ဝမ်ကုန်းအာဟတ်
Vol. 31 Ch. 430
ဘာသာပြန်- The Fate
လီပိုင်၏ကျင့်ကြံမှုက ထျန်းရှင်းအထွတ်အထိပ်အဆင့်၌သာ ရှိသေးတာကို တွေ့မြင်လိုက်ရသည့်အခါ ဟွမ်ရှင်းက အရေးမထားတော့ပါ။ သူဟာ ထျန်းဝူအဆင့်ကျင့်ကြံသူဖြစ်သည့်အပြင် ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီး၏ ထိပ်တန်းပါရမီရှင်လည်းဖြစ်သည်။
သူ့တွင် မောက်မာသောစိတ်နေသဘောထားရှိလေသည်။
လီပိုင်ထုတ်ဖော်လိုက်သော ဓားအလင်းတန်းက ရွှေရောင်လက်ဖဝါးကြီးကို တိုက်ရိုက်ဖြတ်ပိုင်းလိုက်တာကို တွေ့မြင်လိုက်ရသည့်အခါ သူ၏မျက်ဝန်းများက ထက်မြသော ဓားအလင်းတန်းကြောင့် ကန်းလုမတတ် ဖြစ်သွားခဲ့သည်။
ထျန်းဝူအလယ်အလတ်အဆင့် ကျင့်ကြံသူဖြစ်တဲ့ သူဟာ ခွန်အားကုန်သုံးပြီး တိုက်ခိုက်ခဲ့တာတောင် ထျန်းရှင်းအထွတ်အထိပ်အဆင့်က လီပိုင်ရဲ့ဓားကို မတားဆီးနိုင်ခဲ့ဘူးလား။ လီပိုင်၏ ဓားကွက်ဟာ လက်ဖဝါးကြီးကို စက္ကူစတစ်ခုလိုမျိုး အပိုင်းပိုင်းအစစ ဖြတ်တောက်လိုက်ခြင်းဖြစ်၏။
ထိုမြင်ကွင်းက ဟွမ်ရှင်းကို တုန်လှုပ်သွားစေရုံသာမက အခြားသောရှေးဟောင်းဗုဒ္ဓဂိုဏ်းသားများကိုလည်း အဆုံးစွန်ထိ တုန်လှုပ်သွားစေခဲ့သည်။ သူတို့က ဟွမ်ရှင်း၏ခွန်အားအကြောင်း ရှင်းလင်းစွာ သိထားလေသည်။ သူတို့အုပ်စုထဲတွင် ဟွမ်ရှင်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သူဟူ၍ နှစ်ဦးသာရှိ၏။
ဒါပေမယ့်လည်း အဲ့ဒီလောက်ထိ အစွမ်းထက်တဲ့ပါရမီရှင်က လီပိုင်ရဲ့ဓားကို မတားဆီးနိုင်ခဲ့ဘူးလား။ အဲ့ဒီလူက ထျန်းရှင်းအထွတ်အထိပ်အဆင့်ပဲ ရှိသေးတာလေ!
"ကြီးမြတ်သော လောကဗုဒ္ဓ၏ တထာဂတလက်ဝါး!"
