← Chapters

ယန်လုံ ကမ္ဘာမြေသို့ဆင်းသက်

Vol. 32 Ch. 440

ယန်လုံ ကမ္ဘာမြေသို့ဆင်းသက်

Vol. 32 Ch. 440

Translator - Hsue Htet 

ဘုန်း!

ဟွေ့ကန်းမှ ပစ်လွှတ်လိုက်သည့် ရွှေရောင်လက်သီးထိုးချက်သည် လေဟာပြင်တစ်ခုလုံးကို တုန်ခါနေစေသည်။ ကျောက်လုံးတိုင်တောအုပ်ကြီးတစ်ခုလုံးကိုလည်း အဆက်မပြတ် တုန်ခါနေစေ၏။ ကျောက်လုံးတိုင်‌ေတာအုပ်ကြီး၌လည်း ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းကြီးများ နေရာအနှံ့ဖြစ်တည်နေခဲ့သည်။

သို့သော်ငြား ၎င်းစွမ်းအင်သည် ကျောက်လုံးတိုင်များကိုမူ ထိခိုက်မှုစိုးစဉ်းမျှ မဖြစ်စေပေ။

“ချင်းလျန်ကျန့်စုန့်!”

“ကျစ်ရှောင်းနတ်မိုးကြိုး!”

“...!”

ဟွေ့ကန်း၏လက်သီးထိုးချက်နှင့် ရင်ဆိုင်ရန်အတွက် လီပိုင်၊ ရှီကန်တန့်နှင့် အခြားသူများသည် အသီးသီးလှုပ်ရှားလိုက်ကြသည်။ ခမ်းနားကြီးကျယ်လှစွာသောစွမ်းအင်များ ဖြာထွက်လာကာ ဓားချီများ၊ မိုးကြိုးစွမ်းအင်အလင်းများသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့တောက်ပသွားခဲ့ပြီး ရက်စက်ကြမ်းကြုတ်လှစွာသော ခုခံမှုစွမ်းအင်ကြီးသည် ရွှေရောင်လက်သီးထိုးချက်သို့ ဦးတည်သွားသည်။

ဘုန်း!

ရှီကန်တန့်နှင့်အခြားသူများ၏ ခုခံတိုက်ကွက်များသည် ‌ဟွေ့ကန်း၏လက်သီးထိုးချက်နှင့် ရုတ်ချည်းထိခတ်သွားပြီး နားကွဲလုမတတ်သော ပေါက်ကွဲသံကြီးမြည်ဟီးလာ၏။ ကမ္ဘာလောကကြီး ပျက်စီးတော့မည့်အလား ကောင်းကင်လေဟာပြင်မှာ အက်ကွဲကြောင်းများစွာ ဖြစ်တည်သွားပြန်သည်။

ရှီကန်တန်နှင့်အခြားသူများသည် ကြောက်ခမန်းလိလိသော ကျင့်ကြံသူများဖြစ်ကြပြီး သူတို့၏ တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် ကျင့်ကြံဆင့်ထက် သာလွန်ထူးကဲ၏။ သို့သော် ထျန်းကျွင်းအထွတ်အထိပ်အဆင့် ဟွေ့ကန်းနှင့် ရင်ဆိုင်ရန်အတွက်မူ လိုအပ်နေသေးသည်။ ဟွေ့ကန်းမှ သူ၏အင်အား၈၀ရာခိုင်နှုန်းကိုသာ သုံးစွဲခဲ့ခြင်းဖြစ်သော်ငြား သူတို့အတွက် ခုခံနိုင်ရန် ခက်ခဲနေဆဲဖြစ်၏။

မိုးကြိုးသွားခန်းမဆောင်အရှင်တစ်ပါးဖြစ်သည့်အလျောက် ဟွေ့ကန်းသည် သာမန်‌ထျန်းကျွင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူ မဟုတ်ပေ။ သူ၏တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် ယွမ်ဟွားကောင်းကင်နယ်မြေတစ်ခွင်၌ ထိပ်တန်းအဆင့်ဝင်ဖြစ်သည်။ ပင်မအင်အားစုကြီးများနှင့်ယှဉ်၍ ဒုတိယအဆင့်ဖြစ်သည်။

ရှီကန်တန်တို့၏ ခုခံမှုသည် လက်သီးထိုးချက်ကို အချိန်ခဏသာ ခုခံနိုင်ခဲ့သည်။ 

ကြောက်မက်ဖွယ်ရွှေရောင်လက်သီးထိုးချက်သည် ဝမ်ဖုန်းနှင့် အခြားသူများကို ရွှေရောင်ဧရာမတောင်လုံးကြီးမှ ဝါးတိုင်လုံးများကို ဖိနှိပ်သည့်အလား ထိခတ်သွား၏။

ဘုန်း!

