← Chapters

ဗုဒ္ဓမိန့်ဆိုခဲ့ဖူးခဲ့တယ်: နေရာမှာတင် လက်တုံ့ပြန်တဲ့

Vol. 31 Ch. 433

ဗုဒ္ဓမိန့်ဆိုခဲ့ဖူးခဲ့တယ်: နေရာမှာတင် လက်တုံ့ပြန်တဲ့

Vol. 31 Ch. 433

Translator - Hsue Htet 

ဟွမ်ရှင်းတို့မှာ နေရာ၌သာ ကြောင်အ,နေကြသည်။ ခန္ဓာကိုယ်မှာ မလှုပ်မယှက် တောင့်ခဲနေကြလျက် ဦး‌နှောက်မှာမူ လေပွေဝင်နေသည့်အလား ပရမ်းပတာဖြစ်နေတော့သည်။

သူတို့ရှေးဗုဒ္ဓတားမြစ်နယ်မြေသို့ ဝင်ရောက်ခဲ့ချိန်မှစတင်၍ သူတို့၁၀ဦးမှာ အလွန်အမင်း စိတ်ဓာတ်တက်ကြွနေခဲ့ကြသည်။ ဗုဒ္ဓ၏သားတော်ဟူသောနေရာကို ရယူချင်ရုံသာမက ရှုယင်း၏သမီးကိုလည်း သတ်ဖြတ်၍ ဗုဒ္ဓအမိန့်တော်ကိုလည်း ပြီးမြောက်ချင်သည်။ ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ အကြီးမြင့်ဆုံးသော အဆင့်အတန်းကိုလည်း ရယူလိုသည်။

တစ်နာရီမပြည့်သော အချိန်လေး၌ပင် ဗုဒ္ဓဂိုဏ်းထိပ်တန်းပါရမီရှင်၁၀ဦးမှာ သုံးဦးသာ ကျန်ရှိတော့သည်။ သူတို့၏ ယခင်အချိန်က တသီးတခြားနေတတ်ပြီး ဝမ်ဖုန်းတို့အပေါ်တွင် အထင်မြင်သေး လျစ်လျူရှုခဲ့သော အပြုအမူသဘောထားတို့မှာ ယခုတွင်တော့ ဟာသပြက်လုံးကြီးကဲ့သို့ ဖြစ်သွားခဲ့ချေပြီ။

ဗုဒ္ဓဂိုဏ်းပါရမီရှင်၇ဦး၏ သေဆုံးမှုသည် သူတို့အတွက် အသံတိတ်လှောင်ပြောင်နေသည့်အလားပင်။ သူတို့မှာ ရှက်ရွံ့မှုနှင့်အတူ စိုးရိမ်ထိတ်လန့်မှုများလည်း ကြီးစိုးနေရ၏။

“ထွက်ပြေးရမယ်!”

သုံးဦးသားသည် ‌အကြည့်ချင်းဆုံလိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်း အတွေးပေါ်လာကြသည်။

အတိတ်ကာလများ၌မူ ဘယ်သူကများ သူတို့ကို ထွက်ပြေးချင်စိတ်ပေါက်အောင် လုပ်နိုင်ပါအံ့နည်း။ သူတို့၏ တုနှိုင်းမဲ့နှလုံးသားအားဖြင့် သူတို့၏ဘဝအဘိဓာန်ထဲတွင် ထွက်ပြေးဟူသော စကားလုံးမရှိနိုင်ပေ။ သို့သော် ယခုတွင်တော့ ရှီကန်တန့်၏ အသတ်ခံရမည်ကို သူတို့ကြောက်ရွံ့နေကြရသည်။

ဗုဒ္ဓဂိုဏ်းထိပ်တန်းပါရမီရှင်များဟူသော စကားလုံးသည် ယွမ်ဟွားကောင်းကင်နယ်မြေတစ်ခွင်၌ နေရာယူထားခဲ့ပြီး သူတို့၏အဆင့်အတန်းသည်လည်း ပေါ့ပါးလှသည်မဟုတ်ခဲ့ပေ။ သူတို့ကို မည်သူမျှ မထီလေးစား မဆက်ဆံဝံ့ခဲ့ကြချေ။ သို့သော် ယခုတွင်တော့ ထိုစကားလုံးများမှာ ဂုဏ်ယူဝံ့ကြွားဖွယ်မဟုတ်တော့ဘဲ ဆန့်ကျင်ဘက်အနေဖြင့် ဟာသပြက်လုံးများ ဖြစ်သွားခဲ့ချေပြီ။

