ထူးချွန်တပည့်၉ဦး။
Vol. 31 Ch. 434
Translator - Hsue Htet
ယွမ်ဟွားကောင်းကင်နယ်ေမြ၏ မဟာအင်အားစု၊ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းတည်ရှိရာ ဝူရှောင်းမြို့။
အဓိကအင်အားစုကြီးများ၏ မြို့တော်ဖြစ်သော ဝူရှောင်းမြို့သည် ပုံမှန်အားဖြင့် အလွန်တရာ စည်ပင်ဝပြော၏။ အထူးသဖြင့် လတ်တလော၌ ထိပ်တန်းအင်အားစု၆စုမှ အင်အားစုပေါင်း၍ ရှန်ရှန့်ကျုံဂိုဏ်းနှင့် ရင်ဆိုင်တိုက်ခိုက်ကြသောကြောင့် ယွမ်ဟွားကောင်းကင်နယ်မြေ၏ ကျင့်ကြံသူများစွာတို့မှာ ပြဿနာထဲ ပါဝင်သွားရခြင်းမှ ရှောင်ကြဉ်နိုင်ရန်အတွက် အဓိကအင်အားစုကြီးများ၏မြို့တော်သို့ ထွက်ပြေးလာခဲ့ကြသည်။
ဝူရှောင်းမြို့တော်၏ အကြီးဆုံးတည်းခိုဆောင်ဖြစ်သော ဝမ်ထျန်းတည်းခိုဆောင်သည် ကိုးထပ်ဆောင်ဖြစ်သည်။ ဝူရှောင်းမြို့တော်တစ်ခုလုံး၌ အမြင့်မားဆုံးသော အဆောက်အဦးဖြစ်၏။ အလွှာတစ်ထပ်ချင်းစီမှာ အဆင့်အတန်းတစ်ခုကို ကိုယ်စားပြုသည်ဖြစ်ရာ တိကျသေချာသည့်အင်အား မရှိပါလျှင် ဝမ်ထျန်းတည်းခိုဆောင်တွင် တည်းခိုနေထိုင်နိုင်လိမ့်မည် မဟုတ်ပေ။
ကောလာဟလများအရ ဝမ်ထျန်းတည်းခိုဆောင်၏ ကိုးထပ်လွှာသည် ဝူရှောင်းမှ ထိပ်တန်းအင်အားစုကြီးများနှင့် အင်အားကြီးပုဂ္ဂိုလ်များကို လက်ခံရရှိမှသာ ဖွင့်လှစ်သည်ဟူ၏။ ပုံမှန်အားဖြင့် ကိုးထပ်လွှာတွင် မည်သူမျှ မနေထိုင်ပေ။
“ဒီတစ်ကြိမ်တော့ ထိပ်တန်းအင်အားစု၆စုက အတော်လေးကို ပွက်လောရိုက်သွားစေတာပဲ”
“ဟုတ်ပဗျာ။ စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးတွေလည်း အများကြီး အသတ်ခံရပြီး အင်အားစုတွေရဲ့ အရှင်သခင်တွေတောင် အသတ်ခံခဲ့ရတယ်ဆိုပဲ။ ထိပ်တန်းအင်အားစုကြီးတွေ အရူးအမူးဖြစ်နေတာ မဆန်းတော့ပါဘူး”
“အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဇာစ်မြစ်က ဘာများလဲမသိဘူးနော်။ ထိပ်တန်းအင်အားစု၆စုကို အဲ့လိုဆုံးရှုံးမှုကြီး ခံစားရစေတာ”
“ဒီသတင်းရော အမှန်ပဲလား? ထိပ်တန်းအင်အားစု၆စုက အထူးအင်အားစုကြီးတွေ ပါဝင်လှုပ်ရှားဖို့ ဖိတ်ခေါ်မယ်ဆိုတာလေ”
“ကျုပ်ကတော့ အထိနာမှာကြောက်တယ်။ အဲဒါကြောင့် သေချာပြင်ဆင်ထားမလို့”
ဝမ်ထျန်းတည်းခိုဆောင်ပထမထပ် ဧည့်ခန်းဆောင်၌ ကျင့်ကြံသူများသည် အကြောင်းအရာများကို ဆွေးနွေးနေရင်းဖြင့် စားကောင်းသောက်ဖွယ်များကို မွေ့လျော်နေကြသည်။ သူတို့၏အသံများတွင် အံ့အားသင့်မှုများ ရောယှက်ပါဝင်နေ၏။
ထိုသို့ဆွေးနွေးမှုများကြား၌ ဧည့်ခန်းမထဲသို့ ပုံရိပ်အချို့ ဝင်ရောက်လာခဲ့ရာ နေရာရှိလူအားလုံး၏ အာရုံကို ဆွဲဆောင်သွားလေသည်။ ထိုပုံရိပ်များမှာ ချောမောခန့်ညား၍ ပြိုင်ဘက်ကင်း ဟန်အမူအရာရှိသော အမျိုးသားများနှင့် ပြိုင်ဘက်ကင်း မျက်နှာလှလှနှင့် ကျက်သရေတင့်တယ်သော ကိုယ်ဟန်အနေအထားရှိသည့် အမျိုးသမီးများဖြစ်ကြလေရာ အဘယ်သို့များ လူ့အာရုံကို မဆွဲဆောင်ဘဲ ရှိပါအံ့နည်း။
“လူကြီးမင်းတို့က တည်းခိုမှာလား ဒါမှမဟုတ်…?”