ထိုသို့သော ကပ်ဘေးကျရောက်သည့်အ‌ေခြအနေတွင် ကျောက်လုံးတိုင်တောအုပ်ကြီးသည် ရုတ်တရက် တုန်ခါလာခဲ့၏။ မြေနဂါးတစ်ကောင်မှ အထက်သို့လှည့်ပြောင်းပေါ်ထွက်လာသည်ကဲ့သို့ မြေပြင်ကြီးမှာ အက်ကွဲကြောင်းကြီးပွင့်ဟလာ၍ ထို့နောက်တွင်လည်း မြေပြင်အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့သည်။

တစ်ပြိုင်နက်တည်းပင် ထျန်းကျွင်းအထွတ်အထိပ်အဆင့်၏ စွမ်းအင်ဖြင့်ပင် စိုးစဉ်းမျှ ထိခိုက်မှုမရှိခဲ့သော ကျောက်လုံးတိုင်များသည် တစ်တိုင်ပြီးတစ်တိုင် မြေပြင်သို့ ပြိုလဲကျကုန်သည်။ အချိန်ခဏလေးအတွင်း၌ပင် ကျောက်လုံးတိုင်တောအုပ်ကြီးသည် ကျောက်စရစ်ခဲများပြန့်ကျဲနေသည့် ပျက်စီးနေသောနေရာတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ဟမ်!

ဝမ်ဖုန်းနှင့်အခြားသူများ ရပ်နေသည့် ကျောက်တုံးကြီးအောက်မှ အနက်ရောင်အလင်းတန်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး ဟွေ့ကုန်း၏ ရွှေရောင်လက်သီးထိုးချက်ကို ထိုးဖောက်ဖြိုခွင်းသွားခဲ့သည်။ ထိုအနက်ရောင်အလင်းတန်း၏ ထိခတ်မှုတွင် ရွှေရောင်လက်သီးထိုးချက်မှာ စက္ကူတစ်ရွက်အလား ပြိုကွဲပျက်စီးသွားလေသည်။

ရွှေရောင်လက်သီးထိုးချက်ကို ဖျက်ဆီးပြီးနောက် အနက်ရောင်အလင်းတန်းသည် ပို၍အားပြင်းထန်လာကာ ဟွေ့ကန်းသို့ တည့်တည့်ဦးတည်သွား၏။ အလွန်လျင်မြန်လှသော အရှိန်နှုန်းကြောင့် ဟွေ့ကန်း၏မျက်လုံးများ မှေးကျဉ်းသွားလျက် ခန္ဓာကိုယ်ကိုလှုပ်ယိမ်း၍ ထိုအနက်ရောင်အလင်းတန်းကို ဟန့်တားလိုခဲ့သည်။

ဟွေ့ကန်း၏တုံ့ပြန်မှုမှာ အလွန်မြန်ဆန်ပြီး စွမ်းအင်စီးဆင်းမှုမှာလည်း အလွန်လျင်မြန်၏။ သို့သော် အနက်ရောင်အလင်းတန်း၏ အရှိန်နှုန်းထက် ပို၍မလျင်မြန်ပေ။ ဟွေ့ကုန်းမှ ခန္ဓာကိုယ်တွင်းစွမ်းအင်ကို စီးဆင်းစေရုံအချိန်၌ အနက်ရောင်အလင်းတန်းသည် ဟွေ့ကုန်းကို ထိခတ်သွားခဲ့လေပြီ။

အဟွတ်!

