← Chapters

ဗုဒ္ဓဂိုဏ်း၏ထောင်လွှားမှုကို ဓားဖြင့်ဖြတ်တောက်

Vol. 31 Ch. 431

ဗုဒ္ဓဂိုဏ်း၏ထောင်လွှားမှုကို ဓားဖြင့်ဖြတ်တောက်

Vol. 31 Ch. 431

Translator - Hsue Htet 

ဘုန်း!

ရွှေဝါရောင်လက်သီးထိုးချက်သည် ရေအကာအကွယ်ကို တစ်လွှာချင်းစီ အဆက်မပြတ် ဖျက်ဆီးပစ်နေ၏။ ၎င်းသည် အလွန်ပြင်းထန်လှသော အင်အားကြီးဖြစ်သော်ငြား လီပိုင်၏ဝတ်ရုံအစကိုပင် မထိနိုင်ချေ။

ရေအကာအကွယ်ကို တစ်လွှာပြီးတစ်လွှာ ချိုးဖောက်ဖျက်ဆီးနေရင်းဖြင့် ဟွမ်ရှင်းနှင့်အခြားသူများမှာ မျက်နှာပျက်လာရသည်။ မိမိတို့သုံးဦး အင်အားပူးပေါင်းလိုက်ပါလျှင် လီပိုင်သည် မည်မျှအင်အားကြီးမားသည်ဖြစ်‌စေ အနိုင်တိုက်နိုင်မည်ဟု သူတို့‌တွေးထင်ခဲ့ကြ၏။

သို့သော် လီပိုင်မှ ကျင်းအန်းလော်ဟန့်ရှန်းကို ခုခံနိုင်မည့်နည်းလမ်းကို ရှာတွေ့နိုင်ခဲ့မည်ဟု မျှော်လင့်မထားခဲ့ပေ။ အဆုံးမဲ့ရေအကာအကွယ်သည် အင်အားပြင်းထန်သည့် လက်သီးထိုးချက်များကို ဝါဂွမ်းစနှင့် ထိခတ်မိသည်ကဲ့သို့ ဖြစ်စေလေရာ ဟွမ်ရှင်းတို့မှာ အလွန်အမင်း စိတ်ပျက်သွားရသည်။ 

သို့သော်ငြား လက်မလျှော့နိုင်‌ေပ။ လီပိုင်၏ ရေအကာအကွယ်ကို အပြင်းအထန် ဖောက်ခွဲနေကြ၏။ လီပိုင်၏အင်အားသည် ဘယ်သောအခါမှ ခြေကုန်းလက်ပန်းမကျနိုင်ဟု သူတို့မယုံကြည်ပါ။

အခြားဗုဒ္ဓဂိုဏ်းပါရမီရှင်များသည်လည်း မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြလျက် တောက်ပသော ‌ဗုဒ္ဓရောင်ဝါများသည် ဗုဒ္ဓဆင်းတုတော်တစ်ပါးကဲ့သို့ ဖြစ်တည်သွားကြပြီး မဟာနတ်ဆိုးရွှမ်ရှတို့ကို အပြင်းအထန်တိုက်ခိုက်ကြသည်။

“ကောင်းတယ် လာကြစမ်းပါ!”

မဟာနတ်ဆိုးရွှမ်ရှသည် ထို‌ဗုဒ္ဓဂိုဏ်းပါရမီရှင်များ၏ တိုက်ခိုက်မှုကို စိုးစဥ်းသော်မျှ မကြောက်ရွံ့သည့်အပြင် စိတ်လှုပ်ရှားတက်ကြွလာ၏။

မဟာနတ်ဆိုးရွှမ်ရှသည် ထျန်းကျုံအထွတ်အထိပ်အဆင့်သာ ဖြစ်သော်ငြား ယဲ့မုချင်၏ မှော်လမ်းစဉ်ကို ဆက်ခံခဲ့ရသူဖြစ်သည်။ ထို့ကြောင့် မဟာနတ်ဆိုးရွှမ်ရှသည် ကမ္ဘာတုန်လှုပ်စေနိုင်သော အင်အားအပြောင်းအလဲများ ဖြစ်တည်တိုးတက်ခဲ့ပြီးလေပြီ။ ထျန်းရှင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြင့်သော်မှ တိုက်ခိုက်နိုင်စွမ်း၏။

