အစ်ကိုကြီးရေ ငါမှားပါတယ်!
Vol. 31 Ch. 436
Translator - Hsue Htet
လျိုရွှီ၏ အားနည်းဖျော့တော့နေသည့်ပုံစံကို မြင်ရသောအခါ လျန်ဖန်းကျစ်သည် ဂုဏ်ယူဝံ့ကြွားစွာ ပြုံးရယ်လေသည်။
“ဂိုဏ်းတူအစ်မ မင်းကိုယ်မင်း အရမ်းတုံးတယ်လို့ မထင်ဘူးလား? ထျန်းကျုံဆေးလုံးရတာနဲ့ မင်းတစ်ယောက်တည်း အပိုင်သိမ်းယူနိုင်မယ်လို့ ထင်တယ်ပေါ့လေ? ထျန်းကျုံဆေးလုံးကို ထျန်းကျုံအဆင့်ကျင့်ကြံသူကပဲ သုံးစွဲနိုင်တယ်တဲ့။ ဒါပေမဲ့ ဒီဂိုဏ်းတူမောင်လေးကလည်း ထျန်းကျုံအဆင့်နဲ့ သိပ်မကွာဝေးတော့တဲ့ ထျန်းယုအထွတ်အထိပ်အဆင့်ကို ရောက်နေပြီလေဗျာ”
“နင်…!”
လျိုရွှီ၏ မျက်နှာလှလှလေးမှာ ဒေါသဖုံးလွှမ်းနေလျက် မျက်လုံးလှလှများမှာလည်း ထိတ်လန့်ဖွယ် သတ်ဖြတ်လိုခြင်းအငွေ့အသက်များဖြင့် လျန်ဖန်းကျစ်ကို စိုက်ကြည့်နေခဲ့သည်။ လျိုရွှီသည် အားကုန်သုံး၍ လျန်ဖန်းကျစ်ကို နေရာမှာပင် သတ်ပစ်ချင်လှသည်။ သို့သော် သူမ၏အားနည်းချိနဲ့နေသော ခန္ဓာကိုယ်မှာ အင်အားစိုးစဉ်းသော်မျှ စိုက်ထုတ်နိုင်စွမ်း မရှိပါချေ။
ကြီးမြတ်သော ထျန်းကျုံအဆင့်မှာ ယခု၌ သာမန်လူသားတစ်ဦးကဲ့သို့ အခြားသူ၏ အနိုင်ယူခြင်းကို ခံနေရလေသည်။
“ဂိုဏ်းတူအစ်မ အပြစ်တင်ချင်ရင် အရမ်းလှလွန်းနေတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာပဲ! မင်းက လှလွန်းလို့ ဂိုဏ်းရဲ့နတ်ဘုရားမ,ကတောင် မင်းကို မနာလိုဖြစ်ပြီး ဖျက်ဆီးပစ်ချင်တဲ့အထိပဲလေ!”
“ဒီဂိုဏ်းတူမောင်လေးက မထူးချွန်ပါဘူး။ ဂိုဏ်းတူအစ်မကို အချိန်အကြာကြီး ချစ်စိတ်ဝင်နေခဲ့တာကြောင့်သာ ဒီတာဝန်ကို လက်ခံလုပ်ဆောင်ခဲ့တာပါ!”
“ဂိုဏ်းတူအစ်မက ဒီလောက်လှပပြီး ဆွဲဆောင်မှုရှိတာ.. ဒီဂိုဏ်းတူမောင်လေးကို ဖြည့်ဆည်းပေးလိုက်ပါလား?”