အနက်ရောင်အလင်းတန်းသည် ထက်ရှသည့်ဓားတစ်လက်ကဲ့သို့ ဟွေ့ကုန်း၏ခန္ဓာကိုယ်ကို ညှာတာမှုကင်းမဲ့စွာ ထိုးဖောက်သွား၏။ ဟွေ့ကုန်းမှာ သွေးများအန်ထွက်သွားရလျက် အင်အားကြီးမားလှစွာသောစွမ်းအင်သည် ဟွေ့ကုန်းကို လွင့်ထွက်သွားစေ၍ အဝေးရှိ မြေပြင်သို့ပြုတ်ကျလေရာ မြေပြင်မှာ တွင်းနက်ကြီးဖြစ်သွားရသည်။

အခြေအနေပြောင်းလဲမှုကြောင့် ဟွေ့ကုန်းနှင့် အခြားဗုဒ္ဓ‌ဂိုဏ်းသားများသည် မြူခိုးငွေ့များထူထပ်နေသည့် ကျောက်တုံးထက်ကို မျက်လုံးအိမ်များမှေးကျဉ်း၍ အကဲခတ်ကြည့်နေကြသည်။ နှလုံးအိမ်မှာ အကြောင်းရင်းတိတိကျကျမရှိဘဲ တုန်လှုပ်သွားရလျက် ရှင်းပြ၍မရနိုင်သော စိုးရိပ်ပူပန်မှုတစ်မျိုးကို ခံစားလိုက်ကြရသည်။

သူတို့သည် ဟွေ့ကန်း၏အင်အားကို ကောင်းစွာသိပါ၏။ နေရာရှိ ဗုဒ္ဓဂိုဏ်းသားအားလုံးထဲတွင် ဟွေ့ကန်းကို ထိန်းသိမ်းနိုင်သည်ဟု ပြောဆိုဝံ့ရဲသူမှာ ဂိုဏ်းချုပ်ဟွေ့ကုန်း တစ်ဦးတည်းသာရှိသည်။ ကျန်ဗုဒ္ဓဂိုဏ်းသားများမှာ ဟွေ့ကန်းနှင့် မတိမ်းမယိမ်းပင်ဖြစ်၏။

သို့သော် အမည်မသိပုဂ္ဂိုလ်တစ်ဦး၏ တိုက်ခိုက်မှုတစ်ချက်သည် ဟွေ့ကန်းကို ရုတ်ချည်းထိခတ်သွားခဲ့လေရာ ထိုတိုက်ခိုက်မှုတစ်ချက်၏ ကြောက်ခမန်းလိလိစွမ်းအင်ကို စိတ်ကူးကြည့်နိုင်ပါ၏။

ဟွေ့ကန်းမှ သတိလက်လွတ်ရှိချိန်ဖြစ်သည့် အကြောင်းပြချက် ရှိလျှင်သော်မှ ထိုတိုက်ခိုက်သူမှာ အလွန်အင်အားကြီးမားသည်ကိုမူ ငြင်းဆန်၍မရနိုင်ချေ။

အချိန်ခဏမျှ ဟွေ့ကုန်းနှင့်အခြားဗုဒ္ဓဂိုဏ်းသားများမှာ မျက်နှာအမူအရာလေးနက်၍ ခန္ဓာကိုယ်များ တောင့်ခဲသွားကြ၏။ ၎င်းမြူခိုးထုထဲတွင် သူတို့ကို နှလုံးအိမ်တုန်လှုပ်စေသည့် အရှိန်အဝါရှိနေသည်ကို ခံစားမိနေခဲ့သည်။

“အဟွတ်! အဟွတ်!”

ဟွေ့ကန်း၏မျက်နှာမှာ မှုန်မှိုင်းသွား၍ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။ ထို့နောက် စွမ်းအင်ဖြင့် ဒဏ်ရာများကို ဖိနှိပ်လိုက်သည်။ ဟွေ့ကုန်းသည်လည်း ဝမ်ဖုန်းတို့ရှိရာ ကျောက်တုံးထက်သို့ ကြည့်လိုက်သည်။ သူ့ကို ဒဏ်ရာရစေခဲ့သူကို သူသိချင်၏။

ခန္ဓာကိုယ်ထိုးဖောက်ဒဏ်ရာဟူသည် သူ၏ကျင့်ကြံဆငိ့အတွက် ဘာမျှမဟုတ်ချေ။ သူ့ကိုနာကျင်စေသည်မှာ ခန္ဓာကိုယ်တွင်းစိမ့်ဝင်၍ ဖျက်ဆီးနေသည့် လျှို့ဝှက်ဆန်းကြယ်စွမ်းအင်ဖြစ်သည်။ အသက်စွမ်းအင်ကိုလည်း သက်ရောက်မှုရှိရာ စွမ်းအင်ကိုအားကုန်အသုံးပြု၍ ဖိနှိပ်ထားရန်သာ တတ်နိုင်သည်။