တစ်ခဏကြာ တုန်လှုပ်သွားပြီးနောက် ဟွမ်ရှင်းက ပြန်လည်၍ တည်ငြိမ်လာခဲ့ကာ သူ့ထံမှ ပျံ့လွင့်နေသော အရှိန်အဟုန်များသည် ပိုမို၍ထိတ်လန့်ဖွယ်ကောင်းလာခဲ့သည်။ ယင်းစွမ်းအားအရှိန်အဟုန်များက လှိုင်းထန်သော ပင်လယ်ပြင်ကြီးလိုမျိုး ကျောက်တိုင်လုံးတောအုပ်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
သူ၏မျက်ဝန်းများမှာ အနည်းငယ်မှေးကျဉ်းလာကာ စွမ်းအားကြီးသော ဗုဒ္ဓအလင်းတန်းများ ဖြတ်သန်းသွားခဲ့သည်။ သူဟာ ခပ်ဖွဖွ ရေရွတ်လိုက်သည့်အခါ သူ့ခန္တာကိုယ်ပေါ်သို့ ဖုံးအုပ်နေသော ဗုဒ္ဓအလင်းတန်းများသည် ပိုမို၍ တောက်ပလာခဲ့သည်။
မြင့်မြတ်သောဗုဒ္ဓ၏ ကောင်းချီးပေးမှုကြောင့် ဟွမ်ရှင်းထုတ်ဖော်လိုက်သော လက်ဝါးချက်တွင် ကမ္ဘာကိုတုန်လှုပ်စေသော ထိတ်လန့်ဖွယ်စွမ်းအားကြီးများဖြင့် ပြည့်နှက်လာခဲ့သည်။ ရွှေရောင်ဗုဒ္ဓသင်္ကေတများသည် လက်ဖဝါးကြီး၏အပေါ်သို့ ပျံလွင့်သွားခဲ့ကာ မျက်တောင်တစ်ခတ်အတွင်း၌ လက်ဖဝါးကြီးက လေထုအတွင်း ကျဆင်းသွားခဲ့သည်။
ဤလက်ဖဝါးကြီးပေါ်၌ရှိနေသော ဗုဒ္ဓသင်္ကေတများသည် စောနက လက်ဖဝါးချက်ကဲ့သို့ ရှုပ်ထွေးပွေလီမနေသော်လည်း လက်ဖဝါးကြီး၏ အလယ်ဗဟို၌ ရွှေရောင်အလင်းတန်းများတောက်ပနေသော ကြီးမားသည့် ကြာပွင့်ကြီးတစ်ခုရှိနေခဲ့သည်။
ဧရာမလက်ဖဝါးကြီးဖြစ်ပေါ်လာသည့်အခါ လေထုတစ်ခုလုံးက မျက်စိဖြင့် တွေ့မြင်နိုင်သောနှုန်းဖြင့် တွန့်လိန်လာကာ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများဖြစ်လာခဲ့သည်။ ရွှေရောင်လက်ဖဝါးကြီးကို ဗဟိုပြု၍ အရပ်လေးမျက်နှာရှိ လေထုဟာ ကွဲအက်သွားလေသည်။
ကျောက်တိုင်လုံးတောအုပ်ကြီးအတွင်း၌ ထိတ်လန့်ဖွယ်ကောင်းသော ဗုဒ္ဓအရှိန်အဝါများ ပြည့်နှက်လျက်ရှိသည်။ ဗုဒ္ဓအရှိန်အဝါများ၏မျက်မှောက်တွင် မဟာနတ်ဆိုးရွှမ်ရှကိုယ်တွင်းရှိ နတ်ဆိုးစွမ်းအားများမှာ တုန်ယင်သွားရသည်။ ထိုစွမ်းအားများက မဟာနတ်ဆိုးရွှမ်ရှ၏ အတွင်းပိုင်းထဲ၌ ပုန်းကွယ်လိုက်ကြပြီး ထွက်ပေါ်မလာရဲတော့ပါ။