တည်းခိုဆောင်အလုပ်သမားလေးများသည် ဝင်ရောက်လာသည့် လူအုပ်စုကို အလျင်စလို နှုတ်ဆက်၍ မေးမြန်းလိုက်သည်။ ထိုအလုပ်သမားလေးများသည် တည်းခိုဆောင်အလုပ်သမားများ ဖြစ်စေကာမူ ကျင့်ကြံဆင့်မှာ မနိမ့်ပါးချေ။ ထျန်းကျိအထွတ်အထိပ်အဆင့်များ ဖြစ်ကြ၏။
“တည်းခိုမယ်။ သုံးခန်းပေးပါ”
ခေါင်းဆောင်ဖြစ်သူမှ တည်းခိုဆောင်အလုပ်သမားနှစ်ဦးကို ကြည့်၍နူးညံ့စွာပြောဆိုလိုက်သည်။
ထိုအကြည့်တစ်ချက်သည် အလုပ်သမားနှစ်ဦးကို ရေခဲလိုဏ်ဂူအတွင်း ကျရောက်သွားသည်ကဲ့သို့ ခံစားရစေ၏။ သို့ဖြင့် လျစ်လျူမရှုဝံ့စွာ ဒုတိယထပ်ရှိ အခန်းများသို့ အလျင်အမြန် ကြိုဆိုပို့ဆောင်လိုက်ရသည်။ ထိုသို့သော ဟန်အမူအရာမှာ မေးမြန်းရန်ပင် မလိုအပ်ဘဲ သာလွန်ထူးကဲသောဇာစ်မြစ်ဖြင့် ကျင့်ကြံသူများဖြစ်သည်ကို သိနိုင်ပေသည်။ ထျန်းကျိအထွတ်အထိပ်အဆင့် အလုပ်သမားအမျိုးသမီးလေးများမှာ နှလုံးအိမ်တုန်လှုပ်သွားခဲ့ရ၏။ ထိုဧည့်သည်တော်မှာ အနည်းဆုံးတော့ ထျန်းတန့်(ထျန်းဒန်)သို့မဟုတ် ထျန်းယုအထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးဖြစ်ပေလိမ့်မည်။
ဤမျှငယ်ရွှယ်သည့် အသက်အရွယ်တွင် ထိုမျှသောကျင့်ကြံမှုအခြေခံကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ထိုသူမှာ အနည်းဆုံးတော့ အင်အားစုကြီးတစ်ခုခု၏ ထူးချွန်သည့်မျိုးဆက်သစ်တစ်ဦး ဖြစ်နိုင်ပေသည်။
ပထမထပ် ခန်းမဆောင်ထဲရှိလူများသည် ထိုချောမောခန့်ညားသည့်အမျိုးသားနှင့် လှပသောအမျိုးသမီးများအကြောင်းကို အလွန်အမင်း သိချင်စိတ်ပြင်းပြနေကြပါသော်ငြား ပေါ့ပေါ့တန်တန် ဆွေးနွေးပြောဆိုခြင်း မပြုဝံ့ကြပေ။ ထိုသို့သော သာလွန်ထူးကဲဟန်ရှိသူများကို သူတို့အနေဖြင့် ပစ်မှားရန် မဝံ့ရဲပါချေ။
