← Chapters

နတ်ဆိုးဝိဉာဉ်

Vol. 31 Ch. 432

နတ်ဆိုးဝိဉာဉ်

Vol. 31 Ch. 432

Translator - Hsue Htet 

“မစိုးရိမ်နဲ့။ အခု မင်းတို့အလှည့်ပဲ”

ရှီကန်တန့်သည် ဗုဒ္ဓပါရမီရှင်များသို့ ပြုံးလျက်ဖြင့် နူးညံ့ညင်သာစွာပြောဆို၏။

စကားနှင့်အတူ ရှီကန်တန့်သည် သူ၏ဓားလက်နက်ကိုကိုင်ဆောင်၍ တစ်ဟုန်ထိုးပြေးဝင်သွား၏။ ခန္ဓာကိုယ်တွင်းစွမ်းအင်များကို အရှိန်လျင်မြန်စွာ စီးဆင်းစေလျက် မြင့်မြတ်သောကျောက်တုံးဓားလက်နက်ထဲသို့ စီးဝင်သွားစေရာ ဓားလက်နက်မှာ အေးစက်သည့်အလင်းတန်း တောက်ပသွားပေသည်။

ဤတစ်ကြိမ်တွင် ရှီကန်တန့်သည် လုံအာတို့သုံးဦး ရင်ဆိုင်နေသည့် ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးကို သတ်ဖြတ်ခဲ့သည်။

မြင့်မြတ်သောကျောက်တုံးဓားလက်နက်ကို ကိုင်ဆောင်၍ ရှီကန်တန့်သည် လုံအာတို့သုံးဦးရှေ့သို့ ရောက်ရှိလာ၍ ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးကို အေးစက်စွာကြည့်လျက် ခပ်သာသာပြောဆိုလိုက်သည်။

“ဒီနေရာကို ငါနဲ့ထားခဲ့။ မင်းတို့ အမြီးကိုးချောင်းမြေခွေးကို သွားကူညီလိုက်”

လုံအာတို့သုံးဦးသည်လည်း တွေဝေတုံ့ဆိုင်းမှုမရှိ ချက်ချင်း ထွက်ခွာသွားကြသည်။ 

ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးမှာ ရှီကန်တန်၏ အေးစက်သည့်မျက်လုံးများကိုကြည့်၍ ခန္ဓာကိုယ်မှာ မထိန်းချုပ်နိုင်စွာ တုန်ယင်လာရသည်။ သူတို့သည် ခုနလေးတင် လုံအာတို့သုံးဦးနှင့် မရပ်မနားတိုက်ခိုက်နေခဲ့ရသော်ငြား တိုက်ပွဲအခြေအနေတစ်ရပ်လုံးကို အာရုံမထားခဲ့ကြသည် မဟုတ်ပါချေ။

လုံအာတို့သုံးဦး၏ ကျင့်ကြံဆင့်သည် သူတို့ထက် များစွာနိမ့်ပါးသော်ငြား ဤပုဂ္ဂိုလ်၏လက်ထဲတွင်မူ သူတို့၌ အနည်းငယ်မျှသော ခုခံနိုင်စွမ်းပင် မရှိလိုက်ဘဲနှင့် အသတ်ခံလိုက်ရနိုင်၏။ ရှီကန်တန့်၏ မကြာသေးမီက တိုက်ပွဲမြင်ကွင်း‌သည် သူတို့အပေါ် များစွာသက်ရောက်မှုရှိခဲ့သည်။

ယခု ရှီကန်တန့်နှင့် ရင်ဆိုင်ရမည်ဖြစ်ရာ သူတို့သည် ကျင့်ကြံမှုကိုသာ တစ်နှစ်ပတ်လုံးလိုက်စားခဲ့ကြသည့်တိုင် ကြောက်ရွံ့ထိတ်လန့်နေခြင်းကို မရပ်တန့်နိုင်ဘဲ ရှိနေရပေသည်။

“ဗုဒ္ဓဂိုဏ်းပါရမီရှင်တွေတဲ့လား? ဟားး!”