မဟာနတ်ဆိုးရွှမ်ရှကို ယဲ့မုချင်က လေ့ကျင့်ပေးခဲ့ခြင်းဖြစ်ပြီး သူ၏ကိုယ်ပိုင်နတ်ဆိုးစွမ်းအားများမှာ အသန့်စင်ဆုံးသော နတ်ဆိုးစွမ်းအားများဖြစ်သည်။ အဆင့်တူတွင်ဆိုပါက ဗုဒ္ဓအလင်းတန်းများသည် မဟာနတ်ဆိုးရွှမ်ရှ၏ နတ်ဆိုးစွမ်းအားများကို လုံးဝဖိနှိပ်နိုင်စွမ်းမရှိပါ။ ကံမကောင်းစွာဖြင့် သူတို့နှစ်ယောက်ကြားတွင် အဆင့်ကြီးနှစ်ဆင့် ကွာခြားနေခဲ့သည်။ ထိုမျှလောက်ကြီးမားသော ကွာခြားမှုကြီးအောက်တွင် မဟာနတ်ဆိုးရွှမ်ရှကိုယ်တွင်းရှိ နတ်ဆိုးစွမ်းအားများက အဘယ်မျှလောက် သန့်စင်ပါစေ၊ စွမ်းအားကြီးသော ဗုဒ္ဓအရှိန်အဝါများကိုတော့ တောင့်မခံနိုင်ခဲ့ပါ။
မဟာနတ်ဆိုးရွှမ်ရှသာမက ကိုးမြီးမြေခွေးနှင့် အခြားသူများသည်လည်း ဗုဒ္ဓအရှိန်အဝါများ၏ ဖိနှိပ်ခြင်းကို ခံလိုက်ကြရကာ သူတို့၏ ခန္တာကိုယ်များက တသိမ့်သိမ့်တုန်တက်သွားကြသည်။
ဤနေရာတွင် ဖိအားကြီးကို မခံစားရသူဟူ၍ ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ဂိုဏ်းသားများနှင့် လီပိုင်၊ ဝမ်ဖုန်းတို့သာ ရှိလေသည်။
စနစ်၏ ကာကွယ်ပေးမှုကို ခံထားရသော ဝမ်ဖုန်းကို ဟွမ်ရှင်းမဆိုထားဘိ၊ ချန်ခွမ်းသူတော်စင်အဆင့်၌ရှိနေသော ဗုဒ္ဓသူတော်စင်တစ်ပါးရောက်လာလျှင်တောင်မှ အရှိန်အဝါတစ်ခုတည်းဖြင့် ဖိနှိပ်နိင်မှာ မဟုတ်ပါ။
"ကျဆင်းစေ..."
ဟွမ်ရှင်းက တိုးညှင်းစွာ ရေရွတ်လိုက်ပြီး သူ၏ လက်ဖဝါးကြီးကို ဖိချလိုက်သည်။ လေထုအတွင်း၌ရှိနေသော ရွှေရောင်လက်ဖဝါးကြီးသည်လည်း ဟွမ်ရှင်း၏ လက်ဖဝါးအတိုင်း ရွေ့လျားသွားခဲ့သည်။
ရွှေရောင်လက်ဖဝါးကြီး၏ ပတ်ပတ်လည်၌ မြင့်မြတ်သော ဗုဒ္ဓအလင်းတန်းများရှိနေခဲ့ကာ ရွှေရောင်လက်ဖဝါးကြီး၏ စွမ်းအင်ကို အမြင့်ဆုံးထိတိုင် ထိုးတက်သွားစေခဲ့သည်။ ယင်းတိုက်ကွက်က ထျန်းဝူအထွတ်အထိပ်အဆင့်နှင့်တောင် နှိုင်းယှဥ်နိုင်ကောင်းသည်။
"အကျွန်ုပ်ဟာ ဓားသိုင်းကို ရူးသွပ်သူဖြစ်ပြီး အကျွန်ုပ်ရဲ့ဓားက ကမ္ဘာလောကကို ဖြတ်သန်းစေအံ့။"
ဤ ထိတ်လန့်ဖွယ်ကောင်းသော ရွှေရောင်လက်ဖဝါးကြီးနှင့် ရင်ဆိုင်လိုက်ရသည့်အခါ လီပိုင်က ထိတ်လန့်သွားခဲ့သည်။ မကောင်းဆိုးဝါးဆန်သော အရှိန်အဝါများသည် သူ့ထံမှ ပျံ့လွင့်လာခဲ့သည်။ သူ့လက်ထဲရှိ မိုးပြာရောင်ဓားရှည်မှာ မျက်စိကျိန်းလောက်အောင် တောက်ပလာခဲ့ပြီး အေးစက်သော ဓားဆန္ဒများသည် ကောင်းကင်ယံထိ ထိုးတက်သွားခဲ့သည်။