ဒုတိယထပ်၌ ထိုအမျိုးသားနှင့်အမျိုးသမီးအုပ်စုသည် အခန်းတစ်ခန်းထဲတွင် စုဝေးနေကြသည်။ ထိုနေရာတွင် ဝမ်ဖုန်းရှိနေခဲ့ပါလျှင် ထိုလူအုပ်စုမှာ ရှန်ရှန့်ကျုံဂိုဏ်း၏ လက်ရွေးစင်တပည့်များဖြစ်သည်ကို သေချာပေါက် သိရှိလိမ့်မည်ဖြစ်၏။
ဂိုဏ်းတူအစ်ကို လီချင်း၊ ဂိုဏ်းတူအစ်မ၂ လင်းဖေးဝူ၊ ဂိုဏ်းတူအစ်ကို၃ လီဟေး၊ ဂိုဏ်းတူအစ်ကို၄ မုယွင်ဖေး၊ ဂိုဏ်းတူအစ်မ၅ လီထျန်းရှင်း၊ ဂိုဏ်းတူအစ်ကို၆ ဝူနျန်၊ ဂိုဏ်းတူအစ်ကို၇ ယန်ရှန်း၊ ဂိုဏ်းတူအစ်ကို၈ ရှောင်းယွင်ဖုန်း။
“ဂိုဏ်းတူအစ်ကို ဂိုဏ်းချုပ်ကတော်က ကျွန်တော်တို့ကို ယွမ်ဟွားကောင်းကင်နယ်မြေမှာ လေ့ကျင့်ဖို့စောင့်နေပါလို့ ပြောခဲ့တာလေ။ ဒီဝူရှောင်းမြို့မှာ ဘာလုပ်မလို့လဲ?”
ရှောင်းယွင်ဖုန်းသည် ရှုပ်ထွေးနေဟန်ဖြင့် လီချင်းကိုမေး၏။
လင်းဖေးဝူနှင့်အခြားသူများသည်လည်း လီချင်းကို စူးစမ်းသိလိုစိတ်ဖြင့် ကြည့်နေကြသည်။
“ဂိုဏ်းချုပ်ကတော် အရင်က ပြောဖူးတယ်။ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းက ဂိုဏ်းချုပ်နဲ့အခြားသူတွေကို အခက်တွေ့စေခဲ့တယ်တဲ့။ အခု ဂိုဏ်းချုပ်ကတော်က ငါတို့ကို ယွမ်ဟွားကောင်းကင်နယ်မြေမှာ လေ့ကျင့်ဖို့စောင့်ဆိုင်းဖို့ပြောခဲ့တာ ဘာလို့များ ဒီဝူရှောင်းကောင်းကင်ဘုံဂိုဏ်းကိုအသုံးချပြီး ငါတို့ရဲ့အရည်အချင်းကို မသွေးရမှာလဲ?”
“ငါ ဂိုဏ်းတူညီလေး၉ကို ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းရဲ့အင်အားကို စုံစမ်းခိုင်းထားတယ်။ ဂိုဏ်းတူညီလေး၉ ပြန်ရောက်လာရင် ငါတို့လှုပ်ရှားဖို့ အချိန်ကျပြီပဲ”
လီချင်း၏မျက်လုံးများမှာ အလင်းတစ်စ တောက်ပနေလျက် အသံနက်ဖြင့်ပြော၏။ ဂိုဏ်းတူညီလေး၉ဆိုသည်မှာ အလောင်းထိန်းချုပ်သူမျိုးနွယ်စု၏ ဆက်ခံသူဖြစ်သည်။
“ဪ”
“ဂိုဏ်းချုပ်ကို အခက်တွေ့စေရဲမှတော့ အဲဒီ့ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းက တည်ရှိဖို့မလိုတော့ဘူး!”