မဟာနတ်ဆိုးရွှမ်ရှသည် ယခင်က ဗုဒ္ဓစွမ်းအင်များကြောင့် အကြီးအကျယ် စိတ်မချမ်းမြေ့ခဲ့ရပြီး ဖြစ်လေရာ ထိုဗုဒ္ဓဂိုဏ်းပါရမီရှင်များမှ ဦးစွာလှုပ်ရှားလာခြင်းသည် သူ၏စိတ်တွင်းမှ မကျေနပ်မှုများကို ကျေအေးနိုင်စေမည့် အခွင့်အရေးရဟု ခံစားရပေသည်။

‌အမြီးကိုးချောင်းမြေခွေးသည်လည်း ရှောင်ဝမ်ရွှယ်လေးကို လက်‌ထဲပွေ့‌ပိုက်ထားရာမှ နေရာချထားခဲ့ပြီးနောက် ခန္ဓာကိုယ်ကိုလှုပ်ယိမ်း၍ ဗုဒ္ဓဂိုဏ်းပါရမီရှင်များသို့ ပြေးဝင်သွားသည်။ လုံအာ၊ ဒုတိယဓားဘုရင်နှင့် တတိယဝက်ဘုရင်တို့သည်လည်း တစ်ပြိုင်နက်တည်း ပြေးဝင်တိုက်ခိုက်ကြ၏။

လုံအာတို့သုံးဦး၏ ကျင့်ကြံဆင့်သည် ထျန်းယုအထွတ်အထိပ်အဆင့်သာ ဖြစ်သည်။ ထျန်းရှင်းအထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူများကို တိုက်ခိုက်နိုင်ရန်မှာ အင်အားမမျှချေ။ သူတို့သုံးဦးပေါင်းမှ ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးကိုသာ ထိန်းထားနိုင်သည်။

အမြီးကိုးချောင်းမြေခွးသည် ထျန်းယုအထွတ်အထိပ်အဆင့်ဖြစ်သော်ငြား ဖိနှိပ်ညှဉ်းပန်းနိုင်စွမ်းသော သားရဲခန္ဓာ၊ ကြောက်မက်ဖွယ်ပုံရိပ်ယောင်တို့ဖြင့် ဗုဒ္ဓကျင့်ကြံသူနှစ်ဦးကို တိုက်ခိုက်နိုင်သည်။ 

သေချာပေါက်ပင် ဗုဒ္ဓဂိုဏ်းပါရမီရှင်များ၏ ဗုဒ္ဓကျင့်စဉ်နှင့် အမြီးကိုးချောင်းမြေခွေး၏ 

ပုံရိပ်ယောင်တို့သည် တာရှည် မဖြစ်တည်နိုင်ပါချေ။ နှစ်ခုကို ပေါင်းစည်းရန်မှာ ပို၍ပင် မျှော်လင့်မရနိုင်သော ရလဒ်ဖြစ်ပါ၏။

မဟာနတ်ဆိုးရွှမ်ရှသည် မှော်စွမ်းအင်ဖြင့် ဗုဒ္ဓဂိုဏ်းပါရမီရှင်များကို တိုက်ခိုက်နေ၏။ မှော်စွမ်းအင်နှင့် ဗုဒ္ဓရောင်ခြည်တို့ လိမ်ယှက်သွားကာ ‌ပြင်းထန်လှစွာသောစွမ်းအင်လှိုင်းကြီးများ ဖြစ်ပေါ်စေခဲ့သည်။

ကျန်ရှိသည့် ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးသည်လည်း အကြည့်ချင်းဖလှယ်ကြပြီးနောက် ကြောက်ခမန်းလိလိသောစွမ်းအင်များကို ထုတ်လွှတ်၍ ဝမ်ဖုန်းသို့ တစ်ဟုန်ထိုးဦးတည်ကြသည်။ ပြင်းထန်လှသောအဟုန်ကြောင့် ဝမ်ဖုန်း၏ဘေးရှိ ရှောင်ဝမ်ရွှယ်လေးမှာ တုန်တုန်ယင်ယင်ဖြင့် ကိုယ်လေးကျုံ့သွားလေသည်။

“ကြောက်လို့လား?”