ရှီကန်တန့်သည် ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးကို လှောင်ပြောင်ဟန်သောမျက်နှာထားဖြင့် လှောင်ရယ်လေသည်။

ရှီကန်တန့်သည် လက်ထဲရှိ မြင့်မြတ်သောကျောက်တုံးဓားလက်နက်ကို တည့်မတ်စွာခုတ်ပိုင်းလိုက်ရာ ဓားရောင်ခြည်သည် လရောင်ဖြာသကဲ့သို့ လင်းလက်သွားသည်။ ဓားရောင်ခြည်နှင့်အတူ ရှီကန်တန့်၏ရှေ့ရှိ လေဟာပြင်သည်လည်း ဓားချက်၏ ထိုးဖောက်ခံလိုက်ရပြီး တွန့်လိမ်ပုံပျက်သွားလေသည်။ ရုတ်ချည်းပင် ထိုဓားချက်မှာ ဗုဒ္ဒဂိုဏ်းပါရမီရှင်နှစ်ဦးရှေ့သို့ ရောက်ရှိသွားပြီး ပြင်းထန်လှသောအဟုန်ဖြင့် ခုတ်ပိုင်းတော့သည်။

ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် စိတ်နှလုံးတွင်းမှ ကြောက်ရွံ့မှုကို အားကုန်ဖိနှိပ်ကာ ခန္ဓာကိုယ်တွင်းစွမ်းအင်များကို သွေးရူးသွေးတန်း စီးဆင်းစေလိုက်သည်။ လက်ဖဝါးပြင်တို့၌ ဗုဒ္ဓရောင်ခြည်များ တောက်ပလာ၍ လက်ဖဝါးရိုက်ချက်ကို ထုတ်လွှတ်လိုက်ကြသည်။

ဗုဒ္ဓရောင်ခြည်တောက်ပနေသည့် လက်ဖဝါးရိုက်ချက်သည် လရောင်ခြည်ဓားချက်နှင့် ထိခတ်သွား၏။ သို့သော် စွမ်းအင်လှိုင်းပျံ့နှံ့ရိုက်ခတ်ခြင်းမရှိသည့်အပြင် ကျယ်လောင်သည့်ပေါက်ကွဲသံလည်း ထွက်ပေါ်မလာခဲ့ပေ။

ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးမှာ ရုတ်ချည်း လွင့်ထွက်သွားကြပြီး ခံတွင်းမှလည်း သွေးတစ်ပွက်အန်ထွက်သွား၏။ ဓားချက်ကိုခုခံခဲ့သည့် လက်ဖဝါးတို့မှာ တွန့်လိမ်ပျက်စီးသွားရလေသည်။

လက်ဖဝါးပြင်မှစတင်၍ လက်မောင်းများအထိ သွေးကွက်များသည် ကွန်ရက်ကဲ့သို့ အထက်သို့ပျံ့နှံ့စွန်းထင်းနေ၏။ သွေးများသည်လည်း တတောက်တောက် စီးကျနေခဲ့သည်။

တိုက်ကွက်တစ်ကွက်ဖြင့် ရှီကန်တန့်သည် ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦး၏ လက်မောင်းတစ်ဖက်ကို ဖျက်ဆီးပစ်လိုက်လေသည်။

လက်ဖဝါးမှ စူးတက်လာသည့် ပြင်းထန်လှသည့်နာကျင်မှုနှင့် ထိုမှတစ်ဆင့် ခန္ဓာကိုယ်တွင်းသို့ စိမ့်ဝင်ပျံ့နှံ့လာသော ဓားရောင်ခြည်ကြောင့် ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦး၏ မျက်နှာတို့မှာ အလွန်တရာဖြူဖျော့နေတော့သည်။ ခန္ဓာကိုယ်တို့မှာ မထိန်းချုပ်နိုင်စွာ တုန်ယင်နေကြလျက် မျက်လုံးအစုံတို့၌ စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေပေသည်။

