ရှေးဗုဒ္ဓ၏ အမိန့်တော်
Vol. 31 Ch. 427
ဘာသာပြန်- The Fate
ဗုဒ္ဓဝါဒ၏ တားမြစ်နယ်မြေဖြစ်သည့်အလျောက် ဗုဒ္ဓအလင်းတန်းများရှိနေသည်မှာ သဘာဝကျလေသည်။ဤနေရာတွင် တည်ကြည်လေးနက်သော မျက်နှာသွင်ပြင်နှင့် ဗုဒ္ဓနိယာမများပါရှိသော ဗုဒ္ဓရုပ်ပွားတော် များစွာရှိနေကြကာ လူအများကို စိုက်ကြည့်မိရုံဖြင့် အံ့သြသွားစေနိုင်သည်။
သို့ပါသော်လည်း ဤရှေးဗုဒ္ဓတားမြစ်နယ်မြေတွင် မဲမှောင်သောလေထုဖြင့် ပြည့်နှက်နေခဲ့ကာ တစ္ဆေ၊သရဲ ငိုကြွေးသံများ၊ ဝံပုလွေဟစ်ကြွေးသံများနဲ့ ပြည့်နှက်နေခဲ့သည်။ မီးခိုးရောင်မြူခိုးထုကြီးသည် ရှေးဗုဒ္ဓတားမြစ်နယ်မြေတစ်ခုလုံးကို ဖုံးအုပ်ထားခဲ့သည်။ဤနေရာတွင် လူအပေါင်း၏စိတ်ဝိညာဥ်ကို တုန်လှုပ်သွားစေနိုင်လေသည်။
ရွှေရောင်အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ထူးချွန်သောတပည့် ဆယ်ယောက်သည် ရှေးဗုဒ္ဓတားမြစ်နယ်မြေအတွင်း၌ ရုတ်တရက် ထွက်ပေါ်လာကြသည်။
ဤသည်မှာ ဟွမ်ရှင်းတို့အတွက် ရှေးဗုဒ္ဓတားမြစ်နယ်မြေကို ရောက်လာခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ မျှော်လင့်မထားသည့်မြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ သူတို့၏မျက်နှာထက်၌ အံ့အားသင့်နေသောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။သူတို့က တစ်ယောက်ကိုတစ်ယောက် လေးနက်သောအမူအရာဖြင့် လှမ်းကြည့်မိလိုက်ကြသည်။
ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးရဲ့ တားမြစ်နေရာက ဒီလိုမျိုးဖြစ်နေလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ထားမိမှာလဲ။ ဗုဒ္ဓဝါဒနှင့် တာအိုလမ်းစဥ်ပေါင်းစပ်ထားသော အဆိုပါတားမြစ်နေရာသည် အမှန်တကယ်တော့ ခြောက်ခြားဖွယ်ဖြစ်နေခဲ့သည်။
" အောမိေတာဖု"
" ဒီနိမ့်ကျတဲ့ ဘုန်းတော်ကြီးက အရင်ဦးဆုံးသွားပါမယ်လေ။ ဂိုဏ်းတူအကိုကြီးတွေနဲ့ ပြန်လည်ဆုံဆည်းကြတာပေါ့။"
ဘုန်းတော်ကြီးတစ်ပါးက ဗုဒ္ဓရဲ့ နာမတော်ကို ရေရွတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ကာ ရှေးဗုဒ္ဓတားမြစ်နယ်မြေ၏ အနက်ပိုင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
ထိုဘုန်းကြီးပျောက်ကွယ်သွားတာကို စိုက်ကြည့်ရင်း ကျွေ့မင်နဲ့အခြားသူများကလဲ နောက်ကောက်ကျမကျန်ရစ်ခဲ့ပါ။ သူတို့ကလည်း လူစုခွဲလိုက်ကြပြီး လမ်းတစ်ခုစီရွေးချယ်ကာ ရှေးဗုဒ္ဓတားမြစ်နယ်မြေ၏ အနက်ပိုင်းသို့ ဦးတည်သွားလိုက်ကြသည်။ သူတို့ရွေးချယ်လိုက်သော လမ်းများမှာ ကွာခြားလေသည်။