ဤအချိန်တွင် လီပိုင်က ဓားနတ်ဘုရားတစ်ပါးအဖြစ် အသွင်ပြောင်းသွားပုံပေါ်သည်။ ဓားရှည်၏ တုန်ခါမှုနှင့်အတူ ထူထပ်သိပ်သည်းသော ဓားစွမ်းအင်များသည်လည်း ပေါက်ကွဲထွက်လာကာ လီပိုင်၏ ပတ်ပတ်လည်၌ ဓားနယ်မြေတစ်ခုအဖြစ် ဝန်းရံလိုက်သည်။
ဘုန်း
လီပိုင်က ဓားရှည်ကို မြဲမြံစွာ ကိုင်ဆောင်လိုက်ကာ မိုးကောင်းကင်ရှိ ရွှေရောင်လက်ဖဝါးကြီးထံ ထိုးသွင်းလိုက်သည်။ လူသားနှင့် ဓားလမ်းစဥ်၏ ဆန်းကြယ်မှုများသည် ဓားရှည်ကို ကောင်းချီးပေးနေခဲ့ကာ ပြိုင်ဘက်ကင်းသောစွမ်းအားသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ဖြတ်ပိုင်းတော့မည့်ပုံ ပေါ်နေခဲ့သည်။
ဘုန်း!
ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြီးနှစ်ခုသည် ပြင်းထန်စွာ ထိတွေ့မိသွားကြသည်။ ဓားစွမ်းအင်နှင့် ဗုဒ္ဓလက်ဖဝါးကြီး ထိတွေ့ရာမှ ဖြစ်ပေါ်လာသော စွမ်းအားများကြောင့် ကျောက်တိုင်လုံးတောအုပ်ကြီး၏ မြေပြင်၌ ကြီးမားသော တွင်းပေါက်ကြီးများ ဖြစ်လာခဲ့သည်။
သို့ပါသော်လည်း ဓားစွမ်းအင်နှင့် ဗုဒ္ဓအလင်းတန်းများသည် ကျောက်တိုင်လုံးကြီးများကို ထိတွေ့မိသွားသည့်အခါမှာတော့ ဘယ်ထိခိုက်မှုကိုမှ မဖြစ်စေတော့ပါ။ ထိုစွမ်းအားများကို ဆန်းကြယ်သော တစ်စုံတစ်ခုက စုပ်ယူလိုက်ပုံပေါ်သည်။
ရှိနေကြသော လူများထဲတွင် ဝမ်ဖုန်းမှလွဲ၍ ကျန်ရစ်သော လူများသည် စွမ်းအားကြီးသော တိုက်ပွဲ၏ ဆွဲဆောင်မှုကို ခံခဲ့ရကာ ကျောက်တိုင်လုံးကြီးများ၏ လျို့ဝှက်ဆန်းကြယ်မှုကို သတိမပြုမိခဲ့ကြပါ။ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားအရိပ်အမြွက်များသည် ပျံလွင့်သွားခဲ့ကာ ဓားစွမ်းအင်များနှင့် ဗုဒ္ဓအလင်းတန်းများက လေထုအတွင်း၌ တွန့်လိန်နေခဲ့ကြပြီး အရပ်လေးမျက်နှာကို တိုက်ခတ်သွားသော ဧရာမမုန်တိုင်းကြီးကို ဖြစ်ပေါ်စေခဲ့သည်။ ရှိရှိသမျှ လူတိုင်း၏ အမူအယာမှာ ပြောင်းလဲသွားခဲ့သည်။ ကျွေ့မင်နှင့် အခြားသောရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ပါရမီရှင်များသည် ဟွမ်ရှင်းကို အလင်းတန်းများ တောက်ပနေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်မိလိုက်သည်။ သူတို့အမြဲတမ်း ရင်းနှီးကျွမ်းဝင်ခဲ့သော ဂိုဏ်းတူအစ်ကိုကြီး ဟွမ်ရှင်းကို သူတို့ထွင်းဖောက်မမြင်နိုင်ခဲ့ကြောင်း ရုတ်တရက် သိရှိသွားခဲ့သည်။