သူတို့မှာ ရှီကန်တန့်၏ ကြောက်မက်ဖွယ်အင်အားကို ‌လျှော့တွက်ခဲ့မိလေပြီ။ သူ၏ဓားသည် ဗုဒ္ဓဂိုဏ်းထိပ်တန်းပါရမီရှင်များကို ပျက်စီးစေနိုင်၏။ ရှီကန်တန့်၏ရှေ့မှောက်တွင် မိမိတို့မှာ သာမန်လူမျှသာဖြစ်၍ အဘယ်အရာကိုမှ မစွမ်းဆောင်နိုင်ပါချေ။

ဤကဲ့သို့သော ခံစားချက်မှာ အလွန်နာလိုခံခက်၏။ အလွန်တရာ ခံရခက်လွန်းသောကြောင့် သူတို့၏ ဗုဒ္ဓနှလုံးသားမှာ ပြိုကွဲပြုတ်ကျလုနီးပါး ဖြစ်နေရလေသည်။

သူတို့သည် ဗုဒ္ဓဂိုဏ်းပါရမီရှင်များဖြစ်သည့်အလျောက် ဗုဒ္ဓဝါဒီကို ကျင့်ကြံခဲ့ကြပြီး ဗုဒ္ဓ၏စည်းမျဉ်းစည်းကမ်းများကို နားလည်‌ခဲ့ရသည်။ ဤနှစ်ပေါင်းများစွာတစ်လျှောက်လုံး၌ သူတို့ကသာ အခြားသူများကို ဖျက်ဆီးနိုင်သူများ ဖြစ်ခဲ့ကြသည်။

“ဒါက ဗုဒ္ဓဂိုဏ်းရဲ့ပြိုင်ဘက်ကင်းပါရမီရှင်တွေဆိုတာလား? ဒါပဲလား?”

ရှီကန်တန့်၏ တည်ငြိမ်ဖြေးနှေးသော စကားလုံးများသည် မိုးခြိမ်းသံအလား နေရာရှိလူတိုင်း၏ နားထဲတွင်မြည်ဟီးသွားသည်။

ကြောက်ခမန်းလိလိသောစွမ်းအင်သည် ဗုဒ္ဓဂိုဏ်းပါရမီရှင်များကို နက်နက်ရှိုင်းရှိုင်း လှုံ့ဆော်သွား၏။ ‌ယခင်ဗုဒ္ဓဂိုဏ်းခေါင်းဆောင်၊ ဗုဒ္ဓဂိုဏ်းဘိုးဘေးကြီးသည် ရှုယင်း၏သမီးတော်ကို ဖျက်ဆီးရန်ဟူသော အမိန့်တော်ကို ကိုယ်တိုင်ကိုယ်ကျ ချမှတ်ခဲ့ရခြင်းကို သူတို့မှာ ယခုလက်ရှိ မတိုင်မီအထိ နားမလည်နိုင်ခဲ့ကြပါချေ။

ဤလျှို့ဝှက်ဆန်းကြယ်သည့်လူအုပ်စုမှာ အင်အားကြီးမားသူများဖြစ်ကြပြီး မိမိတို့မှာ မည်မျှနာလိုခံခက်ရသည်ဖြစ်စေ ထိုလူအုပ်စုနှင့် ယှဉ်နိုင်စွမ်းမရှိသည်ကို ဝန်ခံရပေမည်။ ရှုယင်း၏သမီးသည် ဤလူအုပ်စုနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိ၏။ ဤလူအုပ်စု အင်အားကြီးမားလာသည်နှင့်အမျှ ရှုယင်း၏သမီးသည်လည်း ဗုဒ္ဓလမ်းစဉ်ကို မုန်းတီး၍ နတ်ဆိုးလမ်းစဉ်သို့ လိုက်ပါပေလိမ့်မည်။ သို့ဖြင့် ဗုဒ္ဓဂိုဏ်းသည်လည်း ဤလူအုပ်စု၏ ပစ်မှတ်ထားခြင်းကို ခံရပေလိမ့်မည်။

ထိုအချိန်သို့ရောက်ရှိပါလျှင် ‌ဗုဒ္ဓဂိုဏ်းကြီးမှာ ကပ်ဘေးအန္တရာယ်တွင် ကျရောက်သွားရပေမည်။

သူတို့နားလည်မှု နောက်ကျသွားခဲ့သည်မှာ အင်မတန်နှမြောတသဖွယ်ဖြစ်၏။ ယခု၌ မိမိတို့မှာ ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်ရန်ပင် မသေချာတော့ပေ။

ဟမ်!

