အကျဥ်းသားယန်လုံ ၊ တစ်ဖက်လောက၏ နတ်ဧကရာဇ်
Vol. 31 Ch. 428
ဘာသာပြန်- The Fate
"ဂိုဏ်းတူအစ်ကိုကြီး မစိုးရိမ်ပါနဲ့ ။ရှေးဗုဒ္ဓတားမြစ်နယ်မြေထဲမှာ ထူးချွန်တဲ့ဂိုဏ်းသားတွေ ရှိနေကြပါတယ် ၊ ရှုယင်းရဲ့သမီးက ကျိန်းသေပေါက် သတ်ဖြတ်ခံရမှာပါ"
ဝမ်ကုန်းဘုရားကျောင်း၏ ဆရာသခင်ဟွေ့ကန်းသည် ယုံကြည်မှုရှိစွာဖြင့်ပြောဆိုလိုက်သည်။
ဗုဒ္ဓဟာ သနားကြင်နာတတ်သလို အမျက်ဒေါသလည်းထွက်တတ်၏။
ရှုယင်း၏သမီးဟာ ဗုဒ္ဓ၏အမျက်တော်ရှခြင်းကို ခံရလိမ့်မည်။
ဟွေ့ကန်း၏စကားဆုံးသွားသည့်အခါ ရှိနေကြသော ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ဆရာသခင်များစွာသည် တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့ဟာ ဟွမ်ရှင်းနှင့်အခြားသူများအပေါ် ယုံကြည်မှုရှိကြလေသည်။
ဤမျိုးဆက်၏ပါရမီစွမ်းအားမှာ ဟွေ့ကုန်းနှင့် နှင့်အခြားသူများ အထွတ်အထိပ်ကာလတွင် ရှိစဥ်ကနှင့်တောင် နှိုင်းယှဥ်နိုင်သည်။ ထို့အတွက်ကြောင့် ဟွေ့ကုန်းဟာ တပည့်များ၏ လုပ်ဆောင်မှုအပေါ် ယုံကြည်မှုရှိလေသည်။
ဤကနေ့ လူငယ်မျိုးတက်များ၏ ကိုးဆယ့်ကိုး ရာခိုင်နှုန်းခန့်ဟာ သူတို့လောက်မတော်ကြပါ။
ဒါကိုကြားလိုက်သည့်အခါ ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ဂိုဏ်းချုပ်ဟွေ့ကုန်းသည် စိတ်သက်သာရာရမသွားသည့်အပြင် ပို၍တောင် စိုးရိမ်လာမိသည်။
"ဟွမ်ရှင်းတို့တပည့်တွေက တစ်ကယ်ပဲ အစွမ်းထက်ကြပါတယ်... ဒါပေမယ့် ဘိုးဘေးတုအာ ရှုယင်းနောက်ကို လိုက်လံဖမ်းဆီးစဥ်က သူက ချန်ခွမ်းအထွတ်အမြတ်ဘုံကို ခြေလှမ်းဝက်တောင် ရောက်နှင့်နေခဲ့ပြီ"
"အဲ့ဒီရှုယင်းက သူ့သမီးရဲ့အသက်ကို ကယ်တင်ဖို့အတွက် တန်ကြေးကြီးကြီးမားမားပေးဆပ်ခဲ့တယ် ၊ အခုချိန်မှာ သူ့သမီးက ထွက်ပေါ်လာခဲ့ပြီ... ငါတို့ဂိုဏ်းကြီး အထိနာမှာကို စိုးရိမ်မိတယ် ၊ ဘိုးဘေး တုအာတောင် သူတို့ကို မသတ်ဖြတ်နိုင်ခဲ့ဘူးလေ"
"ဒါ့အပြင် ဘိုးဘေးတုအာက ဖြစ်စဥ်မှာ ပျံလွန်တော်မူသွားပြီး ရှုယင်းရဲ့သမီးကို ရှေးဗုဒ္ဓရဲ့ တားမြစ်နယ်မြေဆီ ပို့ဆောင်လိုက်တယ်။ပြီးေတာ့ ရှေးဗုဒ္ဓရဲ့အမိန့်တော်ကို ထုတ်ပြန်ခဲ့တယ်... ပြောင်းလဲမှုကြီးကြီးမားမားမရှိဘူးဆိုရင် ဘိုးဘေးတုအာက ဒီလိုဘာ့ကြောင့်လုပ်ရမှာလဲ?"