လျန်ဖန်းကျစ်သည် ပြုံးစစဖြင့် လျိုရွှီကို တပ်မက်ပြင်းပြစွာ ကြည့်နေ၏။ လျိုရွှီ၏ စွဲမက်ဖွယ်ခန္ဓာကိုယ်လေးကို အထက်အောက်စုန်ဆန်ကြည့်နေခဲ့သည်။
လျန်ဖန်းကျစ်၏စကားကြောင့် လျိုရွှီ အံ့အားသင့်သွား၏။ သူမသည် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ ဂုဏ်သရေကြီးမြတ်သော လက်ရွေးစင်တပည့်တစ်ဦးဖြစ်လေရာ လျန်ဖန်းကျစ်ကို ခိုင်းစေသူရှိနေခဲ့မည်ဟု သူမ,ထင်မထားခဲ့ပေ။ သူမ၏ စိတ်နှလုံးမှာ မျှော်လင့်ချက်ပျက်သုဉ်းသွားရသည်။
ခိုင်းစေသူမှာ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ နတ်ဘုရားမ,ဖြစ်ပြီး နောက်မျိုးဆက်၏ ဆက်ခံသူဖြစ်သည်။
သူမ၏ အလှတရားကို မနာလိုခြင်းကြောင့်နှင့် သူမကို ဖျက်ဆီးပစ်လိုသည်တဲ့! ဒီလိုလူမျိုးက နတ်ဘုရားမ,ဖြစ်ဖို့ ထိုက်တန်ရဲ့လား?
“နင် ဂိုဏ်းချုပ်နဲ့ ဂိုဏ်းအကြီးအကဲတွေ အမျက်ဒေါသထွက်မှာ မကြောက်ဘူးလား?”
လျိုရွှီသည် လျန်ဖန်းကျစ်ကို စူးရဲစွာ စိုက်ကြည့်နေဆဲဖြင့် တည်ကြည်လေးနက်စွာပြောသည်။
လျိုရွှီ၏ အထုံပါရမီသည် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ များပြားလှသော လက်ရွေးစင်တပည့်များ၏ ထိပ်တန်းအဆင့်ထဲတွင် ပါဝင်သည်။ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ ပကတိအင်အားအတွက်လည်း အရေးပါ၏။ ထိပ်တန်းလက်ရွေးစင်တပည့်တစ်ဦး၏ သေဆုံးခြင်းသည် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းတစ်ခုလုံးကို ပွက်လောရိုက်သွားရန် လုံလောက်ပေသည်။
ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းသည် ယွမ်ဟွားကောင်းကင်နယ်မြေတွင် ကြီးမားသည့် အင်အားစုကြီးတစ်ခုဖြစ်သော်ငြား ထိပ်တန်အင်အားစုကြီးများနှင့် မယှဉ်နိုင်ပေ။ သို့ဖြစ်ရာ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းအတွက် လက်ရွေးစင်တပည့်ဟူသည် အလွန်အရေးပါ၏။
“ဂိုဏ်းတူအစ်မက အရမ်းတုံးတာပဲဗျာ။ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေရဲ့ သဘောတူညီမှုကြောင့်သာမဟုတ်ရင် ဒီဂိုဏ်းတူမောင်လေးက ဒီလိုလုပ်ရပ်ကို လုပ်ရဲမှာတဲ့လား? နတ်ဘုရားမက ထျန်းရှင်းအဆင့်ကို တက်လှမ်းသွားပြီ။ နတ်ဘုရားမရဲ့ အထုံပါရမီက ယွမ်ဟွားကောင်းကင်နယ်မြေရဲ့ မျိုးဆက်သစ်မှာ ထိပ်တန်းအဆင့်ဝင်တယ်။ ဒီလိုထိပ်တန်းမျိုးဆက်သစ်ရဲ့ တောင်းဆိုမှုကို ဂိုဏ်းချုပ်နဲ့ ဂိုဏ်းအကြီးအကဲတွေက သဘောမတူဘဲရှိပါ့မလား?”
လျန်ဖန်းကျစ်သည် ခပ်ဟဟရယ်မောလျက် လျိုရွှီကို ပျက်ရယ်ပြု၏။
“ဘာ?!”
“မဖြစ်နိုင်တာ!”