အံသြအသွားဆုံးမှာ ကျွေ့မင်နှင့် ကျွေ့ရှင်းတို့ဖြစ်သည်။ ဟွမ်ရှင်းက ဤမျှလောက် စွမ်းအားကြီးသောတိုက်ကွက်ကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ ထင်မထားကြပါ။
တစ်နာရီ၏ လေးပုံတစ်ပုံ ကြာမြင့်သည့်အခါ ကောင်းကင်ယံအထက်၌ ဖြစ်ပေါ်နေသော စွမ်းအားမုန်တိုင်းသည် တစ်ဖြည်းဖြည်းတည်ငြိမ်သွားခဲ့သည်။
"ဘယ်လို...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
ခြစ်ရာတစ်ခုမထင်ဘဲရှိနေသော လီပိုင်ကို တွေ့မြင်လိုက်ရသည့်အခါ သူတို့၏ ဗုဒ္ဓနှလုံးသားများ အဘယ်မျှလောက် ခိုင်မာပါစေ၊ အမူအယာများ ပျက်ယွင်းသွားကြသည်။ သူတို့ မအံသြဘဲ မနေနိုင်တော့ပါ။ စောနကတိုက်ကွက်သည် သူ၏အသန်မာဆုံးတိုက်ကွက်ဖြစ်သည်။
သူက ဗုဒ္ဓရွေးချယ်ခြင်းပွဲတော်တွင် ပါဝင်ယှဥ်ပြိုင်နေတာကြောင့် နောက်ဆုံးသော ဝှက်ဖဲကိုတော့ ဖုံးကွယ်ထားပါသေးသည်။
ထိုစွမ်းအားကြီးသောတိုက်ကွက်ဖြင့် လီပိုင်ကိုသတ်နိုင်လိမ့်မည်ဟု သူထင်ခဲ့သည်။ သို့ပါသော်လည်း ထျန်းရှင်းအထွတ်အထိပ်သာရှိေနသော ထိုသကောင့်သားက သူ၏ တိုက်ကွက်ကို ခြစ်ရာတစ်ခုမရှိဘဲ ခုခံနိုင်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပါ။
ထိုမြင်ကွင်းက ဟွမ်ရှင်း၏ ဗုဒ္ဓနှလုံးသားကိုတောင် တစ်စစီ ကွဲကြေသွားလုမတတ်ဖြစ်စေခဲ့သည်။
ကျွေ့မင်နှင့် အခြားသော ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ပါရမီရှင်များကလည်း ဓားတစ်ချောင်းကို ဆွဲကိုင်ပြီး မတ်တပ်ရပ်နေသော လီပိုင်ကို မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်မိသည်။ ဒီလူက ဘယ်လို မကောင်းဆိုးရွားမျိုးလဲ။ ထျန်းရှင်းအထွတ်အထိပ်ကျင့်ကြံမှုလောက်နဲ့ ဂိုဏ်းတူအစ်ကိုကြီးဟွမ်ရှင်းရဲ့ တိုက်ခိုက်မှုကို ဒါဏ်ရာမရဘဲ ခုခံလိုက်တာလား။
ထျန်းဝူအလယ်အလတ်တွင်ရှိနေသော ကျွေ့မင်နှင့် ကျွေ့ရှင်းတို့ကတောင် စောနကတိုက်ကွက်ကို ဒါဏ်ရာမရဘဲ ခုခံနိုင်လိမ့်မည်ဟု မသေချာပါ။