ဟွေ့ကုန်း၏စကားဆုံးသွားသည့်အခါ ဟွေ့ကန်းတို့တစ်တွေ၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ သူတို့က ထိုမျှလောက်အထိ မတွေးမိခဲ့ကြပါ။ ဟွေ့ကုန်းစကားကို ကြားလိုက်ရသည့်အခါ သူတို့၏ နှလုံးသားအတွင်း၌ စိုးရိမ်ပူပန်သွားကြသည်။
"အမိန့်တော်ကိုလက်ခံကြရအောင်..."
ဟွေ့ကုန်းက သက်ပြင်းချလိုက်ပြီး တိုးညင်းစွာ ပြောဆိုလိုက်သည်။
သူ၏စကားဆုံးသွားသည့်အခါ သူက အရှေ့ဘက်ရှိ ဗုဒ္ဓအလင်းတန်းများ တောက်ပနေသော တံဆိပ်ပြားလေးကို စိုက်ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောဆိုလိုက်သည်။
"ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းချုပ် ၊ကျုပ် ဟွေ့ကုန်းက ရှေးဗုဒ္ဓရဲ့အမိန့်တော်ကို လက်ခံပြီး ရှုယင်းရဲ့သမီးကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် သတ်ဖြတ်ပစ်ပါမယ်"
တံဆိပ်ပြားလေးသည် ရုတ်တရက် တုန်ခါလာခဲ့ကာ ဗုဒ္ဓအလင်းတန်းများအဖြစ် ပြိုကွဲသွားခဲ့ပြီး ဟွေ့ကုန်း၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ထျန်းကျွင်းအထွတ်အထိပ်သို့ ရောက်ရှိနေသော သူ၏ ကျင့်ကြံမှုမှာ ပို၍အစွမ်းထက်လာကာ ချန်ခွမ်းအထွတ်အမြတ်ဘုံသို့ ခြေလှမ်းဝက်တောင်ရောက်ရှိသွားခဲ့သည်။
ဤအချိန်တွင် ခန်းမသခင်များစွာကလည်း တစ်ယောက်ပြီးတစ်ယောက် အမိန့်တော်ကို လက်ခံလိုက်ကြသည်။ ဗုဒ္ဓအလင်းတန်းတံဆိပ်ပြားများ၏ စွမ်းအားက သူတို့၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားကြကာ သူတို့၏ ခွန်အားများမှာ တိုးမြင့်လာကြသည်။
ဆရာသခင်များ၏ လုပ်ဆောင်မှုကြောင့် ဂိုဏ်းတပည့်များကလည်း နောက်ကောက်ကျမကျန်ရစ်ဘဲ အမိန်တော်ကို လက်ခံရယူလိုက်ကာ စွမ်းအားကြီးသော အရှိန်အဝါများသည် ကွင်းပြင်ကြီးအတွင်း၌ တဖွားဖွား ထွက်ပေါ်လာခဲ့သည်။
ရှေးဟောင်းဗုဒ္ဓဂိုဏ်းသားများအားလုံး ရှေးဗုဒ္ဓ၏ အမိန့်တော်ကို လက်ခံရရှိလိုက်ပြီးနောက်၊ ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ အနက်ပိုင်းတစ်နေရာတွင် နတ်ဘုံတမျှခမ်းနားသော နေရာလေးတစ်ခုရှိနေခဲ့သည်။
ရှေးဟောင်းဗုဒ္ဓဘာသာ၏ အစစ်အမှန်အမွေအနှစ်ဖြစ်သော မြင့်မြတ်သော ဗုဒ္ဓဝါဒ၏ ဘိုးဘေးသည် ဤနေရာ၌ တစ်နှစ်ပတ်လုံး နေထိုင်လျက်ရှိသည်။
မြင့်မြတ်သော ဗုဒ္ဓဝါဒ သူတော်စင်များနေထိုင်ရာဖြစ်သည့်အလျောက် ဤနေရာရှိ ကောင်းကင်နှင့်မြေကြီးအတွင်းသို့ ဗုဒ္ဓဝါဒ၏ နိယာမများစိမ့်ဝင်ပျံ့နှံ့လျက်ရှိရာ ငြိမ်းချမ်းသော ဗုဒ္ဓအလင်းတန်းများ ပွင့်လန်းလျက်ရှိသည်။ ဤသည်မှာ ဆန်းကြယ်သော ဗုဒ္ဓဝါဒ၏ နားလည်မှုကိုဖော်ညွန်းနေခဲ့သည်။
ဤနေရာကို ဗုဒ္ဓဝါဒ၏ သုခဘုံဟုလည်း ခေါ်ဆိုနိုင်လေသည်။
ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးတစ်ခုလုံးတွင် ဂိုဏ်းချုပ်မှလွဲ၍ ဆင့်ခေါ်မှုခံရခြင်းမရှိသော ဂိုဏ်းသားများဟာ ဤနေရာသို့ မဝင်လာနိုင်ကြပါ။
ဟွမ်!