လျိုရွှီမှ မယုံကြည်နိုင်စွာဖြင့် ရေရွတ်၏။ သူမ၏ မျက်နှာမှာ အလွန်ဖြူဆုတ်လာခဲ့ပြီး လျန်ဖန်းကျစ်၏ စကားများကို ဝိုးတဝါးယုံကြည်မိလာခဲ့သည်။ လျန်ဖန်းကျစ်၏ စကားများမှာ အမှန်မဟုတ်ပါလျှင်.. ထိုသူမှာ နတ်ဘုရားမ ဆိုလျှင်သော်မှ လက်ရွေးစင်တပည့်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ရန် မခိုင်းစေဝံ့နိုင်ပေ။
လျိုရွှီသည် ထိတ်ထိတ်ပျာပျာဖြင့် ရုန်းကန်၍ သူမ၏ခန္ဓာကိုယ်တွင်းမှ ဆေးလုံးကိုဖျက်ဆီးရန် ကြိုးပမ်း၏။ သို့သော် သူမ မည်မျှရုန်းကန်သည်ဖြစ်စေ ဆေးလုံးကို ဖျက်ဆီးမရနိုင်ချေ။
“ဂိုဏ်းတူအစ်မ အပင်ပန်းခံမနေပါနဲ့တော့။ အဲဒါက ထျန်းရှင်းအဆင့် နဂါးအိပ်စက်ခြင်းဆေးလုံးလေ။ မင်းတစ်ယောက်တည်းအင်အားနဲ့ ဒီဆေးလုံးရဲ့စွမ်းအင်ကို မဖျက်ဆီးနိုင်ဘူး”
လျိုရွှီမှ အသည်းအသန် ရုန်းကန်နေသည်ကို မြင်သောအခါ လျန်ဖန်းကျစ်သည် ခေါင်းတရမ်းရမ်းဖြင့် ထေ့ငေါ့ပြောဆိုလေသည်။
“ဒါပေမဲ့ ဂိုဏ်းတူအစ်မရဲ့ ဒီပုံစံလေးက ဒီဂိုဏ်းတူမောင်လေးကို စိတ်လှုပ်ရှားစေတယ်ဗျာ။ ကျွန်တော် ဂိုဏ်းတူအစ်မကို ကောင်းကင်ဘုံထိပ်ဆုံးကို ရောက်သွားသလို ခံစားချက်မျိုးဖြစ်အောင် လုပ်ဆောင်ပေးပါရစေ”
လျန်ဖန်းကျစ်သည် စိတ်မကောင်းဟန် တစ်ချက်ပြုံးရယ်လိုက်ပြီးနောက် လျိုရွှီသို့ စိတ်ပြင်းပြစွာ နီးကပ်သွားသည်။
“ငါ့ကို ထိရဲရင်ထိကြည့်! ငါနင့်ကို သတ်ပစ်မယ်!”
လျိုရွှီသည် သူမ၏အနီးသို့ လျှောက်လာနေသည့် လျန်ဖန်းကျစ်ကို စူးရဲစွာစိုက်ကြည့်လျက် ကြိမ်းဝါး၏။
“မဖြစ်နိုင်တာ! မဖြစ်နိုင်တာ! ဂိုဏ်းတူအစ်မရယ် မင်းကိုယ်မင်း ဒီနေ့အသက်ရှင်နိုင်ဦးမယ်လို့ ထင်နေသေးတာလား?”
လျိုရွှီ၏ကြိမ်းဝါးမှုကို လျန်ဖန်းကျစ်သည် ပိုလွန်းသောအမူအရာတို့ဖြင့် ထေ့ငေါ့ပြောဆိုလေသည်။ သူသည် ခြေလှမ်းကိုလည်း မရပ်တန့်ဘဲ ပို၍ပို၍ လျင်မြန်လာနေကာ အချိန်ခဏလေးအတွင်း၌ပင် လျိုရွှီ၏ဘေးသို့ ရောက်လာခဲ့သည်။
“ဂိုဏ်းတူညီလေး၇ မင်းရဲ့ မိန်းမလှလေးကိုကယ်တင်တဲ့သူရဲကောင်းဖြစ်ဖို့ အခွင့်အရေးလာပြီနော်”
မုယွင်ဖေးမှ တီးတိုးပြောဆို၏။ မုယွင်ဖေးသည် လက်ကိုဆန့်တန်း၍ သူ၏တုံးအ,သော ဂိုဏ်းတူညီေလးယန်ရှန်း၏ ပခုံးကိုပုတ်၍ အားပေးလိုခဲ့သော်ငြား သူလက်လှမ်းမိသည်မှာ ဗလာနတ္ထိဖြစ်နေခဲ့သည်။ မုယွင်ဖေး လှည့်ကြည့်လိုက်ရာ ယန်ရှန်း ရှိမနေတော့ပေ။
မုယွင်ဖေးမှာ ထိတ်လန့်သွား၍ အလျင်အမြန် နေရာတစ်ဝိုက်ကို ဝေ့ဝဲရှာဖွေရတော့သည်။ ယန်ရှန်းသည် လျန်ဖန်းကျစ်အနီးသို့ ဖြေးဖြေးချင်းတိုးကပ်သွားနေသည်ကို မြင်သောအခါ မုယွင်ဖေး၏နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွား၏။
ခွီးး!