ဗုဒ္ဓဂိုဏ်းပါရမီရှင်များမှ နက်နက်နဲနဲ စဉ်းစားတွေးတောနေစဉ်တွင် ရှီကန်တန့်မှ လှုပ်ရှားလာ၏။ ခမ်းနားကြီးကျယ်သော စွမ်းအင်စီးဆင်းမှုနှင့်အတူ ရှီကန်တန့်၏ဓားသည်လည်း ကျယ်လောင်အေးစက်သော ဓားထိခတ်သံများ ထွက်ပေါ်လာခဲ့သည်။

ဓားကိုယ်ထည်သည် တောက်ပသောအလင်းတန်းများ လင်းလက်နေလျက် စွမ်းအင်လှိုင်းများသည် စက်ဝန်းသဏ္ဍာန်ဖြင့် စီးဆင်းလွှမ်းခြုံနေသည်။ အလွန်တရာ ထက်ရှသည့်ဓားသွားကို မပစ်လွှတ်မီ၌ပင် လေဟာပြင်မှာ အဆက်မပြတ် ပြိုကွဲနေခဲ့လေပြီ။

ရှီကန်တန့်၏ ဓားချက်နှင့်အတူ ဓားချီသည်လည်း ထွက်ပေါ်ခုတ်ပိုင်း၏။ ဓားချီမှာ အရှိန်အဟုန်ပြင်းစွာ စီး‌ဆင်းနေသည့် မြစ်တစ်စင်းကဲ့သို့၊ ခမ်းနားစွာ ရွေ့လျားနေသည်။ ထို့နောက် ကောင်းကင်ထက်တွင် ဓားစီးကြောင်းအဖြစ် ပြောင်းလဲသွားကာ သက်တံတစ်စင်းကဲ့သို့ ဆင်းသက်သွား၍ ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးကို ဖိနှိပ်၏။

ချက်ချင်းပင် ထို‌ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးမှာ ကြောက်မက်ဖွယ်ဓားနယ်မြေထဲသို့ ရောက်ရှိသွားသည့်အလား ဓားချက်မှ မိမိတို့ကိုယ်ပေါ်သို့ မကျရောက်မီ၌ပင် ဝိဉာဉ်ကိုထိုးဖောက်နိုင်စွမ်းသည့် ထက်ရှမှုကို ခံစားမိနိုင်ပေသည်။

ကြောက်မက်ဖွယ်အဟုန်ကြောင့် ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးမှာ အာခေါင်များခြောက်သွေ့လာရသည်။ သူတို့မှာ တန်ပြန်တိုက်ခိုက်ဖို့ကိုပင် မေ့လျော့သွားရကာ ငတုံးငအကြီးများအလား ထိုကြောက်မက်ဖွယ်ဓားစီးကြောင်းကြီးကို ငေးစိုက်ကြည့်နေကြလေသည်။

ဒီလိုကြောက်မက်ဖွယ်စွမ်းအင်မျိုးနဲ့ဆို အဲဒီ့ရှီကန်တန့်က ဓားနတ်ဘုရားတစ်ပါးလို့ပြောရင်တောင် ချဲ့ကားပြောတလို့ မသတ်မှတ်နိုင်ဘူး!

ဘုန်း!