ကမ္ဘာ့လေထုဟာ အက်ကွဲသွားပြီး ဟိန်းဟောက်သံအနည်းငယ် ထွက်ပေါ်လာခဲ့သည်။
ကျောက်တုံးဗုဒ္ဓရုပ်ပွားတော်ကြီး၏ အရှေ့မှောက်တွင် ဝင်းလက်တောက်ပနေသော မျက်ဝန်းများပိုင်ရှင် ဘုန်းတော်ကြီးတစ်ပါးက တင်ပျဥ်ချိတ်လျက် ထိုင်နေခဲ့သည်။ သူဟာ ရိုးရှင်းသော မီးခိုးရောင်သင်္ကန်းကို ဝတ်ဆင်ထားပြီး သာမန်ဘုန်းတော်ကြီးတစ်ပါးနှင့်သာတူညီ၏။ သို့ပါသော်လည်း သေသေချာချာစိုက်ကြည့်ပါက သူ့ကိုယ်တွင်းမှ ပျံ့လွင့်ထွက်ပေါ်လာသော ဗုဒ္ဒနှင့် တာအိုဝါဒ၏ အစစ်အမှန်နိယာမများကို တွေ့မြင်နိုင်လေသည်။
ရုတ်တရက်ဆိုသလို ဘုန်းတော်ကြီးဟာ မျက်ဝန်းများကို ဖွင့်လှစ်လိုက်သည့်အခါ ဗုဒ္ဓအလင်းတန်းများသည် သူ့မျက်ဝန်းအိမ်အတွင်းမှ ပျံလွင့်ထွက်ပေါ်လာခဲ့သည်။ နှလုံးအိမ်ကို တုန်ရင်သွားစေနိုင်သော ထိန်းချုပ်မရသည့် စွမ်းအားကြီးက တွေ့မြင်သမျှလူတိုင်းကို အရှုံးပေးချင်စိတ် ပေါက်လာစေခဲ့သည်။
သူဟာ သူ့အရှေ့တွင် ထွက်ပေါ်လာသော ဗုဒ္ဓအလင်းတန်းများတောက်ပနေသည့် တံဆိပ်ပြားငယ်လေးကို စိုက်ကြည့်လိုက်ပြီး သူ၏ ခြောက်သွေ့နေသော လက်ကို ဆန့်တန်း၍ လက်ချောင်းများကို ဖြည်းညင်းစွာ လှုပ်ရှားလိုက်သည်။ သိပ်သည်းသော ဆန်းကြယ်သည့်ဗုဒ္ဓသင်္ကေတများသည် သူ၏ လက်ချောင်းများအတွင်း၌ ပြေးလွှားနေကာ သူက တစ်စုံတစ်ခုကို တွက်ချက်နေခဲ့ပုံပေါ်၏။
ခဏကြာသည့်အခါ သူက လက်ချောင်းများ လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး တိုးညင်းစွာ သက်ပြင်းချလိုက်သည်။
"တုအာ... တုအာရေ မင်းဘာတွေလုပ်နေတာလဲကွာ..."
"ဂိုဏ်းတူအစ်ကိုကြီး အဲ့ဒီအရာကို ကံကြမ္မာတွက်ချက်လို့ရရဲ့လား?"