တချိန်တည်းမှာပင် ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ အနက်ပိုင်းတစ်နေရာ၌ ရှေးဟောင်းသင်္ကေတများရေးထွင်းထားသည့် ကျောက်တိုင်လုံးကြီးများ ရှိနေခဲ့သည်။ယင်းကျောက်တိုင်လုံးကြီးများက ထူထပ်သိပ်သည်းစွာ တည်ရှိနေပြီး အစီအရီခွဲဖြာလျက်ရှိသည်။ ကျောက်တိုင်လုံးကြီးများပေါ်တွင် 'မြို့တော်'ဟူသော စကားလုံးကို ရေးထွင်းထားကာ ရွှေရောင်ဖျော့ဖျော့လင်းလက်နေသည်။ ဤနေရာတွင် တောအုပ်ကြီးအလား ကျောက်တိုင်လုံးကြီးများစွာရှိနေပြီး လျို့ဝှက်ဆန်းကြယ်လွန်းလှသည်။
ကျောက်တိုင်လုံးတောအုပ်ကြီး၏ အလယ်ဗဟိုတွင် ကွင်းပြင်လေးတစ်ခု ရှိနေခဲ့သည်။ ကွင်ပြင်လေးထဲတွင် မနှိုင်းယှဥ်လောက်အောင် ကြီးမားသော ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ရှိနေသည်။ မီတာ(1000)ကျော်ခန့်မြင့်ပြီး ရွှေနက်ရောင် အရောင်အသွေးရှိသည့် ဗုဒ္ဓရုပ်ပွားတော်ကြီးက ရှေ့မှောက်ရှိ ကျောက်တိုင်လုံးတောအုပ်ကြီးကို ငုံ့မိုးကြည့်ရှု့နေသည့်အလားပင်။
ထူးဆန်းသည့်အရာမှာ ဗုဒ္ဓရုပ်ပွားတော်ကြီး၏ မျက်လုံးနှစ်ဖက်တွင် သွေးစီးကြောင်းနှစ်ခု ရှိနေခဲ့ကာ သွေးမျက်ရည်ကျနေသကဲ့သို့ ဖြစ်နေပြီး အင်မတန်မှ ထိတ်လန့်ဖွယ်ကောင်းနေသည်။
ကျောက်တိုင်လုံးတောအုပ်ကြီးတစ်ခုလုံးသည် ခြောက်ခြားဖွယ်အတိ ဖြစ်နေခဲ့ကာ အနည်းငယ်သော လေတိုးသံကိုမှ မကြားရပါ။
ဟွမ်....
သို့ပေသိ ဤအချိန်တွင် ဧရာမဗုဒ္ဓရုပ်ပွားတော်ကြီး၏ ရှေ့မှောက်၌ရှိနေသော ကျောက်တုံးစင်မြင့်ကြီး၏ အထက်ကောင်းကင်ယံ၌ ပေါက်ကွဲသံကြီးများ ဆူညံလာခဲ့သည်။ ယင်းနောက် ကြီးမားသောရွှေရောင်သင်္ကေတကြီးတစ်ခုသည် ကျောက်တုံးစင်မြင့်ကြီး၏ အပေါ်၌ တဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့သည်။
ဤရွှေရောင်သင်္ကေတကြီးထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျောက်တုံးစင်မြင့်ပေါ်၌ ရွှေရောင်မုန်တိုင်းကြီးတစ်ခု တိုက်ခတ်သွားခဲ့ကာ လူပေါင်းများစွာ ထွက်ပေါ်လာကြသည်။
" ဒီဘုန်းတော်ကြီး အမိန့်ပေးတယ်။ရှေးဗုဒ္ဓရဲ့ အမိန့်တော်ကို ထုတ်ပြန်ပြီး ဖြတ်သန်းသွားလာသူများကို သတ်ဖြတ်စေ။ "