ဝမ်ဖုန်းသည် ‌‌ေရှာင်ဝမ်ရွှယ်လေး၏ဦးခေါင်းကို ခပ်ဖွဖွပွတ်သပ်လျက် နူးညံ့စွာပြော၏။

“ဂိုဏ်းချုပ်ရှိနေမှတော့ ဝမ်ရွှယ် မကြောက်ပါဘူး”

ရှောင်ဝမ်ရွှယ်လေးသည် ဝမ်ဖုန်း၏ခြေထောက်ကို ဖက်တွယ်၍ ခိုင်ကြည်စွာပြောသည်။

“လိမ္မာတဲ့ကောင်လေး”

“မစိုးရိမ်နဲ့။ ဒီဂိုဏ်းချုပ်ရှိနေမှတော့ ရှောင်ဝမ်ရွှယ်လေး နည်းနည်းလေးတောင်မှ မထိခိုက်စေရပါဘူး”

ဝမ်ဖုန်းသည် ကြင်နာနူးညံ့စွာသောအပြုံးဖြင့် တည်ကြည်လေးနက်စွာ ပြောခဲ့သည်။

ရှောင်ဝမ်ရွှယ်လေးသည် စကားမဆိုတော့ဘဲ ဝမ်ဖုန်းကိုသာ တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားလေသည်။

ဘုန်း!

မျက်တောင်တစ်ခတ်မျှသော အချိန်အတွင်း၌ပင် ‌ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးသည် ဝမ်ဖုန်းတို့နှစ်ဦး၏ရှေ့သို့ ရောက်ရှိလာ၏။ ပြင်းထန်စွာသောအ‌ဟုန်ကြောင့် ဝမ်ဖုန်း၏ဝတ်ရုံစမှာ လွင့်မျောနေခဲ့သည်။

ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးသည် ဝမ်ဖုန်းတို့၏ရှေ့သို့ ရောက်ရှိသည်နှင့် ကြမ်းကြုတ်ပြင်းထန်စွာ ချက်ချင်းတိုက်ခိုက်လာကြသည်။

သူတို့၏ရည်ရွယ်ချက်ဖြစ်သော ဝမ်ဖုန်း၏လက်ထဲမှ ဝမ်ရွှယ်ကိုလည်း မမေ့လျော့ပါချေ။ ကြောက်မက်ဖွယ်စွမ်းအင်များသည် ဝမ်ရွှယ်ကိုယ်ပေါ်သို့ များစွာပို၍ သက်ရောက်နေ၏။

ထိုသို့ သေရေးရှင်ရေးအခြေအနေ၌ ဝမ်ဖုန်းတို့၏ရှေ့တွင် ဝိုးတဝါးပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုပုံရိပ်သည် ပေါ်ထွက်လာပြီးသည်နှင့် ချက်ချင်း ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးကို တစ်ချက်ပင်မကြည့်ဘဲ လက်သီးထိုးချက်ဖြင့် တိုက်ခိုက်လိုက်လေသည်။

နဂါး၏ဟိန်းဟောက်ခြင်းကဲ့သို့သော လက်သီးအလင်းနှစ်ခုသည် ဗုဒ္ဓရောင်ခြည်များတောက်ပနေသော လက်သီးထိုးချက်နှင့် ထိပ်တိုက်ထိခတ်သွား၏

“ဘုန်း! ဘုန်း!”

ထိခတ်သံကြီးသည် ဧရာမခေါင်းလောင်းသံကြီးကဲ့သို့ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားပြီး ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦး၏ လက်သီးထိုးချက်တို့မှာ စက္ကူစလေးများအလား ကွဲကြေပျက်စီးသွားရကာ လူတို့မှာလည်း ပြင်းထန်လှစွာသောစွမ်းအင်၏ ရိုတ်ခတ်မှုကို ခံစားလိုက်ရသည်။

အဟွတ်!