"ဒါပဲလား"
ဓားတစ်ချောင်းနှင့် မတ်တပ်ရပ်နေသော လီပိုင်သည် ဟွမ်ရှင်း၏ ထိတ်လန့်နေသော မျက်နှာကို လှမ်းကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းများက မြောက်တက်သွားခဲ့ကာ အထင်အမြင်သေးစွာ ပြောဆိုလိုက်သည်။ သူ၏ အရိုင်းဆန်သော အမူအယာကို မနီးမဝေးတွင်ရှိနေသော ဝမ်ဖုန်းက တွေ့မြင်လိုက်ရပြီး တိတ်ဆိတ်စွာ ခေါင်းငြိမ့်လိုက်မိသည်။
ကဗျာ၊ သေရည်သောက်ခြင်းနှင့် ဓားသိုင်းကို ရူးသွပ်နေတဲ့ လီပိုင်လို့ဆိုတဲ့အတိုင်းပါပဲလေ။
"အတူတူ တိုက်ခိုက်ကြရအောင်။"
ဗုဒ္ဓနှလုံးသားအတွင်း၌ လှိုင်းထန်နေသော ခံစားမှုများကို ဖိနှိပ်လိုက်ပြီးနောက် ဟွမ်ရှင်း၏ မျက်နှာထက်၌ တည်ကြည်သော အမူအယာတစ်ခု ဖြစ်ပေါ်လာကာ လေးနက်စွာ ပြောဆိုလိုက်သည်။ လီပိုင်၏ ခွန်အားကို တွေ့မြင်လိုက်ရပြီးနောက် သူဘယ်လောက်ပဲ မယုံချင်ပါစေ၊ ထျန်းရှင်းအထွတ်အထိပ်၌သာရှိနေသော လီပိုင်က သူ့ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းကြောင်း ဝန်ခံရပါလိမ့်မည်။ သူ့တစ်ယောက်တည်းက လီပိုင်ကို မတိုက်ခိုက်နိုင်ပါ။
ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ထိပ်တန်းပါရမီရှင်ဖြစ်သည့်အလျောက် ဟွမ်ရှင်းက အင်မတန်မှ မာနကြီးပါသည်။ သို့သော်လည်း သူက တစ်ခြားသော ထိပ်တန်းပါရမီရှင်များနှင့် ကွဲပြားနေခဲ့သည်။ သူဟာ လီပိုင်၏ ပြိုင်ဘက်မဖြစ်နိုင်ကြောင်း သိရှိလိုက်ပြီးနောက် လီပိုင်ကိုတစ်ယောက်တည်းတိုက်ခိုက်ရန် အစီအစဥ်မရှိတော့ပါပေ။
"ကောင်းပြီ။ တပည့်တော်တို့လည်း ဒီနတ်ဆိုးကို ဖယ်ရှားဖို့ ကူညီပါ့မယ်။"
ကျွေ့မင်က ခေါင်းငြိမ့်လိုက်ပြီး မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများကိုတစ်လှည့်၊ ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ပါရမီရှင်များကိုတစ်လှည့် လှမ်းကြည့်ပြီး ပြောဆိုလိုက်သည်။