ဤအချိန်တွင် ရိုးရှင်းသော မီးခိုးရောင်သင်္ကန်းဝတ်ဆင်ထားသည့် နောက်ထပ်ဘုန်းတော်ကြီးတစ်ပါးက ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျယ်လောင်စွာမေးမြန်းလိုက်သည်။
"ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ အတိဒုက္ခကပ်ဘေးကြီး ရောက်ရှိလာပြီ... ဒီကပ်ဘေးကိုသာ ဖြတ်ကျော်နိုင်ရင် ငါက ဗုဒ္ဓကို တွေ့မြင်နိုင်လိမ့်မယ်"
ကံကြမ္မာကို တွက်ချက်လိုက်သော ဘုန်းတော်ကြီးသည် တည်ငြိမ်သောအမူအရာဖြင့် တီးတိုးပြောဆိုလိုက်သည်။
"ဟွေ့ကုန်းတို့ကို ဒီအကြောင်းသတင်းပေးဦးမလား?"
တစ်ခဏကြာတိတ်ဆိတ်သွားပြီးနောက် နောက်ထပ်ဘုန်းတော်ကြီးက မေးမြန်းလိုက်သည်။
"မလိုဘူး... ဒါက ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ အတိဒုက္ခကပ်ဘေးကြီး ဖြစ်ရုံသာမက သူတို့ရဲ့ ကပ်ဘေးလည်းဖြစ်သလို ငါ့ရဲ့ ကပ်ဘေးဒုက္ခလည်းဖြစ်တယ်"
လင်းရန်က ခေါင်းကိုခါယမ်းလိုက်ကာ မြူခိုးထုများကို ထွင်းဖောက်မြင်နိုင်သော အလင်းတန်းတစ်ခုသည် သူ၏ မျက်ဝန်းများထဲ၌ တောက်ပနေခဲ့သည်။
"ကံကြမ္မာက ဗုဒ္ဓကိုကြွရောက်လာစေလိမ့်မယ်.. ဒါ့အတွက်ကြောင့် တုအာကို အပြစ်မတင်ပါနဲ့တော့....ဂိုဏ်းတူအစ်ကိုကြီး"
တစ်ခဏကြာတိတ်ဆိတ်သွားပြီးနောက် တီးတိုးပြောသံတစ်သံ ထပ်မံထွက်ပေါ်လာခဲ့သည်။
"မင်းငါ့ကို အပြစ်တင်ချင်ရင်လည်း တင်ပါလေ.. ဒီဘုန်းတော်ကြီးက ဗုဒ္ဓကိုနားမလည်ခဲ့တဲ့အတွက် တုအာကို အပြစ်တင်နေတာပါ။ ဒီလိုမှမဟုတ်ရင် သူဘယ်လိုလုပ် ဆိုးဆိုးရွားရွား အဆုံးသတ်ပါ့မလဲ... သူ့ရဲ့ ပါရမီနဲ့ဆိုရင် သူသာ ဗုဒ္ဓကိုနားလည်နိုင်ခဲ့ရင် ချန်ခွမ်းအထွတ်အမြတ်ဘုံကို ရောက်ရှိသွားတာ ကြာလှနေပြီပေါ့"
ရှင်းလင်းသောစကားများကို ကြားလိုက်ရသည့်အခါ တစ်ဖက်ဘုန်းတော်ကြီးက ဘာစကားမှ ထပ်ပြောမလာတော့ဘဲ သူ၏မျက်ဝန်းများက တောက်ပသွားကာ ထပ်မံ၍ တီးတိုးရေရွတ်လိုက်သည်။
"ဂိုဏ်းတူအစ်ကိုကြီးတွေ နိုးထလာဖို့ အချိန်ကျပြီ"
"မစိုးရိမ်ပါနဲ့ ကပ်ဘေးကြီးကျရောက်လာမှ နိုးထစေရင်လည်း နောက်မကျသေးပါဘူး"
"တစ်ဖက်ရန်သူကို ထိတ်လန့်အံဩသွားစေပြီး ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ ဂုဏ်သရေကို ထွန်းတောက်စေရမယ်!"
ဘုန်းတော်ကြီးလင်းရန်က ခေါင်းကိုခါယမ်းလိုက်ပြီး တည်ကြည်စွာ ပြောဆိုလိုက်သည်။
ရှေးဗုဒ္ဓတားမြစ်နယ်မြေအတွင်းတွင် မဟာနတ်ဆိုးရွှမ်ရှနှင့်အခြားသူများသည် အနီးနားတွင်ရှိနေသော ကျောက်တိုင်လုံးတောအုပ်ကြီးကို စူးစမ်းကြည့်ရှုနေကြသည်။ ဝမ်ဖုန်းကတော့ ဧရာမကျောက်တုံးဗုဒ္ဓရုပ်ပွားတော်ကြီး၏ အရှေ့၌ မတ်တပ်ရပ်နေကာ ထူးဆန်းသည့် ဗုဒ္ဓရုပ်ပွားတော်ကို ကြည့်နေခဲ့ပြီး အတွေးအာရုံအတွင်းကျဆင်းသွားခဲ့သည်။
"စနစ်~ ဂိုဏ်းနဲ့စနစ်ကို အဆင့် ၁၂ ကိုမြှင့်တင်ဖို့အတွက် လိုအပ်ချက်တွေက ဘာတွေလဲ?"