" အမိန့်တော်....ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးတစ်ခုလုံး ဘယ်တန်ကြေးကိုပဲ ပေးဆပ်ရပါစေ၊ ရှူယင်းရဲ့သမီးကို သတ်ဖြတ်ကြ! "
" ရှူယင်းရဲ့သမီးကို ဒီဘုန်းတော်ကြီးက ရှေးဗုဒ္ဓတားမြစ်နယ်မြေရဲ့ အနက်ပိုင်းကို ပို့ဆောင်ပေးလိုက်ပြီ။ "
ရွှေရောင်မုန်တိုင်းကြီးနဲ့အတူ ခေါင်းလောင်းမြည်သံကဲ့သို့ အသံကြီးမြည်ဟီး ထွက်ပေါ်လာခဲ့သည်။ယင်းအသံကြီးက လှိုင်းသဏ္ဍာန်ဖြင့် ရှေးဗုဒ္ဓတားမြစ်နယ်မြေ၏ အရပ်မျက်နှာ အသီးသီးသို့ ပျံ့လွင့်သွားခဲ့သည်။
ကျောက်တုံးစင်မြင့်ပေါ်၌ထွက်ပေါ်ခဲ့သော မဟာနတ်ဆိုးရွှမ်ရှသည် ဤအသံကိုကြားလိုက်ရသည့်အခါ သူ၏မျက်ဝန်းများအတွင်း၌ အေးစက်သောအလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး လှောင်ရယ်လိုက်သည်။
" အဲ့ဒီဘုန်းတော်ကြီးက သေတာတောင် အေးဆေးမသေနိုင်ဘူး။ ပြဿနာတွေ ရှာသွားသေးတယ်။ "
ဝမ်ဖုန်းနဲ့ အခြားသူများ၏မျက်နှာများကလည်း မဲမှောင်နေကြကာ ပြင်းထန်သော သတ်ဖြတ်ငွေ့များ ထုတ်လွှတ်နေခဲ့သည်။ သူ၏လုပ်ဆောင်မှုက ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးကို ကပ်ဘေးအတိပြီးသွားစေလိမ့်မည်ဟုတော့ ဘုန်းတော်ကြီးတုအာ မျှော်လင့်မထားခဲ့ပုံမပေါ်။
" အဲ့ဒီဘုန်းကြီးစုတ်က တကယ့်ကို အကျိုးအကြောင်းမညီညွတ်ရက်စက်ကြမ်းကြုတ်လွန်းတယ်။ငါဒီနေရာမှာ စောင့်နေပြီး ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ စွမ်းအားရှင်တွေကို မြင်တွေ့ချင်ပါရဲ့။တစ်ယောက်လာရင် တစ်ယောက်သတ်မယ်။ နှစ်ယောက်လာရင် နှစ်ယောက်သတ်ပစ်မယ်! "
ဝမ်ဖုန်း၏မျက်ဝန်းများက မှေးကျဥ်းသွားပြီး အေးစက်စွာ ပြောဆိုလိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ ပျံ့လွင့်ထွက်ပေါ်နေသော သတ်ဖြတ်မှုအရှိန်အဝါများသည် ကျောက်တိုင်လုံးတောအုပ်ကြီးကို ပိုမို၍ ခြောက်ခြားဖွယ်ကောင်းလာစေခဲ့သည်။
" ဂိုဏ်းချုပ်ပြောတာမှန်တယ်။ ဒီရှေးဟောင်းဗုဒ္ဓဂိုဏ်းကို ခြွင်းချန်မထားဘဲ အပြီးတိုင်သတ်ဖြတ်လိုက်ကြရအောင်။ "
ဝမ်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ မဟာနတ်ဆိုးရွှမ်ရှ၏ မျက်ဝန်းများမှာ လင်းလက်သွားပြီး ပြောဆိုလိုက်သည်။ သူက စိတ်အားထက်သန်နေမိပြီး ရှေးဟောင်းဗုဒ္ဓဂိုဏ်းသားများ အလျင်အမြန်ရောက်လာရန်တောင် ဆုတောင်းနေမိသည်။ ထိုမှသာ သူသတ်ဖြတ်အစွမ်းပြနိုင်လိမ့်မည်။