သူ၏ စကားဆုံးသွားသည့်အခါ ကျွေ့ရှင်း၊ ကျွေ့မင်နှင့် ဟွမ်ရှင်းတို့သည် ပုခုံးချင်းယှဥ်၍ တိုက်ခိုက်လိုက်ကြသည်။ သူတို့သုံးယောက်ထံမှ မျက်စိကျိန်းလောက်သော ဗုဒ္ဓအလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး နက်မှောင်နေသော ကျောက်တိုင်လုံးတောအုပ်ကြီးကို နေ့ခင်းဘက်အလား လင်းလက်သွားစေခဲ့သည်။ ကမ္ဘာလောကအတွင်းသို့ သက်ရှိဗုဒ္ဓသက်ဆင်းလာသည့်အလား ပြိုးပြိုးပျက်ပျက်အလင်းရောင်များ ထွက်ပေါ်လျက်ရှိ၏။
ယင်းနောက်မကြာမီတွင် သူတို့သုံးယောက်စလုံး၏ ခန္တာကိုယ်ဟာ ရွှေရောင်ချပ်ဝတ်တန်ဆာကြီးကို ဝတ်ဆင်ထားသည့်အလား ရွှေရောင်အတိဖြစ်သွားခဲ့သည်။ တစ်ချက်စိုက်ကြည့်လိုက်ရုံမျှဖြင့် သူတို့၏ခန္တာကိုယ်က အင်မတန်မာကျောကြောင်း တွေ့မြင်နိုင်သည်။
ဤသည်မှာ ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ အထူးစွမ်းအားဖြစ်သော ဗားဂျရာအာဟတ်ရုပ်ခန္တာဖြစ်၏။
လီပိုင်၏ ဓားပညာကို တွေ့မြင်လိုက်ရပြီးနောက် သူတို့သုံးယောက်က ခန္တာကိုယ်စွမ်းအားကို အသုံးပြု၍ လီပိုင်ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။ ဒီလိုဆိုပါက သူ့ရဲ့ ဓားစွမ်းရည်လည်း အသုံးမဝင်ဖြစ်သွားလိမ့်မည်။
ဗားဂျရာအာဟတ်ရုပ်ခန္တာကို ထုတ်ဖော်ခဲ့သော သူတို့ သုံးယောက်၏ ရုပ်ခန္တာသည် ထျန်းဝူအထွတ်အထိပ်၌ ရှိနေခဲ့သည်။ ထျန်းဝူအထွတ်အထိပ် စွမ်းအားရှင်များဆိုလျှင်တောင် သူတို့၏ ခုခံမှုကို တိုက်ကွက်တစ်ခုတည်းဖြင့် ဖြိုဖျက်နိုင်မှာမဟုတ်ပါ။
ခုခံရေးစွမ်းအားများတိုးတက်လာရုံသာမက သူတို့၏ တိုက်ပွဲဝင်စွမ်းအားကလည်း အင်မတန်မှ တိုးတက်လာခဲ့သည်။
"အော်မီတော်ဖု၊ ဒကာတော်ကို ဒီကိုယ်တော်တို့သုံးပါးက ဗားဂျရာအာဟတ်ရုပ်အသွင်နှင့် တမလွန်ဆီ ပို့ဆောင်ပေးပါ့မယ်။"
ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အသံကဲ့သို့သော အသံကြီးသုံးခုသည် ကျောက်တိုင်လုံးတောအုပ်အတွင်း၌ ထွက်ပေါ်လာခဲ့သည်။
နောက်တခဏအကြာတွင် သူတို့သုံးယောက်သည် လီပိုင့်ထံသို့ တစ်ညီတစ်ညွတ်တည်းပြေးဝင်သွားပြီး တိုက်ကွက်အမျိုးမျိုးဖြင့် တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ အရှိန်နှုန်းမှာ အလွန်မြန်ဆန်တာကြောင့် ရွှေရောင်အလင်းတန်းကြီးတစ်ခုသာ တွေ့မြင်လိုက်ရပြီး လီပိုင်၏ အရှေ့သို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားကြသည်။
ဘုန်း!