"ပိုင်ရှင်က ယွမ်ဟွားကောင်းကင်ဘုံအတွင်းက အဓိကအင်အားစုကြီးတစ်စုကို ဖျက်ဆီးပြီး အဲ့ဒီအင်အားစုရဲ့ ကံတရားတွေကို စုပ်ယူဖို့လိုပါတယ်... ဒီလိုဆိုရင် စနစ်နဲ့ဂိုဏ်းက အဆင့်မြှင့်တင်နိုင်ပါလိမ့်မယ်"
သူ၏စိတ်အာရုံအတွင်းထွက်ပေါ်လာသော အေးစက်သည့်အသံက ဝမ်ဖုန်း၏ နှုတ်ခမ်းထောင့်များကို တွန့်ကောက်သွားစေခဲ့ကာ ပြောစရာစကားကင်းမဲ့သွားစေခဲ့သည်။ စနစ်က သူ့ရဲ့လက်ရှိအခြေအနေကို စောင့်ကြည့်နေခဲ့တာလား?။
သူဟာ ဘုန်းကြီးစုတ် တုအာကြောင့် ရှေးဗုဒ္ဓတားမြစ်နယ်မြေအတွင်းသို့ ပို့ဆောင်ခံလိုက်ရပြီး ရှေးဟောင်းဗုဒ္ဓဂိုဏ်းနှင့် ရင်ဆိုင်ရတော့မည်။ ဒီအခြေအနေမှာ သူရှေးဟောင်းဗုဒ္ဓဂိုဏ်းကို ဖြတ်ကျော်ထွက်ပြေးပြီး အခြားယွမ်ဟွားကောင်းကင်ဘုံရဲ့ အဓိကအင်အားစုကြီးတွေကို တိုက်ခိုက်ရဦးမှာလား?
ကျိန်းသေပေါက်မဟုတ်ဘူးပေါ့...။
သောက်ကျိုးနဲစနစ်... သူ့ကို တွန်းအားပေး ခိုင်းစေနေတာပဲ။ ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ စွမ်းအားရှင်တွေကို ခုခံတားဆီးရရုံသာမက သူတို့ကိုသတ်ဖြတ်ပြီး စနစ်ကို အဆင့်မြှင့်တင်ရဦးမယ်။
ဝမ်ဖုန်းက စနစ်၏နေရာလွတ်ထဲမှ ဒေါသတကြီးထွက်လာခဲ့ကာ သူ့ရှေ့၌ ရှိနေသော ထူးဆန်းသည့် ကျောက်တုံးရုပ်ပွားတော်ကြီးကို သေချာစွာစိုက်ကြည့်လိုက်သည်။
ဗုဒ္ဓရုပ်ပွားတော်ကြီး၏ မျက်နှာတော်ကို မကြည့်မိပါက ထူးဆန်းသည့်အရာ ဘာမှမရှိပါ။ သို့ပါသော်လည်း မျက်နှာတော်ကို စိုက်ကြည့်လိုက်မိသည့်အခါ အနည်းငယ် ခြောက်ခြားဖွယ်ကောင်းနေခဲ့သည်။ မျက်နှာတော်ပေါ်၌ ရှိနေသော သွေးစီးကြောင်းနှစ်ခုသည် ရှုမြင်မိသူများ၏ နှလုံးအိမ်ကို တုန်လှုပ်သွားစေနိုင်သည်။
ဘယ်လိုတည်ရှိမှုမျိုးက ဗုဒ္ဓကို သွေးမျက်ရည်ကျေစရတာလဲ?
"စနစ်~ ဒီနေရာရဲ့ လျှို့ဝှက်ချက်တွေကို စုံစမ်းပေးလို့ရမလား?"