“ဟုတ်တယ်! ဂိုဏ်းချုပ်ကတော် သင်ပြပေးထားတဲ့ ကျိုရှောင်ရှန်းတောက်မဟာအစီအရင်ရဲ့အင်အားကို စမ်းကြည့်ရမယ်”
မုယွင်ဖေးနှင့်အခြားသူများသည် ခေါင်းညိတ်ထောက်ခံကြ၏။ သူတို့၏မျက်လုံးများတွင် ခိုင်ကြည်ပြတ်သားမှုများ ထင်ဟပ်နေပေသည်။ ဂိုဏ်းချုပ်သည် သူတို့၏အနိမ့်ပါးဆုံးအခြေအနေတွင် ပစ်ပယ်မထားခဲ့ဘဲ ယနေ့အခြေအနေထိ ရောက်ရှိစေရန် ပြုလုပ်ပေးခဲ့သူဖြစ်သည်။
ယဲ့မုချင်သည် မိမိတို့ကို အသစ်ပြန်လည်ဖန်တီးပေးခဲ့သူဖြစ်သော်ငြား သူတို့၏နှလုံးသားထဲရှိ ဝမ်ဖုန်း၏အဆင့်အတန်းမှာ မယိမ်းမယိုင် ထာဝရခိုင်မာမြဲမြံသည်။
ရှန်ရှန့်ကျုံဂိုဏ်းကို ထိပါးဝံ့လျှင် သေဆုံးရမည်ဖြစ်၏။
“ငါ့တို့ရဲ့ကျင့်ကြံဆင့်က ထျန်းရှင်းအဆင့်ကို ရောက်နေပြီဆိုပေမယ့် ဒီယွမ်ဟွားကောင်းကင်နယ်မြေက ဝပ်နေတဲ့ကျား၊ ပုန်းကွယ်နေတဲ့နဂါးလို တည်ရှိမှုမျိုးပဲ။ ငါတို့ရဲ့သရုပ်မှန်ကို လူသိမခံတာကောင်းတာမလို့ သတိထားရမယ်”
လီချင်းသည် ဂိုဏ်းတူညီ၊ညီမငယ်များကိုကြည့်၍ တည်ကြည်လေးနက်စွာပြောလိုက်သည်။ ဂိုဏ်းတူအစ်ကိုအကြီးဆုံးဖြစ်သည့်အလျောက် ဂိုဏ်းတူညီ၊ညီမငယ်များ၏ လုံခြုံရေးကို ကာကွယ်ရမည်ဖြစ်ရာ လီချင်းမှာ သတိမထားဘဲ မပြုမူဝံ့ပါချေ။
“ထိပ်တန်းအင်အားစု၆စုက အရမ်းတွေဒေါသဖြစ်ပြီး သူတို့ရဲ့အင်အားအကုန်ကို စုစည်းခဲ့တယ်တဲ့။ အဲဒီ့အင်အားစုတွေ ရှန်ရှန့်ကျုံဂိုဏ်းက အထက်ကောင်းကင်ထိ တက်လှမ်းခဲ့ပြီးပြီဆိုတာကို သိသွားတဲ့အခါကျရင် မြင်ကွင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းနေတော့မှာပဲ!”
မုယွင်ဖေးမှ နောက်ပြောင်ပြောဆို၏။
အခြားသူများသည်လည်း မုယွင်ဖေး၏စကားကြောင့် ရယ်မောကြလေသည်။ ထိုထိပ်တန်းအင်အားစု၆စုကြောင့် မဟုတ်ခဲ့လျှင် သူတို့သည်လည်း ဤမျှ သတိထားနေရမည် မဟုတ်ပေ။
ထိုအင်အားစု၆စုမှ စိတ်ဓာတ်ကျဆင်းနေလေရာ သူတို့မှာ အလိုအလျောက် ဝမ်းမြောက်မိကြ၏။
“ဂိုဏ်းချုပ်နဲ့တခြားသူတွေလည်း ဒီယွမ်ဟွားကောင်းကင်နယ်မြေထဲမှာပဲလား မသိဘူးနော်? ငါတို့တွေ ဂိုဏ်းချုပ်နဲ့မတွေ့ရတာ အတော်ကြာနေပြီ။ ဂိုဏ်းချုပ်နဲ့တခြားသူတွေ ကျင့်ကြံမှုတွေ ဘယ်လောက်ထိ မြင့်မားနေကြပြီလဲမသိဘူး”
ရှောင်းယွင်ဖုန်းသည် သက်ပြင်းဖျော့ဖျော့ဖြင့် တီးတိုးရေရွတ်၏။
သူ၏စကားတွင် လီချင်းနှင့်အခြားသူများမှာ တိတ်ဆိတ်နေကြလေသည်။ သူတို့၏မျက်လုံးအစုံတို့၌ လွမ်းဆွတ်တမ်းတမှုများ ထင်ဟပ်နေတော့သည်။
ကျွီ!