ကြောက်မက်ဖွယ်ဓားစီးကြောင်းသည် လွဲချော်မှုမရှိ ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးသို့ ကျရောက်သွားသည်။ မရေမတွက်နိုင်အောင် အင်အားကြီးမားလှစွာသော ဓားချီအောက်၌ ထိုနှစ်ဦး၏ခန္ဓာကိုယ်များမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့လေပြီ။ ခန္ဓာကိုယ်အလုံးစုံမှာ သွေးမြူထုအဖြစ် ပြောင်းလဲသွားခဲ့ရာ အရိုးအပိုင်းအစလေးပင် မကျန်ရစ်ခဲ့ချေ။

ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ၎င်းဓားစီးကြောင်းကြီးသည် ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးကို သတ်ဖြတ်ပြီးနောက်တွင် ပျောက်ကွယ်မသွားဘဲနှင့် ထိုနှစ်ဦး၏ဝိဉာဉ်ကို စုပ်ယူပြီးနောက် ပို၍ကြောက်မက်ဖွယ်ကောင်းလာခဲ့ခြင်း ဖြစ်သည်။

ကြောက်မက်ဖွယ်ဓားစီးကြောင်းသည် ဒလဟောစီးဆင်းလာကာ ဘုံကိုးဆင့်ထက်တွင် နဂါးပျံတစ်ကောင်မှ ပျံသန်းနေသည့်အလားဖြင့် အမြီးကိုးချောင်းမြေခွေး၏ ပုံရိပ်ယောင်သက်ရောက်မှုခံနေရသည့် ဗုဒ္ဓဂိုဏ်းပါရမီရှင်များကို ဦးတည်ဟိန်းဟောက်လေသည်။

ကျယ်ပြောပြင်းထန်သော ဓားချီသည် ‌ေကျာက်တိုင်လုံးတောအုပ်တစ်ခွင်လုံးကို လွှမ်းခြုံသွားလေရာ နေရာရှိ ဗုဒ္ဓဂိုဏ်းပါရမီရှင်များအားလုံးမှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်ကုန်ကြလေသည်။ လီပိုင်နှင့် တိုက်ခိုက်နေသည့် ဟွမ်ရှင်းတို့ပင်လျှင် တုန်ရီသွားရ၏။

ချွင်းချက်မရှိစွာဖြင့် ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးမှာ သေဆုံးသွားခဲ့သည်။

အမြီးကိုးချောင်းမြေခွေး၏ ပုံရိပ်ယောင်သက်ရောက်ခံထားရသော ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦးမှာ ထိုဒ‌လဟောစီးဆင်းနေသည့် ဓားစီးကြောင်းအဟုန်၏ ရိုက်ခတ်ခံလိုက်ရလေရာ သူတို့၏ကံကြမ္မာသည်လည်း ယခင်ဗုဒ္ဓဂိုဏ်းပါရမီရှင်များနှင့် မကွာခြားခဲ့ပါချေ။ ရုပ်အလောင်းအပြည့်အစုံ ကျန်ရစ်ခဲ့ခြင်းမှာတော့ အထူးခံစားခွင့်ဖြစ်၏။

နောက်ထပ် ဗုဒ္ဓဂိုဏ်းပါရမီရှင်နှစ်ဦး၏ ဝိဉာဉ်များသည် ဓားစီးကြောင်းထဲသို့ ထပ်မံပေါင်းစည်းသွားပြီး သွေးနီဓားတစ်လက်အလား ‌သွေးနီရောင်များ ပို၍တောက်ပသွားလေသည်။ သေဆုံးသွား‌ေသာဝိဉာဉ်များသည် သွေးနီရောင်ဓားစီးကြောင်းအား ပို၍ထင်ရှားပြတ်သားစေခဲ့သည်။

“ညီ‌ေနာင်ရှီ ကျွန်တော်ဖြေရှင်းနိုင်ပါတယ်”

အားလုံး ထိတ်လန့်တုန်လှုပ်နေကြချိန်တွင် သွေးနီရောင်ဓားစီးကြောင်းကြီးသည် မဟာနတ်‌‌ဆိုးရွှမ်ရှနှင့် တိုက်ခိုက်နေသည့် ဗုဒ္ဓဂိုဏ်းပါရမီရှင်သို့ ထပ်မံ ဦးတည်သွားပြန်သည်။ သို့သော် မဟာနတ်‌ဆိုးရွှမ်ရှမှ ဟန့်တားလိုက်၏။