ဂုဏ်သရေကြီးမြတ်သော ‌ဗုဒ္ဓဂိုဏ်းပါရမီရှင်များသည် ကိုယ်ပိုင်တားမြစ်နယ်မြေအတွင်း၌ပင် ရန်သူကို မချေမှုန်းနိုင်ရုံမျှမက ရန်သူ၏သတ်ဖြတ်ခြင်းကိုပင် ခံခဲ့ရသေးသည်။

ဒါက ဘယ်လိုလုပ်ပြီး ဟာသမဖြစ်ဘဲနေပါ့မလဲ?

သူတို့သည် မိမိတို့၏ကိုယ်ပိုင်စွမ်းအင်အပေါ်၌ မည်မျှယုံကြည်ချက်ရှိသည်ဖြစ်စေ သူတို့အားလုံးမှာ ရှီကန်တန့်၏ပြိုင်ဘက် မဟုတ်ကြောင်းကို သိရှိပါ၏။ သူတို့သုံးဦး အင်အားပေါင်းစည်းလျှင်သော်မှ ရှီကန်တန့်၏ပြိုင်ဘက် မဟုတ်နိုင်ပေ။ ထပ်တူညီမျှ အင်အားကြီးမား‌ေသာ လီပိုင်ကိုမူ ထည့်တွေးနေရန်ပင် မလိုအပ်တော့ပေ။

ယခုထွက်မပြေးပါလျှင် ထိုဗုဒ္ဓဂိုဏ်းပါရမီရှင်၇ဦးကဲ့သို့ ဤတားမြစ်နယ်မြေထဲတွင် ထာဝရပိတ်မိသွားပေလိမ့်မည်။

သူတို့သုံးဦးမှာ ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီး၏ ပြိုင်ဘက်ကင်းပါရမီရှင်များ ဖြစ်ကြသည်။ နောက်မျိုးဆက်၏ ရှေးဟောင်းဗုဒ္ဓဂိုဏ်းခေါင်းဆောင်သည် သူတို့သုံးဦးထဲမှ ထွက်ပေါ်လာမည်ဖြစ်၏။ သူတို့၌ အဆုံးမဲ့သော အနာဂတ်ရှိနေသည်ဖြစ်ရာ အဘယ်သို့များ ဤနေရာတွင် အသက်ဆုံးရှုံးနိုင်ပါမည်နည်း။

ရှပ်! ရှပ်!

ထိုအတွေးနှင့်အတူ သုံးဦးသားသည် လှုပ်ရှားမှုတစ်ချက်ဖြင့် ချက်ချင်း‌ေနာက်ဆုတ်လိုက်ကြသည်။ ထို့နောက် တားမြစ်နယ်မြေဝင်ပေါက်မှ အလျင်အမြန်ထွက်ခွာသွားနိုင်ရန် အားကုန်သုံး၍ အရှိန်မြှင့်တင်လိုက်ကြသည်။

ဗုဒ္ဓဂိုဏ်းပါရမီရှင်သုံးဦး၏ အရှိန်နှုန်းမှာ အလွန်လျင်မြန်လှသည်။ မျက်တောင်တစ်ခတ်မျှသော အချိန်အတွင်း၌ပင် ကျောက်တိုင်လုံးတောအုပ်တစ်ဝက်ခန့်ကို ကျော်လွန်သွားခဲ့ပြီးလေပြီ။ ပြေးလွှားခဲ့သည်မှာ ကျင့်ကြံမှုထက် ပိုမိုမြင့်မားသော အရှိန်နှုန်းဖြင့် အသက်စွမ်းအင်ကိုပင် ပေါက်ကွဲလုနီးပါးသော အရှိန်နှုန်းဖြစ်လေသည်။

သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် လူတို့၏လုပ်ဆောင်နိုင်စွမ်းသည် စိတ်ကူးမှန်းဆနိုင်သည်ထက် ကျော်လွန်သွားတတ်၏။

“ထွက်ပြေးချင်တယ်ပေါ့လေ? ကျုပ်က အလွတ်ပေးမယ်ထင်လို့လား?”