ပြင်းထန်လှသောစွမ်းအင်ကြောင့် ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦး၏ ခန္ဓာကိုယ်မှာ လေးသဏ္ဍာန်ကဲ့သို့ ကွေးညွှတ်သွားကြ၍ မျက်နှာများနီမြန်းကာ ခံတွင်းမှ ပါးစပ်အပြည့်သွေးများ အန်ထွက်လာရသည်။ ထို့နောက်တွင် လေးကြိုးမှ ပစ်လွှတ်ခံလိုက်ရသည့် မြားတံအလား အဝေးသို့လွင့်ထွက်သွားခဲ့ပြီး ပြုတ်ကျသည့်နေရာ၌ နက်ရှိုင်းသည့်တွင်းပေါက်ကြီး ဖြစ်သွားခဲ့သည်။

ဝမ်ဖုန်းတို့ရှေ့တွင် ရုတ်တရက်ပေါ်ထွက်လာသူမှာ ရှန်ရှန့်ကျုံဂိုဏ်းအစောင့်အရှောက်၂ ရှီကန်တန့်ဖြစ်သည်။

ရှီကန်တန့်၏ခန္ဓာကိုယ်သည် နဂိုတည်းကပင် အလွန်တရာကြောက်မက်ဖွယ်ကောင်းသည်ဖြစ်၏။ သူ၏လက်သီးထိုးချက်များမှာ နတ်လက်နက်များစွာတို့ထက် ပို၍အားပြင်းသည်။ ကျင့်ကြံဆင့်တူညီသူ အားလုံးနီးပါးမှာ သူ၏လက်သီးထိုးချက်များကို ခံနိုင်ရည်မရှိပေ။

“ခင်ဗျားဘယ်သူလဲ?”

ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးမှာ ကြောက်လန့်တုန်လှုပ်နေကြလျက် ရှီကန်တန့်ကို မယုံကြည်နိုင်သောမျက်လုံးများဖြင့် ကြည့်နေကြသည်။ သူတို့၏ခန္ဓာကိုယ်တွင်း စိမ့်ဝင်စီးဆင်းသွားခဲ့သော ကြောက်မက်ဖွယ်စွမ်းအင်များကြောင့် မျက်နှာတို့မှာလည်း စက္ကူရွက်အလား ဖြူဖျော့နေလေသည်။

လက်သီးထိုးချက်တစ်ချက်သည် သူတို့ကို ဒဏ်ရာအပြင်းအထန်ရရှိသွားစေခဲ့၏။

ဒါက ဘယ်လိုတောင် ကြောက်ဖို့ကောင်းလိုက်တဲ့ အင်အားကြီးလဲ?

ရှီကန်တန့်၏ ကျင့်ကြံဆင့်ကို ထျန်းရှင်းအထွတ်အထိပ်အဆင့်ဟု သူတို့သိရှိထားခဲ့သည်။ သို့သော် အင်အားကြီးမားလွန်းသောကြောင့် အမှန်မဟုတ်ဟု သံသယဝင်မိရ‌‌ေလသည်။

သူတို့နှစ်ဦးလုံးမှာ ဗုဒ္ဓဂိုဏ်း၏ ထိပ်တန်းပါရမီရှင်များဖြစ်ကြပါ၏။ ယွမ်ဟွားကောင်းကင်နယ်မြေတစ်ခွင်ကို ခြုံငုံတွက်ဆပါလျှင်လည်း ထိပ်တန်းပါရမီရှင်များထဲတွင် အပါအဝင်ဖြစ်သည်။

သူတို့၏အထုံပါရမီနှင့် တိုက်ခိုက်‌ေချမှုန်းစွမ်းရည်အရ ကျင့်ကြံဆင့်တူညီသူများမှာ မည်သည့်တိုက်ကွက်ဖြင့်ဖြစ်စေ သူတို့ကို ဒဏ်ရာအပြင်းအထန် ရရှိစေနိုင်မည်မဟုတ်ပေ။