ဝမ်ဖုန်းက မေးစေ့ကိုပွတ်သပ်လိုက်ကာ ကျောက်တုံးဗုဒ္ဓရုပ်ပွားတော်ကြီးကို လှမ်းကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။
"ဒင်~ စုံစမ်းဖို့အတွက် ဂိုဏ်းအမှတ် ၁၀ ဘီလီယံလိုအပ်ပါတယ် ၊ ပိုင်ရှင် စုံစမ်းမှာလား?"
တော်သင့်ပြီ!... သောက်ကျိုးနဲစနစ်.. အမြတ်ကြီးစားတဲ့စနစ်!။
ဝမ်ဖုန်းကအံကိုတင်းတင်းကြိတ်လိုက်ကာ စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူ့မှာအခု ဂိုဏ်းအမှတ် ဘီလီယံရာနဲ့ချီ ရှိနေတာလေ... ၁၀ ဘီလီယံလောက်ကတော့ တတ်နိုင်ပါသေးတယ်။
ဤကျောက်တိုင်လုံး တောအုပ်ကြီးအတွင်း၌ ကြီးမားသော လျှို့ဝှက်ချက်ကြီးတစ်ခု ဖုံးကွယ်နေသည်ဟု သူခံစားနေရသည်။
"ဒင်~ စုံစမ်းစစ်ဆေးရန် ဂိုဏ်းအမှတ် ၁၀ ဘီလီယံကို အသုံးပြုလိုက်ပါပြီ"
"ဒီနေရာမှာ ရှေးဟောင်းယန်လုံသားရဲကြီးကို ချိပ်ပိတ်ထားပါတယ်"
"ယန်လုံသားရဲကြီးက ငရဲပြည်ရဲ့မြစ်အတွင်းက မွေးဖွားလာတာဖြစ်ပြီး သူ့ထံမှာ အဆိုးယုတ်ဆုံးသော နတ်ဆိုးစွမ်းအား ၊ အဆုံးစွန်ဆုံးသော ယင်ဓာတ်တွေ ကိန်းအောင်းနေပြီး ကြီးမားတဲ့အမုန်းတရားစွမ်းအားကို ပိုင်ဆိုင်ထားပါတယ်"
သူ့စိတ်အာရုံအတွင်း၌ ထွက်ပေါ်လာသော အေးစက်သည့်အသံက ဝမ်ဖုန်း၏မျက်နှာကို ထိတ်လန့်သွားစေခဲ့၏။ သူက စိတ်ရှုပ်ထွေးစွာ မေးမြန်းလိုက်သည်။
"ဒီလိုထိတ်လန့်ဖွယ်ကောင်းတဲ့ သားရဲတစ်ကောင်ကို ရှေးဟောင်းဗုဒ္ဓဂိုဏ်းက ဘယ်လိုလုပ် ချိပ်ပိတ်နိုင်ခဲ့တာလဲ?"
စနစ်၏ မိတ်ဆက်စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက အကျဥ်းသားယန်လုံ၏ ထိတ်လန့်ဖွယ်ကောင်းပုံကို ခံစားလိုက်ရသည်။ ထို ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးသည် ငရဲပြည်၏ မြစ်အတွင်းမှ မွေးဖွားလာခြင်းဖြစ်ပြီး အဆိုးယုတ်ဆုံးသော စွမ်းအား အဆုံးစွန်ဆုံးသော ယင်ဓာတ်နှင့် နာကြည်းဖွယ်ကောင်းသော ခံစားချက်များကို ပိုင်စိုးထား၏။
ထိုကဲ့သို့ တည်ရှိမှုမျိုးကို ဟုန်မန်နတ်ဘုရားနယ်ပယ်ရှိ စွမ်းအားရှင်များကတောင် ချိပ်မပိတ်နိုင်မှာကို စိုးရိမ်မိသည်။ ဒဏ္ဍာရီများအရ မြေအောက်လောက၏ တည်ရှိမှုသည် နတ်ဘုံလောကများနှင့် အဆင့်တူဖြစ်သည် မဟုတ်ပါလော။
ပြန်လည်မွေးဖွားခြင်းမြစ်သည် မြေအောက်ဘုံလောကအတွင်းရှိ အဆန်းကြယ်ဆုံးဖြစ်တည်မှု နှစ်ခုအနက် တစ်ခုဖြစ်သည်။ နောက်ထပ်ဆန်းကြယ်သည့် ဖြစ်တည်မှုတစ်ခုကတော့ တစ်ဖက်လောကလျို့ယင်းဖြစ်သည်။ ထိုကဲ့သို့နေရာမျိုးတွင် မွေးဖွားခဲ့သည်ဆိုသောကြောင့် ထိုသားရဲကြီး၏ အနိမ့်ဆုံးအဆင့်မှာ ဟုန်မန်နတ်ဘုရားနယ်ပယ်ဖြစ်လောက်သည်။