အဲဒီ့ခွေးတိရစ္ဆာန်ကမှ ငါ့ရဲ့ဂိုဏ်းတူညီလေးထက် ပိုကောင်းသေးတယ်! ငါ့ဂိုဏ်းတူညီလေးကတော့ ပါးစပ်က မလုပ်ဘူး၊ မလုပ်ဘူး ငြင်းနေပြီး ခုတော့ ခန္ဓာကိုယ်က ရိုးသားပြနေပြီလေ!
မျက်တောင်တစ်ခတ်မျှအချိန်အတွင်း၌ ယန်ရှန်းသည် လျန်ဖန်းကျစ်၏နောက်သို့ ရောက်သွား၏။ လျန်ဖန်းကျစ်သည် လျိုရွှီကို ကိုယ်ကိုကိုင်း၍ ဖိနှိပ်တော့မည်အပြုတွင် နောက်ကျောမှ အရိုးစိမ့်သည့်အေးစက်မှုကြီးကို ခံစားလိုက်ရသည်။ ကနဦးက လျန်ဖန်းကျစ်ကို ကြည့်နေခဲ့သည့် လျိုရွှီသည်လည်း လျန်ဖန်းကျစ်၏နောက်ကျောကို အံ့အားသင့်စွာကြည့်လာခဲ့၏။
ထိုအေးစိမ့်မှုကြောင့် လျန်ဖန်းကျစ်သည်လည်း ဝိဉာဉ်လွင့်လုမတတ်ဖြစ်သွားရကာ ခန္ဓာကိုယ်တွင်းစွမ်းအင်များကို သွေးရူးသွေးတန်း စီးဆင်းစေ၍ လက်နောက်ပြန်ထိုးချက်တစ်ခု ပစ်လွှတ်လိုခဲ့သည်။
သို့သော် အေးစက်သည့်ဓားရောင်ခြည်နှင့်အတူ ထက်ရှသည့်ဓားသွားသည် သူ၏ဦးခေါင်းနောက်မှ မျက်ခုံးနှစ်လွှာကြားသို့ ထိုးစိုက်ဝင်သွား၍ လျန်ဖန်းကျစ်၏ ဦးခေါင်းနှင့်ဝိဉာဉ်ထိတိုင် အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်လိုက်လေသည်။ ခန္ဓာကိုယ်မှာ မြေပြင်သို့လဲကျသွားပြီး အသက်ဝိဉာဉ် မရှိတော့ပေ။
ထျန်းယုအထွတ်အထိပ်အဆင့်မျှသည် ထျန်းရှင်းနှောင်းပိုင်းအဆင့် ယန်ရှန်းအတွက်တော့ ခွေးလေး၊ဝက်လေးကို သတ်ဖြတ်ရသည်ကဲ့သို့ လွယ်ကူလှသည်။
လျန်ဖန်းကျစ်ကို သတ်ဖြတ်ပြီးနောက် ယန်ရှန်းသည် အံ့အားရှုပ်ထွေးနေသည့် လျိုရွှီကို ကြည့်လိုက်သည်။ ထို့နောက် အလင်းတစ်စနှင့်အတူ လျိုရွှီ၏ဘေးသို့ ချက်ချင်းရောက်သွားလိုကိ၏။ ထို့နောက် မုယွင်ဖေးရှိရာသို့ ခေါ်ဆောင်သွားခဲ့သည်။
ယန်ရှန်း၏ လှုပ်ရှားပုံအဆင့်ဆင့်ကြောင့် မုယွင်ဖေးမှာ မင်သက်သွားရသည်။
ယန်ရှန်းကို စိတ်ထဲမှ ကျိန်ဆဲနေဆဲဖြစ်သော မုယွင်ဖေးသည် နေရာတွင်သာ တောင့်ခဲနေလျက် သူ၏ဘေးသို့ ပြန်ရောက်လာသည့် ယန်ရှန်းကို ကြောင်အစွာ ကြည့်နေမိလေသည်။