ရှီကန်တန့်၏အင်အားသည် ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးအား ထိတ်လန့်စေခဲ့ခြင်းနှင့်အတူ ထူးဆန်းသည့်ခံစားချက်တစ်မျိုးကိုလည်း ပေါက်ဖွားစေခဲ့သည်။ ရှီကန်တန့်၏ ထျန်းရှင်းအထွတ်အထိပ်အဆင့်သည် သူတို့ကျင့်ကြံသည့် ထျန်းရှင်းအထွတ်အထိပ်အဆင့်နှင့် မတူညီခြင်း ဖြစ်နိုင်ပေသည်။ သို့မဟုတ်ပါက အဘယ်သို့များ ဤမျှကြီးမားသည့် ကွာဟချက်ကြီး ရှိနိုင်ပါမည်နည်း။

သာမန်ထျန်းရှင်းအဆင့်သည် သူတို့အတွက် ပြဿနာမရှိသော်ငြား ထိုလူမှာ ပြိုင်ဘက်ကင်းသော မိစ္ဆာလမ်းစဉ်ကျင့်ကြံသူဖြစ်နိုင်၏။

“အရမ်းအင်အားကြီးတာပဲ!”

ရှောင်ဝမ်ရွှယ်လေးသည် နီးကပ်နေသော ရှီကန်တန့်၏နောက်ကျောပြင်ကို လေးစားအားကျမှုများဖြင့် ငေးစိုက်ကြည့်နေရင်းဖြင့် နှုတ်မှလည်း မသိလိုက်မသိဘာသာ ရေရွတ်မိသွားရသည်။

ဝမ်ဖုန်းသည် နှစ်လိုဖွယ်အပြုံးဖြင့် ရှောင်ဝမ်ရွှယ်လေး၏ဦးခေါင်းကို ပွတ်သပ်ပေးနေ၏။ ထို့နောက် ရှီကန်တန်ကိုကြည့်၍ အေးစက်စွာပြောလိုက်သည်။

“သတ်လိုက်!”

ဝမ်ဖုန်း၏ ညွှန်ကြားချက်ကို လက်ခံရရှိသည်နှင့် ရှီကန်တန့်သည် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်နှက်နေသော အေးစက်သည့်မျက်လုံးများသို့ ပြောင်းလဲသွား၍ အလင်းတစ်စဖြင့် ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦး၏ရှေ့သို့ ချက်ချင်း ရောက်ရှိသွား၏။

ဓားသွားက တကယ့်ကို ပြိုင်ဘက်ကင်းပဲ!

အလွန်တရာထက်ရှသော ဓားသွားကြောင့် ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးမှာ တုန်ယင်သွားကြလျက် ထိုဓားသွားမှာ သူတို့၏ဝိဉာဉ်ကို ထိုးဖောက်သွားတော့မည့်အလား အေးစိမ့်သွားရသည်။

ဘုန်း!

ထိုထက်ရှသော ဓားသွားကြောင့် ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးမှာ သံသယဖြင့်တွေဝေနေခြင်းမှ နိုးထသွားကြကာ ခုနကလက်သီးထိုးချက်ကြောင့် သူတို့၏ခန္ဓာကိုယ်တွင်း စိမ့်ဝင်စီးဆင်းနေသောစွမ်းအင်တို့ကို အသည်းအသန်ဖိနှိပ်၍ ရှိရှိသမျှအင်အားကုန်ဖြင့် ခုခံကြသည်။

သူတို့နှစ်ဦးထံမှ ဗုဒ္ဓရောင်ခြည်များ တောက်ပလာကာ ခိုင်တည်သော ဗုဒ္ဓဆင်းတုတော်ပေါ်ထွက်လာ၍ သူတို့နှစ်ဦးအား အကာအကွယ်စည်းကဲ့သို့ ကာကွယ်ပေးလေသည်။

သို့သော်ငြား ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦး၏ အ‌ေခြနေမှာ ခက်ခဲနေဆဲပင်။ ပါးစပ်မှလည်း သွေးများအန်ထွက်လာနေ၏။ ထိုအန်ထွက်လာသော သွေးများသည် ဗုဒ္ဓဆင်းတုတော်အကာအကွယ်စည်းပေါ်သို့ ကျရောက်သွားပြီး ၎င်းအကာအကွယ်မှ စုပ်ယူသွားသည်။

သွေးစုပ်ယူပြီးနောက် ဗုဒ္ဓဆင်းတုတော်အကာအကွယ်သည် အပြင်းအထန် တုန်ခါလာခဲ့ပြီး ပို၍အင်အားကြီးမားစွာသော ရွှေနက်ရောင်ဗုဒ္ဓဆင်းတုတော်အကာအကွယ်အဖြစ် ပြောင်းလဲသွားပြီး အကာအကွယ်မှာလည်း ပို၍ခိုင်မာသွားခဲ့သည်။

ဘုန်း!

