ်ထိတ်လန့်နေခြင်းတော့မရှိပေ။
စိတ်ဝိညာဥ်စုဆောင်းခြင်းသည် တဖြည်းဖြည်းနှင့် ပို၍ခက်ခဲလာပြီး အောင်မြင်နိုင်ခြေကလည်း ပို၍နည်းပါးလာလေသည်။
လက်ရှိနတ်ပန်းပဲဆရာများထဲမှ အနည်းဆုံးထက်ဝက်သည် ဓမ္မအင်းကွက် ၃ ခုကို စုဖွဲ့နိုင်ကြလေသည်။ သူက စဥ်းစားတွေးတေနေစဥ်မှာပင် စတုတ္ထမြောက်အလင်းရောင်က ဖြာကနဲလက်သွားလေသည်။
စတုတ္ထမြောက်ဓမ္မအင်းကွက်....
ဤတစ်ကြိမ်တွင်တော့ လူအုပ်ကြီးက လှုပ်လှုပ်ရွရွဖြစ်လာခဲ့လေသည်။
များစွာသောကျင့်ကြံသူများသည် သူ့ကိုဆက်လက်၍ အထင်မသေးရဲတော့ပေ။
မည်သို့ပင်ဆိုစေ ဓမ္မအင်းကွက် ၄ ကွက်ပါရှိသော ထိပ်တန်းအဆင့်ဓမ္မလက်နက်ကို သွန်းလုပ်နိုင်သော မည်သည့်နတ်ပန်းပဲဆရာမဆို အတော်လေး အစွမ်းအစရှိသည်ဟု သတ်မှတ်နိုင်လေသည်။
ခဏနေပြီးနောက် ပဉ္စမမြောက်အလင်းရောင်က ရုန်းကန်ထွက်ပေါ်လာခဲ့လေသည်။
ဤတစ်ကြိမ်တွင်တော့ လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်လာကြလေသည်။
အသွန်းတစ်ရာဂိုဏ်းမှ လူများပင်လျှင် သူတို့၏မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်လာကြလေသည်။
နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က ကြက်သေသေနေလေသည်။
ကိုယ်ပိုင်ပန်းပဲမီးဖိုတစ်ခုပင်မရှိသော အရိုင်းဆန်ဆန် လက်နက်သွန်းလုပ်ခြင်းနည်းစနစ်များကို ပိုင်ဆိုင်ထားသည့် သူတို့၏ ဆရာဘိုးလေးအသေးလေးက အရည်အသွေးနိမ့်ကျသော ပန်းပဲမီးဖိုကို အသုံးပြု၍ ပကတိအရှင် ပကတိဓမ္မလက်နက်တစ်ခုကို သွန်းလုပ်လာနိုင်လိမ့်မည်ဟု သူတို့က လုံးဝယုံကြည်မထားခဲ့ပေ။
မင်းဟန်ကလည်း မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်လိုက်လေသည်။
တစ်စုံတစ်ရာလွဲမှားနေသည်ကို သူကခံစားမိသော်လည်း ဘယ်ဟာအတိအကျဆိုတာကိုတော့ သူကထောက်ပြနိုင်ခြင်းမရှိပေ။ ဒါ့အပြင် သူက ဖိအားတစ်ခုအောက်မှာကျရောက်နေခဲ့လေပြီ။
“မိုလင်းက မူလပကတိအရှင်ဓမ္မလက်နက်တစ်ခုကို တစ်ကယ်ပဲသွန်းလုပ်နိုင်တော့မှာလား...”
မင်းဟန်သည် ဆူဇီမိုကို မျက်မှောင်ကြုတ်ဲကြည့်ပြီး စဥ်းစားတွေးတောနေလေသည်။
မသိလိုက်မသိဘာသာအချိန်တစ်ခုက ကုန်ဆုံးသွားခဲ့လေသည်။
ဝှစ်....
ပန်းပဲမီးဖိုထဲမှ တဖျတ်ဖျတ်တလက်လက်အလင်းရောင်က နောက်တစ်ကြိမ်ရုန်းကန်ထွက်ပေါ်လာပြီး ဓမ္မစွမ်အားများက လေထဲမှာ ပြည့်နှက်သွားခဲ့လေသည်။
“အား....”