အချိန်ခဏကြာမြင့်ပြီးနောက်၌ မြူခိုးထုသည် တဖြေးဖြေးပျောက်ကွယ်သွား၍ ကျောက်တုံးထက်ရှိမြင်ကွင်းကို မြင်တွေ့ရလေသည်။ 

ဝမ်ဖုန်းရှေ့ရှိ ရှီကန်တန့်နှင့်အခြားသူများသည် အံ့အားသင့်စွာဖြင့် တောင့်ခဲစွာရပ်နေကြပြီး ဝမ်ဖုန်းသည်တော့ သူ၏ဘေးသို့ရောက်ရှိ‌လာသည့် လူငယ်လေးကို မျက်လုံးတောက်တောက်များဖြင့် ကြည့်နေခဲ့သည်။

လူငယ်လေးသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်တိုင်လုံးတစ်ခုကို ပျင်းတွဲစွာ ကျောမှီနေ၏။ မျက်နှာမှာ ထက်မြက်သိမ်မွေ့ဟန်ဖြင့် ချောမောခန့်ညားသည်။ သူ၏ချောမောခန့်ညားပုံမှာ အနည်းငယ် ဆိုးယုတ်ဟန်ရှိ၍ တစ်ချက်ကြည့်ပြီးရုံဖြင့် ထာဝရ မမေ့လျော့နိုင်မည့် မျက်နှာမျိုးဖြစ်သည်။

အထူးသဖြင့် ခရမ်းနီရောင်မျက်ဝန်းတစ်စုံဖြစ်၏။ ဝမ်ဖုန်းမှ ထိုမျက်လုံးတစ်စုံကို ငေးစိုက်ကြည့်မိသည်တွင် တစ်စုံတစ်ရာမှ မိမိ၏ဝိဉာဉ်ကို ဖောက်ထွင်းကြည့်မြင်နေသည်ကဲ့သို့၊ ခန္ဓာကိုယ်မှာလည်း ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားရသည်ကဲ့သို့ အေးစိမ့်လာခဲ့သည်။

“တိုက်ခိုက်ပေးတဲ့အတွက် အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်”

ဝမ်ဖုန်းမှာ ထိတ်လန့်သွား၍ ထိုလူငယ်လေးကို တိုက်ရိုက်မကြည့်ဝံ့စွာဖြင့် အမြန်အကြည့်လွှဲလိုက်ပြီး ကျေးဇူးတင်လိုက်သည်။

“အစ်ကိုကြီး?”

“စိတ်ဝင်စားစရာပဲ!”

ဝမ်ဖုန်း၏စကားကိုကြားသောအခါ လူငယ်လေးသည် ဝမ်ဖုန်းကိုကြည့်၍ နှုတ်ခမ်းထောင့်စွန်းမှ ထူးဆန်းသည့်အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

“မင်းဘယ်သူလဲ? ဘယ်လိုဖြစ်ပြီး ရှေးဗုဒ္ဓတားမြစ်နယ်မြေထဲမှာ ထွက်လာရတာလဲ?”

လေဟာပြင်ထက်ရှိ ဟွေ့ကုန်းသည် ပျင်းရိပျင်းတွဲဖြင့်လူငယ်လေးကို စက်ဆုပ်စွာကြည့်၍ အေးစက်စွာပြောသည်။

လူငယ်လေးသည် ဟွေ့ကုန်းကို လျစ်လျူရှု၍ သူ၏ခရမ်းနီရောင်မျက်လုံးအစုံမှာ ဝမ်ဖုန်းကိုသာ စူးစိုက်ကြည့်နေခဲ့ပြီး လက်ကမ်း၍ ဆွဲယူဟန်ပြုလိုက်သည်။ ဝမ်ဖုန်းမှာ ဧရာမစွမ်းအင်ကြီးတစ်ခု၏ ဆွဲစုတ်ဖြဲခံလိုက်ရသည်ကဲ့သို့ ရုတ်တရက် ခံစားလိုက်ရ၍ လူငယ်လေးကို တိုက်ခိုက်လိုက်သည်။ ဝမ်ဖုန်းမှာ ခန္ဓာကိုယ်ကို အင်အားကြီးတစ်ခုဖြင့် ရိုက်ချခံလိုက်ရသည်ကဲ့သို့ တစ်ကိုယ်လုံးဆုတ်ဖြဲခံရသကဲ့သို့ ခံစားလိုက်ရသည်။