ဒီဂိုဏ်းတူအစ်ကိုကြီးက အချိန်အကြာကြီး တုံ့ဆိုင်းနေပြီးနောက်မှ မင်းကို သူရဲကောင်းက မိန်းမလှလေးကိုကယ်တင်ဖို့ အခွင့်အရေးပေးနိုင်လ်ိုက်ပြီလို့ ထင်မိခဲ့တာ။ မင်းကို လောကရဲ့ရှားပါးအလှလေးကို သိမ်းယူစေချင်တာကို မင်းက လူကိုမူးနောက်အောင် လုပ်နေတာပဲ!
မင်းဘာလို့ ငါ့ကို ဒီလိုပြန်ပေးဆပ်ရတာလဲ?
အဲဒီ့မိန်းကလေးက အရမ်းလှပလွန်းတာကိုသိရတော့ ဒီဂိုဏ်းတူအစ်ကိုကြီးကလည်း တစ်ယောက်တည်းသမားပဲဆိုတာကို သတိရသွားလို့များလားဟေ? ဒီဂိုဏ်းတူအစ်ကိုကြီးက လက်ကလေးကမ်းပေးရင် အလှလေးက သူ့ဘာသူ တစ်လှမ်းချင်း လျှောက်လှမ်းလာမယ်လို့ တွေးမိလို့လား?
မုယွင်ဖေးသည် ယန်ရှန်းကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေ၏။ မုယွင်ဖေးသည် အကြိမ်များစွာ ပါးစပ်တပြင်ပြင်ဖြင့် တစ်စုံတစ်ရာ ပြောလိုသော်ငြား စကားလုံးများမှာ လည်ချောင်းဝထိသာ တက်လာခဲ့ပြီး အပြင်သို့ ပြောမထွက်နိုင်ခဲ့ချေ။
“ဂိုဏ်းတူအစ်ကို သူ့ကို ဘယ်လိုလုပ်ရမလဲ?”
ယန်ရှန်းသည် လျိုရွှီကို ပွေ့ချီထားရင်းဖြင့် တုံးအစွာ မေးမြန်းလေသည်။ မုယွင်ဖေးမှာ ယန်ရှန်း၏ အပြစ်ကင်းစင်လွန်းလှသည့်မျက်နှာကို ဖြတ်ရိုက်ပစ်ချင်လှ၏။
“သတ်လိုက်!”
“အာ? ခုနကပြောတာ အဆင်ပြေတယ်မဟုတ်ဘူးလား?”
ယန်ရှန်းမှ ထိတ်လန့်တကြားဖြင့် မေး၏။
အခုထိ ဘာမှားနေလဲ မသိသေးဘူးလား? သူရဲေကာင်းက မိန်းမလှလေးကို ကယ်တင်တဲ့ကိစ္စလေးပဲကို လူကို မူးနောက်အောင်လုပ်ဖို့ လိုလို့လား?
ခုနက အနေအထားဖြင့်ပင် လျိုရွှီသည် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းကို စိတ်ပျက်သွားခဲ့ပြီမှာ သိသာလှသည်။ ယန်ရှန်းသည် မိန်းမလှလေးကိုကယ်တင်သည့် သူရဲကောင်းကြီးဖြစ်၍ ချိုသာစွာ စကားဆိုပါလျှင် လျိုရွှီသည်လည်း နာခံစွာဖြင့် ဘက်ပြောင်းလိမ့်မည် မဟုတ်ပါလော? ထိုကြင်နာမှုသည် ခွေးအရေခွံကဲ့သို့ လွှင့်ပစ်၍ရနိုင်သည့်အရာမျိုး မဟုတ်ပေ။
“မင်းဘာလို့ တကယ်ကြီးသတ်မလို့လဲ? အစ်ကိုကြီးရယ် ငါမှားပါတယ်!”