ဗုဒ္ဓဂိုဏ်းပါရမီရှင်သုံးဦးမှ လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ရှီကန်တန့်နှင့် လီပိုင်တို့သည်လည်း သတိထားမိသွားခဲ့သည်။ ခန္ဓာကိုယ်မှာ သက်တံတစ်စင်းအလားဖြင့် ထိုသုံးဦးနောက်သို့ လိုက်သွားခဲ့ကာ မကြာသည့်အချိန်လေးအတွင်း၌ပင် ထိုသုံးဦးကို ဖိနှိပ်၍ ရှေ့တွင်ရပ်လိုက်သည်။

ဘုန်း!

ဗုဒ္ဓဂိုဏ်းပါရမီရှင်သုံးဦးသည် တုံ့ဆိုင်းခြင်းမရှိ စွမ်းအင်အဟုန်ပေါက်ကွဲစေလိုက်၏။ ပြိုင်ဘက်ကင်းပါရမီရှင်များဖြစ်လေရာ ကျိုးကြောင်းမမြင်နိုင်ဘဲ ထွက်ပြေးလျှင် ရှီကန်တန့်အား မိမိတို့ကို အလစ်တိုက်ခိုက်နိုင်မည့် အခွင့်အရေးပေးသည်ကဲ့သို့သာ ဖြစ်သွားမည်ကို ကောင်းစွာသိထားပါ၏။ အလွန်လျင်မြန်သည့် အရှိန်နှုန်းဖြစ်သည်နှင့်အမျှ တိုက်ခိုက်ရင်းဖြင့် ဆုတ်ခွာနိုင်ပေသည်။

ဗုဒ္ဓဂိုဏ်းပါရမီရှင်များသည် ကျင်းအန်းလော်ဟန့်ရှန်းကို ချက်ချင်း အသက်‌သွင်းလိုက်ကြသည်။ ရွှေရောင်အလင်းတန်းကြီးသုံးခု ထွက်ပေါ်လာခဲ့၍ လီပိုင်တို့နှစ်ဦးကို တိုက်ခိုက်၏။

ရှီကန်တန့်သည် ထိုသုံးဦး၏တိုက်ခိုက်မှုကို လှောင်ရယ်လျက် မြင့်မြတ်သောကျောက်တုံးဓားကို ကျောက်တုံးတူကြီးအဖြစ် ပြောင်းလဲလိုက်သည်။ သူ၏ပင်ကိုဟန်မှာလည်း သိသာထင်ရှားစွာ ပြောင်းလဲသွားခဲ့ကာ တောင်ကြီးတစ်လုံးကဲ့သို့ အလွန်သန်မာခိုင်ခံ့ပုံရလေသည်။

ကျုပ်နဲ့ယှဉ်တိုက်ရအောင် မင်းတို့ဗုဒ္ဓဂိုဏ်းပါရမီရှင်တွေက ရူးသွားကြပြီလား?!ဟေ?!

ဘုန်း!

ရှီကန်တန့်သည် တူဖြင့်ရိုက်ချလိုက်သည်။ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများ လေဟာပြင်တွင် ပျံ့နှံ့ရိုက်ခတ်သွား၏။ တောင်တစ်လုံးကဲ့သို့ ကြီးလေးသောတူကြီးဖြင့် ရိုက်ချလိုက်ခြင်းဖြစ်ရာ ပေါ်ထွက်လာသော ခမ်းနားကြီးကျယ်သောစွမ်းအင်များမှာ စိတ်မှ‌ ‌ေယာင်မှားထင်မြင်သည့် မြင်ကွင်းအလား။ ထိုကြောက်မက်ဖွယ်စွမ်းအင်ကြီးသည် ကမ္ဘာလောကရှိ အရာအားလုံးကို ထုချေတော့မည့်အလား ထင်မှတ်ရ‌သည်။

ရှီကန်တန့်၏ ထိုကြောက်မက်ဖွယ်‌တိုက်ကွက်ကြောင့် ဘေးရှိ လီပိုင်မှာ အလိုအလျောက် နှုတ်ခမ်းများကွေးညွတ်မိလေသည်။ ကနဦး၌ တိုက်ခိုက်ရန်ဟန်ပြင်နေသော လီပိုင်သည် သူ၏လက်ထဲမှ ဓားရှည်ကို သိမ်းဆည်းလိုက်တော့သည်။ ရှီကန်တန့်ရှိနေသည်ဖြစ်ရာ ရှန်ရှန့်ကျုံဂိုဏ်း၏ အစောင့်အရှောက်၁ဖြစ်သူ စာပေကဗျာပညာရှင် မိမိမှာ အပေါ်ယံနှမ်းဖြူးရန် လိုအပ်ပါဦးမည်လော?