သူတို့သုံးယောက်စလုံးသည် လက်သီးတစ်ချက်စီ ပြိုင်တူ ပစ်သွင်းလိုက်ကြသည်။ ဗုဒ္ဓစွမ်းအားများ ပျံ့လွင့်ထွက်ပေါ်နေခြင်းမရှိဘဲ သူတို့က ကိုယ်ခန္တာခွန်အားသက်သက်ဖြင့် လက်သီးချက် ထိုးသွင်းလိုက်ခြင်းဖြစ်၏။ သို့ပါသော်လည်း သူတို့၏ လက်သီးချက်များက လီပိုင့်ပတ်ပတ်လည်ရှိလေထုကို တစ်စစီ ကွဲအက်သွားစေခဲ့သည်။ လီပိုင်၏ အရေပြားများကတောင် စုတ်ပြဲသွားခဲ့ပြီး အတွင်းကလီစာများကတောင် တုန်ယင်သွားခဲ့ရသည်။
"မဟာမိတ်ရဲ့ ဓားစွမ်းအားက ကောင်းကင်ယံမှ သက်ဆင်းလာခဲ့ပြီ။"
လီပိုင်၏မျက်နှာက လေးနက်နေခဲ့ကာ တိုးညှင်းစွာရေရွတ်ပြီး လက်ထဲရှိ ဓားရှည်ကို ဝှေ့ယမ်းလိုက်သည့်အခါ မိုးသည်းထန်စွာ ရွာသွန်းသည့်အလား ရေစီးကြောင်းကြီးတစ်ခု ရုတ်တရက်ကျဆင်းလာခဲ့ကာ လီပိုင်၏ ခန္တာကိုယ်တစ်ခုလုံးကို ဝေ့ဝိုက်လိုက်သည်။
ဟွမ်ရှင်းတို့သုံးယောက်သည် ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ထိပ်တန်းပါရမီရှင်များဖြစ်ရန် ထိုက်တန်ပါလေသည်။ သူတို့က လီပိုင့်ကိုတောင် ထိတ်ထိတ်ပြာပြာ ဖြစ်သွားစေခဲ့သည်။
ပကတိထိပ်တိုက်ရင်ဆိုင်ရာတွင် လီပိုင်ဟာ သူတို့၏ ပြိုင်ဘက်မဟုတ်ခဲ့ပါ။
ကြမ်းတမ်းခက်ထန်စွာ တုန့်ပြန်၍မရမှတော့ လီပိုင်ဟာ ကြမ်းတမ်းမှုကို ပျော့ေပျာင်းမှုဖြင့် ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သည်။
အဆုံးအစမဲ့သော ရေစီးကြောင်းကြီးသည် လီပိုင့်ခန္တာကိုယ်ပတ်ပတ်လည်၌ ဧရာမခေါင်းလောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ သူ့ကို ဖုံးကာပေးနေခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း၌ လီပိုင်၏ခန္တာကိုယ် ပတ်ပတ်လည်၌ ရေခေါင်းလောင်းအလွှာပေါင်းထောင်ကျော်ဖြစ်တည်လာခဲ့သည်။
ဘုန်း!
ဤအချိန်မှာတွင် ကိုယ်တော်သုံးပါး၏ လက်သီးချက်များသည် လီပိုင့်ခန္တာကိုယ်ပတ်လည်ရှိ ရေအလွှာကို ပြင်းထန်စွာ ထိုးသွင်းလိုက်လေသည်။ ထိတ်လန့်ဖွယ်ကောင်းသော ဖိအားကြီးသည် ရေအလွှာကို အစိတ်စိတ်အမွာမွာ ကွဲအက်သွားစေခဲ့သည်။
လက်သီးချက်များနှင့် ထိတွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် လီပိုင့်ခန္တာကိုယ်ပတ်လည်၌ရှိနေသော ရေထုအလွှာ၏ ဒါဇင်ကျော်သော အလွှာများသည် ပြိုကွဲသွားရသည်။
(စာကြွင်း- ဗားဂျရာဆိုတာ ပြင်းစွာသောမိုးကြိုးပါတဲ့။ အာဟတ်ကတော့ မဟာယာနဝါဒရဲ့ ဘုန်းတော်ကြီးအဆင့်သတ်မှတ်ချက်ထဲမှာ အမြင့်ဆုံးအဆင့်ပါ)