လီပိုင်နဲ့အခြားသူများက ဘာစကားမှထုတ်မပြောကြသော်လည်း သူတို့၏မျက်နှာများက ထပ်တူထပ်မျှ အေးစက်နေကြပြီး ခြောက်ခြားဖွယ်ကောင်းနေခဲ့သည်။ ဘယ်သူကမှ ရှေးဟောင်းဗုဒ္ဓဂိုဏ်းကို ကြောက်လန့်မနေခဲ့ကြပါ။
ကိုးမြှီးမြေခွေး၏ ပွေ့ဖက်ခြင်းခံထားရသော ဝမ်ရွှယ်ကလေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်း ဝမ်ဖုန်းကို လေးစားအားကျစွာ လှမ်းကြည့်လိုက်သည်။ ဒါက သူမရဲ့ ဆရာပဲ!.ပြိုင်ဖက်ကင်းပြီး လွှမ်းမိုးချုပ်ကိုင်နိုင်လိုက်တာ။
တောင်တန်းများကာရံထားသော တောအုပ်အတွင်းတွင် ထျန်းဝူအလယ်အလတ်အဆင့်ကို ရောက်ရှိနေသော ဟွမ်ရှင်းသည် တားမြစ်နယ်မြေအနက်ပိုင်းသို့ ပြေးလွှားသွားလာနေခဲ့သည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်းတွင် သစ်ပင်ကြီးများဟာ အဝေးတစ်နေရာ၌ ကျန်ရစ်ခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း၌ သူဟာ မိုင်ပေါင်းဒါဇင်ကျော်သို့ ရောက်ရှိသွားခဲ့သည်။
ရှေးဗုဒ္ဓတားမြစ်နယ်မြေအတွင်း၌ ထူးဆန်းသောဖိအားတစ်ခု ရှိနေခဲ့၍သာမဟုတ်ပါက ဟွမ်ရှင်း၏ကျင့်ကြံမှုဖြင့်ဆိုလျှင် ဤတောအုပ်ငယ်လေးကို ခြေတစ်လှမ်းဖြင့် ဖြတ်ကျော်နိုင်စွမ်းရှိလေသည်။
ဟွမ် ..
ဟွမ်ရှင်းက အသည်းအသန်ပြေးလွှားနေတုန်းတွင် သူ့ရှေ့လေဟာနယ်ထက်၌ ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်လာခဲ့ကာ သူ့ကို ထိတ်လန့်သွားစေခဒ့သည်။
ဟွမ်ရှင်း၏အကြည့်အောက်တွင် ရွှေရောင်ဗုဒ္ဓအလင်းတန်းများ ထုတ်လွှတ်နေသော ရိုးရှင်းသည့်တံဆိပ်ပြားလေးတစ်ခုသည် လေထုအတွင်း၌ ထွက်ပေါ်လာခဲ့သည်။
" ဒါက....ဒါက ရှေးဗုဒ္ဓရဲ့ အမိန့်တော်လား။"
ရွှေရောင်ဗုဒ္ဓအလင်းတန်းလေးများဖြင့် တောက်ပနေသော တံဆိပ်ပြားငယ်လေးကို တွေ့မြင်လိုက်ရသည့်အခါ တည်ကြည်နေသောအမူအရာရှိသည့် ဟွမ်ရှင်းသည် ရုတ်တရက်ထိတ်လန့်ခြောက်ခြားသွားပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိသည်။
" ဒီဘုန်းတော်ကြီးက ရှေးဗုဒ္ဓအမိန့်တော်ကို ထုတ်ပြန်တယ်။ ဖြတ်သန်းသွားလာသူများကို သတ်ဖြတ်ကြ။"
"အမိန့်တော်....ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးတစ်ခုလုံး ဘယ်တန်ကြေးကိုပဲ၊ ပေးဆပ်ရပါစေ ရှူယင်းရဲ့သမီးကို သတ်ဖြတ်ကြ။ "
"ရှူယင်းရဲ့သမီးကို ဒီဘုန်းတော်ကြီးက ရှေးဗုဒ္ဓတားမြစ်နယ်မြေရဲ့ အနက်ပိုင်းကို ပို့ဆောင်ပေးလိုက်ပြီ!"