ဗုဒ္ဓဂိုဏ်းပြိုင်ဘက်ကင်းပါရမီရှင်ဆိုတော့ရော ဘာဖြစ်လဲ? ထျန်းရှင်းအထွတ်အထိပ်‌အဆင့်ဆိုတော့ရော ဘာဖြစ်လဲ? ကျုပ်နတ်ဆိုးအိုကြီးက ဘယ်သူ့ထက်မှ အားနည်းမနေဘူး။ ကျုပ်သတ်ချင်တဲ့သူဆိုရင် သေချာပေါက် ရအောင်သတ်မှာပဲ!

ရှီကန်တန့်သည် မဟာနတ်ဆိုးရွှမ်ရှကို လေးလေး‌နက်နက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သွေးနီရောင်ဓားစီးကြောင်းကြီးကို နဂါးတစ်ကောင်အလား ပြန်လည်ဆွဲယူ၍ သူ၏ဘေးပတ်လည်တွင် ရစ်ပတ်နေစေ၏။ ရှီကန်တန့်၏စွမ်းအင်အဟုန်မှာ အလွန်တရာမြင့်မားတောက်ပလာလေရာ တိုက်ရိုက်ကြည့်ရှုရန်ပင် ခက်ခဲသည်အထိ အံ့အားသင့်ဖွယ်ခမ်းနားပေသည်။

ရှီကန်တန့်သည် လီပိုင်ကို ကူညီပေးရန်အတွက် အလျင်မလိုပါ။ လီပိုင်၏ တိုက်ခိုက်ချေမှုန်းစွမ်းရည်ဖြင့် ထျန်းဝူအဆင့်သုံးဦးကို သတ်ဖြတ်ရန်မှာ ခက်ခဲနိုင်၏။ သို့သော် ခုခံတိုက်ခိုက်ခြင်းငှာ ပြဿနာမရှိပေ။

မဟာနတ်‌ဆိုးရွှမ်ရှသည်လည်း ရှီကန်တန့် ရပ်တန့်လိုက်သည့်အကြောင်းရင်းကို နားလည်ပါ၏။ မဟာနတ်ဆိုးရွှမ်ရှသည် သူ၏ကျားမျက်လုံးအစုံဖြင့် ဗုဒ္ဓဂိုဏ်းပါရမီရှင်များကို သတ်ဖြတ်လိုစိတ်ပြင်းပြစွာ ကြည့်လိုက်သည်။

မိမိမှာ ကိုယ်ရည်သွေးခဲ့ပြီးပြီဖြစ်၍ မည်သို့ပင်ဖြစ်စေ သေချာပေါက် အောင်မြင်ရမည်။ မဟာနတ်ဆိုးရွှမ်ရှ မိမိသည် လေလုံးကြီးသူမဟုတ်ပါချေ။ သတ်မယ်ဟုပြောလျှင် သတ်ပစ်မည်သာ ဖြစ်၏။

မဟာနတ်ဆိုးရွှမ်ရှနှင့် တိုက်ခိုက်နေသည့် ဗုဒ္ဓဂိုဏ်းပါရမီရှင်များမှာ အံ့အားသင့်သွားကြ၏။ ဦးတည်လာနေသည့် ထိုသွေးနီ‌ရောင်ဓားစီးကြောင်းကြီးကို သူတို့မည်မျှကြောက်ရွံ့ပါကြောင်းကို ဘုရားသခင်သာ သိနိုင်သည်။ ဂိုဏ်းသားညီနောင်များစွာတို့၏ အဆုံးသတ်သည် မျက်ဝါးထင်ထင် ထင်ရှားခဲ့ပြီးဖြစ်၏။ အဘယ်သို့များ မကြောက်ရွံ့ပါမည်နည်း။

“မှော်စွမ်းအင်အမိန့်တော်! ဝိဉာဉ်ပိုင်းဖြတ်!”