ဝမ်ဖုန်းမှ ထပ်မံ မတုံ့ပြန်နိုင်မီ၌ပင် လူငယ်ဘေးသည် သူ့ရှေ့သို့ရောက်နေခဲ့ပေပြီ။ ဝမ်ဖုန်း ထိတ်လန့်သွား၏။ ယန်လုံသည် အမှန်တကယ်ကို ကျိုးကြောင်းမဆီလျော်ပေ။ ယန်လုံ၏ သတ်ဖြတ်လိုခြင်းအငွေ့အသက်ကို ခံစားနိုင်ခြင်းကြောင့်မဟုတ်ခဲ့လျှင် ဝမ်ဖုန်းမှာ မတတ်နိုင်စွာဖြင့် ဂိုဏ်းဘိုးဘေးကို ဆင့်ခေါ်မိခဲ့လောက်၏။

ခရမ်းနီရောင်အရေးကြောင်းများဖြင့် ပြည့်နှက်နေသော လူငယ်လေးသည် မလျော့မတင်းသောအားဖြင့် ဝမ်ဖုန်း၏လက်မောင်းများကို ဖိညှစ်လာ၏။ ထိုသို့ ထိကိုင်လိုက်သည်တွင် ဝမ်ဖုန်း၏ခန္ဓာကိုယ်တွင်လည်း ထူးဆန်းသည့်အရေးကြောင်းများ ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်း၏ ခန္ဓာကိုယ်တွင်းရှိ ‌တစ်ဖက်လောကလျိုယင်းစွမ်းအင်သည် အလွန်လျင်မြန်စွာ လှည့်ပတ်စီးဆင်းလာခဲ့ပြီး ဝမ်ဖုန်း၏နဖူးထက်တွင် တစ်ဖက်လောကနွေဦးဝါပန်း၏ မျဥ်းကြောင်းရာများ ထွက်ပေါ်လာခဲ့သည်။

လူငယ်လေးသည် ဝမ်ဖုန်း၏ခန္ဓာကိုယ်တွင်းမှ တစ်ဖက်လောကလျိုယင်းစွမ်းအင်မျှင်တန်းအချို့ကိုပင် ထုတ်ယူလိုက်သေးသည်။ ၎င်းတစ်ဖက်လောကလျိုယင်းစွမ်းအင်မျှင်တန်းအချို့တွင် စိတ်စွမ်းအင်အချို့ ပါဝင်ပုံရ၏။ နွေဦးဝါပန်းသဏ္ဍာန်ထဲတွင် ထူးဆန်းသည့်မျဉ်းကြောင်းရာအချို့ ဝိုးတဝါးထွက်ပေါ်နေပေသည်။

ဝမ်ဖုန်းသည် လူငယ်လေးကို ကြည့်လိုက်သည်။ အကြောင်းရင်းအချို့ကြောင့် လူငယ်လေး၏ကိုယ်ပေါ်ရှိ ခရမ်းနီရောင်အရေးကြောင်းများကို ကြည့်လိုက်ချိန်တွင် ၎င်းအရေးကြောင်းများကို ယခင်က မြင်တွေ့ခဲ့ဖူးသည်ကဲ့သို့ ရှင်းပြ၍မရနိုင်သည့် ရင်းနှီးကျွမ်းဝင်မှုတစ်မျိုးကို ခံစားမိလေသည်။

လေဟာပြင်ထက်ရှိဟွေ့ကုန်းမှာ ထိုလူငယ်သည် သူ့အား လျစ်လျူရှု၍ မိစ္ဆာကောင်ဟု သတ်မှတ်ထားခဲ့သည့် ဝမ်ဖုန်းနှင့် ဆက်သွယ်နေသည်ကို မြင်သောအခါ အမျက်ဒေါသဖြင့် အသက်ရှူသံများ ပြင်းပြလာရ၏။ ကျားတစ်ကောင်၏ မျက်လုံးအစုံနှင့် ခန္ဓာကိုယ်မှာ ဗုဒ္ဓရောင်ခြည်များ ဖုံးလွှမ်းနေကာ ဗုဒ္ဓ၏အမျက်ဒေါသကို သိသာထင်ရှားစွာ လှစ်ဟပြသနေတော့သည်။ 

All Chapters