ထိုအချိန်၌ပင် ဂိုဏ်းတူညီလေး၉သည် တံခါးမှ ဝင်ရောက်လာခဲ့ပြီး လီချင်းကို အရိုအသေပြု၏။
“ဂိုဏ်းတူအစ်ကို!”
“ဘယ်လိုလဲ?”
လီချင်းသည် ဂိုဏ်းတူညီ၉အား ယဉ်ကျေးမနေရန် လက်ဝှေ့ယမ်းပြလိုက်ပြီး မေးမြန်းလိုက်သည်။ လင်းဖေးဝူနှင့် အခြားသူများသည်လည်း ဂိုဏ်းတူညီလေး၉ထံသို့ အာရုံရောက်သွားကြသည်။
“ဝူရှောင်းကာင်းကင်ဘုံဂိုဏ်းက ယွမ်ဟွားကောင်းကင်နယ်မြေရဲ့ မဟာအင်အားစုကြီးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပြီးတော့ ထိပ်တန်းအင်အားစုကြီးဖြစ်တဲ့ ထျန်းလင်ဂိုဏ်းနဲ့လည်း ခွဲခြားမရအောင် ဆက်နွယ်နေပါတယ်။ ဂိုဏ်းရဲ့ဂိုဏ်းချုပ်က ထျန်းကျွင်းအစောပိုင်းအဆင့်ဖြစ်ပြီး ထျန်းဝူအဆင့်အကြီးအကဲ အများအပြားရှိပါတယ်။ အဲဒါအပြင် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းမှာ ထျန်းကျွင်းအထွတ်အထိပ်အဆင့် ဂိုဏ်းဘိုးဘေးတွေ အများကြီးရှိတယ်လို့လည်း ပြောကြပါတယ်”
ဂိုဏ်းတူညီလေး၉သည် သူရရှိခဲ့သည့် သတင်းအချက်အလက်များကို မချွင်းမချန်ပြန်ပြောပြလိုက်သည်။
သတင်းအချက်အလက်များကို နားထောင်ပြီးနောက် လီချင်းနှင့်အခြားသူများသည် စဉ်းစားတွေးတောနေကြ၏။ ယဲ့မုချင်၏ အင်တိုက်အားတိုက် လေ့ကျင့်သင်ကြားပေးမှုဖြင့် သူတို့၉ဦးသည် ထျန်းရှင်းအဆင့်သို့ ရောက်ရှိခဲ့ကြပြီးဖြစ်သည်။ ဂိုဏ်းအစ်ကိုကြီးလီချင်းသည် ထျန်းရှင်းအထွတ်အထိပ်အဆင့်ဖြစ်ပြီး တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် ထျန်းဝူအဆင့်နှင့် ယှဉ်နိုင်ပေသည်။ လင်းဖေးဝူနှင့် အခြားသူများသည်လည်း ထျန်းရှင်းနှောင်းပိုင်းအဆင့်သို့ ရောက်ရှိထားပြီးဖြစ်၏။
သူတို့၉ဦးကို မဟာနတ်ဆိုးရွှမ်ရှ ရှန်ရှန့်ကျုံဂိုဏ်းမှ ထွက်သွားပြီးနောက်တွင် ယဲ့မုချင်မှ ကသုတ်ကရက်ဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ ယဲ့မုချင်သည် စွမ်းအင်မြင့်မားသူဖြစ်လေရာ သူမ၏ အပြည့်အဝလေ့ကျင့်ပေးမှုဖြင့် လီချင်းတို့၉ဦးနှင့် အခြားဂိုဏ်းတပည့်များသည်လည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။
“ထျန်းကျွင်းအထွတ်အထိပ်အဆင့်ကို ကျွန်ေတာ်တို့ရဲ့တိုက်ခိုက်ချေမှုန်းစွမ်းရည်နဲ့ ကျိုရှောင်ရှန်းတောက်မဟာအစီအရင်နဲ့ဆိုရင် ကိုင်တွယ်နိုင်လောက်တယ်”
မုယွင်ဖေးသည် မေးစေ့ကို လက်ဖြင့်ပွတ်သပ်လျက်ဖြင့် တည်ကြည်လေးနက်စွာပြော၏။
ကျိုရှောင်ရှန်းတောက်မဟာအစီအရင်ကို ယဲ့မုချင်မှ သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ သူတို့သည် ထိုအစီအရင်၏ အစပိုင်းကို သဘောပေါက်နားလည်ပါသော်ငြား အပြည့်အဝ သဘောပေါက်နားလည်ခြင်း မဟုတ်သေးပါ။ သို့သော် ကျိုရှောင်ရှန်းတောက်မဟာအစီအရင်ကို အချို့အဝက် သဘောပေါက်နားလည်ရုံမျှဖြင့် အသုံးပြုလျှင်သော်မှ ၎င်းအစီအရင်၏စွမ်းအင်သည် သာမန်နတ်မင်းကျင့်ကြံမှုစွမ်းအင်များထက် သာလွန်ပေသည်။
“ကောင်းကင်ခွဲဖြာအရှင်… လူကြီးမင်းက ထျန်းကျွင်းအထွတ်အထိပ်အဆင့်ကို ကိုင်တွယ်ပေးနိုင်မလား?”