ဟွမ်ရှင်းတို့သုံးဦးသည် ရှီကန်တန့်၏ တူလက်နက်လှုပ်ရှားမှုကို ခံစားမိလေရာ ရုတ်ချည်း ထိတ်လန့်တုန်လှုပ်သွားရသည်။ ကမ္ဘာလောကတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည်ဟု ထင်မှတ်ရသော တူလက်နက်အရိပ်ကြီးကို မြင်တွေ့ရသည်တွင် ဝိဉာဉ်ထိတိုင် တုန်လှုပ်ရ၏။ ငရဲပြည်သို့ ခြေတစ်ဝက်လှမ်းထားပြီးသည့်အလား သေခြင်းတရားကို မျက်ဝါးထင်ထင် မြင်တွေ့နေရလေသည်။

ထွက်ပြေးလွတ်မြောက်လိုသော်ငြား တူလက်နက်သည် သူတို့ကို ပိတ်ကာထားခဲ့လေပြီ။ တစ်နည်းဆိုရလျှင် တူလက်နက်ကြီးသည် အရပ်လေးမျက်နှာကို ပိတ်ဆီးထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်မည့်အရပ် မရှိပါတော့ချေ။

သုံးဦးသားမှာ အရဲစွန့်၍ အံကိုတင်းတင်းကြိတ်ကာ အစွမ်းကုန်တိုက်ခိုက်ခြင်းမှအပ ရွေးချယ်စရာမရှိတော့ပေ။ အနည်းဆုံးတော့ ခုခံတိုက်ခိုက်ခြင်းသည် ရှင်ကျန်ရစ်နိုင်မည့် အခွင့်အရေးရှိနိုင်သေးသည်လေ။

ဘုန်း! ဘုန်း!

ဟွမ်ရှင်းတို့သုံးဦးသည် မှန်ကန်သည့်ရွေးချယ်မှုကို ပြုလုပ်ခဲ့သော်ငြား ခုခံနိုင်စွမ်းမရှိသည်မှာ နှမြောဖွယ်ကောင်းလှသည်။ တူလက်နက်ဖြင့် အပြင်းအထန်ရိုက်ချခံလိုက်ရကာ ခန္ဓာကိုယ်တို့မှာ အဝေးသို့ လွင့်ပျံထွက်သွားရပြီးနောက် မြေပြင်သို့ ပြုတ်ကျ၏။။

အဟွတ်!

သုံးဦးသားမှာ ပါးစပ်အပြည့်သွေးရည်များ အန်ထွက်သွားရကာ မျက်နှာတို့မှာ မည်းမှောင်သွားကြ၏။ ဒယိမ်းဒယိုင်ဖြင့် ထရပ်ရန်ကြိုးပမ်းလိုက်ကြသည်တွင် သူတို့၏အရိုးများမှာ ရှီကန်တန့်၏တူရိုက်ချက်အောက်တွင် ကျိုးကြေသွားခဲ့ပြီကို သိလိုက်ရသည်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ အားနည်းချိနဲ့နေကာ အင်အားစိုက်ထုတ်နိုင်ခြင်း မရှိတော့ပေ။

“လောကအပြင်ဘက်က နေ့ရက်တွေနဲ့ လောကအပြင်ဘက်က လူတွေဆိုတာ ဒါမျိုးပဲ! မင်းတို့က အရည်အချင်းကောင်းတွေတော့ ရှိထားပါရဲ့။ ဒါပေမဲ့ လူမှား ပစ်မှားမိသွားရှာတယ်”

ရှီကန်တန့်သည် တူလက်နက်ကြီးကို ကိုင်ဆောင်လျက် ဟွမ်ရှင်းတို့သုံးဦးကို အထင်မြင်သေးစွာပြောလိုက်သည်။