ရုတ်တရက်ဆိုသလို ကျယ်လောင်သောအသံကြီးသည် သူ၏စိတ်ဝိညာဥ်အတွင်း၌ ပဲ့တင်ထပ်သွားခဲ့ကာ ဟွမ်ရှင်း၏ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ယင်လာစေခဲ့သည်။
" ဘိုးဘေးတုအာက အဲ့ဒီလူရဲ့သမီးကို သတ်ဖြတ်ဖို့အတွက် ရှေးဗုဒ္ဓရဲ့အမိန့်ကိုတောင် ထုတ်ပြန်ခဲ့တာလား။"
" ဘိုးဘေးတုအာ ရှေးဗုဒ္ဓရဲ့အမိန့်တော်ကို ထုတ်ပြန်စေခဲ့တဲ့အထိ ဘာတွေများ ဖြစ်ပျက်ခဲ့တာလဲ။"
အသံက ပျောက်ကွယ်သွားခဲ့သော်လည်း ဟွမ်ရှင်းက တုန်လှုပ်နေဆဲဖြစ်ကာ တီးတိုးပြောဆိုလိုက်သည်။
ရှေးဗုဒ္ဓအမိန့်တော်သည် ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီး၏ အထွဋ်အမြတ်အမိန့်ဖြစ်၏။အမိန့်ကို တစ်ကြိမ်တစ်ခါထုတ်ဖော်လိုက်ပါက ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးသည် ဘယ်သူပဲဖြစ်ပါစေ၊ ထိုသူ့ကို သုတ်သင်ပစ်ရမည်။ အသက်များကို စတေးပစ်ရရင်တောင် ထိုတာဝန်ကို ပြီးဆုံးအောင်ပြုလုပ်ရမည်။
ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ဂိုဏ်းချုပ်များသည် သက်တမ်းတစ်လျှောက်တွင် ရှေးဗုဒ္ဓအမိန့်တော်ကို ထုတ်ပြန်ရန် အခွင့်အရေးတစ်ကြိမ်ရရှိကြသည်။ သို့သော်လည်း ဂိုဏ်းချုပ်အများစုသည် သူတို့၏ဘဝသက်တမ်းတစ်လျှောက်၌ ရှေးဗုဒ္ဓအမိန့်တော်ကို ထုတ်ပြန်ခဲ့ခြင်းမရှိပါချေ။
" ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းသားဟွမ်ရှင်းက ရှေးဗုဒ္ဓရဲ့အမိန့်တော်ကို လက်ခံရရှိခဲ့ပါပြီ။ ရှူ့ယင်းရဲ့သမီးကို ဘယ်လိုပဲဖြစ်ဖြစ် ရအောင်သတ်ဖြတ်ပါမယ်!"
တခဏအကြာတွင် ဟွမ်ရှင်းက သူ့နှလုံးသားအတွင်းရှိ တုန်လှုပ်မှုများကို ဖိနှိပ်လိုက်ပြီး လေထုအတွင်း၌ လင်းလက်တောက်ပနေသော တံဆိပ်ပြားလေးကို လှမ်းကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ၏စကားဆုံးသွားသည့်အခါ ဗုဒ္ဓအလင်းတန်းများထုတ်လွှင့်နေသော တံဆိပ်ပြားငယ်လေးသည် သေးငယ်သောအလင်းတန်းများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဟွမ်ရှင်း၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ဟွမ်ရှင်း၏နဖူးထက်၌ အမိန့်ပေးစာသားများ ဖြစ်ပေါ်လာခဲ့ကာ သူ၏ခန္ဓာကိုယ်အထဲ၌ ပြင်းထန်သောစွမ်းအားအဟုန် ထွက်ပေါ်လာခဲ့သည်။
ဤသည်မှာ ရှေးဗုဒ္ဓအမိန့်တော်၏ ထူးခြားဆန်းကြယ်သော အသုံးဝင်မှုနောက်တစ်ခုဖြစ်သည်။ရှေးဗုဒ္ဓအမိန့်တော်ကို လက်ခံလိုက်ပါက အချိန်တိုအတောအတွင်း၌ အမိန့်တော်ကို ထုတ်ပြန်ခဲ့သော ပုဂ္ဂိုလ်၏ ခွန်အားတစ်စိတ်တစ်ပိုင်းကို လက်ခံရရှိနိုင်သည်။