မုယွင်ဖေး၏စကားအဆုံးတွင် လီချင်းသည် ခေါင်းခါယမ်းလျက် အခန်းတွင်းရှိ နေရာတစ်ခုသို့အကြည့်ပို့လွှတ်ကာ
ရိုေသလေးစားမှုဖြင့် မေးမြန်းလိုက်သည်။
သူတို့၉ဦးမှ ကျိုရှောင်ရှန်းတောက်အစီအရင်ကို အသုံးပြုလျှင် ထျန်းကျွင်းအထွတ်အထိပ်နှင့် ယှဉ်နိုင်စွမ်းသည်မှာ အမှန်ဖြစ်ပါ၏။ သို့သော် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၌ ထျန်းကျွင်းအထွတ်အထိပ်အဆင့်သည် တစ်ဦးထက်မက ရှိနေနိုင်သည်။ လီချင်း လိုလားသည်မှာ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းနှင့် ယှဉ်ပြိုင်ရန်မဟုတ်ဘဲ ဂိုဏ်းကို ဖျက်ဆီးပစ်ရန်ဖြစ်၏။
ထို့ပြင် လီချင်းမှာ မိမိမှ အခြေအနေကို မှားယွင်းဆုံးဖြတ်ချက်ချမိခြင်းကြောင့်နှင့် ဂိုဏ်းတူညီ၊ညီမငယ်များကို အန္တရာယ်အတွင်းသို့ ကျရောက်စေ၍ မဖြစ်ချေ။
လီချင်း၏တုံ့ပြန်ပုံကိုမြင်သောအခါ လင်းဖေးဝူနှင့်အခြားသူများသည်လည်း လီချင်းကြည့်နေသည့်နေရာသို့ ကြည့်လိုက်ကြသည်။ သူတို့၏ မူလက မောက်မာထောင်လွှားဟန်ထဲတွင် လေးစားမှုလည်း ပါဝင်ထင်ဟပ်နေပေသည်။
ထိုတိုက်ပွဲမှစတင်၍ ရှန်ရှန့်ကျုံဂိုဏ်း၏ အင်အားအကြီးမားဆုံးဖြစ်သော ဂိုဏ်းချုပ်ကတော်နှင့် အလောင်းထိန်းချုပ်သူမျိုးနွယ်စုများမှအပ အခြားသော မည်သည့်ရှန်ရှန့်ကျုံဂိုဏ်းသားဖြစ်စေ သာမန်တံမြက်လှည်းသန့်ရှင်းလုပ်သည့် လူအိုကြီးတစ်ယောက်အသွင်ရှိသော ကောင်းကင်ခွဲဖြာအရှင်ကို အထင်မြင်မသေးဝံ့ကြတော့ပေ။ ထိုတံမြက်လှည်းသည့်လူအိုကြီးသည် လျှို့ဝှက်ဆန်းကြယ်သောတည်ရှိမှုကြီး ဖြစ်သည်။
လီချင်းတို့၉ဦးသည်ပင် ထိုကောင်းကင်ခွဲဖြာအရှင်မှာ ဂိုဏ်းချုပ်ကတော်၏ လေ့ကျင့်မှုအောက်တွင် မည်မျှထိ ရောက်ရှိနေခဲ့ပြီကို မသိပါချေ။ ဂိုဏ်းချုပ်ကတော် ဤနေရာတွင်ရှိနေပြီး ကာကွယ်ပေးပါလျှင် သူတို့၏အင်အားမှာ ယွမ်ဟွားကောင်းကင်နယ်မြေတစ်ခွင်၌ ပြိုင်ဘက်ကင်းဖြစ်နိုင်၏။ သို့သော် လက်ရှိတွင်တော့ ကောင်းကင်ခွဲဖြာအရှင်သည် အင်အားအကြီးဆုံးဖြစ်သည်။
“ရတယ်။ စိုးရိမ်မနေဘဲ မင်းတို့လုပ်စရာရှိတာလုပ်ပါ”
နေရာရှိအရိပ်ထံမှ စကားသံထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ခွဲဖြာအရှင်သည် လူလုံးထွက်မပြဘဲ အမှောင်ထုထဲတွင် ပုန်းကွယ်နေ၏။ သို့သော် တစ်စုံတစ်ယောက်မှ လီချင်းနှင့်အခြားသူများကို ထိပါးလာပါလျှင် ကောင်းကင်ခွဲဖြာအရှင်၏ အကြင်နာကင်းမဲ့သည့်တိုက်ခိုက်မှုကို ခံယူရပေလိမ့်မည်။