လူအုပ်ကြီးထဲမှ အံအတသင့်ရေရွတ်သံများက ဆက်တိုက်ထွက်ပေါ်လာခဲ့လေသည်။
ဆဋ္ဌမမြောက်ဓမ္မအင်းကွက်က လင်းလက်လာပြီး လူအုပ်ကြီးက တုန်လှုပ်သွားကြလေသည်။
“အဲ့ဒါက.... မဖြစ်နိုင်တာ..”
မင်းဟန်၏မျက်နာက ညိုမည်းလာပြီး သူက အံကိုတင်းတင်းကြိတ်လိုက်လေသည်။
“ဓမ္မအင်းကွက် ၆ ခုကို ဖန်တီးရတာက အဲ့လောက်ထိလွယ်ကူနေစရာအကြောင်းမရှိဘူး... ငါက အဲ့ဒါကိုလုံးဝမယုံဘူး”
အဲ့ဒါကို မယုံကြည်နိုင်သည်က မင်းဟန်သာလျှင်မဟုတ်ပေ အသွန်းတစ်ရာဂိုဏ်းမှ ကျင့်ကြံသူများအပါအဝင် လက်ရှိကျင့်ကြံသူအများစုသည် အဲ့ဒါကို မယုံကြည်နိုင်ပဲ သူတို့၏မျက်လုံးများက အံ့အားသင့်ခြင်း ၊ မယုံကြည်နိုင်ခြင်းတို့ဖြင့် ပြည့်နှက်နေကြလေသည်။
လူအုပ်ကြီးကို တုံ့ပြန်ချိန်မပေးပဲ ဆူဇီမိုက ပန်းပဲမီးဖိုထဲသို့ အဆင်သင့်ပြင်ထားသော ရေအေးများလောင်းထည့်လိုက်လေသည်။
ရှဲ....
မီးခိုးများက အူထွက်လာခဲ့လေသည်....
အအေးခံခြင်းဖြစ်စဥ်က ပြီးမြောက်သွားခဲ့လေပြီ။
တကယ်တော့ အအေးခံခြင်းသည် လောင်းကျွမ်းနီမြန်းနေသော ဓားပျံကို ရေအေးထဲသို့ ထည့်နှစ်ခြင်းဖြင့် ပြုလုပ်ရခြင်းဖြစ်လေသည်။
သို့သော်လည်း အင်မော်တယ်တာအိုမီးဖြင့် လောင်ကျွမ်းအပူပေးထားတာတောင် မီးပဒေသာကျောက်တုန်းက မည်သည့်ပြောင်းလဲမှုမှ ဖြစ်ပေါ်မလာပေ။ သူက ပန်းပဲမီးဖိုထဲမှ ဓါးပျံကို ထုတ်ယူလိုက်မယ်ဆိုရင် သူ၏အလိမ်အညာက ပေါ်ပေါက်သွားပေလိမ့်မည်။
သူက ပန်းပဲမီးဖိုထဲမှ ဓားကိုထုတ်ယူပြီး ရေအေးထဲသို့ နှစ်ရမည့်အစား ဓားပျံရှိနေသော ပန်းပဲမီးဖိုထဲသို့ ရေအေးများကို လောင်းထည့်လိုက်လေသည်။
ပန်းပဲမီးဖိုက အပူပေးခံထားရပြီး နီရဲလောင်ကျွမ်းနေသောကြောင့် ရှဲကနဲမြည်သံက ထွက်ပေါ်လာမည်သာဖြစ်လေသည်။
လက်ရှိကျင့်ကြံသူများက ထိုသည်ကိုမြင်သောအခါ ဤလူ၏ အအေးခံခြင်းနည်းစနစ်က တစ်မူထူးခြားသည်ဟုသာ တွေးထင်လိုက်ပြီး များစွာ စဥ်းစားတွေးတောခြင်းမရှိကြပေ။
အောင်မြင်လေပြီ...
နောက်ဆုံးမှာတော့ အမှန်တရားကို တွေ့မြင်ဖို့အချိန်ကျလေပြီ...
မလှမ်းမကမ်းရှိ ထိတ်ထိတ်ပျာပျာရှိနေသော မင်းဟန်ကိုကြည့်ပြီး ဆူဇီမိုက ညင်သာစွာပြုံးပြလိုက်လေသည်။
ဤအခြေအနေထိ တစ်စုံတစ်ရာလွဲမှားနေသည်ကို မည်သူကမှသတိထားမိခြင်းမရှိလျှင် နောက်ပြီးထိခိုက်နစ်နာရမည့်သူက မင်းဟန်ဖြစ်လာပေလိမ့်မည်။