စကားဆုံးသည်နှင့် ရှီကန်တန့်သည် ဟွမ်ရှင်းတို့သုံးဦးကို ဂရုမစိုက်တော့ပေ။ တူလက်နက်ကိုပင့်မြှောက်၍ ထုချပစ်လိုက်တော့သည်။ ကြောက်မက်ဖွယ်စွမ်းအင်ကြီး စီးဝင်သွားခဲ့ပြီး ဟွမ်ရှင်းတို့သုံးဦးမှာ နောက်တစ်ကြိမ် မသေဆုံးနိုင်တော့သည်အထိ အစိတ်စိတ်အမွှာမွှာကြေမွသေဆုံးသွားခဲ့လေသည်။

ဘုန်း!

တူရိုက်ချက်ကြောင့် မြေပြင်မှာ ပင့်ကူအိမ်အလား အက်ကွဲကြောင်းများစွာ ဖြစ်တည်သွား၏။ ရှေးဟောင်းကျောက်လုံးတိုင်များသာလျှင် အကောင်းပကတိအတိုင်း တည့်မတ်ကျန်ရစ်လေသည်။

“ဒင်! ရှေးဟောင်းဗုဒ္ဓဂိုဏ်းပါရမီရှင်၁၀ဦးကို သတ်ဖြတ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်၅၀၀ဘီလီယံနှင့် ပဏ္ဍိတနတ်မင်းအဆင့် ကျပန်းဆငိ့ခေါ်ခွင့်၅ခုကို ရရှိပါတယ်”

ဟွမ်ရှင်းတို့သုံးဦးသေဆုံးပြီးနောက် ဝမ်ဖုန်း၏စိတ်ထဲမှလည်း စနစ်၏အချက်ပေးသံ ထွက်ပေါ်လာခဲ့သည်။

ဝမ်ဖုန်းသည် စနစ်၏အချက်ပေးသံကို လျစ်လျူရှု၍ မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများကို နေရာ၌ပင် ဒဏ်ရာကုသရန် အမိန့်ပေးလိုက်သည်။ ထို့နောက် ရှောင်ဝမ်ရွှယ်လေးကို ကျင့်ကြံရန် စတင်သင်ကြားပေးသည်။

ဝမ်ဖုန်းမှာ ဤရှေးဟောင်းဗုဒ္ဓတားမြစ်နယ်မြေအတွင်းမှ ထွက်ခွာသွား၍ မြည်းကတုံးများ၏ သုန်မှုန်မှုများကိုလက်ခံရန် စိတ်ကူးမရှိပါ။ ယခုတွင် ရှေးဟောင်းဗုဒ္ဓဂိုဏ်းတစ်ခုလုံးသည်လည်း မိမိတို့၏တည်ရှိမှုကို သိရှိပြီးလောက်ပေပြီ။ ရှေးဗုဒ္ဓတားမြစ်နယ်မြေ၏ အပြင်ဘက်၌ ရှေးဟောင်းဗုဒ္ဓဂိုဏ်းကျင့်ကြံသူများစွာ ရောက်ရှိနေပြီးလောက်၏။ မိမိတို့၏ လက်ရှိအင်အားဖြင့် ဤတားမြစ်နယ်မြေအတွင်းမှ ထွက်သွားခြင်းသည် သေခြင်းကို တောင်းဆိုနေခြင်းသာ ဖြစ်ပေရော့မည်။

ဝမ်ဖုန်းမှ ဂိုဏ်းဘိုးဘေးငှားရမ်းရန်အတွက် ကံကောင်းမှုချီများကို အသုံးမပြုပါက ရှေးဟောင်းဗုဒ္ဓဂိုဏ်းကို ဆန့်ကျင်တိုက်ခိုက်ရန် ခက်ခဲပေလိမ့်မည်။

ဤတားမြစ်နယ်မြေအတွင်း၌မူ အနည်းဆုံးတော့ ဝမ်ဖုန်းတွင် ဘိုးဘေးငှားရမ်းခြင်းအပြင် ယန်လုံသားရဲကြီး ရှိသေး၏။ ဖြစိနိုင်ချေရှိသည့် အဆိုးရွားဆုံးရလဒ်မှာ ယန်လုံသားရဲကြီးမှ မိမိတို့နှင့် ရှေးဟောင်းဗုဒ္ဓဂိုဏ်းသားများကို သားကောင်အဖြစ် သတ်မှတ်ခြင်းသာ ဖြစ်ပေလိမ့်မည်။ 