ရှီကန်တန်၏ဓားရောင်ခြည်လည်း ကျရောက်လာ၏။ ထိုရွှေနက်ရောင်ဗုဒ္ဓဆင်းတုတော်အကာအကွယ်ကို ပြင်းထန်စွာခုတ်ပိုင်းလိုက်ရာ စွမ်းအင်လှိုင်းများသည် တစ်လွှာပြီးတစ်လွှာ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွား၍ မြူခိုးငွေ့များ အုံ့ဆိုင်းသွားသည်။

ဂျွတ်!

ကြောက်မက်ဖွယ်ဓားရောင်ခြည်ကို ဗုဒ္ဓဆင်းတုတော်အကာအကွယ်မှ ကာကွယ်ပေးနိုင်သည်ကို မြင်သောအခါ ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးမှာ စိတ်သက်သာရာရသွား၏။ သို့သော် ချက်ချင်းပင် နားစည်ထဲသို့ ကျိုးပဲ့သံတစ်ခု ဝင်ရောက်လာလေရာ တုန်ယင်သွားရပြန်သည်။ ထိုကျိုးပဲ့သံလာရာကိုကြည့်ရင်းဖြင့် မျက်နှာတို့မှာ အလွန်တရာ ဖြူဖျော့လာတော့သည်။

သူတို့ဖန်တီးထားခဲ့သည့် အကာအကွယ်သည် အက်ကွဲရာများဖြင့် ဖုံးလွှမ်းနေလျက် အချိန်မရွေး ပြိုကွဲသွားနိုင်သည်ကို မြင်တွေ့လိုက်ရသည်။ ထိုအက်ကွဲကြောင်းများသည် မျှော်လင့်ချက်ကို အလုံးစုံရိုက်ချိုးလိုက်လေသည်။ ထိုအက်ကွဲကြောင်းမှာ သာမန်အက်ကွဲကြောင်းမျှမဟုတ်ဘဲ မိမိတို့၏ အသက်ကိုနုတ်ယူမည့် ပြယုဂ်ဖြစ်ပါ၏။

ရှီကန်တန့်၏အင်အားကို ကြည့်ရုံဖြင့်ပင် အကာအကွယ်စည်း ကျိုးပျက်သွားသည်နှင့် သူတို့၏အဆုံးသတ်မှာ သေဆုံးခြင်းသာ ဖြစ်လိမ့်မည်ကို မှန်းဆကြည့်နိုင်ပါ၏။

ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးမှ သူ၏ဓားချက်ကို ခုခံနိုင်သည်ကိုမြင်သောအခါ ရှီကန်တန့်သည် မျက်လုံးအစုံကိုမှေးကျဉ်း၍ လက်ထဲမှ ကျောက်တုံးဓားလက်နက်ကို မြင့်မြင့်ကိုင်မြှောက်လိုက်ပြီး နောက်တစ်ကြိမ် ခုတ်ပိုင်းလိုက်သည်။

ဓားရောင်ခြည်တောက်ပသွားပြီး ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးသို့ တိုက်ရိုက်ဦးတည်သွား၏။

ဤတစ်ကြိမ်ဓားချက်သည် ယခင်တစ်ကြိမ်ထက် ပိုမို‌ပြင်းထန်သည်။ ဓားရောင်ခြည်၏ ဓားသွားသည် အလွန်ထက်ရှ၏။ အကာအကွယ်အတွင်းထဲရှိ ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးပင်လျှင် ကြောက်မက်ဖွယ်ဓားသွား၏အဟုန်ကို ခံစားနိုင်ပေသည်။

သူတို့မြင်တွေ့နေရသည်မှာ ဓားသွားတစ်ချက် မဟုတ်ပါဘဲ သူတို့ထံ လျှောက်လှမ်းလာနေသည့် သေမင်းတစ်ပါးပင် ဖြစ်တော့သည်။

ဘုန်း!