စိတ်ထဲမှ ကျိန်ဆဲနေသည့် မုယွင်ဖေးမှာ အံကိုတင်းတင်းကြိတ်၍ လက်ဝါးမြှောက်ကာ လျိုရွှီကို တကယ်ကြီးရိုက်ပစ်ရန်လုပ်နေသည့် ယန်ရှန်းကို မြင်လိုက်ရသောကြောင့် လန့်ဖျပ်သွားရကာ ယန်ရှန်းကို အလျင်စလိုဟန့်တား၍ အသံနက်ကြီးဖြင့် အော်ပစ်လိုက်ရလေသည်။
များစွာသော ဂိုဏ်းတူညီနောင်များအနက် ယန်ရှန်း၏ကျင့်ကြံမှုအရှိန်နှုန်းနှင့် တိုက်ကွက်များကို သိမြင်နားလည်သည့်အရှိန်နှုန်းများသည် သူတို့အားလုံးထက်ပို၍ အလွန်လျင်မြန်စွာ တိုးတက်ရသည့် အကြောင်းရင်းကို နောက်ဆုံးတွင်တော့ မုယွင်ဖေး သိသွားခဲ့လေပြီ။
ဒါက ဒဏ္ဍာရီလာ ‘နှလုံးသားထဲမှာ မိန်းမလှလေးတွေမရှိတဲ့ သဘာဝတရားကြီးကိုက ကျင့်ကြံဖို့အတွက် မွေးဖွားလာတဲ့သူ’ဆိုတာကြီး မဟုတ်လား?!
“အရင် မသတ်နဲ့ဦး။ ဒီတုံးအတဲ့မိန်းကလေးက အတော်လေး သနားဖို့ကောင်းတယ်။ သူ့မှာ သူရဲ့ဂိုဏ်းတူမောင်နှမတွေဆီကနေ သစ္စာဖောက်ခံခဲ့ရတာ။ ပြီးတော့ သူယုံကြည်ရတဲ့ အကြီးအကဲတွေရောပဲ။ အခု သူ့ရဲ့နှလုံးသားက လုံးဝ,ဝမ်းနည်းနေလိမ့်မှာ”
မုယွင်ဖေးသည် သတိလစ်မေ့မျောနေသည့် လျိုရွှီကိုကြည့်၍ သက်ပြင်းဖွဖွချလိုက်သည်။
ထိုစကားတွင် ယန်ရှန်း၏မျက်နှာမှာ တောင့်ခဲသွားပြီး သူ၏လက်မောင်းများထဲမှ လျိုရွှီကို ငုံ့ကြည့်လိုက်သည်။ တင်းတင်းကျပ်ကျပ် ဖိမှိတ်ထားသည့်မျက်လုံးများ၊ ဖြူဖျော့ဖျော့နှစ်လိုဖွယ် မျက်နှာလေး၊ အနည်းငယ်တွန့်ကျုံ့နေသည့် မျက်ခုံးနှစ်လွှာ၊ သွယ်လျသည့်နှာတံ၊ ချယ်ရီပန်းရောင်နှုတ်ခမ်းပါးတို့မှာ ရှင်းလင်းပြတ်သားစွာ စိတ်တွင်စွဲထင်ရစ်၏။ ဤသည်မှာ ယန်ရှန်းအတွက် မိန်းကလေးတစ်ဦးကို ဤမျှအသေးစိတ်အာရုံစိုက်ကြည့်ရှုဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
‘သန်မာထွားကြိုင်းတဲ့ ယောင်္ကျားလေးတွေနဲ့ မတူဘဲ ဒီမိန်းကလေးက အတော်လေး အားနည်းတာပဲ’
ယန်ရှန်းသည် လျိုရွှီကို အချိန်အတော်ကြာ ငေးစိုက်ကြည့်နေပြီးနောက် စိတ်ထဲမှ တွေးလိုက်၏။
ယန်ရှန်း၏ ထိုအတွေးကို မုယွင်ဖေး သိပါလျှင် သေချာပေါက် သွေးအန်ထွက်လောက်ပေသည်။
“သွားရအောင်! ဝူရှောင်းဂိုဏ်းတပည့်နည်းနည်းလောက် ထပ်သတ်ပြီးမှ ပုန်းကြရအောင်”
မုယွင်ဖေး ပြောလိုက်သည်။
နှစ်ဦးသားသည် ကိုယ်ကိုလှုပ်ယိမ်း၍ တောထဲမှ ထွက်ခွာကာ တောင်ထိပ်သို့ ရောက်ရှိသွားကြသည်။