"ဒင်~ အဲ့ဒီအချိန်တုန်းက ယန်လုံသားရဲကြီးက တစ်ဖက်လောကရဲ့ နတ်ဧကရာဇ်နောက်ကို လိုက်ပါပြီး နတ်ဘုရားနယ်မြေမှာ ဖြစ်ပေါ်ခဲ့တဲ့ ကြီးကျယ်တဲ့တိုက်ပွဲကြီးမှာ ပါဝင်ဆင်နွဲခဲ့ပါတယ်... အဲ့ဒီတိုက်ပွဲကြောင့်ပဲ သူက ဒဏ်ရာအပြင်းအထန်ရသွားခဲ့ပြီး မူလခွန်အားရဲ့ တစ်ဘီလီယံပုံ တစ်ပုံသာကျန်ရစ်ပါတော့တယ်"
"သူက မြေအောက်ဘုံလောကရဲ့ ပြန်လည်မွေးဖွားခြင်းမြစ်ဆီပြန်သွားပြီး အိပ်စက်အနားယူကာ ဒဏ်ရာတွေကို ကုသဖို့သွားရောက်ခဲ့စဥ်တုန်းက အနီးနားက ဖြတ်သွားတဲ့ ယွမ်ဟွားကောင်းကင်ဘုံရဲ့ ရှေးဟောင်းဗုဒ္ဓသူေတာ်စင်တစ်ပါးနဲ့ တွေ့ဆုံခဲ့ရပါတယ်"
"အဲ့ဒီအချိန်တုန်းက ရှေးဟောင်းဗုဒ္ဓသူတော်စင်က ယန်လုံကို တွေ့မြင်လိုက်ရတဲ့အခါမှာ ယွမ်ဟွားကောင်းကင်ဘုံအတွင်းမှာ ရှိတဲ့ သက်ရှိအားလုံးကိုကယ်တင်ဖို့အတွက် တုံ့ဆိုင်းခြင်းမရှိပဲ မြင့်မြတ်တဲ့ ဗုဒ္ဓခွန်အားအကုန်လုံးကို အသုံးပြုလိုက်ပြီး ယန်လုံကို ဒီနေရာမှာ ချိပ်ပိတ်ထားခဲ့တာပါ"
"ပြောရရင် ဒီယန်လုံသားရဲကြီးက ရှေးဟောင်းဗုဒ္ဓဂိုဏ်းနဲ့ ရန်ငြိုးရှိတယ်ပေါ့လေ"
စနစ်၏ စကားကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏ မျက်လုံးများမှာ လင်းလက်သွားပြီး အလင်အမြန်ပြောဆိုလိုက်သည်။
ဆိုရိုးစကားများအတိုင်း ရန်သူ့ရဲ့ရန်သူဟာ မိတ်ဆွေမဟုတ်ပါလော။ ထိုအကျဥ်းသား ယန်လုံဟာ အင်မတန်မှ ကြောက်လန့်ဖွယ်ကောင်းလေသည်။ ထိုကောင်ကြီးကိုသာ အသုံးချနိုင်ပါက အကြီးအကျယ်အကျိုးကျေးဇူး ရစေလိမ့်မည်။
ယန်လုံသားရဲကြီးက ဒဏ်ရာအပြင်းအထန်ရနေပြီး မူလခွန်အား၏ တစ်ဘီလီယံပုံ တစ်ပုံတောင်မရှိရင်တောင်မှ ၊ ရှေးဟောင်းဗုဒ္ဓ၏ ချိပ်ပိတ်ခြင်းကို ကာလကြာမြင့်စွာ ခံခဲ့ရရင်တောင်မှ သူ၏ ခွန်အားက ထိတ်လန့်ဖွယ်ကောင်းနေဆဲသာ။
သူ၏ရုပ်ခန္ဓာက ဟုန်မန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိနေခြင်းကိုတောင် ထည့်မတွက်ရသေးချေ။ ဒါ့အပြင် အပြင်းထန်ဆုံးသော ဆိုးယုတ်မှု ၊ အဆုံးစွန်ဆုံးသော ယင်ဓာတ်နှင့် နာကြည်းဖွယ်ခံစားချက်များကို ပိုင်စိုးထားလေရာ ရှေးဟောင်းဗုဒ္ဓဂိုဏ်းကို စွပ်ပြုတ်တစ်ခွက်လို လုပ်သောက်ပစ်နိုင်သည်။
"သီအိုရီအရတော့ မှန်ကန်ပါတယ်"
"သီအိုရီအရလား?"