ဓားရောင်ခြည်သည် အကာအကွယ်ကို ခုတ်ပိုင်းသွားခဲ့ပြီး အကာအကွယ်သည် ပြိုကွဲသွားကာ ဓားရောင်ခြည်သည် ‌ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးပေါ်သို့ ကျရောက်သွားရာ နှစ်ဦးသားမှာ မြေပြင်သို့ ပြိုလဲသွားကြသည်။

မြေပြင်ထက်တွင် ဧရာမ‌တွင်းချိုင့်ကြီးဖြစ်တည်သွား၍ မြူခိုးငွေ့များ၊ ဖုန်မှုန့်များဖြင့် ဝန်းကျင်တစ်ခွင် လွှမ်းခြုံသွားသည်။

ပြင်းစွာသောသွေးညှီနံ့သည် တောတောင်တစ်ခွင်လုံးကို ပျံ့နှံ့ဖုံးလွှမ်းသွား၏။ ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးမှာ ရှီကန်တန့်၏ဓားချက်အောက်တွင် အပိုင်းပိုင်းပြတ်သွားခဲ့ကြလေပြီ။ တွင်းချိုင့်၏အောက်ခြေမှာ သွေးစအသားစများ ပျစ်နှစ်စိုရွှဲနေတော့သည်။

“ကျွယ့်ခုန်း၊ ကျွယ့်ရန်!”

ကြီးမားလှသောအဟုန်ကြောင့် ကျောက်တိုင်လုံးတောအုပ်တစ်ခုလုံး တုန်ခါသွား၏။

ဗုဒ္ဓဂိုဏ်း၌ ဤမျှပျက်စီးဆုံးရှုံးမှုမျိုး မရှိခဲ့သည်မှာ အချိန်မည်မျှကြာမြင့်ခဲ့ပြီ မသိ‌‌ေပ။ သေဆုံးသွားသူနှစ်ဦးမှာ ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ပါရမီရှင်၁၀ဦးထဲမှ နှစ်ဦးဖြစ်‌သည်။

သို့သော် ဗုဒ္ဓဂိုဏ်းမှာ ရှေးဗုဒ္ဓတားမြစ်နယ်မြေထဲ၌ပင် တစ်ချီတည်းဖြင့် ပါရမီရှင်နှစ်ဦးဆုံးရှုံးသွားခဲ့ရသည်။ ဤသတင်းသာ ပျံ့နှံ့သွားခဲ့ပါလျှင် ရှေးဟောင်းဗုဒ္ဓဂိုဏ်းတော်ကြီးမှာ ယွမ်ဟွားကောင်းကင်နယ်မြေ၏ လှောင်ပြောင်သရော်ဖွယ်ကြီး ဖြစ်သွားပေလိမ့်မည်။

ထျန်းရှင်းအဆင့်ရှိ ထိုဗုဒ္ဓဂိုဏ်းပါရမီရှင်များသည် ဝမ်းနည်းခြင်းနှင့်အတူ ရှီကန်တန့်၏အင်အားကိုလည်း ကြောက်ရွံ့နေကြ၏။ ရှီကန်တန့်သည် ထိုပါရမီရှင်နှစ်ဦးကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့လေရာ ကျန်ရှစ်ဦးကို သတ်ဖြတ်ရန်မှာလည်း မခက်ခဲနိုင်ပေ။

လေဟာပြင်ထက်ရှိ ဟွမ်ရှင်းတို့၏မျက်နှာအမူအရာများမှာ အလွန်ကြည့်ရဆိုးနေကြသည်။ မိမိတို့ဘက်မှ ဗုဒ္ဓပါရမီရှင်နှစ်ဦး သေဆုံးသွားသည့်အပြင် ရုတ်တရက်ထွက်ပေါ်လာသည့် ရှီကန်တန့်သည် လီပိုင်ထက် အားမနည်းသည့်အပြင် ပို၍ပင် အင်အားကြီး‌မားနေသောကြောင့် အတော်‌လေး စိတ်ဒုက္ခရောက်ကြရပေသည်။

သူတို့တကယ်ပဲ အမိန့်တော်ကို ပြီးမြောက်နိုင်ပါတော့မလား?

All Chapters