ဤတစ်ကြိမ်တွင် လီချင်းတို့၉ဦးသည် အဖွဲ့၅ဖွဲ့ ခွဲထား၏။ မုယွင်ဖေးနှင့် ယန်ရှန်းတို့ကဲ့သို့ေသာ သူများသည် ထျန်းရှင်းနှောင်းပိုင်းအဆင့်၏ တွဲစပ်မှုဖြစ်သည်။ ထျန်းရှင်းအထွတ်အထိပ်အဆင့်ဖြစ်သော လီချင်းသည်တော့ တစ်ဦးတည်းလှုပ်ရှားသည်။
မုယွင်ဖေးတို့နှစ်ဦးမှ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ အတွင်းတပည့်များကို တိုက်ခိုက်သတ်ဖြတ်ချိန်တွင် အခြားသူများသည်လည်း အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ကြသည်။ အချိန်တိုလေးအတွင်း၌ပင် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ အတွင်းတပည့်၃၀ဦးနှင့် လက်ရွေးစင်တပည့် ၁၀ဦးနီးပါးကို သတ်ဖြတ်နိုင်ခဲ့သည်။
၁၅မိနစ်ခန့်မျှကြာပြီးနောက်တွင် လီချင်းတို့၉ဦးသည် အသီးသီး ပုန်းအောင်းလိုက်ကြသည်။ ထို့နောက် အသတ်ခံထားရသည့် အလောင်းများကို အခြားတပည့်များမှ ရှာတွေ့သွားခဲ့ပြီး ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းတစ်ခုလုံးမှာ ပွက်လောရိုက်သွားတော့သည်။
“ဘာတွေဖြစ်နေတာလဲ? ဘယ်သူက ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းကို ဒီလိုထိပါးရဲတာလဲ?!”
ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ ပင်မခန်းမဆောင်ကြီးထဲတွင်ဖြစ်သည်။ ဂိုဏ်းချုပ်ဝူမင်သည် ဒေါသဖြစ်လွန်း၍ ပေါက်ကွဲတော့မည့် မီးတောင်ကြီးကဲ့သို့ ဖြစ်နေလေသည်။ ကျားတစ်ကောင်ကဲ့သို့သော မျက်လုံးအစုံကို အလွန်မှေးကျုံ့ထားလျက် အောက်ဘက်ရှိ အကြီးအကဲများကို ကြည့်နေခဲ့ပြီး ဒေါသဖြင့်ဟိန်းဟောက်သံကြီးသည် ခန်းမတစ်ခွင် ပဲ့တင်ထပ်သွားသည်။ ဖိနှိပ်ညှဉ်းပန်းနိုင်စွမ်းသော စွမ်းအင်အဟုန်သည် ခန်းမတစ်ခုလုံးသို့ ဖုံးလွှမ်းသွားလေရာ ခန်းမဆောင်ကြီးလည်း အနည်းငယ်တုန်ခါသွား၏။
ပင်မခန်းမဆောင်ကြီးထဲ၌ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း အကြီးအကဲများအပြင် ဝတ်ရုံဖြူဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးတစ်ဦးလည်းရှိသည်။ ထိုအမျိုးသမီးသည် ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ နတ်ဘုရားမ လဲ့ကျွင်း ဖြစ်သည်။