သို့ဖြစ်ရာ ရှေးဗုဒ္ဓအမိန့်တော်ကို လက်ခံရရှိပြီးနောက် ထျန်းဝူအလယ်အလတ်၌ရှိနေခဲ့သော ဟွမ်ရှင်းသည် ထျန်းဝူအထွတ်အထိပ်အဆင့်သို့ ရုတ်တရက် ရောက်သွားခဲ့သည်။
သူ့ခန္ဓာကိုယ်အတွင်း၌ လှည့်ပတ်နေသော ခမ်းနားကြီးကျယ်သည့်ခွန်အားများကို ခံစားလိုက်ရသည့်အခါ ဟွမ်ရှင်းက ယုံကြည်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူက ပိုမိုမြန်ဆန်သောနှုန်းထားဖြင့် တားမြစ်နယ်မြေအနက်ပိုင်းသို့ ပြေးလွှားထွက်သွားလေသည်။ သူဟာ ဂိုဏ်းတူအကိုကြီးများကို တွေ့ဆုံပြီး ရှူယင်းရဲ့သမီးကို သတ်ဖြတ်ဖို့ ပြုလုပ်လိုခဲ့၏။
ရှေးဗုဒ္ဓအမိန့်တော်ကို အောင်မြင်အောင်ဆောင်ရွက်နိုင်ကြသူများသည် ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးကို ကြီးကြီးကျယ်ကျယ်အကျိုးပြုခဲ့သူများနဲ့ ညီမျှလေသည်။ သူတို့က ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးရဲ့ အရင်းအမြစ်များစွာကို ရရှိခံစားနိုင်ကြကာ မြင့်မြတ်သောသူေတာ်စင်များ၏ ကိုယ်တိုင်ကိုယ်ကျ သင်ကြားမှုကိုတောင် ရရှိနိုင်ကြသည်။
ဟွမ်ရှင်းက ရှေးဗုဒ္ဓတားမြစ်နယ်မြေ၏ အနက်ပိုင်းသို့ ပြေးလွှားသွားသည့်အချိန်တွင် ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ ကျန်ရှိသောပါရမီရှင် ကိုးယောက်သည်လည်း အမိန့်တော်ကို ခြွင်းချက်မရှိ လက်ခံရရှိလိုက်ကြသည်။
သူတို့က ဗုဒ္ဓရဲ့သားတော်အဖြစ် ရွေးချယ်ခံရရုံသာမက ဘိုးဘေးတုအာ၏ ရှေးဗုဒ္ဓအမိန့်တော်ကိုလည်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်လျှင် သူတို့၏အဆင့်အတန်းက ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီး၌ တည်မြဲသွားလိမ့်မည်။ ပိုမို၍အရေးကြီးသည့်အရာမှာ သူတို့က မြင့်မြတ်သောသူတော်စင်များ၏ ကိုယ်တိုင်ကိုယ်ကျသင်ကြားမှုကို ရရှိလိမ့်မည်။ ထို့အတွက်ကြောင့် သူတို့ဟာ အလွန်အမင်းဝမ်းမြောက်နေမိသည်။
ဤအချိန်တွင် တားမြစ်နယ်မြေ၏အပြင်ဖက်မှာတော့ မြောက်များစွာသော ဗုဒ္ဓဂိုဏ်း၏ ဆရာသခင်များသည် တရားထိုင်နေကြကာ ဗုဒ္ဓ၏လမ်းစဥ်များကို နားလည်သဘောပေါက်ရန် ဆန်းစစ်နေခဲ့ကြသည်။
ရုတ်တရက်ဆိုသလို ကွင်းပြင်ကြီးအတွင်း၌ မျက်စိကျိန်းလောက်သော ဗုဒ္ဓအလင်းတန်းကြီး ထွက်ပေါ်လာခဲ့ပြီး ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ စွမ်းအားရှင်များကို နိုးထစေလိုက်သည်။ ဟွေ့ကုန်းနှင့်ခန်းမဆရာသခင်များစွာသည် တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်လိုက်ကာ လေထုတစ်နေရာသို့ လေးနက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ကြသည်။