ပုံမှန်အချိန်များ၌ ကောင်းကင်ခွဲဖြာအရှင်သည် လီချင်းတို့မှ အသက်အန္တရာယ်ကြုံတွေ့ရခြင်း မဟုတ်သ၍ ဝင်ရောက်လှုပ်ရှားမည် မဟုတ်ပါ။ သို့သော် ဤတစ်ကြိမ်ကိစ္စရပ်မှာ ဂိုဏ်းချုပ်အတွက် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းနှင့် ရင်ဆိုင်ခြင်းဖြစ်သည်။ လီချင်းတို့မှ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ဘိုးဘေးများကို ထွက်လာစေနိုင်ခဲ့ပါလျှင် သူ့အနေဖြင့် လီချင်းတို့ကို ကူညီရမည်မှာ အထွေအထူးမဟုတ်ပါချေ။
“ကောင်းကင်ခွဲဖြာအရှင်ကို ကျေးဇူးတင်ပါတယ်”
ကောင်းကင်ခွဲဖြာအရှင်ထံမှ အတည်ပြုချက်ရပြီးနောက် လီချင်းတို့သည် ဝမ်းမြောက်သွားကြ၍ ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။
ထို့နောက် လီချင်းတို့သည် စားပွဲတွင်စုဝေးကြ၍ လှုပ်ရှားမည့်အစီအစဉ်ကို ဆက်လက်ဆွေးနွေးကြသည်။
“ရန်သူက အလင်းထဲမှာ၊ ကျွန်တော်တို့က အမှောင်ထဲမှာ စောင့်ဆိုင်းနေမယ်။ ကြည့်ရသလောက်တော့ ကျွန်တော်တို့ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းရဲ့ မျိုးဆက်ငယ်လေးတွေကနေ စတင်သင့်တယ်။ အဲ့ကနေမှ တဖြေးဖြေးချင်း ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းကို ယွမ်ဟွားကောင်းကင်နယ်မြေကနေ အပြီးတိုင် ပျောက်ကွယ်သွားသည်အထိ ဖြိုခွင်းသွားလိုက်မယ်”
ရှောင်းယွင်ဖုန်းသည် မျက်လုံးတောက်တောက်များဖြင့် တွေးတွေးဆဆပြော၏။
“အဓိပ္ပာယ်ရှိတယ်။ အဲ့နည်းလမ်းနဲ့ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းကို စိုးရိမ်ထိတ်လန့်စေပြီး စိတ်ပိုင်းဆိုင်ရာလည်း ဒုက္ခခံစားရစေနိုင်တယ်”
ယန်ရှန်းမှ ထောက်ခံ၏။
“အရမ်းကောင်းတယ်။ သူတို့ကို ဒီတိုင်းလေးလွယ်လွယ်ကူကူ ဖျက်ဆီးပစ်လိုက်ရင် သူတို့အတွက် အရမ်းသက်ညှာလွန်းရာကျသွားမှာပေါ့”
မုယွင်ဖေးမှလည်း ပြောလာခဲ့သည်။
“အဲဒီ့နည်းလမ်းက တကယ်ပဲကောင်းပါတယ်။ ဒါပေမဲ့ အဲဒီလိုက အစပိုင်းမှာ သတ်ဖြတ်ဖို့လွယ်ကူပေမယ့် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းက တစ်ခုခုမူမမှန်တာကို သတိထားမိသွားတာနဲ့ မြို့တစ်ခုလုံးကို သတိချပ်စောင့်ကြပ်လိမ့်မယ်။ အဲဒီ့အခါကျရင် သူတို့ကိုသတ်ဖြတ်ဖို့ အခွင့်အရေးကိုထပ်စောင့်ဆိုင်းရလိမ့်မှာ.. သိပ်ပြီးလွယ်ကူနေမှာတော့ မဟုတ်ဘူး”