ဝမ်ဖုန်းက ကြောင်အနေသော အမူအရာဖြင့် မေးမြန်းလိုက်သည်။
သောက်ကျိုးနဲ! ဒီစနစ်က အရမ်းကို ထက်မြက်နေပါလား... သူ့ကို အရူးလုပ်နိုင်ရုံတင်မကသေးဘူး အခုလည်း စကားလုံးတွေကို လှည့်ပတ်ပြောနေပြန်ပြီ။
"ယန်လုံသားရဲကြီးရဲ့ သဘာဝက အင်မတန်မှရန်လိုတတ်ပြီး ဆိုးယုတ်တတ်ပါတယ် ၊ ပြီးတော့ခန့်မှန်းလို့လည်းမရဘူး... ဟုန်မန်နတ်ဘုရားနယ်ပယ်က စွမ်းအားရှင်တွေကတောင် သားရဲကြီးကို အထင်မသေးရဲကြဘူး... တစ်ယောက်ယောက်ကသာ ချိပ်စည်းကို ဖျက်ဆီးလိုက်ပြီး ကယ်တင်ပေးလိုက်မယ်ဆိုရင် အဲ့ဒီသားရဲကြီးက ကျေးဇူးမတင်တဲ့အပြင် ပထမဆုံးအစားအသောက်အဖြစ် စားသောက်လိုက်မှာပါ"
သူ၏စိတ်အာရုံအတွင်း ထွက်ပေါ်လာသည့် အေးစက်သော အသံကြောင့် ဝမ်ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အလိုအလျောက်တုန်တက်သွားရသည်။ သူက အကျဥ်းသားယန်လုံကို လွှတ်ပေးမည့်အကြံအစည်အား လက်မြှောက် အရှုံးပေးလိုက်ရသည်။
ထိုအကောင်ကြီး စိတ်သဘောထားဖြင့်ဆိုပါက သူ့ကိုမ ကူညီပေးရုံသာမက သူ့ကိုပါ သတ်ဖြတ်စားသောက်ရန် ပြုလုပ်နိုင်သည်။
"ဒါပေမယ့်လည်း ချိပ်စည်းကို ပယ်ဖျက်မယ့်သူက ပိုင်ရှင်ဆိုရင်တော့ အခြေအနေက ပြောင်းလဲသွားနိုင်ပါတယ်"
???
သောက်ကျိုးနဲစနစ်က စကားကိုကုန်အောင်မပြောဘဲ ဖုံးကွယ်ထားသေးတာလား?။
ဝမ်ဖုန်း၏မျက်နှာက မဲမှောင်သွားပြီး အေးစက်စွာ မေးမြန်းလိုက်သည်။
"ဘာလို့လဲ"
"ပိုင်ရှင်မှာ တစ်ဖက်လောကလျို့ယင်းရုပ်ခန္ဓာကိုပိုင်ဆိုင်ထားပြီး တစ်ဖက်လောကနွေဦးဝါပန်းရဲ့ အရှိန်အဝါတွေကိုလည်း သယ်ဆောင်ထားပါတယ် ၊ ဒါက ယန်လုံသားရဲကြီးကို လေးစားလာစေလိမ့်မယ်"
"ကောင်းကင်နဲ့ ကမ္ဘာမြေအတွင်းမှာ ယန်လုံသားရဲကြီးကို အညံ့ခံအောင် ပြုလုပ်နိုင်ခဲ့တဲ့ တစ်ဖက်လောကရဲ့ နတ်ဧကရာဇ်က တစ်ဖက်လောကနွေဦးဝါပန်းကနေ မွေးဖွားလာခဲ့တာပါ"