မဟာနတ်ဆိုးရွှမ်ရှထံမှ မိုးခြိမ်းသံကဲ့သို့သော ဟစ်ကြွေးသံ ထွက်ပေါ်လာ၏။

အသံနှင့်အတူ မဟာနတ်ဆိုးရွှမ်ရှထံမှ ခမ်းနားကြီးကျယ်လှစွာသော နတ်ဆိုးစွမ်းအင်များ ဖြာထွက်လာခဲ့သည်။ အားကောင်းသန့်စင်သော နတ်ဆိုးစွမ်းအင်ကြောင့် ဗုဒ္ဓဂိုဏ်းပါရမီရှင်များ၏ မျက်နှာအမူအရာတို့မှာ သိသိသာသာပြောင်းလဲသွား၏။ ယွမ်ဟွားကောင်းကင်နယ်မြေတစ်ခွင်ကို လှန်လှောရှာဖွေလျှင်သော်မှ ထိုမျှသန့်စင်သည့်မှော်စွမ်းအင်ကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။

ခမ်းနားကြီးကျယ်သော နတ်ဆိုးစွမ်းအင်သည် မဟာနတ်ဆိုးရွှမ်ရှ၏ရှေ့တွင် ပုံသဏ္ဍာန်တစ်ခုအဖြစ် ပြောင်းလဲဖြစ်တည်သွား၏။ ၎င်းပုံသဏ္ဍာန်မှာ ‘အမိန့်ပြန်တမ်း’ဟူသော စကားလုံးသဏ္ဍာန်ဖြစ်သည်။ ဧရာမအက္ခရာကြီးထက်တွင် နတ်ဆိုးသွေးစီးကြောင်းတစ်ကြောင်း တည်ရှိနေ၏။ ထို့နောက် အက္ခရာသဏ္ဍာန်တစ်ခုလုံးမှာ မင်ရည်ကဲ့သို့ မည်းနက်သွားလေရာ တစ်ချက်ကြည့်ရုံဖြင့်ပင် နှလုံးအိမ်ကိုတုန်လှုပ်စေနိုင်စွမ်းသည်။

ထိုအက္ခရာမှာ ဝိဉာဉ်ပူးဝင်နေသည့်အလား ခံစားရ၏။။

မဟာနတ်ဆိုးရွှမ်ရှမှ လက်ချောင်းတို့ကို ဆတ်ခနဲလှုပ်ရှားလိုက်ရာ ဧရာမအက္ခရာကြီးသည် ချက်ချင်း တစ်ဟုန်ထိုး ရှေ့သို့ဦးတည်သွားလေသည်။ ဗုဒ္ဓဂိုဏ်းပါရမီရှင်မှာ မျက်နှာအမူအရာ ပျက်ယွင်းသွားရ၍ ကမူးရှူးထိုးဖြင့် ခန္ဓာကိုယ်တွင်းစွမ်းအင်များကို စီးဆင်းစေ၍ မဟာနတ်‌ဆိုးရွှမ်ရှ၏တိုက်ခိုက်မှုကို ကာကွယ်ရန် အကောင်းဆုံးကြိုးစားလိုက်ရသည်။

သို့သော်ငြား ဗုဒ္ဓဂိုဏ်းပါရမီရှင်မှာ အားကုန်သုံး၍ ခုခံပါသော်ငြား သူတို့ထံ ဦးတည်လာနေသည့် ဧရာမအက္ခရာကြီးမှာ ဘယ်တုန်းကမှ မတည်ရှိခဲ့သည့်အလား ထူးဆန်းစွာပျောက်ဆုံးသွားလေသည်။

“ဘယ်.. ဘယ်လို.. ဒါပေမဲ့?”