လီချင်းမှ အလေးအနက်ထား သုံးသပ်၏။
“အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံးနေရာပဲဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲပေါ့။ ကျွန်တော်တို့ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းထဲကို ရောယောင်ပြီးဝင်သွားကြမယ်။ ပြီးရင် စတိုက်ခိုက်ပြီး မြေပြင်အခြေအနေကို ပြောင်းလဲတာမယ်။ အဲ့လိုက ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းကို နှိုးဆွမိသွားတယ်ဆိုရင်တောင် ဂိုဏ်းတစ်ခုလုံးကို သံသယနဲ့မွှေနှောက်တာမျိုးတော့ ဖြစ်နိုင်ပါ့မလား? လူသတ်သမားက အပြင်လူလို့ပဲ သူတို့ထင်ကြလိမ့်မှာ။ လူသတ်သမားက ကိုယ့်ရဲ့ဂိုဏ်းသားလို့တော့ တွေးမိကြမှာမဟုတ်ဘူးလေ”
မုယွင်ဖေးသည် မျက်လုံးများတောက်ပစွာဖြင့် အကြံပေးခဲ့သည်။
“ဟုတ်တယ်။ ဒီနည်းလမ်းက ဖြစ်နိုင်ခြေရှိတယ်”
မုယွင်ဖေး၏အကြံဉာဏ်ကို အခြားသူများသည် အချိန်ခဏကြာ စဉ်းစားသုံးသပ်ကြပြီးနောက်တွင် သဘောတူညီခဲ့ကြသည်။
“ဒီလိုသတ်မှတ်လိုက်ပြီဆိုတော့ ကျွန်တော်တို့ကို ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းရှိတဲ့ မြို့သခင်စံအိမ်တော်ကို ပို့ဆောင်ပေးဖို့ကို ကောင်းကင်ခွဲဖြာအရှင် လူကြီးမင်းကိုပဲ ဒုက္ခပေးရတော့မယ်”
“ပြီးတော့ မင်းတို့ ဂိုဏ်းချုပ်ကတော် ပေးထားခဲ့တဲ့ အသက်ရှူထိန်းချုပ်ရတနာကို အားထုတ်သုံးစွဲပြီး ကိုယ့်ကိုယ်ကို သေချာဖုံးကွယ်ထားကြပါ”
“ပြီးတော့ မှတ်ထား.. တစ်ကြိမ်နဲ့မအောင်မြင်ဘူး လွဲချော်သွားတယ်ဆိုရင် ချက်ချင်းရပ်လိုက်။ ကိုယ့်ကိုယ်ကို ဖော်ထုတ်မခံရအောင် ထိန်းသိမ်းနိုင်မှ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းသားတွေကိုလည်း ပိုများများသတ်နိုင်မှာ။ အကျိုးအမြတ်တစ်ခု၊နှစ်ခုအတွက်နဲ့ အဓိပ္ပာယ်မရှိတဲ့ ဆုံးရှုံးမှုမျိုး ဖြစ်စေလို့မဖြစ်ဘူး”
လီချင်းသည် ဂိုဏ်းတူညီ၊ညီမငယ်များကို တည်ကြည်လေးနက်စွာဖြင့် သတိပေးပြောဆိုခဲ့သည်။ ထိုအခိုက်အတန့်တွင် လီချင်း၏ ဂိုဏ်းတူအစ်ကိုအကြီးဆုံးအရှိန်အဝါမှာ ခမ်းနားထည်ဝါနေလေရာ မုယွင်ဖေးနှင့်အခြားသူများမှလည်း တည်ကြည်လေးနက်စွာ နားထောင်လက်ခံခဲ့ကြသည်။