ဂိုဏ်းချုပ်ဝူမင်၏ ဒေါသသံအောက်တွင် အကြီးအကဲများမှာ တိတ်ဆိတ်နေကြသည်။ သူတို့သည်လည်း စိတ်ထဲတွင် တူညီစွာ ဒေါသထွက်နေကြပါ၏။ ဤသည်မှာ နှစ်ပေါင်းထောင်သောင်းချီအတွင်း ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးဖြစ်သည်။
အတွင်းတပည့်၃၀၊ လက်ရွေးစင်တပည့်၉ဦး.. ထိုတပည့်များမှာ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်း၏ အနာဂတ်ဖြစ်၏။
အတွင်းတပည့်များချည်းသာ ဖြစ်ခဲ့လျှင် အဆင်ပြေသေးသည်။ ဒေါသဖြစ်ခဲ့လျှင်သော်မှ ဤမျှအခြေအနေထိ မဟုတ်လောက်ပေ။ သို့သော် လက်ရွေးစင်တပည့်၉ဦး၏ သေဆုံးမှုသည် ဂိုဏ်းချုပ်ဝူမင်နှင့် အကြီးအကဲများကို လုံးဝ ဒေါသဖြစ်စေ၍ နှလုံးအိမ်ကို လိမ်ညှစ်ခံရသည်ကဲ့သို့ ခံစားရပေသည်။
ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းတွင် လက်ရွေးစင်တပည့်များစွာ ရှိပါ၏။ သို့သော် တစ်ပြိုင်နက်တည်းဖြင့် ၉ဦးဆုံးရှုံးလိုက်ရခြင်းမှာ ဆုံးရှုံးမှုကြီးဖြစ်သည်။ ထိုလက်ရွေးစင်တပည့်၉ဦးဖြစ်လာစေရန် အနည်းဆုံး နှစ်ပေါင်းရာချီ အချိန်ယူရသည်ဖြစ်၏။
“ငါဂိုဏ်းချုပ်ကို သွားစုံစမ်းစစ်ဆေးပေးစမ်း! ဝူရှောင်းမြို့တစ်မြို့လုံးကို လှန်လှောရှာဖွေပြီးတော့ပဲဖြစ်ဖြစ် လူသတ်သမားကို ရအောင်ရှာလာရမယ်!”
ဂိုဏ်းချုပ်ဝူမင်သည် တိတ်ဆိတ်နေသည့် အကြီးအကဲများကို အော်ေငါက်ေပြာဆိုလိုက်သည်။
“ဟုတ်ကဲ့ပါ!”
အကြီးအကဲများသည်လည်း လျစ်လျူမရှုရဲပါ။ အလျင်အမြန် တုံ့ပြန်ဖြေကြား၍ လူသတ်သမားကို ရှာဖွေရန် ထွက်သွားကြသည်။ သို့ဖြင့် ခန်းမဆောင်ကြီးထဲ၌ ဒေါသပြင်းပြနေသည့် ဂိုဏ်းချုပ်ဝူမင်နှင့် နတ်ဘုရားမ လဲ့ကျွင်းတို့နှစ်ဦးသာ ကျန်ရစ်ခဲ့သည်။
“ဂိုဏ်းချုပ် တခြားအင်အားစုကြီးတွေက ကျွန်မတို့ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းကို ပစ်မှတ်ထားနေတာလို့ ထင်လား? ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းမှာ တိုးတိုးတိတ်တိတ်လူသတ်ပြီး အေးအေးဆေးဆေး ပြန်ဆုတ်သွားနိုင်တယ်ဆိုတာက အဲဒီ့အင်အားစုကြီးတွေအပြင် တခြားမရှိဘူး မဟုတ်လား?”
လဲ့ကျွင်းသည် တောက်ပသောမျက်လုံးတို့ဖြင့် ဂိုဏ်းချုပ်ဝူမင်ကို ကြည့်၍ သုံးသပ်ပြောဆို၏။ အေးစက်နှစ်လိုဖွယ်သော အသံသည် ခန်းမတစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။