ထိုအချိန်သို့ရောက်ရှိသွားခဲ့ပါလျှင် ‌ကံကောင်းမှုချီကို အသုံးပြု၍ ဂိုဏ်းဘိုးဘေးငှားရမ်းရန်အတွက် နောက်ကျသွားလောက်ပေပြီ။

ဝမ်ဖုန်းမှာ သေချာအစီအစဉ်ဆွဲရုံမှလွဲ၍ နည်းလမ်းမရှိပေ။ ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံးမှာ မိမိလက်ထဲတွင် ရှိနေသည်မဟုတ်ပါလော။ ကံကောင်းမှုချီသည် အစစ်အမှန် မတည်ရှိဟု ထင်မှတ်ရသော်ငြား ရှန်ရှန့်ကျုံဂိုဏ်းတစ်ဂိုဏ်းလုံးအတွက် အလွန်အရေးပါသည်။

ဂိုဏ်း၏ ကံကောင်းမှုချီ အားကောင်းသည်နှင့်အမျှ ဂိုဏ်းတပည့်များအတွက် ပို၍အဆင်ပြေချောမွေ့၏။ 

ဆန့်ကျင်ဘက်အနေဖြင့် ကံကောင်းမှုချီ အားနည်းသွားပါလျှင် ရှန်ရှန့်ကျုံဂိုဏ်းမှာ ရှင်သန်နိုင်တော့မည်မဟုတ်ပေ။

…..

တစ်ချိန်တည်း၌ တားမြစ်‌နယ်မြေ၏ အပြင်ဘက်တွင်ဖြစ်သည်။ ဂိုဏ်းချုပ်ဟွေ့ကုန်းနှင့် များစွာသော ခန်းမဆောင်သခင်တို့သည် ဖြောင့်မတ်တည်တံ့စွာဖြင့် တားမြစ်နယ်မြေကို အကြည့်မလွှဲတမ်း ရပ်ကြည့်နေကြသည်။

“ကျုပ်အာရုံခံကြည့်ပြီးပြီ။ သူတို့သေသွားကြပြီ”

“ကျုပ်တို့ ဗုဒ္ဓဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင်၁၀ဦးက.. သေဆုံးသွားခဲ့ပြီ!”

“သူတို့က ကျုပ်တို့ဗုဒ္ဓဂိုဏ်းရဲ့ အနာဂတ်ပဲ!”

“ဒါက ကျုပ်တို့ဗုဒ္ဓဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးလိုက်တာပဲ!”

ခန်းမဆောင်သခင်များသည်‌ ဒေါသတကြီးဖြင့် မချိတင်ကဲ ကြုံးဝါးနေကြ၏။ ထိုသူများသည် ဗုဒ္ဓခန္ဓာကို ရရှိထားပြီးဖြစ်ကြပြီး ကျင့်ကြံဆင့်မှာလည်း မြင့်မားသည်ဟု သတ်မှတ်နိုင်ကြသူများဖြစ်လေရာ ဒီတိုင်းမကျေနပ်နိုင်ကြပေ။

သူတို့သည် ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများ ဖြစ်ကြသော်ငြား သူတို့သည်လည်း လူသားများပင်။ ပုံမှန်အားဖြင့် မိမိတို့၏ ပျော်ရွှင်မှု၊ ဒေါသ စသည့်ခံစားချက်အဖုံဖုံကို ဖုံးကွယ်ထိန်းချုပ်နိုင်ပြီး အကျိုးတော်ဆောင်များကိုပင် ‌ဒေါသမထားသင့်ကြောင်းကို အပြုံးဖြင့်ပြောဆိုတတ်ကြသည်။ သို့သော် ထိုသို့ပြုမူလုပ်ဆောင်နိုင်ခြင်းမှာ သူတို့၏စိတ်နှလုံးရှိ အောက်ခြေမျဉ်းကို မထိပါးသေးသောကြောင့်သာ ဖြစ်ပါ၏။ မိမိတို့၏ဂိုဏ်းသားများ သေဆုံးမှုကို စောင့်ကြည့်နေရခြင်းမှာ သူတို့၏ အောက်ခြေမျဉ်းကို ထိပါးကျော်လွန်သွားခဲ့လေပြီ။