ဗုဒ္ဓ၏အလင်းတန်းမှတဆင့် သူတို့ဟာ ရင်းနှီးကျွမ်းဝင်နေသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။
" ဒီဘုန်းတော်ကြီးက ရှေးဗုဒ္ဓရဲ့အမိန့်တော်ကို ထုတ်ပြန်ခဲ့ပြီ။ ဖြတ်သန်းသွားလာသူများကို သတ်ဖြတ်ကြ။"
"အမိန့်တော်....ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးတစ်ခုလုံး ဘယ်တန်ကြေးကိုဘဲ ပေးဆပ်ရပါစေ၊ ရှူယင်းရဲ့သမီးကို သတ်ဖြတ်ကြ။ "
"ရှူယင်းရဲ့သမီးကို ဒီဘုန်းတော်ကြီးက ရှေးဗုဒ္ဓတားမြစ်နယ်မြေရဲ့ အနက်ပိုင်းကို ပို့ဆောင်ပေးလိုက်ပြီ။ "
ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ ဆရာသခင်များအားလုံးဟာ အံ့သြသွားကြသည်။ ကျယ်လောင်သောအသံကြီးသည် ကမ္ဘာလောကကြီးအတွင်း၌ မြည်ဟီးထွက်ပေါ်ခဲ့သည်။ ၎င်းအသံကြီးနဲ့အတူ ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ ဆရာသခင်များရှေ့မှောက်၌ ဗုဒ္ဓအလင်းတန်းလေးများ တောက်ပနေသော တံဆိပ်ပြားငယ်လေးများ အသီးသီးထွက်ပေါ်လာခဲ့သည်။
"ဟေ......ဘိုးဘေးတုအာက ရှေးဗုဒ္ဓရဲ့အမိန့်တော်ကို ထုတ်ပြန်ခဲ့တာလား။ "
" မြတ်စွာဘုရား...ဘိုးဘေးတုအာ ရှုယင်းနောက်ကို လိုက်ပါသွားတုန်းက ဘယ်သတင်းကိုမှ မရခဲ့ဘူး။ ဘာတွေဖြစ်သွားတာလဲ။ ဘိုးဘေးတုအာက ရုတ်တရက်ကြီး ရှေးဗုဒ္ဓရဲ့အမိန့်တော်ကိုတောင် ထုတ်ပြန်ခဲ့တာလား။ "
" ဒီနိမ့်ကျတဲ့ ဘုန်းကြီးက ဘဝသက်တမ်းတစ်လျှောက်မှာ ရှေးဗုဒ္ဓရဲ့အမိန့်တော်ကို တွေ့မြင်ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။"
" ဟုတ်တယ်။ ရှုယင်းရဲ့သမီးလို့ခေါ်တဲ့တစ်ယောက်က ရှေးဗုဒ္ဓတားမြစ်နယ်မြေရဲ့ အနက်ပိုင်းကို ရောက်ရှိသွားတာက သနားစရာပဲ။ အဲ့ဒီမှာ ညဏ်အလင်းပွင့်ထားတဲ့ ဂိုဏ်းတူအကိုကြီးတွေ စောင့်နေကြတယ်။ရှေးဗုဒ္ဓရဲ့အမိန့်တော်ကို ငါတို့တောင် လုပ်ဆောင်စရာမလိုတော့ဘူး။ သူတို့ကို ရှေးဟောင်းဗုဒ္ဓဂိုဏ်းဆီ ပို့ဆောင်ပေးလိုက်ရင် ပိုပြီးကောင်းမှာကို။"
ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းသားများကလည်း ဆွေးနွေးပြောဆိုနေကြသည်။ သူတို့၏မျက်နှာထက်၌ နောင်တရနေသော အမူအရာတစ်ခု ရှိနေကြသည်။
အဆိုပါဂိုဏ်းသားများထက်စာလျှင် ဟွေ့ကုန်းနဲ့ စီနီယာဘုန်းတော်ကြီးများက တစ်ကိုယ်လုံးတုန်လှုပ်နေကြပြီး မျက်နှာများက တည်ကြည်လေးနက်လာကြသည်။ ဘိုးဘေးတုအာက ရှေးဗုဒ္ဓရဲ့အမိန့်တော်ကို ထုတ်ပြန်စေခဲ့တဲ့အထိ ဘာကများ အဲ့သလောက်တောင် အရေးကြီးနေရတာလဲ။