စက္ကန့်ပိုင်းမျှအကြာတွင်မူ ဗုဒ္ဓဂိုဏ်းပါရမီရှင်မှာ မျက်လုံးအပြူးသားဖြင့် မယုံကြည်နိုင်စွာ ရေရွတ်မိလေသည်။ သို့သော် စကားမဆုံးမီ၌ပင် ခန္ဓာကိုယ်မှာ လေဟာပြင်ထက်မှ ပြုတ်ကျသွားရပြီး ‘အမိန့်ပြန်တမ်း’ဟူသော အက္ခရာသည် သူ၏မျက်ခုံးနှစ်လွှာကြား၌ ဘွားခနဲပေါ်ထွက်လာခဲ့သည်။

တစ်စုံတစ်ယောက်မှ ထိုဗုဒ္ဓဂိုဏ်းပါရမီရှင်၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ခဲ့ပါလျှင် ထိုလူ၏ခန္ဓာကိုယ်မှာ အသက်ကင်းမဲ့နေသည့် အခွံလွတ်ကြီးသာ ဖြစ်ကြောင်းကို သိရှိနိုင်ပေလိမ့်မည်။ ထိုလူ၏ဝိဉာဉ်မှာ ထူးခြားဆန်းပြားစွာ ပျောက်ကွယ်သွားခဲ့လေပြီ။

ဗုဒ္ဓဂိုဏ်းပါရမီရှင် မြေပြင်သို့ပြုတ်ကျသွားချိန်တွင် မဟာနတ်ဆိုးရွှမ်ရှသည်လည်း ယိမ်းထိုးနေလျက် လေဟာပြင်မှ ပြုတ်ကျလုနီးဖြစ်နေပေသည်။ မျက်နှာမှာ စက္ကူရွက်အလား ဖြူဖျော့နေကာ ခန္ဓာကိုယ်မှာ အလွန်အားနည်းနေသော်ငြား တောက်ပစွာသောအပြုံးမျက်နှာကို ချိတ်ဆွဲထားလေသည်။

ပေးဆပ်ရသည့်တန်ကြေးမှာ မသေးငယ်ပါချေ။

ဒါပေမဲ့ အဲ့တော့ရော ဘာဖြစ်သလဲ?

မိမိမှာ မဟာနတ်ဆိုးရွှမ်ရှဖြစ်သည်။ သူ၏ဘဝတွင် မည်သူ့ထက်မှ အားမနည်းပါ။ သတ်မည်ဟုပြောခဲ့လျှင် ကျိန်းသေပေါက် သတ်ပစ်မည်သာဖြစ်ပြီး တစ်ပါးသူ၏လက်ကို မငှားရမ်းပါချေ။

ကျောက်တုံးမြင့်ထက်တွင် ဝမ်ဖုန်းသည် ရှောင်ဝမ်ရွှယ်လေးကို ပွေ့ပိုက်ထား၏။ သူ၏မျက်လုံးအစုံမှာ အားနည်းဖျော့တော့နေသော မဟာနတ်‌ဆိုးရွှမ်ရှထံမှ အကြည့်မလွှဲပေ။ ဝမ်ဖုန်း စိတ်သက်သာရာရမိပါ၏။ ဤနတ်ဆိုးအိုကြီးသည် ပျော်ပါးတတ်သော်ငြား တိုက်ရဲခိုက်ရဲ၊ သတ်ရဲဖြတ်ရဲပေသည်။

ရှီကန်တန်ကို မှီခိုခြင်းဖြင့် ဗုဒ္ဓဂိုဏ်းပါရမီရှင်များကို အလွယ်တကူသတ်ဖြတ်နိုင်မည်ကို သူသိနေခဲ့သည်။ သို့သော် နတ်ဆိုးအိုကြီးသည် သူကိုယ်တိုင်သတ်ဖြတ်ရန်အတွက် တန်ကြေးပေးဆပ်ခဲ့သည်။

သူကိုယ်တိုင် သတ်ချင်လို့ပဲ သတ်ပစ်လိုက်တာ! ဘာလို့များ တခြားသူတွေကို ဖြေရှင်းချက်ပေးနေရမလဲ? ဂိုဏ်းချုပ်နားလည်နေသ၍ လုံလောက်ပါတယ်လေ!

All Chapters