သူတို့သည် တစ်နှစ်ပတ်လုံး ကျင့်ကြံနေခဲ့ကြပြီး ကျိုးကြောင်းဆီလျော်မှုကို ထိန်းသိမ်းနိုင်သေးသောကြောင့်သာ မဟုတ်ပါက ဒေါသကြောင့် ရူးသွပ်သွားနိုင်လောက်သည်။

ဟွမ်ရှင်းနှင့်အခြားသူများမှာ ဗုဒ္ဓဂိုဏ်းနောက်မျိုးဆက်၏ ဂိုဏ်းချုပ်ရာထူးအတွက် လျာထားခံရသူများဖြစ်ကြသည်။ ဗုဒ္ဓဂိုဏ်းအနေဖြင့် ဟွမ်ရှင်းတို့ကဲ့သို့သော ပါရမီရှင်များကို ထပ်မံမွေးထုတ်နိုင်ရန်မှာ မလွယ်ကူချေ။

“ဘုရားသခင်!”

ဟွေ့ကုန်းသည် စိတ်နှလုံးမှ အတွေးခံစားချက်တို့ကို ဖိနှိပ်၍ ဘုရားစာကို ခပ်ဖျော့ဖျော့ရွတ်ဆိုလိုက်သည်။

“ဂိုဏ်းချုပ် ဂိုဏ်းတူအစ်ကို ဒီကိစ္စကို ဒီတိုင်းမထားလိုက်သင့်ပါဘူး! ဗုဒ္ဓဂိုဏ်းရဲ့ အမိန့်အာဏာတည်မြဲမှုအတွက်ပဲဖြစ်ဖြစ်၊ ဟွမ်ရှင်းနဲ့ တခြားဂိုဏ်းသား‌တွေအတွက်ပဲဖြစ်ဖြစ် သေခြင်းနဲ့ ပြန်ပေးဆပ်ခိုင်းရပါမယ်!”

ဟွေ့ကန်းမှ စူးရှတောက်ပနေသော မျက်လုံးအစုံဖြင့် တည်ကြည်လေးနက်စွာပြော၏။

“ဟုတ်ပါတယ် ဂိုဏ်းချုပ်! ဗုဒ္ဓက မိန့်ဆိုခဲ့ဖူးပါတယ်။ လက်တုံ့ပြန်တယ်ဆိုတာ နေ့ချင်းညချင်းလုပ်ဆောင်ရတာ မဟုတ်သလို ကျော်လွန်ပြီးမှ လုပ်ဆောင်ရတာလည်း မဟုတ်ဘူး။ နေရာမှာပဲ ချက်ချင်းလက်တုံ့ပြန်ပါတဲ့။ ဟွမ်ရှင်းနဲ့အခြားဂိုဏ်းသားတွေရဲ့ သေဆုံးမှုက ကျုပ်တို့ဗုဒ္ဓဂိုဏ်းအနေနဲ့ နက်နက်ရှိုင်းရှိုင်း လက်တုံ့ပြန်သင့်တဲ့ကိစ္စရပ်ပါ။ ကျုပ်တို့က ယွမ်ဟွားနယ်မြေမှာ ဘယ်လိုရပ်တည်နေကြတာမလို့လဲ? မဟုတ်ရင် ဗုဒ္ဓကို ဘယ်လိုများ မျက်နှာပြဝံ့ကြပါတော့မလဲ?”

ဟွေ့ကန်း၏စကားအဆုံးတွင် တိဗက်ကျန်းဂန်ခန်းမဆောင်သခင် ဟွေ့ကျန်းမှ ထောက်ခံ‌ပြောဆိုလာ၏။ အခြားခန်းမဆောင်သခင်များသည်လည်း စကားမဆိုကြသော်ငြား မျက်နှာအမူအရာတို့မှာ ထောက်ခံကြောင်းကို ရှင်းလင်းပြတ်သားစွာ ဖော်ထုတ်ပြသနေပေသည်။