မျိုးဆက်တိုင်း၏ဂိုဏ်းချုပ်တိုင်းတွင် ရှေးဗုဒ္ဓရဲ့အမိန့်တော်ကို ထုတ်ပြန်ရန် အခွင့်အရေးတစ်ခု ရရှိကြသော်လည်း ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးတစ်ခုလုံးကို သက်ရောက်နိုင်သော ကိစ္စကြီးမဟုတ်ပါက ထိုအမိန့်တော်ကို လက်လွှတ်စပယ် မထုတ်ပြန်ရဲကြပါ။
" ရှူယင်းရဲ့သမီးကို ဘုန်းတော်ကြီးတုအာက ရှေးဗုဒ္ဓရဲ့အမိန့်တော်ကိုတောင် ထုတ်ပြန်ခဲ့တယ်။အခုဘုန်းတော်ကြီးတုအာကရော ဘယ်မလဲ။ " ဝမ်ကုန်းဘုရားကျောင်း၏ ဆရာသခင်ဖြစ်သော ဟွေ့ကန်းက စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။ "
" ဘိုးဘေးတုအာက ရှေးဗုဒ္ဓရဲ့အမိန့်တော်ကို ဒီလိုမျိုးနည်းလမ်းနဲ့ ထုတ်ပြန်လိုက်တာဆိုတော့ သူသေဆုံးသွားပြီးမှာကို စိုးရိမ်မိတယ်။ " ဂိုဏ်းချုပ်ဟွေ့ကုန်းက တည်ကြည်လေးနက်သောအမူအရာဖြင့် တိုးညင်းစွာ ရေရွက်လိုက်သည်။
ဤသည်ကိုကြားတော့ များစွာသော ဗုဒ္ဓဘုန်းတော်ကြီးများသည် ဝမ်းနည်းနေသောအမူအရာများဖြင့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ထိုအရာကိုသာ လွယ်လင့်တကူသတ်ဖြတ်နိုင်ပါက ဘုန်းတော်ကြီးတုအာက ကိုယ်ပိုက်လက်များဖြင့် သတ်ဖြတ်ပြီးဖြစ်လိမ့်မည်။ ရှေးဗုဒ္ဓရဲ့အမိန့်ကို ထုတ်ပြန်ဖို့ ဘာကြောင့် လိုအပ်နေဦးမှာလဲ။ ဒီကိစ္စက လွယ်လင့်တကူမပြီးစီးမှာကို ကြောက်လန့်မိသည်။
ဘိုးဘေးတုအာ၏သေဆုံးမှုက ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးဖြစ်၏။
ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးကို သစ္စာဖောက်ခဲ့သော ရှုယင်းလိုတပည့်မျိုးသာ မရှိခဲ့ပါက ဘိုးဘေးတုအာ၏ စွမ်းဆောင်ရည်ဖြင့်ဆိုလျှင် ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးအတွက် မြင့်မြတ်သော သူတော်စင်တစ်ပါးမွေးဖွားပေးနိုင်လောက်သည်။အခုတော့ ကျင့်ကြံမှုမြင့်မားခဲ့သော ဘိုးဘေးတုအာကလည်း အနိစ္စအခြေအနေသို့ ရောက်ရှိသွားခဲ့လေပြီ။
" ဘိုးဘေးတုအာတောင် မသတ်ဖြတ်နိုင်ခဲ့ဘူးဆိုတော့ ဒီရှုယင်းရဲ့သမီးက ငါတို့ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးကို ကပ်ဘေးအကြီးအကျယ်ဖြစ်စေလိမ့်မယ်။ "
ဗုဒ္ဓဂိုဏ်းရဲ့ဂိုဏ်းချုပ် ဟွေ့ကုန်းက မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး သူ့အရှေ့ရှိ တံဆိပ်ပြားငယ်လေးကို စူးစိုက်ကြည့်ကာဖြင့် အေးစက်စွာ ရေရွတ်လိုက်သည်။