“ထားလိုက်ပါတော့! ကိစ္စတွေကို အပြီးသတ်လိုက်တာပဲ ‌ကောင်းပါတယ်! ကျုပ်ရဲ့ ဒီတစ်ဘဝလုံးမှာ ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံနေခဲ့ပေမယ့် စိတ်ကိုရှုပ်ထွေးစေတဲ့ အတွေးတွေ အမြဲလိုလို စိတ်ထဲစွဲထင်နေခဲ့တယ်။ ဒီလိုဖြစ်နေပြီးမှတော့ စိတ်ရှိတိုင်းအကုန်လုပ်ပြီး လွတ်လပ်တဲ့ဗုဒ္ဓကျင့်ကြံသူပဲ လုပ်လိုက်တာပေါ့”

ဟွေ့ကုန်းသည် အချိန်ခဏမျှ တိတ်ဆိတ်နေပြီးနောက်မှ သက်ပြင်းဖျော့ဖျော့နှင့်အတူ တည်ကြည်လေးနက်စွာ ပြောလာခဲ့သည်။

သူ၏စိတ်နှလုံးသည်လည်း ဟွမ်ရှင်းနှင့်အခြားဂိုဏ်းသားများ၏ သေဆုံးမှုကို လွှတ်မချနိုင်သေးပါချေ။ သာမန်ဂိုဏ်းတပည့်များ သေဆုံးခြင်းဖြစ်ခဲ့လျှင် သူတို့သည် ‌ဤမျှဒေါသဖြစ်ကြမည်မဟုတ်ပါ။ ဟွမ်ရှင်းနှင့်အခြားသူများသည် ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ အနာဂတ်ကို ကိုယ်စားပြု၏။ သူတို့၏သေဆုံးမှုသည် ဗုဒ္ဓဂိုဏ်း၏အနာဂတ်မျှော်လင့်ချက်ကိုလည်း ကျိုးပျက်သွားစေခဲ့သည်။

မိမိကိုယ်တိုင်၏ လက်စားချေလိုစိတ်နှင့် ဂိုဏ်းတူညီနောင်များ၊ ဂိုဏ်းတပည့်များ၏ လက်စားချေလိုစိတ်တို့ကို ဖိနှိပ်မည့်အစား သူတို့အားလုံးကို သွားခွင့်ပြု၍ ထိုမိစ္ဆာတစ်အုပ်ကို ဖျက်ဆီးပစ်စေလိုက်ခြင်းမှာ ပိုမိုကောင်းမွန်သောရွေးချယ်မှု ဖြစ်နိုင်ပေသည်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်!”

ဟွေ့ကုန်းနှင့် အခြားဂိုဏ်းသားများအားလုံးသည် တစ်ပြိုင်နက်တည်း လက်ဟန်ဖြင့်အရိုအသေပြုလိုက်ကြသည်။

“ဒီတပည့်က မသိတတ်မလိမ္မာပါဘူး။ ဒီတပည့်က ဂိုဏ်းတူညီငယ်တွေ အားလုံးကိုခေါ်ဆောင်ပြီး နတ်‌ဆိုးမိစ္ဆာအုပ်ကို အမြစ်ဖြတ်သုတ်သင်လိုပါတယ်။ ဒါက တကယ်ကို မတတ်သာတဲ့အဆုံးမှာ လုပ်ဆောင်ရတာပဲမလို့ ဗုဒ္ဓဘုရားသခင်မှ ဒီသားတပည့်ကို ခွင့်လွှတ်ပေးနိုင်ဖို့မျှော်လင့်ပါတယ်”

ဟွေ့ကုန်း၏ဦးဆောင်မှုဖြင့် ဗုဒ္ဓဂိုဏ်းသားများသည် ရှေးဟောင်းကမ္ပည်းကျောက်တိုင်ကို ရိုသေးလေးစားစွာ ဦးညွှတ်အရိုအသေပြု၍ တောင်းပန်လိုက်ကြသည်။ ထို့နောက် ကိုယ်ကိုမတ်၍ တားမြစ်နယ်မြေအတွင်းသို့ တွေဝေတုံ့ဆိုင်းခြင်းမရှိ ဝင်ရောက်သွားကြသည်။

ဤတစ်ကြိမ်တွင် ဗုဒ္ဓဂိုဏ်း၏ သာမန်တပည့်များမှအပ ဗုဒ္ဓဂိုဏ်း၏အကြီးတန်းဂိုဏ်းသားများအားလုံးနီးပါးသည် တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ကြလေသည်။

All Chapters